← Chapters

အခန်း (၃၀၈)

Vol. 23 Ch. 308

အခန်း (၃၀၈)

Vol. 23 Ch. 308

ရှမ့်လန်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ခုတင်ပေါ်သို့တက်ကာ လှဲအိပ်လိုက်၏။ သူသည် သူတို့နှစ်ဦးသည် မတူညီသည့် စောင်များကို ခြုံထားကြ၏။ ခုတင်တစ်ခုတည်းတွင် အတူရှိနေသည် ဆိုသော်လည်း ရှမ့်လန်သည် နတ်သမီး၏ လက်ချောင်းတစ်ချောင်းကိုမှ မထိခဲ့ချေ။

သို့ပေမည့် ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ရှမ့်လန်သည် ခုတင်ပေါ်မှ ပြန်ဆင်းလိုက်၏။ သူသည် ကြမ်းပြင်ပေါ်တွင် အိပ်ရာတစ်ခုကို အမြန်အဆန် ဖန်တီးလိုက်၏။

'မဖြစ်သေးဘူး။ မကောင်းတဲ့ အတွေးတွေက အရမ်းကို ပြင်းထန်လွန်းနေတယ်။ ငါ လုံးဝကို မထိန်းချုပ်နိုင်ဘူးပဲ။ အင်း ငါက အမှိုက်။ အမှိုက်ကောင်ပဲ'

ရှမ့်လန်သည် တစ်ကနေ တစ်ရာအထိ ရေတွက်၏။ သို့ပေမည့် အိပ်မပျော်ချေ။ ယခင်တုန်းက မည်မျှပြင်းထန်သည့် မကောင်းသည့်အတွေး‌ ပေါ်ပေါက်သည်မဆို အမှန်စဉ်ရေပြီး ငါးမိနစ် မပြည့်မီ အိပ်ပျော်သွားတတ်သည်။ လက်ရှိအချိန်မှာတော့ မျက်ခွံများက လုံးဝ လေးလံမလာခဲ့ပေ။

ရွှယ်ရင်က တီးတိုးမေးမြန်းလိုက်၏။ “မင်း .. အိပ်မပျော်ဘူးလား”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ဟုတ်တယ်”

“ဒါဆိုရင် ငါ့အနားကို တိုးခဲ့လေ” ရှမ့်လန်သည် သူမ၏ အနားဆီသို့ အသာတိုးကပ်သွားခဲ့၏။ ပြီးနောက် နတ်သမီး၏ နှင်းကဲ့သို့ ဖြူဖွေးပြီး နွေးထွေးလွန်းသည့် နှုတ်ခမ်းများနှင့် ထိတွေ့သွားခဲ့၏။ မွှေးပျံ့မှုသည် လောကကြီးတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသကဲ့သို့ပင်။

ရှမ့်လန်သည် နားထဲတွင် မန္တန်တစ်ခုကို ရွတ်ဖတ်နေသလို အသံမျိုးကို ကြားလိုက်ရ၏။ ရှမ့်လန်သည် ချက်ချင်းပဲ စိတ်တစ်ခုလုံး မောပန်းသွားသလို ခံစားလိုက်ရပြီး တိုက်ရိုက်ဆိုသလိုပဲ အိပ်မောကျသွား၏။

...............

နောက်တစ်ရက် ရှမ့်လန်နိုးလာသည့်အချိန်မှာတော့ နတ်သမီးရွှယ်ရင်က ထွက်ခွာသွားခဲ့ပြီဖြစ်၏။ တစ်ခါတည်း အပြီးထွက်သွားခြင်းတော့ မဟုတ်ချေ။ သူမသည် လူများကို ကယ်တင်ရန် အပြင်ဘက်သို့ ခဏ ထွက်ခွာသွားခြင်း ဖြစ်သည်။

“နတ်သမီး ခင်ဗျား တကယ့်ကို အလုပ်ကြိုးစားလွန်းတာပဲ”

သို့ပေမည့် သူမ၏ စကားအတိုင်းဆိုလျှင် သူမသည် ကုသိုလ်ကောင်းမှုများကို ပြုလုပ်နေခြင်းဖြစ်၏။ လောကကြီးထဲတွင် ရှိနေသည်လား သေချာမသိရှိသော တစ်စုံတစ်ယောက်အတွက် ကုသိုလ်ကောင်းမှုများ စုဆောင်းနေခြင်းဟုလည်း ပြောခဲ့၏။

သူမသည် လက်များ မလှုပ်ရှားနိုင်တော့သောကြောင့် သွားတိုက်၊ မျက်နှာသစ်ခြင်းကို ရှမ့်လန်က ပြုလုပ်ပေးခဲ့ရ၏။ သွားတိုက်၊ မျက်နှာသစ်ပေးရုံသာမက ရှမ့်လန်သည် သွားတိုက်ဆေးကိုပါ ညှစ်ပေးခဲ့ရသေး၏။ ဟုတ်ပေ၏။ သွားတိုက်ဆေးပင်။

ရှမ့်လန် ဖန်တီးထားခဲ့သော သွားတိုက်ဆေးပင် ဖြစ်၏။ ရွှယ်ရင်သည် ထိုအရာကို တကယ်ပင် နှစ်ခြိုက်နေသည်။

..............

