← Chapters

မကောင်းဆိုးရွားကို ကာကွယ်ပေးမည့် Screen ပေါ်မှ ကာကွယ်စောင့်ရှောက်သူ (3)

Vol. 26 Ch. 252

မကောင်းဆိုးရွားကို ကာကွယ်ပေးမည့် Screen ပေါ်မှ ကာကွယ်စောင့်ရှောက်သူ (3)

Vol. 26 Ch. 252

ကုကျစ်စုန့် ယန်ချန်၏ မမျှော်လင့်ထားသည့် အဖြေကြောင့် သဘောကျမိရပြီး သူမ၏ မျက်ခုံးများမှာလည်း ကော့ညွှတ်ကာ နှုတ်ခမ်းပါးလေးမှာလည်း ကွေးညွှတ်လာခဲ့လေသည်။

“မကောင်းမှုတွေကို နှင်ပေးနိုင်မယ်ထင်လို့လား.. ဒါဆိုလည်း ကျွန်မရဲ့ စွမ်းအင်ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်

အကြမ်းဖျင်းပြောရရင်တော့ သရဲ၊တစ္ဆေ၊ မကောင်းဆိုးဝါးတွေကို အထိန်းချုပ်တာက မသေမျိုးနတ်ဘုရားတွေနဲ့ မြင့်မြတ်တဲ့ သားရဲတွေပဲရှိတယ်.. အမှန်တိုင်းပြောရရင် ကျွန်မရဲ့ စွမ်းအင်က အဲဒီလောက်ထိတော့ မသန်မာသေးဘူး”

“ဒါပေမယ့် ယန်သခင်လေးက ကျွန်မကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်မရဲ့ ဓာတ်ပုံက နည်းနည်းလောက် သက်ရောက်မှုရှိပြီး ရှင့်ကို မကောင်းဆိုးဝါးဝိဉာဉ်တွေထံကနေ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ထို့နောက်တော့ ယန်ချန်က ကုကျစ်စုန့်နှင့် အွန်လိုင်းပေါ်တွင် သူငယ်ချင်းများ ဖြစ်လာခဲ့သည်။

ယန်မိသားစုကလည်း အိမ်ထဲတွင်ရှိနေသော တောက်ကျန့်များအားလုံးကို ကျေးဇူးတင်စကားဆိုကာ ပြန်လွှတ်လိုက်သည်။

ခမ်းနားလှသည့် အဝင်တံခါးဝမှ ပြန်ထွက်လာသည့်အချိန်ထိ ကုကျစ်စုန့်တစ်ယောက် ရယ်ချင်စိတ်ကို ထိန်းမရခဲ့ပါချေ။

သူမ စိတ်ထဲမှာ ပြောလိုက်မိသည်။

“စနစ်၊ ဒါက မင်း ပြောတဲ့ အေးစက်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ CEOလား? သူက စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ”

သူ့ကို ကြည့်ရသည်မှာ သိပ်ပြီးလည်း ဉာဏ်ပြေးပုံမပေါ်ပါချေ။

စနစ်: “……”

“ထူးဆန်းလိုက်တာ.. ဇာတ်ညွှန်းက ဘယ်နားမှာများ လွဲသွားတာပါလိမ့်? စာအုပ်ထဲက ယန်ချန်က သွေးအေးလွန်းလို့ ငရဲပြည်ရဲ့ ယမအရှင်လို့တောင် သမုတ်ခံရတာ

ပြီးတော့ သူ့ကို မြင်လိုက်တဲ့ ကလေးတွေဆို အကုန်ငိုသွားကြတာချည်းပဲတဲ့.. ခွေးတောင် ကြောင်တွေတောင် မလွတ်ဘူး

သူက လူတွေနဲ့လည်း မတည့်သလို ဆွေမျိုးတွေနဲ့တောင် သိပ်အဆင်မပြေဘူးဆိုပဲ”

