← Chapters

အခန်း (၃၁၁)

Vol. 23 Ch. 311

အခန်း (၃၁၁)

Vol. 23 Ch. 311

ရှမ့်လန်သည် ရွှယ်ရင်၏ ခန္ဓာကိုယ်ကို ပွေ့ချီကာဖြင့် နှင်းတောင်နတ်ဘုရားကျောင်းဆီသို့ စိတ်အားထက်သန် စွာဖြင့် တစ်လှမ်းချင်း လှမ်းလျှောက်သွားခဲ့၏။ သို့ပေမည့် သူသည် သုံးစက္ကန့်ပင် ပိုမခံခဲ့ချေ။ ရွှယ်ရင်သည် ၁.၇ မီတာကျော် အရပ်ရှည်ပြီး ကိုယ်အလေးချိန်က ၅၀ ကီလိုဂရမ် ကျော်ရှိ၏။ ရှမ့်လန်က သူမကို ပွေ့ချီရန် ခက်ခဲနေပြီး ခြေလှမ်းများသည် တဖြည်းဖြည်း ယိုင်နဲ့လာခဲ့၏။

“ဖန်.. မင်း သူ့ကို ပွေ့ချီလိုက်”

‘ဟွန်း.. အသုံးမကျတဲ့လူ’

ဟွမ်ဖန်သည် စိတ်ထဲတွင် ကျိန်ဆဲရင်း ရွှယ်ရင်၏ခန္ဓာကိုယ်ကို လှမ်းကာ ပွေ့လိုက်၏။ ပြီးနောက် သူမ ကိုယ်တိုင် တွေဝေသွားမိ၏။ သူမ၏ လက်ထဲတွင် ရှိနေသည့် အမျိုးသမီးသည် မည်သူတစ်ဦးတစ်ယောက်မှ မနာလို မဖြစ်နိုင်လောက်အောင် လှပလွန်းသည်။ ပွေ့ရင်း နမ်းကြည့်ချင်စိတ်ပင် ပေါက်လာမိသည်။

ရှမ့်လန်သည် သူ၏လက်များကို နောက်သို့ ပစ်လိုက်၏။ သူသည် နှင်းတောင်နတ်ဘုရားကျောင်းဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်သွား၏။

“သွားကြစို့၊ လူတွေ သတ်ကြစို့”

…………….

ချင်ဘုရင်၏ နန်းတော်အတွင်း ....

အခန်းငယ်တစ်ခုအတွင်းမှာတော့ ချင်ဘုရင်၊ အိမ်ရှေ့စံမင်းသား ပြီးနောက် မိဖုရားစုမိုနှင့် နှင်းတောင်နတ်ဘုရားကျောင်းမှ ဘုန်းကြီးချုပ် ခူဟိုင်၊ နယ်စားကြီးစုနန်၏လူယုံ စုရုံ စသည့် လူငါးယောက် ရှိနေကြ၏။ ကြမ်းပြင်ပေါ်တွင် ရွှေဒင်္ဂါးထည့်ထားသော သေတ္တာများက ဒါဇင်ပေါင်းများစွာ ရှိ၏။ ထို့အပြင် သီးသန့်ရွှေဒင်္ဂါး တစ်သိန်းကလည်း ရှိသေးသည်။

ချင်ဘုရင်က ပြောလိုက်၏။ “မင်းတို့ သေသေချာချာ စစ်ဆေးပြီးပြီလား။ ရှမ့်လန်ရဲ့ ကျောက်ရောဂါ ကာကွယ်ဆေးက နွားရဲ့ ခန္ဓာကိုယ်ကနေ ထုတ်တဲ့ အရည်ဆိုတာ ...”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “လုံးဝ သေချာပါတယ်။ သူလျှိုသုံးယောက်က သေသေချာချာ ကြည့်ရှုခဲ့ပါတယ်”