ရှမ့်လန်သည် အသစ်တည်ဆောက်ထားခဲ့သည့် ဘုံကျောင်းတွင် လူနာဧည့်သည်များကို လက်ခံတော့မည် ဖြစ်၏။ ဤအရာသည် သူ၏အစီအစဉ်တစ်ခုလုံး၏ ဗဟိုတည်နေရာတစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ ချင်နိုင်ငံသားများ၏ ကယ်တင်ရှင်အဖြစ် ဤနေရာတွင် ဖြစ်လာမည် ဖြစ်သောကြောင့်ပင်။

ရှမ့်လန်၏အစီအစဉ်သာ အောင်မြင်ခဲ့ပါက သူသည် ချင်နိုင်ငံသားများ၏ ကျောက်ရောဂါကို ခုခံကာကွယ်ရန် ကူညီပေးနိုင်ခဲ့သူ ဖြစ်လာပေလိမ့်မည်။ ချင်နိုင်ငံသည် သေမင်းတမန်၏ ခြိမ်းခြောက်မှုကို ဘယ်တော့မှ ကြုံတွေ့ရတော့မည် မဟုတ်ချေ။

ပထမဦးဆုံး စမ်းသပ်ခံရသည့် လူများသည် ရွှဲ့ပြည်နယ်မှ ဖမ်းဆီးလာခဲ့သည့် ကျွန်များဖြစ်၏။ ရှမ့်လန်၏ အစောင့်အကြပ် စစ်သည်ပေါင်း တစ်ဒါဇင်ကျော်တို့သည် ဘုရားကျောင်းကို စောင့်ကြပ်လျက် ရှိနေကြ၏။ တစ်ကြိမ်လျှင် လူဆယ်ဦးစီသာ အခန်းထဲသို့ ဝင်ရောက်လာခဲ့ကြပြီး အားလုံးကို မျက်လုံးများ စည်းထား၏။

ရှမ့်လန်သည် တစ်ယောက်ပြီး တစ်ယောက်အား ကာကွယ်ဆေးများ ထိုးပေးလျက် ရှိနေ၏။ လက်မောင်းတွင် ကာကွယ်ဆေးထိုးခြင်းသည် ကျောက်ရောဂါကို ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်၏။ ကမ္ဘာမြေတွင် ဤနည်းလမ်းကို အားကိုးလျက် ကျောက်ရောဂါဆိုးကြီး တစ်ခုလုံးကို လုံးဝ အမြစ်ပြတ် သုတ်သင်နိုင်ခဲ့သည်။

ကာကွယ်ဆေး ဘယ်ကရသလဲဟု မေးရန်သင့်၏။ အလွန်များပြားသည့် နည်းလမ်းများဖြင့် ရှိနိုင်၏။ ချင်နိုင်ငံသည် တခြားအရာများ ရှားပါးသည်ဆိုသော်လည်း နွားများတော့ မရှားပါးချေ။ ထိုနွားများဆီမှ ဖန်းတီးထားခြင်းဖြစ်၏။

ကာကွယ်ဆေးထိုးပြီးနောက်တစ်ဆင့်၌ ခန္ဓာကိုယ်ထဲရှိ ကျောက်ရောဂါပိုးများ ပေါက်ကွဲထွက်လာရန် စောင့်စားရပေမည်။ ထိုကဲ့သို့သော ပေါက်ကွဲထွက်လာမှုသည် မထင်မရှား နှင့် မသိမသာ ဖြစ်ရပေလိမ့်မည်။

ရောဂါပိုးသည် ကိုယ်ခံအားနည်းစေသောကြောင့် ရက်အနည်းငယ်အတွင်း ဖျားနာမှုမျိုး ဖြစ်မည်။ ထို့အပြင် ပေါင်နှင့် ခန္ဓာကိုယ်တစ်ဝိုက်တွင် အဖုအပိမ့်များ ထွက်ပေါ်လာမည်။

ဆယ်ရက်လောက်ကြာမြင်ပြီးနောက် အဖုအပိမ့်များ ပျောက်ကွယ်သွားခဲ့ပြီး ရောဂါကလည်း ပျောက်ကင်း သွားပေလိမ့်မည်။ ထို့နောက် ကျောက်ရောဂါပိုးနှင့် ပတ်သက်သည့် ကာကွယ်နိုင်သော ပဋိပစ္စည်းသည် ခန္ဓာကိုယ်ထဲတွင် ထာဝရ တည်ရှိနေမည်ဖြစ်ပြီး နောင်တစ်သက်လုံး ကျောက်ရောဂါ ကူးစက်ခံရတော့မည် မဟုတ်ချေ။

ရွှဲ့ပြည်နယ်မှ ကျွန်ပေါင်းများစွာတို့ကို ကာကွယ်ဆေးထိုးပေးပြီးနောက် သူတို့သည် ဘုံကျောင်းထဲ၌ တိတ်ဆိတ်စွာ စောင့်စားလျက် ရှိနေ၏။ ဘုံကျောင်းသည် စတုရန်းမီတာ ငါးရာမှ ခြောက်ရာနီးပါး ကျယ်ဝန်းပြီး လူထောင်ပေါင်းများစွာ ထည့်သွင်းနိုင်၏။ တဖြည်းဖြည်းနှင့် တကယ်ပင် မခံမရပ်နိုင်အောင် ပြည့်ကျပ်လာပြီး ဘုံကျောင်းထဲ၌ အနံ့ဆိုးများနှင့် ပြည့်နှက်လာ၏။