ကုကျစ်စုန့် ခပ်အေးအေးပြောလိုက်သည်။

“ဒီလိုပြင်းထန်တဲ့ မကောင်းမှုစွမ်းအင်တွေ ရှိနေမှတော့ ကလေးမပြောနဲ့၊ လူကြီးတွေတောင်မှ သူ့နားကို ကပ်ရင် ပြင်းထန်တဲ့ ဖိနှိပ်မှုမျိုး ခံစားရမှာပဲ

ပြီးတော့ ခွေးတွေ၊ ကြောင်တွေရဲ့ အာရုံခံစွမ်းဆိုတာ လူတွေထက် အများကြီးသာတယ်.. ဒီတော့ သူ့အနားကို ကပ်ပါဦးမတဲ့လား?”

“ငါထင်တာတော့ သူ့ရဲ့ တိုက်ရိုက်ဆွေမျိုးတွေက အရမ်းတော့ မရင်းနှီးပေမဲ့ ဆိုးတယ်လို့မထင်ဘူး.. အခြားဆွေမျိုးသားချင်းတွေကတော့ သာမန်စိတ်ထားလောက်သာ ရှိရုံပဲ

ပြောရရင် လူကြီးလူကောင်းတစ်ယောက်ဆိုတဲ့နာမည်အောက်ကလူက ဗီလိန်တစ်ယောက်ကို ရန်စမယ်ဆိုရင် အဲဒီဗီလိန်ကရော မမုန်းဘဲနေပါ့မလား?”

သူမ စကားကို နားထောင်ပြီးနောက် စနစ်လည်း ထိုသို့ တွေးလိုက်မိသည်။

စာအုပ်ထဲမှ ယန်ချန်သည်က တစ်ဖက်လူများ၏ စကားများမှသာ ဖော်ပြခံရခြင်းဖြစ်သည်။

ထိုလူများ မြင်စေချင်သည့် ယန်ချန်ကိုသာ သူတို့မြင်တွေ့ခဲ့ရခြင်းပင်။

သို့သော် စနစ်၏စိတ်ထဲတွင်တော့ တစ်ခုခုလွဲချော်နေသည်ဟု ထင်မိသည်။

ကြီးမားအောင်မြင်သည့် အဖွဲ့အစည်းတစ်ခု၏ CEO မမှာ နားရွက်ထိပ်လေးများ နီမြန်းနေခဲ့ပြီး အသံမှာလည်း တိုးတိမ်လွန်းလှသည်။

အတော်ကြာ စဉ်းစားနေခဲ့ပြီးနောက် စနစ်လည်း ဦးနှောဏ်ကို အနားပေးလိုက်ပြီး ဝမ်းသာအားရ ပြောလာပြန်သည်။

“အခု ယန်ချန်က မသေတော့ဘူးဆိုတော့ ဇာတ်ညွှန်းကို ထပ်ပြီးနှောင့်ယှက်လိုက်သလို ဖြစ်သွားပြန်ပြီပေါ့ စုန့်စုန့်!”

ကုကျစ်စုန့်: “…ငါက ထပ်ပြီး နှောင့်ယှက်လိုက်ပြန်ပြီဆိုတာ ဘာကို ပြောချင်တာလဲ?”

စနစ်: “ကျစ်ကျစ်ကျစ်... မင်းက တကယ့်ကို နံပါတ်တစ် ဗီလိန်ပါပဲ!”

