နတ်ဘုရားမရေကန် ပွဲတော် (4)
Vol. 26 Ch. 259
ပုံးထဲမှထွက်လာသည်က အသက် ၅နှစ်၊၆နှစ်ခန့်အရွယ် ကလေးငယ်လေးတစ်ဦးဖြစ်ပြီး သူ၏ ခြေလက်များအား ကွေးကာ ကြိုးဖြင့် ချည်နှောင်ထားခံရသည်။
သူမ၏ ပါးစပ်မှာလည်း တိပ်ဖြင့် ပိတ်ထားခံရပြီး မျက်နှာတစ်ခုလုံးတွင်လည်း တိရိစ္ဆာန်အမွှေးများ၊ သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်
သူက မျက်လုံးများကို မှိတ်ထားကာ အသက်ရှူရခက်ခဲနေဟန်ရှိပြီး သူမ၏ အသံမှာလည်း အင်မတန် အားလျော့နေခဲ့လေသည်။
ကုကျစ်စုန့် ကလေးငယ်ကို ထုတ်ယူလိုက်ကာ ပါးစပ်မှ တိတ်ကို ဖယ်ရှားလိုက်ပြီးနောက် သူ၏ မျက်နှာပေါ်မှ သွေးများကို သုတ်ပေးလိုက်လေသည်။
ထိုအခါမှသာလျှင် ဤကလေးငယ်သည်က ဆံပင်တိုတိုဖြင့် မိန်းမငယ်လေးတစ်ဦးဖြစ်ကြောင်း သတိပြုမိလိုက်သည်။
တခြားပုံး၏ အောက်ခြေတွင်လည်း နောက်ထပ် ကလေးငယ်တစ်ဦးရှိနေခဲ့သည်။
ထိုကလေးငယ်၏ ခန္ဓာကိုယ်သည်က အသေကောင်များအပေါ်သို့ လဲကျသွားခဲ့ပြီး မျက်လုံးများပိတ်ကာ မလှုပ်မယှက် ရှိနေခဲ့သည်။
ကုကျစ်စုန့် ထိုကောင်လေးအား ဆွဲထုတ်လိုက်ချိန်တွင် ဤကလေးငယ်မှာ စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ကလေးငယ်နှစ်ဦးသည်ကား သစ်သားပုံးထဲတွင် ကျပ်ညှပ်၍ အချိန်ကြာကြာ နေခဲ့ရသည်။
ပတ်ဝန်းကျင်မှ လေထုသည်လည်း နည်းသထက်နည်းလာခဲ့သည်။
သစ်သားပုံးများ၏ ကြားအဟမှ ဝင်လာသည့် လေကိုသာ အားပြု၍ နှာခေါင်းမှ အသက်ရှူခဲ့ကြသည်။
အပေါ်မှ ဖိထားသော နွားနှင့် သိုးတို့၏ လှုပ်ရှားရုန်းကန်မှုကြောင့် သူတို့၏ ရုန်းကန်ကြိုးစားမှုများကို လူမသိနိုင်ခဲ့ပေ။
သူမသာ အနည်းငယ်လောက် နောက်ကျခဲ့ပါလျှင် ဤနတ်ဝင်သည်အိုကြီးမှ သစ်သားပုံးများအား မြစ်ထဲသို့ ပစ်မချလျှင်ပင် ဤကလေးနှစ်ဦးမှာ အသက်ရှူကြပ်၍ သေဆုံးရလိမ့်မည်ဖြစ်ပေသည်။
ကုကျစ်စုန့် ကလေးငယ်အား အကြမ်းအတမ်း မကိုင်တွယ်ခဲ့ချေ။
သူမက နောက်သို့ လှည့်ကာ အေးတိအေးစက် မေးလိုက်သည်။
“ဒီမှာ ဆရာဝန်ရှိလား?”
သစ်သားပုံး၏ အောက်မှ ကလေးငယ်နှစ်ဦး ပေါ်လာပြီးနောက် တစ်ချိန်လုံးငြင်းခုန်နေခဲ့ကြသည့် လူအုပ်ကြီးသည်လည်း ကြောက်ရွံ့ကာ အသံတိတ်သွားခဲ့သည်။
ယဇ်ကောင်များအကြားတွင် ကလေးနှစ်ဦးပါနေသည်ဟု သူတို့ သိမထားကြပါချေ!
