အခန်း (၃၀၉)
Vol. 23 Ch. 309
ချင်နိုင်ငံ၏ နံပါတ်တစ် ထိပ်တန်းကျွမ်းကျင်သူ ခူဟိုင်သည် အတွင်းသို့ တစ်လှမ်းချင်း လှမ်းလျှောက် လာခဲ့၏။
ရှမ့်လန်၏လက်ထဲတွင် ရှိနေသည့် အရာဝတ္ထုတစ်ခုသည် အောက်သို့ လွတ်ကျသွားခဲ့၏။ ထိုအရာသည် သူ၏ အသက်ကို ကယ်တင်နိုင်မည့်အရာပင် ဖြစ်၏။ နတ်သမီးရွှယ်ရင်သည် တစ်ချက် ကလေးမှ မလှုပ်ရှားနိုင်ခဲ့ချေ။ ထို့ကြောင့် အသာပင် လှဲလျောင်းလျက် ရှိနေသည်။
ခူဟိုင်က လှမ်းကာ မေးမြန်းလိုက်၏။ “အင်း.. အဆိပ်တက်တဲ့ နောက်ဆုံးအခြေအနေကို ရောက်နေပြီ။ လုံးဝ လှုပ်လို့မရတော့ဘူး မဟုတ်လား”
ရှမ့်လန်က ခေါင်းညိတ်ပြလိုက်သည်။
သို့နှင့် ထိပ်တန်းဘုန်းကြီးချုပ်ခူဟိုင်သည် ရှေ့ဆီသို့ နှစ်လှမ်းတိုးလာ၏။ သူ၏ ခြေလှမ်းတစ်လှမ်းချင်း စီတိုင်းတွင် သတ်ဖြတ်လိုသည့် အရှိန်အဝါများက တဖြည်းဖြည်း ပိုမိုကာ အားကောင်းလာခဲ့၏။ ပတ်ဝန်းကျင် တည်နေရာအနှံ့သို့ပင် ပျံ့နှံ့လျက် ရှိ၏။ သူ၏ အကြည့်အားလုံးတို့သည် တဖြည်းဖြည်းနှင့် ပိုမိုကာ ရက်စက် ကြမ်းကြုတ်လာ၏။
ရွှယ်ရင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ဆိုသလိုပဲ နီရဲလာခဲ့၏။ သူမသည် အစဉ်သဖြင့် နှင်းကဲ့သို့ ဖြူစင်သန့်ရှင်းခဲ့သူ တစ်ယောက် ဖြစ်၏။ သို့ပေမည့် ယခုမူ သွေးကဲ့သို့ပင် နီမြန်းလျက် ရှိနေ၏။ ပေါက်ကွဲလုဆဲဆဲ မီးတောင်ကြီးတစ်ခုကဲ့သို့ပင်။
ခူဟိုင်သည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။
နတ်သမီးရွှယ်ရင်သည် စကားမပြောနိုင်၊ မလှုပ်ရှားနိုင်သော်လည်း သတိပေးခဲ့သည်။ ‘ခူဟိုင် သတ္တိရှိရင် ရှေ့တစ်လှမ်း တိုးလာခဲ့။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး ဖျက်ဆီးပစ်လိုက်မယ်’
ထိုစကားကို အချက်ပြနေခြင်းပင်။ ရွှယ်ရင်သည် လုံးဝ မလှုပ်ရှားနိုင်သော်လည်း အတွင်းအားများကို လှည့်ပတ်နိုင်သေး၏။ သူ၏ ဒျန်တန်ကိုလည်း ကောင်းကောင်း လှည့်ပတ်နိုင်သေး၏။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနိုင်စွမ်း ရှိ၏။