•

ယန်မိသားစုထဲတွင်တော့ တရွေ့ရွေ့နှင့် ထွက်ခွာသွားသည့် ကုကျစ်စုန့် ကျောပြင်ငယ်အား ကြည့်ရင်း ယန်ချန်၏ ရင်ထဲမှ တင်းမာနေမှုများလည်း ပြေလျော့သွားခဲ့သည်။

သူ၏ တည်ငြိမ်ကာ ခန့်ညားသည့် မျက်နှာပေါ်တွင်လည်း တဖြည်းဖြည်းနှင့် စိတ်အနှောင့်အယှက်ဖြစ်သည့် မျက်နှာအမူအရာများ ဖြစ်ပေါ်လာခဲ့လေ၏။

ယန်ချန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် လဲလျောင်းလိုက်ရင်း လွန်ခဲ့သည့် နာရီပိုင်းလေးက ဖြစ်ပျက်သွားခဲ့သော ရှက်စရာအဖြစ်အပျက်အား ပြန်တွေးလိုက်မိသည်။

သူ နောက်ဆုံးပြောခဲ့သည့် စကား ‘မကောင်းဆိုးဝါးစွမ်းအင်တွေကို နှိမ်နင်းပေးရန်’ ဆိုသည့် စကားကို ပြန်သတိရလိုက်ပြီးနောက်တွင် အချိန်ကိုနောက်ပြန်ရစ်ကာ ထိုပါးစပ်အား လက်ဖြင့် အုပ်ထားလိုက်ချင်မိသည်။

ကုကျစ်စုန့် စိတ်ဆိုးသွားလောက်လား?

သူ့ကို တုံးအလွန်းတယ်လို့ ထင်သွားလောက်မလား?

သို့သော် ထိုစကားကိုကြားရပြီးနောက်တွင် သူမ ပြုံးသွားခဲ့သောကြောင့် စိတ်ဆိုးနေဟန်တော့ မပေါ်ပေ။

တစ်ချိန်လုံး စိတ်ထဲတွင် တွေးတောနေခဲ့ကာ မျက်မှောင်ကြုတ်၊ စိတ်ပူ၊ အတွေးနယ်လွန်နေခဲ့သော ယန်ချန်မှာ စိတ်ဓာတ်ကျနေသည့် ခွေးပေါက်တစ်ကောင်ဖြင့်ပင် အလားတူနေခဲ့သည်။

သူ အသံတိတ် ဖုန်းကို ဖွင့်လိုက်ပြီးနောက် wallpaper မှ မိန်းမလှလေး၏ ဓာတ်ပုံကိုကြည့်ကာ ထိုပုံလေးအား လက်ချောင်းများဖြင့် ဖွဖွလေး ထိလိုက်မိပြန်သည်။

ထို့နောက် လက်ဖဝါးကို ဖြန့်ကားလိုက်ပြီးနောက် မကြာသေးမီက သူ၏ လက်ကို ဆုတ်ကိုင်ထားခဲ့သည့် နူးညံ့လွန်းသည့်လက်ဖဝါးအကြောင်းကို တွေးနေမိပြန်၏။

သူ့၏ လက်ပေါ်မှ ညင်သာသည့် အထိအတွေ့ကို ခံစားမိနေရဆဲပင်။

သူ ဖြန့်ထားသည့် လက်ဖဝါးကို နောက်တစ်ဖန် လက်သီး ဆုတ်လိုက်ပြီးနောက် သူ့ကို friend အပ်ထားသည့် ကုကျစ်စုန့်၏ အကောင့်မှ ဓာတ်ပုံကို စိုက်ကြည့်နေမိပြန်သည်။

ရုတ်တရက် မျက်နှာပြင်ပေါ်တွင် မက်ဆေ့ချ်တစ်စောင် ပေါ်လာသောကြောင့် သူဖွင့်ကြည့်လိုက်သည်။

ထိုလူမှာ သူ့ထံသို့ မျက်လုံးကြီးကောင်လေးမှ သီးသန့်မက်ဆေ့ချ်ပို့လိုက်ခြင်းပင်ဖြစ်သည်။ သူတို့က ဤအကောင့်ထဲတွင် သူငယ်ချင်းများ ဖြစ်နေခဲ့ကြလေ၏။