သို့ပေမည့် လူများစွာကို စီမံခန့်ခွဲရမည်ဖြစ်ပြီး ကြုံသလို မစင်စွန့်စေ၍ မဖြစ်ချေ။ ရေနှင့်အစားအစာကိုလည်း သေသေချာချာ အစီအစဉ်တကျ ဖြန့်ဝေပေးရပေမည်။ ထို့အပြင် ကြောက်လန့်၊ ထိတ်လန့်မှုများကြောင့် အမှားအယွင်းများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်ရသေးသည်။

ရှမ့်လန်သည် ဤကဲ့သို့ လူစုလူဝေးတစ်ခုလုံးကို စီမံခန့်ခွဲရန် စိတ်ရှည်သည်းခံနိုင်မှု လုံးဝရှိသူမဟုတ်ချေ။

သို့ပေမည့် ရွှယ်ရင်သည် ထိုအရာအားလုံးကို တာဝန်ယူပေးထား၏။ သူမသည် အနံ့အသက်ဆိုးများ ပြည့်နှက်လျက် ရှိနေသည့် ဘုံကျောင်းထဲသို့ နေ့စဉ်ဝင်ရောက်ကာဖြင့် ကျွန်ပေါင်းများစွာတို့ကို စီမံခန့်ခွဲပေး၏။

တကယ့်ကို အံ့အားသင့်စရာ ကောင်းလှချေ၏။ သူမ တစ်ယောက်တည်းနှင့် လူပေါင်းများစွာတို့ကို စနစ်တကျ စီမံခန့်ခွဲနိုင်၏။ သူမသည် ကျွန်တစ်ထောင်ထဲမှ ကျွန်တစ်ရာ၊ ကျွန်တစ်ရာထဲမှ ကျွန်တစ်ဆယ် ထို့အပြင် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ခန့်အပ်သည်။

မူလက ကြောက်ရွံ့လျက်ရှိနေသည့် အစမ်းသပ်ခံလူသားများသည် သူမ၏အသံကို ကြားသည်နှင့်တပြိုင်နက် နူးညံ့သိမ်မွေ့၍ ရို့ကျိုးသောလူများအဖြစ် ပြောင်းလဲသွားခဲ့၏။ သူမပြောသည့် စကားလုံးတစ်ခုချင်းစီသည် ကောင်းကင်ပေါ်မှ ကျဆင်းလာသည့် နတ်ဘုရားအမိန့်တော်ကဲ့သို့ပင် အားလုံးသောသူတို့က လိုက်နာကျင့်သုံး ကြ၏။

ဘုံကျောင်းတစ်ခုလုံးသည် အနံ့အသက်ဆိုးများဖြင့် ပြည့်နှက်လျက် ရှိနေသော်လည်း သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိနေသည့် သင်းရနံ့သည် ထိုအရာအားလုံးကို ဖုံးလွှမ်းကာဖြင့် ဘုံကျောင်းတစ်ခုလုံးကို သန့်ရှင်း မွှေးပျံ့သွားစေခဲ့သကဲ့သို့ပင်။ နတ်သမီးသည် မည်သည့်နေရာသို့ ရောက်ရှိနေပါစေ နတ်သမီးက နတ်သမီးပင် ဖြစ်သည်။

နှင်းတောင်ထိပ်တွင်ပွင့်သော ကြာပန်းသည် အလွန်လှပပြီး မြင့်မြတ်သလို .... မှောင်မိုက်ပြီး မည်းနက်နေသည့် ရွှံ့နွံထဲပွင့်သော ကြာပန်းသည်လည်း လှပပြီး မြင့်မြတ်နေဆဲပင်။ သူမ၏ရုပ်ရည်ကို မြင်ပြီး ၊ သူမ၏ မွှေးရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် လူပေါင်းများစွာတို့၏ စိတ်နှလုံးက အေးချမ်းသွားစေခဲ့၏။ နှလုံးသားထဲတွင်လည်း မျှော်လင့်ချက်များ နှင့် ပြည့်နှက်သွား၏။

ရက်အနည်းငယ်အတွင်းမှာတော့ ဘုံကျောင်းထဲရှိ စမ်းသပ်ခံလူတစ်ထောင်တို့သည် မည်သည့်လုပ်စရာမှ မရှိအောင် အားယားပြီး သက်တောင့်သက်သာ ရှိနေကြသည်။။ ထို့ကြောင့် ရှမ့်လန်သည် သူတို့အား တာဝန်တစ်ခုစီ ပေးလိုက်၏။ ထိုအရာမှာ မြင့်မြတ်သော ဘုံကျောင်းဟူသည့် စာလုံးများကို ရေးထိုးထားသော ဆိုင်းဘုတ်ကြီးတစ်ခု ပြုလုပ်ခိုင်းခဲ့ခြင်းပင်။ သစ်သားဖြင့် ရုပ်ထုအနည်းငယ် ကိုလည်း ပြုလုပ်ခိုင်း၏။ ဥပမာအားဖြင့် ကွန်ဖြူးရှပ်၏ ရုပ်ထုများပင်။ အတိုချုပ်အားဖြင့် ပြောရမည်ဆိုလျှင် သူတော်စင်များ၏ ရုပ်ထုအားလုံးကို ထုလုပ်ခိုင်းခဲ့ခြင်းပင်။

လူပေါင်းများစွာတို့သည် အတူတကွ ပူးပေါင်း၍ ပြုလုပ်ကြ၏။ သုံးရက်မပြည့်ခင်အတွင်းမှာပဲ ဆိုင်းဘုတ်ကြီးနှင့် သူတော်စင်ရုပ်ထုအားလုံး ပြုလုပ်ပြီးစီးသွားခဲ့ပြီ ဖြစ်၏။

ထိုအရာက တကယ်သပ်ရပ်ပြီး အချိုးအစား ကောင်းမွန်သည့် ရုပ်ထုဖြစ်နေသည်လား။ မဟုတ်ချေ။ ပညာရှင်များ မဟုတ်သောကြောင့် ရုပ်ထုအမည်ခံ ပုံပျက်ပန်းပျက် အရုပ်များသာဖြစ်သည်။ မသပ်ရပ်မှုကိုတော့ သည်းခံရပေမည်။

............

