အခန်း (၃၁၂)
Vol. 23 Ch. 312
ဘုံကျောင်းထဲ၌ ချင်နိုင်ငံသူ၊ ချင်နိုင်ငံသားများ မရှိတော့ချေ။ ရှမ့်လန်၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် စစ်သည်တော် ၁၀၀ ကျော်သာလျှင် ရှိ၏။ ဘုံကျောင်းကြီး၏အထဲတွင် ရုပ်တု သုံးခု ရှိ၏။ မင်းကြီးကျိုး၊ ကွန်ဖြူးရှပ်နှင့် နတ်သမီး ရွှယ်ရင်တို့ပင်။
ကျန်ရှိသည့် စစ်သည်တော်တစ်ဝက်လောက်သည် ရွှဲ့ပြည်နယ်မှ ဖြစ်ပြီး တခြားသောတစ်ဝက်မှာတော့ ကျင်းမိသားစု၏ ကိုယ်ပိုင်သီးသန့် စစ်တပ်ဆီမှ ဖြစ်ပြီး ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ စစ်သည် များလည်း ပါဝင်၏။
ထိုအချိန်မှာတော့ စစ်သည်တော်အားလုံးတို့သည် လည်သာချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့ကြပြီး အသစ် ဖန်တီးထားခဲ့သည့် မြှားများကို ကိုင်ဆောင်ထားကြသည်။
သူတို့၏မျက်နှာပြင်ထက်တွင် ကြောက်လန့်မှု၊ အဆင်မပြေမှုများနှင့် ပြည့်နှက်နေခဲ့၏။
ဂျိန်း ဂျိန်း..
အပြင်ဘက်တွင် ကျယ်လောင်လွန်းသောမိုးကြိုးပစ်သံကြီးများ ထွက်ပေါ်လာခဲ့၏။ သို့ပေမည့် မိုးကတော့ ရွာချမလာသေးချေ။
ကောင်းကင်ထက်တွင် ရှိနေသည့် တိမ်မည်းများသည် တဖြည်းဖြည်း အလိပ်လိပ်နှင့် စုစည်းလာခဲ့ပြီး အောက်သို့ နိမ့်ဆင်းလာခဲ့၏။ အချိန်မရွေး ပြိုကျပြီး မိုးရွာတော့မည့်ပုံပင်။
ဘုံကျောင်းကြီး၏ အပြင်ဘက်တွင် လူပေါင်းများစွာတို့က ကြည့်ရှုလျက် ရှိနေကြ၏။ ထိုလူများမှာတော့ ချင်နိုင်ငံမှ သာမန်လူများသာ ဖြစ်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူပေါင်း တစ်သောင်းကျော်တို့သည် ဤနေရာဆီသို့ ရောက်ရှိလာခဲ့ပြီး ဆေးထိုးခဲ့ကြ၏။
အခြားသောစကားအားဖြင့် ပြောရမည်ဆိုလျှင် လူပေါင်း တစ်သောင်းကျော်တို့ကို ရှမ့်လန်က ကယ်တင်ခဲ့ပြီးပြီဖြစ်သည်။ ထို့အပြင် ထိုသူတို့အားလုံးသည် ဘုံကျောင်း၏ ရှေ့တွင် ဒူးထောက်ခဲ့ပြီးသား ဖြစ်၏။ လက်ရှိအချိန်မှာတော့ သူတို့သည် တိုက်ပွဲကို လာကြည့်နေကြခြင်းဖြစ်သည်။
........
ရွှဲ့ပြည်နယ်၏ အင်ပါယာနန်းတော် အတွင်းမှာတော့ ....
ဝုန်း ဝုန်း...