နတ်ဝင်သည်အိုကြီး ပြောသကဲ့သို့ ဤယဇ်ပူဇော်ရာတွင် ရေလုံသည့် ပုံးကို အသုံးပြုရမည်ဆိုပါက ထိုကလေးနှစ်ဦးသည်က အရှင်လတ်လတ် ရေနှစ်သတ်ခံရမည်မဟုတ်ပါလော!?
“ကျွန်မ အရင်တုန်းက အရေးပေါ်ဆေးပညာလေ့လာပြီး အောင်လက်မှတ်လည်း ရထားပါတယ်”
“ဒီကိုလာခဲ့ပါ”
ကုကျစ်စုန့် မတ်တပ်ရပ်လိုက်ချိန်တွင် သူမ ဝတ်စုံ၏ အရှေ့နှင့် လက်များသည်က တိရိစ္ဆာန်သွေးများနှင့် နီရဲနေခဲ့သည်။
“အားချန်း၊ အရေးပေါ်ကား ခေါ်ထားပါဦး”
ဒေါသထွက်နေသည့် ဂဲလီယိုချန်းမှာ အနီးမှလူများကို ဒေါသတကြီးမျက်စောင်းထိုးလိုက်ပြီးနောက် ခေါင်းငြိမ့်လာသည်။
သူမ၏ ကိုယ်ပေါ်မှ အနံ့များကြောင့် ကုကျစ်စုန့် စိတ်မကြည်လင်တော့ချေ။
သူမ ပတ်ပတ်လည်မှ လူအုပ်ကြီးအား စူးစိုက်ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။
“ဒီကလေးနှစ်ယောက်သေသွားရင် ဒီမှာရှိတဲ့လူတွေ အကုန်လုံးမှာ အပြစ်ရှိတယ်”
“ဟမ်? နင်ဘာတွေပြောနေတာလဲ ကောင်မလေး? ငါတို့ ဒါကို မသိဘူးလေ… အဲဒီအထဲမှာ လူနှစ်ယောက်ရှိနေလိမ့်မယ်လို့ မသိထားဘူး..
ငါတို့က ဒါတွေကို မွေးမြူရေးတိရိစ္ဆာန်တွေလို့ပဲ ထင်နေခဲ့ကြတာ!”
“နတ်ဝင်သည်ကြီး၊ ခင်များ ဘာတွေလျှောက်လုပ်နေတာလဲ? ဒါက တရားမဝင်ဘူးနော်! ကြောက်စရာကောင်းလိုက်တာ! ဒီကလေးနှစ်ယောက်ကို ဘယ်ကနေ ရလာတာလဲ?”
“……”
လူတိုင်းက ကြံရာပါဖြစ်ကြောင်း ပြောလိုက်သည့် ကုကျစ်စုန့်စကားကြောင့် ဝန်းရံနေသည့် ပွဲကြည့်ပရိတ်သတ်များ တုန်လှုပ်သွားကြသည်။
သူတို့က သူတို့ ဖြူစင်ကြောင်း၊ အပြစ်မရှိကြောင်း အော်ဟစ်ပြောဆိုနေခဲ့ကြသည်။
တချို့လူများကတော့ မျက်နှာလွှဲကာ အပြစ်ရှိဟန်ပေါ်နေသောကြောင့် ထိုလူများမှာ တစ်ခုခုကို သိထားကြောင်း သိသာလွန်းလှသည်။
သားဖြစ်သူကို ဆုံးရှုံးထားရသည့် မိဘနှစ်ပါးကတော့ ခံစားချက်အပြင်းထန်ဆုံးဖြစ်သည်။
သူတို့က ကုကျစ်စုန့်အား လူသတ်သမားကို ကြည့်နေသည့်အလား စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့ကြသည်။
“နင် ဘာလို့ ငါတို့ရဲ့ ပွဲကို ဖျက်ချင်နေကြတာလဲ? နင့်မှာ မိဘ ၊ဆွေမျိုးတွေ မရှိဘူးလား? နောက်ကျရင် ကလေးမမွေးတော့ဘူးလား? သူတို့သေရင်ရော နင် အလောင်းမကောက်ဘဲ နေမှာလား….”