ချင်ဘုရင်က ပြောလိုက်၏။ “ဒီလိုဆိုရင် ရှမ့်လန် သေလို့ရပြီ။ သူက ငါ့အသက်ကို ကယ်ခဲ့တယ်။ ချင်နိုင်ငံက မရေမတွက်နိုင်တဲ့ လူတွေကိုလည်း ကယ်ခဲ့တယ်။ စုမျိုးနွယ်ကြောင့်သာ မဟုတ်ရင် ငါ သူ့ကို သတ်ရမှာ တကယ့်ကို အားနာမိတယ်”

သူသည် အမှန်တကယ်တော့ ရှမ့်လန်ကို သတ်ချင်၏။ သို့ပေမည့် ရှမ့်လန်ဆီမှ ရွှေဒင်္ဂါးများကို ဆက်လက်ကာ ခြိမ်းခြောက်ငွေညှစ်လိုသောကြောင့် အသက်ရှင်လျက်ထားရှိရန် စဉ်းစားထားခဲ့၏။ သို့ပေမည့် စုမျိုးနွယ်သည် ရှမ့်လန်ကို သတ်ရန် နောက်ထပ် ရွှေဒင်္ဂါးများကို ထပ်မံပေးချေခဲ့သည်။

စုမိုက သတိပေးလိုက်၏။ “ကျွန်မတို့ဆီမှာ ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်း ရှိပြီဆိုမှတော့ ရှင်ကလည်း မသေနိုင်တဲ့လူ ဖြစ်ပြီ”

ခူဟိုင်က ပြောလိုက်သည်။ “နှင်းတောင်နတ်ဘုရားကျောင်းကလည်း ဒါကို လုပ်နိုင်တယ်။ လူတွေကို ကယ်တင်ဖို့က နှင်းတောင်နတ်ဘုရားကျောင်းရဲ့ တာဝန်ပဲ မဟုတ်လား”

ချင်ဘုရင်က ပြောလိုက်၏။ “ရှမ့်လန်က လူဘယ်နှစ်ယောက်ကို ကာကွယ်ဆေး ထိုးပြီးသွားပြီလဲ”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက တင်ပြလိုက်သည်။ “တစ်သောင်းအောက်ပါပဲ။ ကာကွယ်ဆေးမထိုးရသေးတဲ့ လူသိန်းပေါင်းများစွာ ရှိပါသေးတယ်”

ချင်ဘုရင်က ပြော၏။ “ဒါဆိုရင် ကျန်တဲ့ လူသိန်းပေါင်းများစွာတို့ကို ငါတို့ ကယ်တင်ရအောင်။ ဟုတ်တယ်။ အသက်က ပိုပြီးတော့ အဖိုးတန်တယ်။ ကာကွယ်ဆေးထိုးချင်ရင် ... ကျောက်ရောဂါကို ထာဝရ ခုခံကာကွယ်ချင်တယ် ဆိုရင် တန်ရာတန်ကြေးတော့ ပေးရမယ်။”

ချက်ချင်းဆိုသလိုပဲ အနားရှိလူတိုင်းက ချီးကျူးလိုက်ကြသည်။ “အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလွန်းပါတယ်”

ခူဟိုင်က ပြော၏။ “နှင်းတောင်နတ်ဘုရားကျောင်းက ဆင်းရဲမွဲတေနေတယ်။ အလှူငွေ ကောက်ခံဖို့ အချိန်ကောင်း ရောက်လာခဲ့ပြီ”

ချင်ဘုရင်နှင့် နှင်းတောင်နတ်ဘုရားကျောင်းသည် ရှမ့်လန်၏ ကာကွယ်ဆေးထိုးနည်းကို သိရှိပြီးနောက် ထိုအရာကို အသုံးပြု၍ ငွေကြေးများရရှိအောင် ကြံဆောင်ချင်ကြသည်။

ချင်နိုင်ငံအတွင်းရှိ မရေမတွက်နိုင်အောင် များပြားသည့် ပြည်သူတို့ .... ကျောက်ရောဂါကို ခုခံချင်သည်လား။ ထိုသို့ဆိုလျှင် ငွေပေးချေရန် သင့်၏။