[စုန့်စုန့်ရဲ့ လောင်ဖောဖန်: စုန့်.. နင် အခုထိပ်တန်းရှာဖွေမှုကို မြင်ပြီးပြီလား? နောက်ထပ် ပွဲဖြစ်နေကြပြန်ပြီ.. ငါတော့ ဘာပြောရမှန်းတောင် မသိပါဘူး၊ ငါတို့မိသားစုကလူတွေက ဘာမှလည်း မလုပ်ဘဲနဲ့ အဲဒီတစ်ယောက်က သဘာဝလွန်ခိုအီ tagနဲ့ ပို့စ်တင်ပြီးတော့ စုန့်စုန့်ကို ပြဿနာလာရှာနေတယ်တဲ့?]

(T/n: စုန့်စုန့်ရဲ့ လောင်ဖောဖန်> ကိုယ့်ကိုယ်ကို စုန့်စုန့်ရဲ့ ဇနီးအဖြစ်သတ်မှတ်ထားတဲ့ ပရိသတ်)

[အခုကျတော့ ဂရုထဲက ညီအစ်မတွေက အရမ်းကို စိတ်တွေတိုနေကြတော့ သူတို့ကို သွားပြီး ပြန်ဝုန်းနေကြပြီ..

ငါလည်း ပြောပါတယ်၊ စုန့်စုန့်ရဲ့ လက်ရှိအောင်မြင်မှုက သူများတွေထက် အများကြီးကို သာနေပါတယ်လို့ ၊ ဘယ်သူက ဘယ်သူ့ရဲ့ အောင်မြင်မှုကို လာမှီခိုချင်နေကြတာလဲ?]

ယန်ချန်လည်း ထိုစာအရှည်ကြီးအား မြင်လိုက်ရပြီးနောက် မျက်မှောင်ကြုတ်လိုက်မိပြီး စာပြန်လိုက်သည်။

“ငါ အရင်ဆုံး ကြည့်လိုက်ပါဦးမယ်”

သူ အကောင့်ထဲသို့ ပြန်ဝင်လာပြီးနောက် ဖန်ဂရုတွင် အင်မတန်ပွဲဆူနေကြောင်း တွေ့လိုက်ရသည်။

အများစုမှာ စိတ်လှုပ်ရှားနေကြသော်ငြား ပိုးစာရွက်ကတော့ ဒေါသထွက်နေခဲ့သည်။ သူမ၏ သူငယ်ချင်း၊အပေါင်းအပါများကိုပါ ခေါ်ကာ မျက်လုံးကြီးကောင်လေးထဲတွင် ရန်ပွဲများ ဖြစ်နေခဲ့ကြသည်။

ယန်ချန် အကောင့်ထဲသို့ ဝင်လာပြီးနောက် ပြဿနာအလုံးစုံကို သိလိုက်ရသည်။

ဖြစ်ကြောင်းကုန်စင်မှာ ပြိုင်ပွဲအစီအစဉ်သည် ပြန်လည်တည်းဖြတ်ထားသည့် အပိုင်းကို တင်မပေးခဲ့ပေ။ တိုက်ရိုက်ထုတ်လွှင့်စဉ်က ကုကျစ်စုန့်၏ လုပ်ဆောင်ချက်မှာလည်း အားရဖွယ်ရာမရှိခဲ့ပေ။

ထို့ကြောင့် သူမကို မနာလိုမုန်းထားသူများမှ ကုကျစ်စုန့် ကျရှုံးချိန်ရောက်ပြီဖြစ်ကြောင်း ပြောဆိုနေခဲ့ကြသည်။

လွန်ခဲ့သော နာရီဝက်ခန့်က ယွီဖုန်းချင်းက ရုတ်တရက် ပို့စ်တစ်ခုတင်ခဲ့ပြီး tag များမှာ ‘ခိုအီ’နှင့် ‘သဘာဝလွန်ပညာ’တို့ ဖြစ်နေသည်။