ကုကျစ်စုန့် သူတို့ကိုယ်သူတို့ မှန်ကန်သည်ဟု တွေးကာ စွပ်စွဲပြောဆိုနေသည့် စကားများအား ဖြတ်ပြောလိုက်သည်။
“ဒါဆို စတေးခံဖို့ သုံးတဲ့ ကလေးနှစ်ယောက်ကရော? သူတို့ကတော့ သေသင့်တယ်ပေါ့?”
မေးခွန်းထုတ်ခံရသည့် လင်မယားနှစ်ယောက်မှာ အနည်းငယ် အားလျော့သွားသည်။
အမျိုးသားဖြစ်သူင အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“သူတို့ကို ရောင်းလိုက်တာက သူတို့မိဘတွေပဲ.. သူတို့ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ ရောင်းလိုက်တာလေ! ဘယ်ကနေ ထွက်လာမှန်းမသိတဲ့ နင့်လို ကောင်မမျိုးက ငါတို့ မိသားစုအရေးကို ဝင်စွက်ဖက်ချင်သေးတယ်!
ဟူနန်ပြည်နယ်မှာ ငါတို့မိသားစု ဘာလဲဆိုတာကို သိ…”
သူ စကားမဆုံးခင်မှာပင် မမြင်နိုင်သည့် အရာတစ်ခုဖြင့် ရိုက်ချခံလိုက်ရသည့်အလား ယိုင်ထိုးသွားခဲ့သည်။
သူ မြေပေါ်သို့ ဖင်ထိုင်ကျသွားပြီးနောက် သူ၏ ပါးပြင်မှာလည်း နီရဲရောင်ကိုင်းလာခဲ့လေသည်။
သူပါးစပ်ကို ဟ၍ စကားမပြောနိုင်ခင်မှာပင် ပါးစပ်ထဲမှ ကျိုးသွားသည့် သွားအနည်းငယ်က ထွက်ကျလာခဲ့သည်။
ထိုအချိန်မှာပင် အဝေးတစ်နေရာမှ ဥသြသံများ ထွက်ပေါ်လာခဲ့သည်။
ရဲသားများနေရာသို့ ရောက်ရှိလာသည့်နောက် ကားထဲမှ ထွက်လာချိန်တွင် သွေး၊ တိရိစ္ဆာန်အသေကောင်များနှင့် နီရဲကာ သတိလစ်မေ့မြောနေသည့် ကလေးနှစ်ဦးအား မြင်တွေ့လိုက်ကြသည်။
ရဲများ၏ မျက်နှာချက်ချင်း တင်းမာသွားခဲ့သည်။
“မင်းတို့တွေ ဘာလုပ်နေကြတာလဲ!? အခု ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ?”
ဒေသခံရဲတပ်ဖွဲ့များ ရောက်ရှိလာပြီးနောက်တွင် ရေနစ်သေဆုံးသူ ကောင်လေး၏ မိဘနှစ်ပါး၊ နတ်ဝင်သည်အိုကြီးနှင့် ယခုအဖြစ်အပျက်တွင် ပါဝင်သည့် လူအချို့အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
စတေးခံကလေးငယ်နှစ်ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့လေသည်။
ကုကျစ်စုန့်က ရဲစခန်းသို့ ချက်ချင်းလိုက်မသွားခဲ့ဘဲ ဂဲလီယိုချိန်းနှင့်အတူ အနီးအနားမှ တည်းခိုခန်းတစ်ခုသို့သွားကာ ရေချိုးသန့်စင်ခဲ့သည်။
သူမ ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဆံနွယ်ရှည်များကို ရေသုတ်နေချိန်တွင် အခန်းတံခါးခေါက်သံကို ကြားလိုက်ရလေသည်။