ဤကဲ့သို့သော အကျပ်အတည်းမျိုးတွင် ကြွယ်ဝချမ်းသာရန် စဉ်းစားနေခြင်းဆိုခြင်းမှာ အံ့ဖွယ်ရာပင် ဖြစ်၏။ အရေးကြီးဆုံးမှာ ထိုကဲ့သို့သော ကြံစည်လျက်ရှိနေသူသည် ထိုသူတို့၏ ဘုရင် ဖြစ်နေခြင်းပင်။ သို့ပေမည့် အရိုင်းအစိုင်း ဘုရင်တစ်ပါး၏ မျက်စိထဲတွင်တော့ ဤအရာက သာမန်ကိစ္စရပ်ပင် ဖြစ်သည်။

ချင်ဘုရင်သည် သူ၏လက်ကို ဟန်ပါပါဖြင့် ဝှေ့ယမ်းကာ ပြောလိုက်၏။ “ငါ့ရဲ့ စစ်သူရဲတွေ အားလုံးကိုတော့ ကာကွယ်ဆေး အလကားထိုးပေးရမယ်”

အနားရှိလူများက ပြောလိုက်သည်။ “အရှင်မင်းကြီး.. ဉာဏ်ပညာ ကြီးမားလွန်းလှပါတယ်”

စုရုံက ပြောလိုက်၏။ “ဒီရွှေဒင်္ဂါးတွေကို လက်ခံပါ အရှင်မင်းကြီးနဲ့ ဘုန်းကြီးခူဟိုင်တို့ .... ကျုပ်ဆီမှာ တောင်းဆိုချက်တစ်ခုပဲ ရှိပါတယ်။ ရှမ့်လန်ရဲ့ သံတမန်တွေကို သတ်ပစ်ရုံသာမကဘူး၊ ရှမ့်လန်ရဲ့ ဦးခေါင်းကိုလည်း ကျုပ်ကို ပေးရပါမယ်”

ချင်ဘုရင်သည် ခူဟိုင်ကို လှမ်းကာ ပြောလိုက်သည်။ “ဘုန်းကြီးခူဟိုင်.. ခင်ဗျားရဲ့ ဘုန်းကြီးစစ်သည် တစ်ထောင်ကျော်က လုံလောက်ရဲ့လား”

ဘုန်းကြီးခူဟိုင်သည် ပြုံးရယ်ကာဖြင့် ပြောလိုက်၏။ “ဒါက လိုတာထက်တောင် ပိုပါသေးတယ်”

စုမိုက ပြော၏။ “ကျွန်မ စစ်သည်တော် အနည်းငယ် ထပ်ပြီး ထောက်ပံ့ပေးမယ်။ ပြီးတော့ သူတို့ကို ကတုံးတုံး ပေးထားလိုက်မယ်။ ဒါဆိုရင် နှင်းတောင်နတ်ဘုရားကျောင်းက ဘုန်းကြီးစစ်သည်တွေလို့ သတ်မှတ်နိုင်တယ် မဟုတ်လား”

ဘုန်းကြီးခူဟိုင်က ပြောလိုက်သည်။ “ရှမ့်လန်မှာ လူတစ်ရာတောင် မပြည့်ဘူး။ သူတို့အားလုံးကို သတ်ပစ်ဖို့ဆိုတာ လွယ်လွယ်လေးပါပဲ။ ဒါပေမဲ့ အရှင်မင်းကြီးက စိုးရိမ်နေပြီဆိုမှတော့ ကျုပ် ဒီစစ်သည်တွေကို လက်ခံလိုက်ပါ့မယ်”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား၊ မိဖုရားစုမိုနှင့် လူယုံ စုရုံတို့သည် တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြ၏။