ရွှယ်ရင်သည် ရေမိုးချိုး အဝတ်အစားလဲရန် ပြန်လာခဲ့၏။ သူမသည် နောက်ထပ် အိပ်မပျော်တော့ချေ။ ထို့အတူ သူမသည် ရက်အနည်းငယ်တိုင်အောင် အိပ်စက်ခြင်းလည်း မပြုခဲ့ချေ။ သူမသည် ဘဝတွင် လေးရက်သာ နေထိုင်ရန် ကျန်ရှိတော့သောကြောင့် အိပ်စက်ခြင်းဖြင့် အချိန်မဖြုန်းချင်တော့ချေ။

ကျန်သည့်လေးရက်အတွင်း ရှမ့်လန်သည် နေ့စဉ်နေ့တိုင်း သူ၏ဦးနှောက်ကို အရည်ညှစ်ထုတ်ကာဖြင့် စဉ်းစားနေ၏။ အရာအားလုံးကို ဘေးဖယ်ပြီး ထိုအရာကိုသာ အာရုံစိုက်နေ၏။ သူသည် ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသည့်အဆိပ်ကို ဖျက်ဆီးရန် အာရုံစိုက်ထား၏။ သို့ပေမည့် ကောင်းမွန်သည့် ရလဒ်ဟူ၍ ထွက်ပေါ်မလာခဲ့ချေ။ သူမ မည်သည့်အဆိပ်သင့်လျက်ရှိနေကြောင်းကိုပင် သူ မသိရှိပေ။

သိုင်းဆရာကြီးကျုံးချူးကဲ့ကလည်း ပြန်မလာသေးပေ။ ရှမ့်လန်သည် ထိုသူ မည်သည့်အချိန်မှ ပြန်လာမည်နည်း ဆိုသည်ကိုလည်း စိုးရိမ်ပူပန်နေမိ၏။ ထိုသို့နှင့်ပင် နောက်ဆုံးနေ့သို့ ရောက်ရှိလာခဲ့၏။ ရွှယ်ရင်၏ တွက်ချက်မှု အရဆိုလျှင် ယနေ့သည် သူမ၏ နောက်ဆုံးနေ့ပင် ဖြစ်၏။ သူမက သေဆုံးရပေတော့မည်။

နောက်ဆုံးအကြိမ် အဆိပ်တက်ခဲ့ပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲကဲ့သို့ အေးစက်သွားခဲ့ပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ ထို့နောက် သူမက တဖြည်းဖြည်း အေးခဲပြီး သေဆုံးရပေတော့မည်။ သူမသည် ကျောက်စိမ်းရုပ်ထုတစ်ခုကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

အဆိပ်တက်သည့်အခါတိုင်း အလွန်မွှေးပျံ့သည့် ရနံ့က ပေါ်ပေါက်လာခဲ့၏။ သူမ၏ နောက်ဆုံး အခြေအနေသို့ ရောက်သည့်အချိန်မှာတော့ ရှမ့်လန်သည် ရူးသွပ်လုနီးပါး ဖြစ်နေ၏။

“မဖြစ်သေးဘူး။ ငါ နတ်သမီးကို ကယ်ရမယ်။ ငါ ကယ်ကို ကယ်ရမယ်။ ဒါ လူ့လောကရဲ့ နတ်သမီးတစ်ပါးပဲ။ တကယ့်ကို ဖြူစင်သန့်ရှင်းပြီး မြင့်မြတ်တဲ့ နတ်သမီးလေးတစ်ပါးပဲ။ ငါ သူ့ကို ကယ်ရမယ်”

ရှမ့်လန်သည် သူမ မည်သို့သော အမှားမျိုး ပြုလုပ်ခဲ့ကြောင်း မသိရှိချေ။ အကယ်၍ သူမကိုသာ မကယ်တင်နိုင်လျှင် ရှမ့်လန်သည် နှလုံးသားထဲတွင် အတွင်းစိတ် မိစ္ဆာဆိုးပင် ပေါ်ပေါက်လာမှာ သေချာ၏။ လောက၏နတ်သမီးတစ်ပါးကဲ့သို့ ဖြူစင်လွန်းသည့် သူမကိုပင် မကယ်တင်နိုင်ဘူးဆိုပါက သူသည် အံ့ဖွယ် သမားတော်ဆိုသည့် ဘွဲ့ထူးကို လက်ခံရရှိနေ၍ ဘာထူးတော့မည်နည်း။

“နတ်သမီး... ကျုပ် ခင်ဗျားကို ကယ်မယ်။ ကျိန်းသေပေါက် ကယ်မယ်”