သူမသာ ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်သည် ဆိုပါက ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် သူမ၏ စွမ်းအင်နှင့် အတွင်းအားအားလုံးတို့ကို ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းနှင့် တူ၏။ ထိုသို့ဆိုလျှင် ခူဟိုင်သည် မသေလျှင်တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားစေနိုင်သည်။
ခူဟိုင်၏ သိုင်းပညာသည် နှင်းတောင်နတ်ဆိုးထက် သာလွန်သော်လည်း ကျုံးချူးကဲ့နှင့် ရွှယ်ရင်တို့ကဲ့သို့သော အဆင့်ကို မှီရန်မူ အများကြီး လိုအပ်လျက် ရှိနေသေး၏။
အရေးအကြီးဆုံးအချက်မှာ ရွှယ်ရင်၏ ခန္ဓာကိုယ်၌ စေတီတောင်အဆိပ်ရှိနေသောကြောင့် မိမိကိုယ်ကို ဖောက်ခွဲလိုက်မည်ဆိုပါက ထိုအဆိပ်များသည် ခူဟိုင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်လာနိုင်သည်။ ထိုသို့ဆိုလျှင် မည်သို့ လုပ်မည်နည်း။ ထို့ကြောင့် ခူဟိုင်က အမှတ်မထင် ရပ်လိုက်မသိသည်။
ရွှယ်ရင်သည် မည်သို့ပင် ဖြစ်စေ သေဆုံးရမည့်သူ ဖြစ်၏။ ထို့ကြောင့် အလျင်လိုရန် မလိုအပ်ချေ။ ထိုသို့သော စွန့်စားမှုများကို ပြုလုပ်ရန်မလိုအပ်ဟု သူ ခံစားမိ၏။ သူသည် ဇိမ်ကျကျဖြင့် နေထိုင်နိုင်သေး၏။ သူ၏ အသက်က အလွန်တန်ဖိုးရှိ၏။
“အင်း... ရှမ့်လန်” ခူဟိုင်က ပြောလိုက်သည်။
ရှမ့်လန်က ပြန်ပြောလိုက်၏ “အမိန့်ရှိပါ”
ခူဟိုင်က ပြောလိုက်သည်။ “ချင်နိုင်ငံမှာ ယုံကြည်ရာ နတ်ဘုရားကျောင်းတစ်ခုပဲ ရှိရမယ်”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ကျုပ်ရဲ့ ဘုံကျောင်းက လူတွေကို ကယ်တင်ဖို့ပါပဲ”
ခူဟိုင်က ပြန်လည်ကာ ပြောလိုက်သည်။ “လူတွေကို ကယ်တင်ဖို့ နှင်းတောင်နန်းဘုရားကျောင်းဆီ လာလို့ရပါတယ်”
“အဲဒါကတော့တော့ အလှမ်းဝေးပါသေးတယ်” ရှမ့်လန်က ပြန်လည်ကာ ဖြေဆိုလိုက်၏။
ခူဟိုင်က ခြိမ်းခြောက်လိုက်သည်။ “အင်း... ဒါဆိုရင် ခင်ဗျားရဲ့ ဘုံကျောင်းကို ဖြိုချရလိမ့်မယ်”
ရှမ့်လန်က ပြန်လည်ကာ ပြော၏။ “ဒါဆိုရင်တော့ ဘယ်သူ့ကိုမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး”