သူမ တံခါးကို ဖွင့်လိုက်ပြီးနောက်တွင် ဂဲလီယိုချန်း သူမတို့၏ ရိုးရာဝတ်စုံတစ်စုံကို မြှောက်ပြလိုက်လာခဲ့သည်။
“စုန့်စုန့် ဒါလေးကို အရင်ဝတ်ထားလိုက်”
“အိုကေ”
ကုကျစ်စုန့် ဝတ်စုံလဲလှယ်ပြီးနောက် ဒေသခံရဲစခန်းသို့ လိုက်သွားရန် ပြင်ဆင်နေချိန် ဂဲလီယိုချန်းက သူမကို အံ့အားသင့်သည့် မျက်ဝန်းများဖြင့် ကြည့်ကာ သက်ပြင်းချသည်။
“စုန့်စုန့်၊ နင့်ရဲ့အသားအရညာက ဖြူဖွေးပြီး နုဖတ်နေတာပဲ.. နင်သာ ငါတို့ မြောင်ရွာမှာနေလို့ကတော့ တစ်ရွာလုံးက ကောင်လေးတွေ သဘောအကျဆုံးမိန်းကလေးဖြစ်မှာပဲ”
ကုကျစ်စုန့် အသာပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။
“သွားကြရအောင်ပါ”
သူတို့ ရဲစခန်းသို့ ရောက်လာချိန်တွင် ဖန်ကာထားသည့် စောင့်ကြည့်ရေးနေရာမှ အခန်းကို တစ်ဆင့် မြင်တွေ့ခဲ့ရသည်။ ဖမ်းဆီးချုပ်နှောင်ခန်းတွင်တော့ သက်လတ်ပိုင်း ဇနီးမောင်နှံကို ရဲသားများမှ အယူဝါဒဆွဲများနှင့် ပတ်သတ်၍ ဆူပူပြောဆို၊ ရှင်းပြနေခါ့လေ၏။
“ခင်များတို့အတွေးတွေနဲ့ လုပ်ရပ်တွေက အရမ်းကို အန္တရာယ်များလွန်းတယ်! ဒါက လူသတ်ရန်အတွက် ကြံစည်မှုနော်.. ခင်များတို့ ဒီပြစ်မှုအတွက် အပြစ်ပေးခံရမှာ!”
စုံတွဲနှစ်ဦးကလည်း လက်မလျှော့ဘဲ ပြန်လည် ခံငြင်းနေခဲ့ကြသည်။
“ကျုပ်တို့က ပိုက်ဆံပေးထားတာ! သူတို့မိသားစုတွေကလည်း လိုလိုချင်ချင်လိုက်လျောပြီး ရောင်းလိုက်တာလေ!”
“အဲဒါက လူကုန်ကူးတာပဲ.. ခင်များတို့ ဘယ်လိုဖြေရှင်းချက်မှ ပေးနေဖို့မလိုတော့ဘူး.. ပြီးတော့ ခင်များတို့က လူတွေကို ကန်စပ်နားခေါ်ပြီးတော့ ဘာသာရေး အယူသီးမှုတွေကို လှုံ့ဆော်အားပေးခဲ့သေးတယ်..
ရဲတွေကိုလည်း တာဝန်လုပ်ငန်းတွေ လုပ်ဆောင်လို့မရအောင် နှောင့်ယှက်တယ်.. ဒါတွေအကုန်လုံးက ပြင်းထန်တဲ့ ပြစ်မှုတွေချည်းပဲ..
ခင်များတို့ ခံစားနေရတာကို နားလည်ပါတယ်.. ဒါပေမဲ့ ဒီလို ခံစားရတယ်ဆိုတိုင်း ဥပဒေကို ချိုးဖောက်ပြီး ပြစ်မှုကျူးလွန်တာကိုတော့ ခွင့်လွှတ်ပေးလို့မရဘူး!”
သူတို့ကို အပြန်အလှန် ကြည့်ရှု့ပြီးနောက် ကုကျစ်စုန့် မျက်နှာလွှဲလိုက်သည်။
“အဲဒီကလေးနှစ်ယောက်က ‘စတေးခံ’အနေနဲ့ ခေါ်လာခံရတာပဲ”
သူမ၏နောက်မှ ရဲက ခေါင်းငြိမ့်လာသည်။
“ဟုတ်ပါတယ်.. ဒီလင်မယားက ယွမ် ၂သိန်းကျော်တောင် သုံးခဲ့တာလေ.. ထူးဆန်းတာက ဒီအဖြစ်အပျက်မှာ သူတို့နှစ်ယောက်တည်း မဟုတ်ဘူး..