သို့ပေမည့် သူသည် ထိုအရာကို ကုသရန် နည်းလမ်း အရိပ်အရောင်ဟူ၍ မတွေ့ရသေးချေ။ သူမ၏ နောက်ဆုံးအချိန်ကို ရောက်ရှိလာသော်လည်း သူသည် ထိုရောဂါ၏ အစအနကိုပင် ရှာဖွေမတွေ့ရှိသေးချေ။ ရွှယ်ရင် မည်သည့်အဆိပ် သင့်နေကြောင်းလည်း သူ မသိရှိသေးချေ။ “ငါ ဘာလို့ ဒီလောက် အသုံးမကျရတာလဲ။ ရှမ့်လန်... မင်းက အမှိုက်ကောင်ပဲ။ အမှိုက် အမှိုက်”

နတ်သမီးရွှယ်ရင်သည် ခုတင်ပေါ်မှာ လဲလျောင်းရင်း သူမ၏ နောက်ဆုံးအချိန် ရောက်ရှိလာမည်ကို တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းလျက် ရှိနေ၏။ ပြီးနောက် သူမက နောက်ဆုံးတွင် သေဆုံးရပေတော့မည်။

ထိုအချိန် ဘုံကျောင်း၏အတွင်းဘက်မှာတော့ ရွှဲ့ပြည်နယ်သား ကျွန်ပေါင်းများစွာတို့သည် ငိုကြွေးလျက် ရှိနေ၏။ ဘာတွေဖြစ်နေသည်ကို သူတို့ မသိရှိသော်လည်း ယနေ့တွင် သူတို့၏ သူတော်စင်မလေး ရောက်မလာခဲ့ချေ။ ထိုအရာက သတင်းဆိုးတစ်ခုပင် ဖြစ်၏။ သူတော်စင်မလေး၏ ခန္ဓာကိုယ်အထက်ပိုင်း လှုပ်ရှား၍ မရတော့ကြောင်း သူတို့ သိရှိပြီး ဖြစ်၏။ သူမ၌ အချိန်များများ မကျန်တော့သည်ကိုလည်း သူတို့သိရှိ၏။

ထိုအချိန်မှာတော့ ရွှဲ့ပြည်နယ်မှ ကျွန်တစ်ယောက်က လှမ်းကာ ပြောလိုက်သည်။ “ငါတို့ ဘာကို စောင့်နေတာလဲ။ သူတော်စင်မလေးအတွက် ငါတို့ ဘာလုပ်ပေးလို့ရလဲ”

ပြီးနောက် လူရာပေါင်းများစွာတို့သည် အကောင်းဆုံး သစ်သားတုံးတစ်ခုကို ယူဆောင်လာခဲ့ကြ၏။ ထိုသစ်သားတုံးသည် နှင်းကဲ့သို့ ဖြူဖွေးပြီး အပြစ်အနာအဆာဟူ၍ တစ်ချက်ကလေးမှ မရှိချေ။

ပြီးနောက် ဒုက္ခသည်ကျွန်ပေါင်းများစွာတို့သည် မျက်ရည်များ စီးကျနေရင်းမှ ရုပ်ထုတစ်ခုကို လျင်မြန်စွာ ထုဆစ်လျက် ရှိနေကြ၏။

သူတို့သည် ကွန်ဖြူးရှပ် မည်သူဖြစ်သည်ကို မသိရှိချေ။ ထို့ကြောင့် မည်ကဲ့သို့ အာရုံစူးစိုက်ကာ ထုဆစ်သည် ဖြစ်ဖြစ် ထိုပုံ၏ အစစ်အမှန်မူရင်းကို ပြုလုပ်၍ မရနိုင်ခဲ့ပေ။ သို့ပေမည့် နတ်သမီးရွှယ်ရင်၏ ရုပ်ပုံကို ထုဆစ်သည့် အခါမှာတော့ သူတို့၏ စိတ်ခံစားချက်အားလုံးတို့သည် ထိုပန်းပုထုလုပ်ခြင်းထဲသို့ ရောက်ရှိခဲ့ကြသည်။

ထို့ကြောင့် နှစ်နာရီမပြည့်ခင်မှာပဲ နတ်သမီးရွှယ်ရင်၏ ရုပ်ထုက ပြီးစီးသွားခဲ့၏။ တကယ့်ကို ထူးခြားလွန်း၏။ အထူးသဖြင့် နတ်သမီးရွှယ်ရင်ရုပ်ထု၏ မျက်လုံးများပင် ဖြစ်၏။ ဖြူစင်သန့်ရှင်းပြီး ကရုဏာတရားနှင့် ပြည့်နှက်နေ၏။

ရုပ်ထုသည် အပြင်နှင့် တစ်ပုံစံတည်း တူညီလျက် ရှိနေပြီး အထဲတွင် အသက်ဝိဉာဉ် ပေါက်ဖွားနေသကဲ့သို့ပင်။ အချိန်မရွေး ကောင်းကင်ဘုံသို့ ပျံသန်းသွားတော့မည့် နတ်သမီးတစ်ပါးကဲ့သို့ပင်။ မေတ္တာတရားနှင့် ဖန်တီးထားသော အကောင်းဆုံး အနုပညာလက်ရာတစ်ခုပင် ဖြစ်သည်။

“ဒါကို ထောင်ထားတော့။ သူတော်စင်မရဲ့ ရုပ်ထုကို သေချာထောင်ထားကြ”

ပြီးနောက် ရွှဲ့ပြည်နယ်၏ ကျွန်ပေါင်းထောင်ကျော်တို့သည် ထိုရုပ်ထုကြီးကို စတင်ကာ ထူထောင်ကြ၏။ အလယ်တွင် နတ်သမီးရွှယ်ရင်၏ ရုပ်ထုကြီးက ထီးထီးကြီး ပေါ်လာခဲ့၏။