သူတို့နှစ်ယောက်၏ စကားဝိုင်းသည် တကယ့် အကျပ်အတည်းတစ်ခုဆီသို့ ရောက်ရှိနေ၏။ ခူဟိုင်သည် ရွှယ်ရင် သေဆုံးမည့် အချိန်ကို စောင့်မျှော်နေ၏။ မကြာခင် ရှမ့်လန်သည် သူ၏ လက်ထဲသို့ ကျရောက်လာပေလိမ့်မည်။
ဟုတ်ပေ၏။ သူသည် ရှမ့်လန်ကို သတ်ပစ်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်၏ ဦးနှောက်ထဲတွင် ကျောက်ရောဂါကို ကုသနိုင်စွမ်းရှိသည့် အသိပညာ ရှိနေ၏။ ထို့အပြင် တစ်ဖက်လူ၏ နောက်ကွယ်တွင် ကျင်းမိသားစုလည်း တည်ရှိ၏။ ရှမ့်လန်ကိုသာ ဖမ်းဆီးထားနိုင်မည်ဆိုပါက လိုသလို ငွေညှစ်တောင်းဆို၍ ရနိုင်၏။
ခူဟိုင်သည် ဘုန်းကြီးစစ်သားများကို ပြုစုပျိုးထောင်ရန် ငွေကြေးလိုအပ်လျက် ရှိနေသေး၏။ ထို့အပြင် သူ ကိုယ်တိုင်ကလည်း အသုံးအဖြုန်းကြီးပြီး အလွန်ကြီးကျယ်ခမ်းနားသည့် ဘဝတွင် နေထိုင်ခြင်းကို နှစ်သက်သည်။
တစ်ဖက်တွင် နှင်းတောင်နတ်ဘုရားကျောင်းသည် အခွန်ကောက်ခံခြင်း မရှိ၊ လယ်ယာစိုက်ပျိုးခြင်း လည်းမရှိ၊ နှစ်စဉ်နှစ်တိုင်း အများပြည်သူလူထုများ၏ လှူဒါန်းမှုကိုသာ အမှီပြုခဲ့ရသောကြောင့် သူ့အတွက် ငွေကြေး လုံလောက်မှု မရှိချေ။
အရေးကြီးဆုံးမှာ မကြာသေးမီက ဖြစ်သွားခဲ့သည့် ကျောက်ရောဂါကြောင့် အားလုံးသော သူတို့သည် ဒုက္ခ ရောက်ခဲ့၏။ ထို့ကြောင့် သူတို့ကို သေသေချာချာ လှူဒါန်းနိုင်ခြင်း မရှိချေ။ ထို့အပြင် ဤကျောက်ရောဂါကပ်ဘေးကြီးအတွင်း နှင်းတောင်နတ်ဘုရားကျောင်းသည် မည်သည့်အရာကိုမှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိချေ။ မိမိကိုယ်ကိုယ် ကာကွယ်ရန်အလို့ငှာ တံခါးများကိုပိတ်၍ အပြင်ဘက်သို့ မထွက်ခဲ့ချေ။
မရေမတွက်နိုင်အောင် များပြားသည့် သူတို့အပေါ် ယုံကြည်သူများသည် လောက၏ အပြင်ဘက်တွင် ကျောက်ရောဂါဖြင့် သေဆုံးသွားကြ၏။
ဤသည်မှာ ချင်နိုင်ငံ၏ ပြည်သူပြည်သားများအတွက် တကယ့်ကို ကြီးမားလွန်းသည့် ထိုးနှက်ချက်ကြီး တစ်ခုပင် ဖြစ်၏။ နောက်နှစ်၏ လှူဒါန်းမှုသည် အတိုင်းအတာတစ်ခုထိ လျော့ကျသွားမှာ သေချာ၏။ ထို့ကြောင့် သူသည် ရှမ့်လန်ကို လိုအပ်လျက် ရှိနေ၏။ ထို့ကြောင့် သူက စောင့်ခဲ့၏။ ရွှယ်ရင် သေဆုံးမည့်အချိန်ကို စောင့်မိသည်။
၁၅ မိနစ် ..... နာရီဝက် .... နှစ်နာရီ ....
အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ရွှယ်ရင်သည် သေမသွားခဲ့သေးချေ။ သူမ၏ မျက်လုံးများသည် ပွင့်လျက် ရှိနေပြီး အချိန်မရွေး မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးရန် အသင့်အနေအထား၌ ရှိလို့နေ၏။ အဘယ်ကြောင့် သူမ မသေသေးသနည်း။ ပြောရမည်ဆိုလျှင် သူမသည် သေဆုံးရမည့် အချိန်ဆီသို့ ရောက်ရှိနေပြီ ဖြစ်၏။
လေးနာရီ ကြာပြီးသည့်နောက်မှာတော့ ဘုန်းကြီးခူဟိုင်သည် လက်လျှော့လိုက်သည်။
“အင်း... သခင်လေး ရှမ့်လန် .... လဝက်အတွင်း ဘုံကျောင်းကို ဖြိုချပြီး ကျောက်ရောဂါ ကုသနိုင်မယ့် နည်းလမ်းကို ကျုပ်ဆီ အခမဲ့ ပေးအပ်ရမယ်”
ဘုန်းကြီးခူဟိုင်က ဆက်လက်ကာ ပြောလိုက်၏။ “တကယ်လို့ ပြောသလိုမလုပ်ဘူးဆိုရင် ချင်နိုင်ငံရဲ့ ကိုးကွယ်မှု စင်ကြယ်ရေးအတွက် ဘုန်းကြီးစစ်သားတွေကို အသုံးပြုပြီး မင်းရဲ့ဘုံကျောင်းကို မီးရှို့၊ မင်းရဲ့လူအကုန်လုံးကို သတ်ပစ်ရမယ်။ မှတ်ထား၊ မင်းမှာ လဝက်ပဲ အချိန်ရှိတော့တယ်”
ပြီးသည့်နောက် နှင်းတောင်နတ်ဘုရားကျောင်းဆီမှ ဘုန်းကြီးချုပ် ခူဟိုင်သည် ထွက်ခွာသွားခဲ့သည်။
ထိုအချိန်မှာတော့ နတ်သမီးရွှယ်ရင်၏ ခန္ဓာကိုယ်တွင် သွေးနီရောင်ကဲ့သို့သော အလင်းတန်းများက တောက်လောင်လျက် ရှိနေတုန်းပင်။ ခူဟိုင်သည် ၁၅ မိနစ် အကြာမှ ထွက်ခွာသွားခဲ့၏။ အပြင်ဘက်တွက် ခဏစောင့်ခဲ့သေး၏။ ဤလူသည် အမှန်ပင် ကောက်ကျစ်စဉ်းလဲလွန်း၏။
ထိုအခိုက်မှာတော့ ရွှယ်ရင်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်အလင်းတန်းများသည် တဖြည်းဖြည်းနှင့် ပြန်လည်ကာ မှေးမှိန်လာသည်။
သို့ပေမည့် ရှမ့်လန်သည် သူမကို မည်မျှပင်ခေါ်စေကာမူ သူမက တုံ့ပြန်နိုင်မှု မရှိတော့ချေ။ အသက်မထွက်သေးသော်လည်း မလှုပ်ရှားနိုင်တော့သလို မျက်လုံးကိုပင် သေသေချာချာ မဖွင့်နိုင်တော့ချေ။ သူမက အသက်ရှူနေပြီး နှလုံးလည်း ခုန်လျက် ရှိနေသေး၏။ ထို့အပြင် သူမ၏ တစ်ကိုယ်လုံးကလည်း ချစ်ချစ်တောက် ပူလောင်နေ၏။