အခြား ဘာမတော်တဆမှုမှ မရှိ၊ ဆွေမျိုးသားချင်းထဲကလည်း သေဆုံးသူမရှိဘဲနဲ့ လူလေးယောက်က ပါဝင်ပတ်သတ်နေတာ”
ရဲအရာရှိ ထိုလူလေးဦး၏ အမည်ကို ပြောလိုက်သည်။
“သေချာစစ်ဆေးလိုက်တော့ သူတို့ထဲက နှစ်ယောက်ဆိုရင် ဒီနယ်မြေကတောင် မဟုတ်ဘူး.. သူတို့က ဒီမြို့နဲ့ အိမ်နီးနားချင်းမြို့တွေမှာ အိမ်ထောင်စုစာရင်းရှိတဲ့သူတွေပဲ..
ကျန်တဲ့နှစ်ယောက်ကတော့ ဒီမြို့ကပါပဲ.. ဒါပေမဲ့ သူတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး.. ပြောရရင် ဒီလူတွေမှ ဘာဆယ်သွယ်မှုမှ ရှိမနေဘူး”
“ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီက ဒီကလေးတွေကို ဝယ်ဖို့ဆိုပြီး တစ်ယောက်ကို ယွမ်၅သောင်းစီ ပေးခဲ့ကြတာ..
ကျွန်တော်တို့တွေ သူတို့ကို တော်တော်ကြာအောင် စစ်ဆေးမေးပြီးပြီ.. သူတို့အားလုံးက ဒီယဇ်ပူဇော်တဲ့ ကိစ္စကိုပဲ အားပေးတာလို့ ပြောကြတယ်.. ကျန်တာ ဘာအဓိပ္ပာယ်မှ မရှိဘူးတဲ့
တချို့ကဆိုရင် နတ်ဝင်သည်ကြီးနဲ့ ကျန်တဲ့လူတွေက ဒီစတေးခံ ကလေးတွေ ဝယ်ဖို့ ပိုက်ဆံစုနေတာမှန်းတောင် မသိဘူးတဲ့”
ကုကျစ်စုန့် ခေါင်းငြိမ့်လိုက်သည်။
“ကျွန်မ သူတို့နဲ့ တွေ့လို့ရမလား?”
“ရပါတယ်.. ဒါပေမယ့် သူတို့တွေ ဘာလို့ ဒီပြစ်မှုကို ကျူးလွန်ရလဲဆိုတဲ့ အကြောင်းရင်းက အခုထိ မသိရသေးဘူး..
ကျွန်တော်တို့ ခန့်မှန်းချက်ကတော့ ဒီကိစ္စနောက်ကွယ်မှာ နောက်ထပ် ထူးခြားမှုတစ်ခုခုရှိနေသေးတယ်..
သူတို့တွေ တိုင်ပင်ပြီး အပြစ်ကို လီဆယ်ဝန်ခံတာမျိုးမဖြစ်ရအောင် အဲ့ဒီလေးယောက်ကို တစ်ယောက်တစ်နေရာစီ ခွဲပြီး ချုပ်ထားပါတယ်”
“ကိစ္စမရှိပါဘူး.. ကျွန်မ သူတို့မျက်နှာတွေကိုပဲ ကြည့်ဖို့လိုတာပါ.. သူတို့နဲ့ စကားပြောဖို့ မလိုပါဘူး”
“ကောင်းပါပြီ မစ်စ်ကု၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ကုကျစ်စုန့် ရဲအရာရှိ၏နောက်မှ လိုက်ပါလာပြီးနောက် တရားခံလေးဦးအား ဖမ်းဆီးထားသည့် အခန်းတံခါးမှ အသံတိတ် ထိုလူများကို စောင့်ကြည့်လိုက်သည်။
သူမ၏ နောက်မှ ရဲအရာရှိလည်း အခန်းတွင်းမှ မည်သူတစ်ဦးတစ်ယောက်မျှပင် ကုကျစ်စုန့် ချောင်းကြည့်နေသည်ကို သတိမပြုမိသောကြောင့် အံ့ဩသွားရသည်။
အခန်းတွင်းမှ ပြတင်းများသည်က ဖောက်ထွင်းမြင်နေရသည့် ပြတင်းများဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာလျှင် ပြတင်းမှ ချောင်းကြည့်နေမည်ဆိုပါက တစ်ဦးမဟုတ်တစ်ဦး သတိပြုမိမည်ပင်။