“ကဲ ဆိုင်းဘုတ်ကို သေချာချိတ်ကြတော့”

ဒါဇင်နှင့်ချီသော လူအားလုံးသည် အတူတကွ ပူးပေါင်းပြီး အလုပ်လုပ်လျက်ရှိနေပြီး ဘုံကျောင်းဟု ရေးထိုးထားခဲ့သည့် ဆိုင်းဘုတ်ကြီးကို စတင်ကာ ချိတ်ဆွဲသည်။

တချို့သောသူတို့၏ မျက်လုံးထဲတွင်တော့ ဤအရာက ကွန်ဖြူးရှပ်နှင့် တခြားသောသူများ၏ ဘုံကျောင်း ဖြစ်၏။ သို့ပေမည့် ရေတွက်၍ မရအောင် များပြားသည့် ကျွန်ပေါင်းများစွာနှင့် ချင်နိုင်ငံသူ၊ ချင်နိုင်ငံသားတို့ အတွက်တော့ ဤအရာက သူတော်စင်မ၏ ဘုံကျောင်းပင် ဖြစ်၏။

ရှမ့်လန် အမိန့်မပေးရသေးခင်မှာပင် ဘုံကျောင်းကြီး၏ ရှေ့တွင် ရုပ်ထုက တည်တောင်ထားခဲ့ပြီး ဖြစ်၏။ ဘုံကျောင်းကြီး၏ ဆိုင်းဘုတ်ကလည်း ချိတ်ဆွဲထားပြီးသား ဖြစ်သည်။

ချင်ဘုရင်က အံ့အားသင့်သွားခဲ့၏။ ချင်တော်ဝင်မိသားစု တစ်ခုလုံးကလည်း အံ့အားသင့်သွားခဲ့၏။ လူပေါင်း များစွာတို့ကလည်း အံ့အားသင့်လျက် ရှိနေ၏။ ချင်နိုင်ငံတော်တွင် ဘာသာရေးဟူ၍ တစ်ခုတည်းသာ ရှိ၏။ ထိုအရာက နတ်ဘုရားများပင် ဖြစ်၏။ အဘယ်သို့ နှင်းတောင်နတ်သမီးသည် ဒုတိယ နတ်ဘုရားအဖြစ် ဖြစ်တည် လာရသနည်း။

...........

အခန်း၏ အတွင်းမှာတော့ နတ်မိမယ်ရွှယ်ရင်သည် အဆိပ်ဒဏ်ကို ခံယူရင်း နောက်ဆုံးအသက်ထွက်တော့မည့် အချိန်ကို စောင့်မျှော်လျက် ရှိနေ၏။

ရှမ့်လန်သည် ဦးနှောက်တစ်ခုလုံးကိုအရည်ညှစ်ကာဖြင့် သူမကိုကယ်တင်နိုင်မည့် နည်းလမ်းတစ်ခုခုကို ကြိုးစား ရှာဖွေလျက် ရှိနေ၏။ သို့ပေမည့် သူ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။

သူသည် ဆက်လက်ကာ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် ခေါင်းနှင့် နံရံကို တဒုန်းဒုန်းနှင့် တိုက်လျက် ရှိနေသည်။

'အား အား.. ရှမ့်လန် မင်းက တကယ့်ကို အမှိုက်ကောင်ပဲ။ မင်းနတ်သမီးကိုတောင် ကောင်းကောင်း မကုသနိုင်ဘူးဆိုရင် မင်းက ကျိန်းသေပေါက် အမှိုက်ဖြစ်သွားလိမ့်မယ်။ မင်းက ဘာအသုံးလို့ရတဲ့ ကောင်မို့လို့လဲ'

သူ့အနေနှင့် ခေါင်းနှင့် တဒုန်းဒုန်း ထုနှက်နေရုံသာမကချေ။ ကိုယ့်ပါးကိုယ်လည်း ရိုက်လျက် ရှိနေသေး၏။

“တော်တော့”

ရွှယ်ရင်သည် ကြင်နာစွာ လှမ်းကာ ပြောလိုက်၏။ “ဒီကိုလာအုံး.. လိမ္မာတဲ့ကောင်လေး”

သူမ၏ အသံသည် လူများ၏ စိတ်နှလုံးကို အေးချမ်းသွားစေသည့် စွမ်းရည်များ ပါဝင်လျက် ရှိနေသည်။

ရှမ့်လန်သည် အသာ လှမ်းလျှောက်သွားခဲ့၏။ သူသည် ချက်ချင်းပဲ သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။ “နတ်သမီး... ကျုပ် ခင်ဗျားကို ကုသနိုင်သင့်တယ်။ ကျုပ် ရှမ့်လန်က အနှိုင်းမဲ့ လူတစ်ယောက်ဖြစ်တယ်လို့ ခံစားမိတယ်။ ဘာကြောင့် ခင်ဗျားကို မကုသနိုင်ရတာလဲ”

နတ်သမီးရွှယ်ရင်သည် ကြောက်လန့်မှုဟူ၍ မခံစားရချေ။ သူမသည် ရှမ့်လန်ကို နှစ်သိမ့်ရန်အတွက် လက်များကို အသုံးပြုနိုင်ချေ။ သူမအနေနှင့် အကြည့်ကိုသာလျှင် အသုံးပြု၍ နှစ်သိမ့်ပေးနိုင်၏။