ရှမ့်လန်သည် သူ၏ နဖူးနှင့် သူမ၏ နဖူးကို ဖိကပ်ကြည့်လိုက်၏။ ရွှယ်ရင်သည် တကယ့်ကို အပြင်းဖျားလျက် ရှိ၏။ ပြီးနောက် သူသည် အချက်အလက်အချို့ကို ရှာဖွေတွေ့ရှိမိ၏။ ရွှယ်ရင်သည် ယခင်က ကျောက်ရောဂါ ကူးစက်ခံရဖူးသည်လား။ ဖြစ်နိုင်ဖွယ်ရာ မရှိချေ။ အနည်းဆုံး သူမ၏ မျက်နှာပေါ်တွင် ဝက်ခြံ၊ အမာရွတ်၊ မည်သည့် တစ်စုံတစ်ခုမှ မရှိဘဲ အပြစ်ကင်းစင်စွာ လှပလွန်းနေသည်။
သို့ပေမည့် သူမသည် နေ့စဉ်နှင့်အမျှ ကျောက်ရောဂါရှိသည့် လူများနှင့် အတူရှိခဲ့၏။ သို့ဖြစ်လျှင် အဘယ်ကြောင့် သူမက ကူးစက်ခြင်း မခံရသနည်း။ ကူးစက်ခြင်း မခံရပါက အဘယ်ကြောင့် ဤကဲ့သို့ ပြင်းပြင်းထန်ထန် ဖျားနေရသနည်း။ သူမသည် ကျောက်ရောဂါ ကူးစက်ခံခဲ့ရသော်လည်း ရောဂါလက္ခဏာ မပြခြင်းမျိုး ဖြစ်နေသည်လား။
ရှမ့်လန်သည် ရွှယ်ရင်၏ခန္ဓာကိုယ်ကို သေသေချာချာ ဂရုတစိုက်ဖြင့် ထပ်မံ စစ်ဆေးကြည့်လိုက်၏။ သူမ၏ အသားအရည်သည် အပြစ်အနာအဆာကင်းမဲ့ပြီး မည်သည့် အဖု၊ အပိမ့်၊ ရေကျောက်မှ မရှိချေ။ သူမသည် ကျောက်ရောဂါကို ကူးစက်ခံရပြီး ဖျားသော်လည်း သူမ၏ ခန္ဓာကိုယ်ပတွင် ထိုအရာများ မပေါ်ပေါက်ခြင်း ဖြစ်နေသည်လား။
စေတီတောင်သည် သူမကို အဆိပ်ခတ်ခဲ့ပြီး ယခုအခါ အဆိပ်အစွမ်းက ပြသနေ၏။ လက်ရှိ အခြေအနေတွင် သူမသည် ကျောက်ရောဂါလည်း ကူးစက်ခံထားရသေး၏။ သို့ပေမည့် စေတီတောင်၏အဆိပ်သည် ကျောက်ရောဂါပိုးကို ဖိနှိပ်ထားနိုင်ခဲ့၏။ ထို့ကြောင့် သူမတွင် ကျောက်ရောဂါ လက္ခဏာ သို့မဟုတ် ရေကျောက် သို့မဟုတ် အဖုအပိမ့် စသဖြင့် ... ထိုအရာများထွက်မလာခြင်းပင်။
သူမသည် ယခုအချိန်တွင် သေလုနီးပါး ဖြစ်နေ၏။ သို့ပေမည့် အနည်းဆုံးတော့ မသေသေးချေ။ မလှုပ်ရှားနိုင်ခြင်းသာလျှင် ရှိ၏။ စေတီတောင်၏အဆိပ်နှင့် ကျောက်ရောဂါတို့သည် အချင်းချင်း တိုက်ခိုက်နေသောကြောင့် အဆိပ်၏အစွမ်းက အားပျော့နေခြင်းမျိုးဖြစ်နိုင်သည်။ ထို့ကြောင့် မသေသေးခြင်းလား။ ကောက်ချက်မှာ ဖြစ်နိုင်ဖွယ်ရာ အလွန်များ၏။ ထိုသို့ဖြစ်သည်ဆိုပါက မည်သည့်အရာကို သက်သေပြုရမည်နည်း။
စေတီတောင်၏ အဆိပ်သည် မြွေဆိပ် မဟုတ်သကဲ့သို့ ဆိုက်ယာနိုက်နှင့်လည်း မတူကြောင်း သက်သေပြနေ၏။ ထို့အပြင် အဆိပ်သည် ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ ခိုအောင်းလျက် ရှိနေပြီး မကြာသေးမီကမှ အစွမ်းပြခဲ့ခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင် ဤအဆိပ်သည် သက်ရှိပုံစံတစ်မျိုးဟု ယူဆ၍ ရနေသည်လား။ ကပ်ပါးကောင် သို့မဟုတ် သေးငယ်သော ပိုးကောင်မျိုးလား။