သူမ၏ ရည်ရွယ်ချက်မှာ သူမသည်က ကံကောင်းပြီး မည်သည့်အရာကိုလုပ်သည်ဖြစ်စေ အဆင်ပြေချောမွေ့နေသောကြောင့် သူမ၏ ကံကောင်းမှုများကို ပရိတ်သတ်များဖြင့် မျှဝေလိုခြင်းသာဖြစ်သည်။

ထိုပို့စ်သည်က မူလတုန်းက ကုကျစ်စုန့်ဖြင့် မည်သို့မျှ မသက်ဆိုင်သော်လည်း ရုတ်တရက် မြှားဦးလှည့်လာခဲ့သည်။

အနုပညာနယ်ပယ်မှ မင်းသမီးများနှင့် သဘာဝလွန်ပညာ။

ထိုစကားလုံးနှစ်ခု ပေါင်းစပ်လိုက်ပါလျှင် လက်ရှိ ‘ဝိဉာဉ်ရေးရာ’ အစီအစဉ်တွင် ပါဝင်ရိုက်ကူးနေ‌သော ကုကျစ်စုန့်ကိုသာ ပြေးမြင်ကြမည်ဖြစ်သည်။

မည်သည်ကိုမျှ မသိနားမလည်သော ပရိတ်သတ်မဟုတ်သည့် ဖြတ်သွားဖြတ်လာတစ်ဦးက ထိုပို့စ်အား ခပ်ပေါ့ပေါ့ပင် စာပြန်ခဲ့သည်။

[အနုပညာနယ်ပယ်ထဲက မင်းသမီးတွေအကုန်လုံးက သဘာဝလွန်ပညာလမ်းကြောင်းဘက်ကိုပဲ လိုက်ကြတော့မလို့လား? ကုကျစ်စုန့်နာမည်ကြီးတာကို မြင်တာနဲ့ လိုက်အတုခိုးနေတာပဲ]

ထိုစကားလုံးများသည်က ယွီဖုန်းချင်းပရိတ်သတ်များ၏ ဒေါသမီးကို တောက်လောင်စေခဲ့ပြီး ပြန်၍ တိုက်ခိုက်ကြတော့သည်။

[ပြောစရာစကားတောင်မရှိတော့ဘူး.. ကုကျစ်စုန့်ရဲ့ ပရိတ်သတ်တွေ.. နင်တို့ ဖြတ်သွားဖြတ်လာအယောင်ဆောင်ပြီး သူများတွေကို စိတ်ဒုက္ခပေးနေတာ ရပ်လို့ရမလား?

ဒါက ငါတို့နေရာလေ.. ပြီးတော့ အနုပညာနယ်ပယ်မှာ ဘယ်သူက ပထမဆုံး သဘာဝလွန်ပညာနဲ့ ပတ်သတ်တဲ့ မင်းသမီးလဲ?

ယွီဖုန်းချင်း ‘ကံကောင်းတဲ့ ခိုအီ’က ပထမဆုံးပဲ၊ သူမက အရင် နာမည်ကြီးတာနော်!]

[အဲဒီလိုလူမျိုးရဲ့ အဖွဲ့သားဖြစ်ခဲ့ရတာတော့ ယွီဖုန်းချင်း ရှစ်ဘဝလောက် ကံဆိုးတာပဲ..သူက ယွီဖုန်းချင်းဆီက ကောင်းတာမှန်သမျှ အကုန်ယူချင်နေတာ]

[နင်တို့မသိဘူးလား နင်တို့ရဲ့ ကုကျစ်စုန့်လည်း ပြောင်းပြန်လှန်နေပြီဆိုတာကိုလေ? နောက်ဆုံးပြိုင်ပွဲမှာ သူအခြားပြိုင်ပွဲဝင်တွေ နိုင်တာခံလိုက်ရပြီနော်..သူပြောတော့ သူ့ကိုယ်သူ သဘာဝလွန်ပညာအဖွဲ့ရဲ့ ထိပ်ဆုံးကဆို?]