'ဘဝမှာ ပျော်ရွှင်မှုက ဘာလဲ။ သေခြင်းတရားရဲ့ ကြောက်လန့်မှုဆိုတာ ဘာလဲ' ဤကဲ့သို့ တူညီသည့်စကားလုံးက ပေါ်ပေါက်လာခဲ့ပြန်၏။ ဤအရာက ချောင်ယောင်းအာ ရွတ်ဆိုတတ်သည့် စကားလုံးပင်။

“လိမ္မာတဲ့ ကောင်လေး .... ငါသေရမှာကို တကယ့်ကို မကြောက်ဘူး။ ဂျူနီယာမောင်လေး ကျုံးချူးကဲ့နဲ့ ငါက သေဖို့ထိုက်တန်တဲ့ လူတွေပဲ။ ဒီနေ့ထိ အသက်ရှင်နေထိုင်နိုင်ခဲ့တယ်ဆိုတာက ရှိလား၊ မရှိလား မသေချာတဲ့ အရာတစ်ခုကြောင့်ပဲ။ ဒီလိုနဲ့ပဲ ငါတို့က နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ အသက်ရှင်နေထိုင်ခဲ့တယ်။ သေသွားလည်း ဘာမှထူးခြားမှာ မဟုတ်ဘူး”

“ငါတို့က အရှင်မင်းကြီးနဲ့ ပြန်ပြီး တွေ့နိုင်တယ်။ ပြီးတော့ အရှင်မင်းကြီးလို အားကောင်းတဲ့ တစ်စုံတစ်ယောက်က ဘာလို့ ရုတ်တရက်ကြီး သေဆုံးသွားခဲ့တာလဲဆိုပြီးတော့ မေးမြန်းနိုင်တယ်။ အရှင်မင်းကြီးက သေဆုံးသွားခဲ့တဲ့အချိန်မှာ ငါတို့က ဘယ်သူ့ကိုမှ မှီခိုလို့မရတဲ့ မိဘမဲ့ကလေးတွေလို ဖြစ်ခဲ့ကြတယ်။

ကြီးမားတဲ့သစ်ပင်ကြီးတစ်ခု ပြိုကျတဲ့အချိန်မှာ သစ်ပင်ပေါ်မှာရှိတဲ့ အကိုင်းအခက်တွေ၊ သစ်ပင်ပေါ်မှာ နားနေတဲ့ သက်ရှိတွေ၊ သူတို့ရဲ့ အသိုက်အမြုံတွေ အကုန်လုံးက ပျောက်ဆုံးသွားခဲ့တာ သဘာဝပဲ မဟုတ်လား။ မင်း ဒါကို သိမှာမဟုတ်ဘူး။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ သေဆုံးခြင်းတရားက နိုင်ငံတစ်ခုရဲ့ ပျက်စီးခြင်းကို ကိုယ်စားပြု နေတာမျိုးတော့ မဟုတ်ဘူး။ ခေတ်တစ်ခုကြီးရဲ့ ပျက်စီးခြင်းကို အစပြုနေတာပဲ။ အားလုံးသောသူတွေရဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားခဲ့တာလည်း ဖြစ်တယ်”

ပြောနေရင်းမှာပဲ နတ်မိမယ်ရွှယ်ရင်၏မျက်ရည်များသည် ကျဆင်းလာနေ၏။ သူမသည် ပထမဦးဆုံးအကြိမ် အူလှိုက်သည်းလှိုက် ငိုယိုနေခြင်း ဖြစ်၏။ နတ်သမီးကဲ့သို့သော အမျိုးသမီးသည် အဘယ့်ကြောင့် ရုတ်တရက် ထကာ ငိုရသနည်း။ သူမ၏ မျက်ရည်များသည် တစ်ပေါက်ချင်းစီ ကျဆင်းလျက် ရှိနေ၏။ ရှမ့်လန်၏ ဆံပင်တစ်ခုလုံးကို စိုရွှဲသွားစေခဲ့၏။

“ရှမ့်လန်.. မင်းသိမှာမဟုတ်ဘူး။ ငယ်ရွယ်စဉ် အချိန်တုန်းက ငါ ယောက်ျားတစ်ယောက်ကို ချစ်ခင်နှစ်သက် ခဲ့တယ်။ ဒါပေမဲ့ သူက မင်းနဲ့ မတူဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့ တူညီကြတယ်။ သူက ဆိုးဝါးတဲ့ ပုံစံမျိုးပေါ်ပေမဲ့ တကယ့် အစစ်အမှန်တရားမှာတော့ လူတော်လူကောင်းတစ်ယောက်ပဲ။

မင်းဆီက မိစ္ဆာအတွေးတွေ ရှိနေတယ်ဆိုတဲ့ စကားကို ကြားရတဲ့အချိန်တုန်းက ငါ အရမ်းကို ပျော်ခဲ့တယ်။ မင်းက တကယ့်ကို နတ်သားတစ်ပါးလို လူတစ်ယောက်ပဲ။ မင်းလို ကောင်လေးတစ်ယောက်က ငါ့အပေါ်မှာ မကောင်းတဲ့ စိတ်ဆန္ဒတွေ ရှိနေတယ်ဆိုတာကို သိရတော့ ငါ တကယ့်ကို ဂုဏ်ယူမိတယ်။ အနည်းဆုံး ငါက ငယ်ရွယ်သလို ခံစားမိတယ်။