စေတီတောင်ဆီအဆိပ်သည် ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်ဥ တစ်ခုခုကို ချထားခဲ့၏။ ထိုအဆိပ်ဥက တစ်ဆင့် ပေါက်ပွားခဲ့ပြီး သူမ၏ သွေးနှင့် ပေါင်းဖက်ခြင်း ပြုလုပ်ကာ ပိုးများသည် မျိုးပွားလာပေမည်။ ထိုသို့ဆိုလျှင် သူမ၏ ကိုယ်ထဲတွင် မရေမတွက်နိုင်အောင် များပြားလွန်းသည့် ပိုးများရှိနေပေလိမ့်မည်။
ရှမ့်လန်၏ နှလုံးခုန်နှုန်းများက ရုတ်တရက် မြန်ဆန်သွားသည်။ ပြီးနောက် သူသည် ဓားတစ်ချောင်းကို ထုတ်ယူကာဖြင့် ရွှယ်ရင်၏ လက်ချောင်းကို ဒဏ်ရာအသေးလေးဖြစ်အောင် လှီး၍ ကြွေပန်းကန်လုံးဖြင့် ခံထားလိုက်၏။ ပြီးနောက် သူသည် ဂရုတစိုက်နှင့် စတင်ကာ လေ့လာကြည့်လိုက်၏။
ကံဆိုးစွာဖြင့် သူ့၌ အဏုကြည့်မှန်ပြောင်း မရှိချေ။ သို့ပေမည့် ရှမ့်လန်တွင် မှန်ဘီလူးများနှင့် မှန်ပြောင်းများတော့ ရှိနေသေး၏။ သို့နှင့် ရှမ့်လန်သည် စက္ကူခွံတစ်ခုနှင့် မှန်ဘီလူးအနည်းငယ်ကို အသုံးပြုပြီး အလွန်ဆွဲအားကောင်းသည့် အဏုကြည့်မှန်ပြောင်းတစ်ခုကို စတင် ဖန်တီး၏။ ပြီးနောက် သူသည် ရွှယ်ရင်၏ သွေးကို အဏုကြည့်မှန်ပြောင်းအောက်တွင် စတင်ကာ လေ့လာကြည့်ရှုသည်။
သူ တွေ့ရှိခဲ့ပြီ။ ဟုတ်ပေ၏။ ရွှယ်ရင်၏ သွေးထဲတွင် သေးငယ်လွန်းသော သက်ရှိပိုးကောင်လေးများ ရှိလို့နေ၏။ ထိုကောင်လေးများသည် အလွန့်အလွန်ကို သေးငယ်လွန်းပြီး တစ်ကောင်ချင်းစီတိုင်းသည် ၀.၀၅ မီလီမီတာထက် မပိုချေ။ ထိုပိုးကောင်များသည် လူ၏ သုတ်ပိုးလောက်ပင် မကြီးမားချေ။ သို့ပေမည့် အလွန်မြန်ဆန်စွာဖြင့် သွေးထဲ၌ သွားလာလျက် ရှိနေပြီး အရေအတွက်ကလည်း များပြား၏။
နတ်သမီးရွှယ်ရင်၏ သွေးတစ်စက်သည် တစ်မီလီမီတာခန့် ရှိသော်လည်း ထိုပမာဏထဲတွင် အနည်းဆုံး ပိုးကောင် ရာနှင့်ချီ ရှိ၏။ မည်မျှများသနည်း။ ဤသည်မှာ ကူကောင်ပင် ဖြစ်ရပေလိမ့်မည်။ ထိုသတ္တဝါလေးများသည် အာရုံကြောအဆိပ်ကို ထုတ်လွှတ်နိုင်သော ကူကောင် ဖြစ်ပေမည်။