“ကဲ.. ဘုန်းကြီးခူဟိုင် .... ဒီညတိုက်ပွဲအတွက် ဘုန်းကြီးကိုပဲ အားကိုးပါတော့မယ်”

ဘုန်းကြီးခူဟိုင်သည် မထီမဲ့မြင်ပြုံးကာဖြင့် အသာလှမ်းလျှောက် ထွက်ခွာသွားခဲ့သည်။

တစ်နာရီခန့် အကြာမှတော့ မြောက်ပိုင်းသဲကန္တာရတည်နေရာတွင် စစ်သည်တော် ၂၅၀၀ စုရုံး ရောက်ရှိလာခဲ့၏။ ထိုသူအားလုံးတို့က ကတုံးများ ဖြစ်ကြ၏။

ထိုအထဲတွင် အနည်းငယ်တို့သည်သာ နှင်းတောင်နတ်ဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များ ဖြစ်ကြပြီး ကျန်သောသူများမှာတော့ ချင်နိုင်ငံမှ စစ်သည်တော်များ သို့မဟုတ် စုမျိုးနွယ်၏ စစ်သည်တော်များ ဖြစ်၏။ သို့ပေမည့် သူတို့သည် ဘုန်းကြီးစစ်သည်များကဲ့သို့ ဟန်ဆောင်ကာ တိုက်ခိုက်ရပေဦးမည်။

ချင်နိုင်ငံအတွက် ရှမ့်လန်၏ အသုံးဝင်မှုက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်ကို သတ်ဖြတ်ပစ်ရန် စုနန်သည် ရွှေဒင်္ဂါးပေါင်းတစ်သိန်းကျော်ကို ပေးချေခဲ့၏။ ထို့ကြောင့် ယခုအချိန်တွင် ရှမ့်လန်သည် သေဆုံးသင့်ပေပြီ။

ဘုန်းကြီးခူဟိုင်သည် မြင်းနက်ကြီးတစ်ကောင်ကို စီးနင်းကာဖြင့် ပြောလိုက်၏။ “အင်း.. နတ်ဘုရားတွေကို ယုံကြည်ကြတဲ့သူတွေ ရွှဲ့ပြည်နယ်ရဲ့ သံတမန်တွေ အကုန်လုံးကို သတ်ပစ်ကြမယ်။ သူတို့ကို အပိုင်းပိုင်း ဖြတ်တောက်ပြီး သတ်ကြမယ်”

“သတ်ကြမယ်။ သတ်ကြမယ်”

ကတုံးတုံးထားသော စစ်သည်တော် ၂၅၀၀ တို့သည် ရှမ့်လန် တည်ရှိနေထိုင်ရာ မြင့်မြတ်သော ဘုံကျောင်းဆီသို့ တစ်ရှိန်ထိုး ချီတက်လိုက်ကြသည်။

…..

မင်းသမီးလေး အာယုနာနာသည် ကျောက်ရောဂါဖြစ်ပွားနေရာမှ ပြန်လည် ကောင်းမွန်လာခဲ့၏။ သို့ပေမည့် သူမ၏ မျက်နှာပေါ်တွင် ကျောက်ပေါက်မာကဲ့သို့သော အမာရွတ်များ အများအပြား ကျန်ရစ်ခဲ့၏။ သူမသည် မှန်ရှေ့တွင်ထိုင်ပြီး ထိုအရာများကို သေသေချာချာနှင့် ရေတွက်ကြည့်၏။

“၉၃ ခု တိတိပဲ။ သောက်ကျိုးနည်း ၉၃ ခုတောင်မှလား”

ကံကောင်းစွာဖြင့် ထိုအရာက ၉၃ ခုသာလျှင် ရှိ၏။ ၉၃၀ မဟုတ်ပေ။ မဟုတ်ပါက သူမ စိတ်ညစ်လွန်း၍ ကိုယ့်ကိုယ်ကိုယ် သတ်သေမိမလား မသိချေ။ သို့ပေမည့် မဖြစ်သေးချေ။ သူမ၌ အရူးကြီး ရှိနေသေးသည်။