ကောင်းကင်ထက်တွင် မိုးကြိုးပစ်ချသံကြီးများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာ၏။ လေထုတစ်ခုလုံးကလည်း အသက်ရှူ၍မရနိုင်လောက်အောင်ပင် ဖိနှိပ် တင်းကျပ်နေ၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ ကောင်းကင်ထက်သို့ တိမ်မည်းများ အလိပ်လိပ် တက်လာသည်ကို မြင်ရ၏။ မကြာခင် မိုးရွာပေတော့မည်။ သူသည် ပိုးထည်ခြုံလွှာများ ထပ်ဝတ်လိုက်မိသည်။ အနည်းငယ် ချမ်းစိမ့်စိမ့် ခံစားရစေသည်။
ရှမ့်လန် ထွက်ခွာသွားခဲ့သည်မှာ တစ်လကျော် နီးပါး ရှိပြီဖြစ်သည်။ သို့ပေမည့် ပြန်မလာသေးချေ။ တောင်ပိုင်း နိုင်ငံနှင့် စစ်ဖြစ်နေခြင်းကလည်း တဖြည်းဖြည်း ပိုမိုကာ အကျပ်အတည်းဖြစ်လာခဲ့သည်။ တောင်ပိုင်းနိုင်ငံ မင်းသားကျင်းနှင့် ပူးပေါင်းထားသည့် သဲကန္တာရလူရိုင်းစစ်တပ်သည် အဆုံးအစမဲ့ များပြားပြီး ရက်စက်ကြမ်းကြုတ်သည်။ ထို့ကြောင့် အနိုင်တိုက်ရန် ခက်ခဲလို့နေ၏။
သူ၏ ယခင်တွက်ချက်မှုအရဆိုလျှင် ဤတိုက်ပွဲက လွယ်လွယ်ကူကူနှင့် အနိုင်ရရှိမည့်အရာမျိုးပင်။ သို့ပေမည့် ကြားဝင်ပူးပေါင်းသူများကြောင့် တိုက်ပွဲက အနိုင်မယူနိုင်ဘဲ ကြန့်ကြာလို့နေသည်။
ဘုံကျောင်းမီးရှို့ခံရသည်မှာ လဝက် နီးပါးခန့် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ လူပေါင်းများစွာတို့သည် ထိုအရာကို မေ့လျော့သွားခဲ့ကြပြီ ဖြစ်၏။ မည်မျှ ကြီးမားသည့် မတော်တဆကိစ္စ ဖြစ်ဖြစ်၊ မည်မျှကြီးမားသည့် ကိစ္စရပ် ဖြစ်ဖြစ် .. ဆယ်ရက်ကျော်ခန့်သာလျှင် သရုပ်ဆောင်ရပေမည်။ ပြီးနောက် အားလုံးတို့သည် ထိုအကြောင်းအရာကို မေ့လျော့သွားကြပေလိမ့်မည်။
ဘုံကျောင်းအား မီးရှို့ခဲ့သည့် ချင်နိုင်ငံမှ စစ်သည်များကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ ထိုအခြင်းအရာနှင့် ပတ်သက်၍ ရွှဲ့ပြည်နယ်မှ မင်းမှုထမ်း နှင့် သာမာန်နိုင်ငံသားများသည် ထိုင်ရခက်၊ ထရခက်နှင့် စိုးတထိတ်ထိတ် ဖြစ်နေကြသည်။ ချင်နိုင်ငံမှ လက်စားလာချေမည်လား။ စစ်ပွဲဖြစ်ပွားတော့မည်လား။
ထင်မှတ်ထားသည့်အတိုင်းပင် ချင်နိုင်ငံမှ သံတမန်နှစ်ဖွဲ့တို့သည် ရွှဲ့ပြည်နယ်ဆီသို့ ဝင်ရောက်လာခဲ့ပြီး တင်းမာခက်ထန်စွာ ပြောဆိုသွားခဲ့ကြသည်။ သံတမန်နှင့် စစ်သည်များကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဖြေရှင်းချက် တောင်းခံခဲ့ကြသည်။ ကျေနပ်လောက်သည့် အကြောင်းပြချက် မပေးပါက စစ်တိုက်မည်ဟု ခြိမ်းခြောက်သွားခဲ့သည်။
ထိုတင်သာ မကသေးချေ။ ထူးဆန်းလွန်းလှသည့် ကောလဟာလများလည်း ထပ်မံ ထွက်ပေါ်လာခဲ့၏။ ချင်နိုင်ငံမှလူများ ဘုံကျောင်းမီးရှို့ခဲ့သည့်ကိစ္စ၏ နောက်ကွယ်မှ လက်မည်းကြီးသည် ရှမ့်လန် ဖြစ်သည်ဆိုသော ကောလဟာလပင်။ ရှမ့်လန်၏ ရည်ရွယ်ချက်သည် စုမိသားစုကို တိုက်ခိုက်ရန်ပင်။ ထို့အပြင် ရှမ့်လန်သည် စုမိသားစုကို ဖျက်ဆီးချင်သည်ဟူသော စကားကို လူသိရှင်ကြား ပြောဆို ကြိမ်းဝါးခဲ့သည် မဟုတ်ပါလား။
သို့ပေမည့် ဤရှမ့်လန်သည် အချိန်အတော်ကြာတည်းက သေဆုံးသွားလောက်ပြီ ဖြစ်၏။ အပိုင်းပိုင်းအစစ ခုတ်ဖြတ်ခံရပြီး ချင်ဘုရင်၏ ခွေးကျွေးခြင်း ခံရမှာ သေချာ၏။ လူပေါင်း ၁၀၀ ကျော်တို့သည်လည်း ချက်ပြုတ် စားသောက်ခြင်းကို ခံနေရလောက်ပြီ ဖြစ်၏။ ထို့ကြောင့် တစ်လကျော်ခဲ့သော်လည်း မည်သည့် သတင်းမှ ရောက်ရှိမလာခဲ့ခြင်း ဖြစ်ရမည်။
ဤခပ်ချောချော ကောင်လေးသည် ဦးနှောက်မဲ့လွန်းသည်။ ချင်ဘုရင် ဆိုသည်မှာ မည်သူဖြစ်သနည်း။ ချင်ဘုရင်ဆီ သွားရောက်ကာ တောင်းပန်လွှာ ရေးခိုင်းသည်သတဲ့လား။ ထို့အပြင် ချင်နိုင်ငံအတွင်း၌ ဘုံကျောင်းတစ်ခု တည်ဆောက်ချင်နေသည်တဲ့လား။ အရူးအိမ်မက်ကဲ့သို့ပင်။
ဘုန်း..