ရှမ့်လန် ခန့်မှန်းထားသည့်အတိုင်းပင် စေတီတောင်သည် သူမ၏ ခန္ဓာကိုယ်ထဲတွင် ပိုးမတစ်ကောင်ကို အဆိပ်ဥအဖြစ် ထားရှိခဲ့ခြင်း ဖြစ်၏။ ထိုအဆိပ်ဥသည် မျိုးပွားပြီး နှစ်အတော်ကြာနေထိုင်ခဲ့သည်။ ပြီးနောက် တကယ့်ကို ကြီးမားသည့် ပေါက်ကွဲမှုပုံစံမျိုးနှင့် အရှိန်အဟုန်ပြင်းပြင်း ပိုးများက အာရုံကြောကို ဖျက်ဆီးတော့သည်။
ယခင်က ကပ်ပါးကောင် နည်းပါးသောကြောင့် ရွှယ်ရင်သည် သိသာထင်ရှားသည့် လက္ခဏာများ မဖြစ်ပေါ်ခဲ့ချေ။ မကြာမီကာလများအတွင်း ဤကူကောင်များသည် တဖြည်းဖြည်း မျိုးပွားလာခဲ့ပြီး ရွှယ်ရင်၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း သိမ်းပိုက်လာခဲ့၏။ အရှိန်အဟုန် ကောင်းကောင်းနှင့် အစွမ်းပြသည့် အချိန်မှာတော့ ထိုပိုးများသည် ရွှယ်ရင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်၏။
နောက်ဆုံးမှာတော့ နတ်သမီးရွှယ်ရင်၏ ခန္ဓာကိုယ်သည် ဤကူကောင်များ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရ၏။ အဆုံးမရှိသော အာရုံကြောအဆိပ်များ ထုတ်လွှတ်ခြင်းကြောင့် ရွှယ်ရင်သည် မလှုပ်နိုင်၊ မရှားနိုင် ဖြစ်ခဲ့ခြင်းပင်။ သူမသည် အကြောသေသည့် လူတစ်ယောက်ကဲ့သို့ ပြောင်းလဲလာခဲ့ခြင်းက ထိုကြောင့်ပင်။
သူမ၏ ခန္ဓာကိုယ်သည် အလွန်မွှေးကြိုင်ပြီး အထူးသဖြင့် ထိုကူကောင်များ အစွမ်းပြသည့် အချိန်တွင် ဝိုင်ကဲ့သို့ ယစ်မူးစေနိုင်သည့် ရနံ့မျိုး ထွက်ပေါ်လာသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
ဤသည်မှာ ရှမ့်လန် နားမလည်နိုင်သော အရာတစ်ခု ဖြစ်ပေလိမ့်မည်။ အမိကမ္ဘာမြေတွင် ထိုအရာကို သူ မသင်ကြားခဲ့ရပေ။ သူ၏ AI ထဲတွင်လည်း ထိုအကြောင်းမပါချေ။ သို့ပေမည့် ဤကမ္ဘာတွင် ထူးခြားစွာ တည်ရှိနေသည့် သက်ရှိသတ္တဝါတစ်မျိုး ဖြစ်၏။
စေတီတောင်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ရွှယ်ရင် မသေသေးသည့်အကြောင်းမှာ သူမ၏ ခန္ဓာကိုယ်ထဲတွင် ကျောက်ရောဂါပိုး တည်ရှိနေသောကြောင့် ဖြစ်သည်။ ပိုးနှစ်မျိုးသည် သူမ၏ သွေးထဲတွင် အချင်းချင်း တိုက်ခိုက်လျက် ရှိနေပြီး သူမ၏ အသက်ကို ဆွဲဆန့်ထားခဲ့၏။
သို့ပေမည့် ခန္ဓာကိုယ်ထဲရှိ ကျောက်ရောဂါပိုး၏ အသက်စွမ်းအားသည် အကန့်အသတ်တစ်ခုထိ ရှိပြီး အများဆုံး ရက် ၂၀ သာလျှင် ခံပေလိမ့်မည်။ ထို့ကြောင့် ရွှယ်ရင် သေဆုံးပေဦးမည်။ ဤကူကောင်များကို သတ်မည့် နည်းလမ်း တည်ရှိနေမည်လား။