ငါက သေဆုံးခါနီးနေပြီ။ ငါ့ရဲ့ နောက်ဆုံးအချိန်က လူတစ်ယောက်အနားမှာ ရှိနေလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူး။ ကောင်လေး.. မင်းလုပ်ချင်တာကို ဘာမှဂရုမစိုက်ဘဲ လုပ်လို့ရတယ်။ မင်းဆီမှာ ဘယ်လို မကောင်းတဲ့ အတွေးပဲရှိရှိ ကိစ္စမရှိဘူး။ ဒါက ဆုလာဘ်တစ်ခု မဟုတ်ဘူး။ အမှတ်တရ တစ်ခုပဲ။

ဘာတစ်ခုမှ အမှတ်တရမရှိဘဲ ထွက်ခွာသွားရင် မကောင်းဘူး မဟုတ်လား။ မင်းလို ကောင်လေးတစ်ယောက်ကို ငါ အရမ်းနှစ်သက်တယ်။ မသေခင်မှာ မကောင်းတဲ့ စိတ်ဆန္ဒလေး ရှိခဲ့တယ် ဆိုရင်လည်း ဒီအရာက မင်းကို ချုပ်ထိန်းထားစရာမလိုဘူး။ ငါ့ကို နမ်းလို့ရတယ် .. မင်း ဘာဆက်လုပ်ချင်သေးလဲ"

နတ်မိမယ် ရွှယ်ရင်သည် ကြင်နာသည့် လေသံဖြင့် ပြောလိုက်၏။

သူမ၏ ခန္ဓာကိုယ်ဆီမှ မွှေးရနံ့များသည် အဆုံးစွန်ထိ အားကောင်းလာခဲ့၏။ တကယ့်ကို အရသာရှိလွန်းသည့် ဝိုင်ခွက်တစ်ခုကဲ့သို့ပင်။

ရှမ့်လန်သည် သူမ၏ သန့်ရှင်းသပ်ရပ်လွန်းသည့် မျက်နှာကို အသာကိုင်ကြည့်လိုက်၏။ ကျောက်စိမ်းနှင့် ထုလုပ်ထားခဲ့သည့် ရုပ်ထုတစ်ခုကဲ့သို့ပင် လှပလွန်း၏။

ရှမ့်လန်သည် သေသေချာချာ နမ်းရှိုက်လိုက်၏။ ပြီးနောက် လေထုထဲတွင် ရှိနေသည့် မွှေးရနံ့များက ပိုမိုကာ အားကောင်းလာခဲ့၏။ ရှမ့်လန်သည် သတိလစ် မေ့မျောလုမတတ်ပင် ဖြစ်လို့သွားသည်။

နတ်မိမယ်ရွှယ်ရင်၏ နောက်ဆုံးအဆိပ်က ထကြွလာခဲ့ပြီ ဖြစ်၏။ နောက်ဆုံးအခြေအနေက ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင်ရှိ လေထုသည် တဝေါဝေါနှင့် အသံမြည်လာ၏။

“အော်မီတောဖော... ဗုဒ္ဓက သနားကြင်နာမှုရှိတယ်”

ချင်နိုင်ငံ၏ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်၊ ချင်နိုင်ငံ၏ ဘာသာတရား ခေါင်းဆောင်၊ နှင်းတောင် နတ်ဘုရားကျောင်း၏ ခူဟိုင်သည် ခြံဝင်းထဲသို့ ဖြည်းညင်းစွာ လှမ်းလျှောက်လာခဲ့သည်။

ဟွမ်ဖန်၏ ဆရာ နှင်းတောင်နတ်ဆိုးပင်လျှင် ထိုသူ့ကို ရှုံးနိမ့်ခဲ့၏။

ထိုသူ လျှောက်ဝင်လာခဲ့သည့် လမ်းတစ်လျှောက်တွင် မြေပြင်တစ်ခုလုံးက ကွဲအက်လာခဲ့၏။ ထိုသူ လျှောက်လာခဲ့သည့် လမ်းတစ်လျှောက်တွင် ရှိနေသည့် မြက်များ၊ သစ်ပင်သစ်ပင်များ အားလုံးတို့က ပြိုလဲသွားခဲ့သည်။

ထိုအချိန်မှာတော့ ရှမ့်လန်နှင့် နတ်မိမယ်ရွှယ်ရင်တို့သည် နမ်းရှိုက်လျက် ရှိနေ၏။ သူမ၏ နောက်ဆုံးသော အဆိပ်က ထကြွနေခဲ့ပြီ ဖြစ်၏။ သူမသည် ခေါင်းအစခြေအဆုံး အေးခဲလျက် ရှိနေပြီ။ လှုပ်ရှား ပြုမူရန်အတွက် စွမ်းဆောင်ရည်ဟူ၍ မရှိတော့ချေ။ မျက်လုံးနှင့် ကြည့်ရှုခြင်းမှလွဲလျှင် စကားပြောခြင်းကိုပင် မလုပ်နိုင်တော့ပေ။

“နတ်မိမယ်ရွှယ်ရင်.. မင်း ငါ့ရဲ့ ဘုန်းကြီးဆယ်ယောက်ကျော်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒီတော့ ခူဟိုင်က တရားမျှတမှုကို လာပြီး တောင်းဆိုတာပဲ”

ကောင်းကင်ယံတစ်ခုလုံး၌ သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်သွားခဲ့၏။

All Chapters