မည်သည့်အရာကိုမျှ မလုပ်ခဲ့ပါသော်ငြား အသားလွတ်ဆဲဆို၊ အပြစ်တင်ခံလိုက်ရသော ပိုးစာရွက်များမှာ နားမလည်နိုင်သကဲ့သို့ ဒေါသလည်း ထွက်လာကြသည်။

ဤပရိတ်သတ်အဖွဲ့နှစ်ခုကြားမှ ရန်မီးသည်က ပြန်လည်တောက်လောင်လာခဲ့ပြီး ပြဿနာများ ဖြစ်လာခဲ့ပြန်သည်။

ဖန်ဂရုတွင်းမှ ဆူညံရန်ပွဲများကို မြင်ရပြီးနောက် ယန်ချန်တစ်ယောက် မျက်နှာမဲ့သွားရပြန်သည်။

ဘေးမှ ဖြတ်သွားဖြတ်လာကြည့်ရှု့သူများသည်က မည်သူ့အပြစ်ဖြစ်သည်ဟု ရှာဖွေကြမည်မဟုတ်။

ဤဖန်ဂရုများ အချင်းချင်း ရန်ဖြစ်နေကြပြီး ထိပ်တန်းရှာဖွေမှုထိ ရောက်လာသည်ကို ကလေးဆန်၍ ရှက်ဖို့ကောင်းသည်ဟုသာ ထင်ကြမည်ဖြစ်သည်။

သူ သေသေချာချာ စဉ်းစားလိုက်ပြီးနောက် အကောင့်ပြောင်းကာ မျက်လုံးကြီးကောင်လေး ချက်ဂရုထဲသို့ စာပို့လိုက်သည်။

စုန့် V: [စုန့်ယဲ့တို့.. ကျေးဇူးပြုပြီး စိတ်ကို အေးအေးထားကြပါ.. တစ်ဖက်လူတွေနဲ့ ရန်မဖြစ်ကြနဲ့တော့ .. စုန့်စုန့်ရဲ့ အေဂျင်စီကို တိုက်ရိုက်ဆက်သွယ်ပြီး သူတို့ကိုပဲ ရှင်းခိုင်းလိုက်ကြမယ်]

(T/n : စုန့်ယဲ့ : ပိုးစာရွက်: စုန့်စုန့်ရဲ့ ပရိသတ်အဖွဲ့နာမည်)

သူ ပို့စ်တင်ပြီး မကြာလိုက်၊ ပြန်စာများ များစွာ ရောက်လာခဲ့သည်။

[စုန့်ပြောတာ မှန်တယ်.. ဟိုဘက်ကလူတွေက သူတို့ဘာသာသူတို့ အရူးထတာကို ဘာကိစ္စငါတို့ကိုပါ ဆွဲချနေတာလဲ? အခု စုန့်စုန့်က နာမည်ကြီးနေပြီဆိုတော့ ငါတို့ အခုလိုလုပ်တာ တစ်ဖက်လူကို အာရုံသွားပေးသလိုတောင် ဖြစ်လိမ့်မယ်..

အားလုံးပဲ မိုက်ကို ပိတ်လိုက်ကြတော့.. အသုံးမကျတဲ့ ကုမ္ပဏီကိုပဲသွားရှာကြတာပေါ့!]

သူ၏နာမည်ပြောင်အား မသိကြသူ ပရိတ်သတ်အသစ်များကတော့ မကျေနပ်ကြချေ။

[သူက ဘယ်သူမို့လို့လဲ? သူက တစ်ဖက်ကို အာရုံမစိုက်နဲ့လို့ ပြောတာနဲ့ မစိုက်ရတော့ဘူးလား? စုန့်စုန့်ကို မတရားပြောနေကြတာတွေကို ငါတို့က ငြိမ်ခံနေရမှာလား?]

All Chapters