သို့ကြောင့် ရှမ့်လန်သည် အမျိုးမျိုးသော စမ်းသပ်မှုများကို စတင်ကာ ပြုလုပ်တော့၏။ သူ့၌ အချိန်များစွာ မရှိတော့ချေ။ သူသည် ရွှယ်ရင်ကို ကယ်တင်ရုံသာမက လာမည့် အပြောင်းအလဲများကိုလည်း ရင်ဆိုင်ရ ပေလိမ့်မည်။ သူသည် ကူကောင်များကို မသတ်နိုင်သော်လည်း ရွှယ်ရင်ကို မသေစေနိုင်သည့်အရာကို စတင်ကာ ရှာဖွေရမည်။ လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးသားဖြစ်ပြီး နောက်ထပ်လိုအပ်သည်မှာ ထိုအရာကို ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်၏။
ရှမ့်လန် ကာကွယ်ဆေး ထိုးပေးခဲ့သည်မှာ ဆယ်ရက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မကြာခင်တွင် အဖြေထွက်ပေါ်တော့မည်။ ပထမဦးဆုံး ကာကွယ်ဆေးထိုးသူများတွင် အဖုအပိမ့်၊ ပြည်တည်ခြင်းနှင့် အနာဖေးများ ဖြစ်ပေါ်လာခဲ့ကြသည်။
ချင်ဘုရင်သည် ဤလူများကို ကျောက်ရောဂါဖြစ်ပေါ်နေသော လူနာများ၏ တဲထဲသို့ စေလွှတ်ရန်ပင် မစောင့်နိုင်တော့ချေ။
ရာသီဥတုကလည်း တဖြည်းဖြည်း ပိုမိုကာ ပူပြင်းလာခဲ့၏။ ကျောက်ရောဂါ ကပ်ဘေးသည် တဖြည်းဖြည်းနှင့် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။ ကျောက်ရောဂါဆိုသည်မှာ စစ်မှန်သော သေမင်းတမန်တစ်ပါး ကဲ့သို့ပင် ပြောင်းလဲနေ၏။ နေ့စဉ်နေ့တိုင်း ကူးစက်ခံရသူ ပိုမို များပြားလာခဲ့ပြီး သေဆုံးသူများကလည်း အလွန့်အလွန်ကို များပြားလာခဲ့၏။
တော်ဝင်မိသားစုထဲတွင် ကူးစက်ခံရသူ နောက်ထပ်သုံးဦး ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ ချင်ဘုရင်၊ အိမ်ရှေ့စံမင်းသားနှင့် အခြားသောသူများသည် ကြောက်လန့်တကြား ဖြစ်လို့နေခဲ့၏။ ဤအတိုင်းသာ ဆက်သွားပါက ချင်နိုင်ငံ၏ အနည်းဆုံး သုံးပုံတစ်ပုံသည် မကြာခင် သေဆုံးရပေတော့မည်။ ချင်နိုင်ငံ စစ်တပ်ကြီး၏ အစိတ်အပိုင်းကလည်း လျော့နည်းသွားပေလိမ့်မည်။ ဤသည်မှာ အမှန်တကယ် ကပ်ဘေးကြီးပင်။
အကယ်၍ ရှမ့်လန်၏ ကာကွယ်ဆေးသည်သာ အကျိုးသက်ရောက်မှုရှိပါက ချင်နိုင်ငံသားများကို ကယ်တင်နိုင်ရုံသာမက ချင်ဘုရင်၏ စစ်တပ်ကြီးတစ်ခုလုံးကိုလည်း ကယ်တင်နိုင်ပေလိမ့်မည်။ ဤသည်မှာ ချင်နိုင်ငံ၏ ကံကြမ္မာနှင့် အလုံးစုံ သက်ဆိုင်လို့နေ၏။