သူမက နန်းတော်ထဲတွင် မနေချင်ပေ။ ထို့ကြောင့် အပြင်ဘက်ရှိ အိမ်တစ်လုံးတွင် နေထိုင်၏။ ရောဂါမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် သူမသည် သူမမိဘများနှင့် သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိချေ။ သူမ ကျောက်ရောဂါ ခံစားခဲ့ရသည့် အတောအတွင်း သူမ၏ နှလုံးသားတစ်ခုလုံးသည် မိသားစုနှင့် ပတ်သက်၍ အလုံးစုံ အေးခဲသွားခဲ့ပြီ ဖြစ်၏။ ယနေ့မှစ၍ သူမ၏ မိသားစု၌ အရူးကြီး တစ်ယောက်တည်းသာလျှင် ရှိတော့၏။

ဤအရာမှာ ချင်နိုင်ငံအတွက်တော့ သာမန်သာ ဖြစ်၏။ အမျိုးသမီးများသည် လက်ထပ်ပြီးနောက် ယောက်ျားနောက်သို့ လိုက်ပါရပေမည်။ သူမအနေနှင့် မိသားစုနှင့် ထပ်မံ ပတ်သက် ဆက်နွှယ်စရာအကြောင်း မရှိတော့ချေ။

ထိုအချိန်မှာပဲ အရူးကြီးသည် အထဲသို့ လှမ်းဝင်လာခဲ့သည်။

အပြင်ဘက်မှခြေသံကိုကြားတော့ အာယုနာနာသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။

“မိန်းမ... အရူးလေးက မင်းကို နှုတ်ဆက်ဖို့ ငါ့ကို ခိုင်းလိုက်တယ်။ နှုတ်ဆက်တယ် ဆိုတာ ဘာလဲ”

“နှုတ်ဆက်တယ် ဟုတ်လား”

မင်းသမီး အာယုနာနာသည် ရုတ်တရက် ထခုန်လိုက်၏။ ပြီးနောက် မေးလိုက်၏။ “ရှင် ထွက်သွားတော့မှာလား။ အဲလိုလုပ်လို့ မဖြစ်ဘူးလေ။ ရှင်က ကျွန်မအပိုင် ဖြစ်သွားပြီ။ ကျွန်မ ဘေးနားမှာပဲ အမြဲတမ်း နေရမယ်။ ခြေတစ်လှမ်းတောင် ခွာလို့မဖြစ်ဘူး”

အရူးကြီးသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “မဖြစ်သေးဘူး။ မဖြစ်သေးဘူး။ ငါ အရူးလေးနောက်ကို လိုက်သွားရမယ်။ ပြီးတော့ ဆရာပြန်လာပြီဆိုရင်လည်း ဆရာ့နောက် လိုက်ရအုံးမယ်”

အာယုနာနာက မေးလိုက်၏။ “ဒါဆိုရင် ကျွန်မကရော ... ကျွန်မကရောလို့”

အရူးကြီးက ပြောလိုက်သည်။ “မင်းက ငါ့ရဲ့ မိန်းမပေါ့။ ဟုတ်တယ်မလား”

အာယုနာနာက ပြောလိုက်၏။ “ဟုတ်တယ်။ ကျွန်မက ရှင့်ရဲ့ မိန်းမပဲ .... ရှင် ကျွန်မနဲ့အတူ နေသင့်တာပေါ့”

“အွန်း” အရူးကြီးသည် တိတ်ဆိတ်သွားသည်။

အာယုနာနာက မေးလိုက်၏။ “ကျွန်မနဲ့ အရူးလေးနဲ့ ကြားထဲမှာ ရှင် ဘယ်သူ့ကို ရွေးချယ်မလဲ”

“ဟမ်”

ဤကဲ့သို့ ရွေးချယ်မှုမျိုး ရှိနေသေးသည်လား။ အရူးကြီးသည် ထပ်မံကာ ဆွံ့အသွားခဲ့၏။

အာယုနာနာသည် အရူးကြီး၏ နားရွက်ကို ဆွဲလိမ်ကာ မေးလိုက်သည်။ “ကျွန်မကို ပြောစမ်း၊ ကျွန်မနဲ့ အရူးလေးနဲ့ကြားထဲမှာ ရှင် ဘယ်သူ့ကို ရွေးချယ်မလဲ”

အရူးကြီးသည် အချိန်အတော်ကြာ စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အခုလား။ အခုဆိုရင်တော့ အရူးလေးကို ရွေးရမယ်”

အာယုနာနာသည် ဒေါသထွက်သွားခဲ့၏။ သို့ပေမည့် သူမသည် အရှေ့တွင်ရှိနေသည့် အရူးကြီးနှင့် ပတ်သက်၍ ဘာတစ်ခုမှ ပြုလုပ်နိုင်စွမ်း မရှိချေ။

အရူးကြီးက ပြောလိုက်သည်။ “မိန်းမ... ဒါဆိုရင် ငါသွားတော့မယ်”

မင်းသမီး အာယုနာနာက ပြောလိုက်၏။ “သွားတော့မယ် ဟုတ်လား။ ရှမ့်လန်က ရူးသွားပြီလား။ အခု ညသန်းခေါင်ကြီးလေ။ ပြီးတော့ မိုးရွာတော့မှာ။ ဘယ်လို ထွက်သွားတော့မှာလဲ”

အရူးကြီးက ပြောလိုက်သည်။ “ငါတို့ ဒီည ထွက်သွားမှာ မဟုတ်သေးဘူး။ ဒီည တိုက်ပွဲတစ်ခု ရှိနေသေးတယ်”

အာယုနာနာသည် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “တိုက်ပွဲ ဟုတ်လား။ ဘယ်လို တိုက်ပွဲမျိုးလဲ”

အရူးကြီးက ပြောလိုက်သည်။ “ဘယ်လိုတိုက်ပွဲမျိုး တိုက်ခိုက်ရမှာလဲတော့ မသိဘူး။ ဒါပေမဲ့ ငါ တိုက်ခိုက်ရမယ်။ သွားတော့မယ်”

ပြီးနောက် သူသည် ကြီးမားလွန်းသည့် သံတုတ်ကြီးကို ပုခုံးထက်၌ထမ်းကာဖြင့် ဘုံကျောင်းဆီသို့ အသာပင် လှမ်းလျှောက်သွားခဲ့၏။

မင်းသမီး အာယုနာနာသည် နန်းတော်ဆီသို့ အလျှင်အမြန်နှင့် ပြေးသွားခဲ့သည်။

………….

ဘန်း ....။

မင်းသမီး အာယုနာနာသည် နန်းတော်၏ ဟောခန်းတံခါးကို တွန်းဖွင့်လိုက်၏။ မျက်လုံးပေါင်း များစွာတို့သည် သူ့ဆီသို့ ရောက်ရှိလာခဲ့၏။ ဟောခန်းထဲတွင် သူမ၏အဖေ ချင်ဘုရင် အာယုခန်၊ သူ၏ အစ်ကို အာယုထိုင်၊ ပြီးနောက် ချင်နိုင်ငံ၏ မိဖုရားစုမို နှင့် သူမ အမုန်းတီးဆုံးသောလူဖြစ်သည့် စုရုံတို့ ရှိနေ၏။

ထိုသူတို့၏ အသွင်အပြင်၊ အမူအရာများကို ကြည့်လိုက်သည်နှင့် မကောင်းသည့်အရာတစ်ခုခုကို ပြုလုပ်ဖို့ တိုင်ပင်နေခြင်းဖြစ်ကြောင်း သိသာနေသည်။

စုမိုသည် စုနန်၏ ညီမငယ် ဖြစ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် သူမသည် စုမျိုးနွယ်၏ ဒုတိယမြောက် မင်းသမီးပင် ဖြစ်၏။ ချင်နိုင်ငံမိဖုရား၏ နာမည်သည် နော်ကြား ဖြစ်၏။ သူမသည် ချင်ဘုရင်၏ ပထမဦးဆုံးသော မိန်းမ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အာယုထိုင်နှင့် အာယုနာနာတို့၏ မိခင်အရင်းလည်း ဖြစ်၏။ သို့ပေမည့် သူမသည် လွန်ခဲ့သည့်နှစ်အနည်းငယ်တည်းက ချင်နိုင်ငံတော်ဝင်နန်းတော်မှ ထွက်ခွာသွားခဲ့ပြီး သီလရှင်တစ်ပါးအဖြစ် တံခါးပိတ် ကျင့်ကြံနေ၏။ ထို့ကြောင့် ဤစုမိုသည် မိဖုရားကြီး ဖြစ်လာခဲ့၏။

အာယုနာနာက ပြောလိုက်သည်။ “အဖေ.. ဘုံကျောင်းကို ဘယ်သူက တိုက်ခိုက်ချင်တာလဲ။ ဘယ်သူက ရှမ့်လန်ကို တိုက်ခိုက်ချင်တာလဲ”

ချင်ဘုရင် အာယုခန်က ပြောလိုက်၏။ “ဒါ မင်းရဲ့ ကိစ္စမဟုတ်ဘူး”

မိဖုရားစုမိုသည် ပြုံးကာ ပြောလိုက်သည်။ “အွန်း.. ရှမ့်လန်ပဲပေါ့။ ဘုံကျောင်းကို တည်ဆောက်ခဲ့တာ ရှမ့်လန်ပဲလေ။ ပြီးတော့ ဒီနိုင်ငံရဲ့ နှင်းတောင်နတ်ဘုရားကျောင်းအပေါ် ယုံကြည်သူတွေကို စော်ကားခဲ့တာလည်း ရှမ့်လန်ပဲ။ ဒါ့ကြောင့် ဘုန်းကြီးချုပ်ခူဟိုင်က ဘုန်းကြီးစစ်သည်တွေကို စေလွှတ်ပြီး ဘုံကျောင်းကို ဖျက်ဆီးဖို့လုပ်ခဲ့တာပဲ”

ချင်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “ညီမလေး.. ဒီကိစ္စက မင်းဝင်ရှုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး”

မင်းသမီး အာယုနာနာက ပြောလိုက်သည်။ “အဖေ... ရှမ့်လန်က အဖေ့ရဲ့အသက်ကို ကယ်ခဲ့တာနော်။ ပြီးတော့ ချင်နိုင်ငံသားပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ခဲ့တာ။ ချင်နိုင်ငံသားတွေကို ကျောက်ရောဂါ သေမင်းဆီကနေ ဆွဲထုတ်ပေးခဲ့တာ။ သူက ချင်နိုင်ငံရဲ့ ကျေးဇူးရှင်ပဲ။”

ချင်ဘုရင်အာယုခန်သည် အေးစက်စက် ပြောလိုက်၏။ “နာနာ .... မှတ်ထား။ ငါတို့ ချင်နိုင်ငံသားတွေက လက်စားချေမှုကိုပဲ ပြုလုပ်တယ်။ ကျေးဇူးဆပ်တာမျိုး မပြုလုပ်ဘူး”

ဤစကားစုသည် ချင်နိုင်ငံ တော်ဝင်မျိုးနွယ်၏ အတွေးကို ထုတ်ဖော်ပြောခဲ့ခြင်းပင်။

မိဖုရား စုမိုက ပြောလိုက်သည်။ “နာနာ ... ကြီးမားတဲ့ကြင်နာမှုဆိုတာ ကြီးမားတဲ့ရန်ကြွေး ဖြစ်လာနိုင်တယ်။ တစ်စုံတစ်ယောက်ရဲ့ ကြင်နာမှုကျေးဇူးက ကိုယ့်အပေါ် ကြီးမားလာတယ်ဆိုရင် ပြန်ပေးလို့ မရတော့ဘူး။ အဲလူကို တစ်ခါတည်း သတ်ပစ်ရတယ်။ ဒါမှ ကျေးဇူးတရားကနေ ကင်းလွတ်သွားမှာ”

အာယုနာနာသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အင်း... ကျွန်မကရော .... ပြီးတော့ ကျွန်မယောက်ျား အရူးကြီးကရော”

ချင်ဘုရင်က ထအော်လိုက်သည်။ “သူက မင်းရဲ့ ယောက်ျားလို့ ဘယ်သူပြောလဲ”

မိဖုရား စုမိုက ပြောလိုက်၏။ “နာနာ .. သူက အရူးတစ်ယောက်ပဲ။ သူက မင်းအတွက် ထိုက်တန်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ငါတို့ မင်းအတွက် ယောက်ျား ရှာဖွေထားပြီးပြီ။ သူကမှ တကယ့်ကို သူရဲကောင်း တစ်ယောက်။ မင်း သူ့အကြောင်း ကြားရင် ကြားဖူးမှာပေါ့။ မျက်စိသုံးလုံးမိစ္ဆာတဲ့”

မျက်စိသုံးလုံးမိစ္ဆာ လာပြန်ပြီ။ ဤလူသည် ရွှဲ့ပြည်နယ်၏ ဓားပြကြီး တစ်ယောက် ဖြစ်၏။ ရွှဲ့ပြည်နယ်တွင် ဓားပြ နှစ်ယောက် ရှိနေပြီး အရှေ့ဘက်တွင် ဓားပြကြီး နာကျည်းမှုနှင့် အနောက်ဘက်တွင်တော့ မျက်စိသုံးလုံး မိစ္ဆာတို့ပင်။

မိဖုရား စုမိုက ပြောလိုက်သည်။ “ဒီ မျက်စိသုံးလုံးမိစ္ဆာက သူ့ရဲ့အမိန့်အောက်ပေးမှုအောက်မှာ ဓားပြ ပေါင်း တစ်ထောင်ကျော် ရှိတယ်။ သူ့ရဲ့ သိုင်းပညာကလည်း တကယ် ထိပ်တန်းပဲ။ ရွှဲ့ပြည်နယ်ရဲ့ အရှေ့ဘက်ပိုင်း ထျန်းရှစ်စီရင်စုရဲ့ စစ်တပ်ကြီးကတောင်မှ သူတို့ကို လေးလေးစားစားနဲ့ ဆက်ဆံရတယ်။ ဒီလို လူမျိုးကမှ ငါတို့ မင်းသမီးနဲ့ ထိုက်တန်တဲ့ သူရဲကောင်းမျိုးပဲ”

မင်းသမီး အာယုနာနာသည် ဤလူများအား စူးစိုက်ကာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူများ၏ အကြည့်က အေးစက်လျက် ရှိနေပြီး မျက်နှာများကလည်း ရက်စက်ကြမ်းကြုတ်လွန်းလှချေ၏။ သူမသည် ဤလူများနှင့် မတူညီကြောင်းကို ခံစားမိ၏။ ဤလူများသည် ဝံပုလွေများသာ ဖြစ်၏။ လူမဟုတ်ကြချေ။

သူမသည် မည်သည့် စကားကိုမှ ထပ်မံပြောဆိုခြင်း မရှိဘဲ အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။ သူမသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ပုခုံးထက်၌ အသာထမ်းတင်ပြီး ဘုံကျောင်းဆီသို့ လှမ်းလျှောက်သွားခဲ့၏။ သူမသည် သူမ၏ ယောက်ျား၏ ဘေးတစ်ဖက်တွင် ရပ်ပြီး အားလုံးသောသူများကို တိုက်ခိုက်ရပေမည်။

........

All Chapters