ရုတ်တရက် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့၏။
ကျယ်လောင်လွန်းသည့် မိုးကြိုးပစ်ချသံကြီးသည် ကောင်းကင်ယံမှ ရှိနေသည့် တိမ်များကို ထိုးခွဲသွား သကဲ့သို့ပင်။
“အင်း... အဲမိန်းကလေး ဘာဖြစ်နေပြီလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။
သူ၏မေးခွန်းသည် အစပ်အဆက်မရှိသောကြောင့် မည်သူမှ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် မိန်းမစိုးကြီးလီစွမ်းမှာတော့ ဘုရင်မင်းမြတ် မည်သူ့ကို ရည်ညွှန်းကြောင်း ကောင်းကောင်းသိရှိ၏။ ဟယ်ဝမ်ဝမ်ပင်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဘုရင်မင်းမြတ်သည် မိန်းကလေးတစ်ယောက်ကို ချစ်မြတ်နိုးခဲ့၏။ အဆုံးသတ်မှာတော့ ထိုမိန်းကလေးသည် ပညာရှိအသစ် လီဝမ်ကျန့်နှင့် ဖောက်ပြန်ခဲ့၏။ သူမ၏ အပျိုစင် ဘဝကို လီဝမ်ကျန့်အား ပေးဆပ်ခဲ့သည်။
ပို၍ အရေးကြီးမားသည်မှာ လီဝမ်ကျန့်သည် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ ကြားရှိ နန်းပုလ္လင်လုပွဲတွင် ပါဝင်ပတ်သက်ခဲ့ပြီး အိမ်ရှေ့စံမင်းသားကိုပင် ကျိန်ဆဲခြင်း၊ ကျိန်စာတိုက်ခြင်းများ ပြုလုပ်ခဲ့၏။
ထို့ကြောင့်ပင်လျှင် ဘုရင်မင်းမြတ်သည် ရေနက်တပ်ဖွဲ့ကို စေလွှတ်ပြီး လီဝမ်ကျန့်ကို သတ်ဖြတ်ရန် ခိုင်းစေခဲ့၏။ သို့သော်ငြား ဘုရင်မင်းမြတ်သည် သူချစ်မြတ်နိုးရသည့် ထိပ်တန်း ကချေသည် မိန်းကလေးကိုတော့ ဘုရင်မင်းမြတ်က မသတ်ပစ်ခဲ့ချေ။ ထိုအစား သူမအား သူမ၏ မွေးရပ်မြေ လျန်ခရိုက်ဆီသို့ ပို့ဆောင်ကာ နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။
ဘုရင်မင်းမြတ်သည် သူမကို တစ်ချက်ကလေးမှ ထပ်မံကာ မထိတွေ့တော့ချေ။ ထို့အတူ တခြားသော မည်သူတစ်ဦးတစ်ယောက်မှလည်း သူမကို ထိတွေ့ခွင့် မရှိချေ။
လီစွမ်းက ပြောလိုက်၏။ “သူမက ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်နေပါတယ်။ နေ့စဉ် နေ့တိုင်း စာတွေ ရေးသား၊ ပန်းချီတွေ ရေးဆွဲပြီး အသက်ရှင်နေပါတယ်”
........
ပဉ္စမမင်းသား၏ အိမ်တော်အတွင်းမှာတော့ ....
ရှောင်ပင်း၏ ဝမ်းဗိုက်က သိသိသာသာပင် ဖောင်းပွလာခဲ့၏။
ပဉ္စမမင်းသား၏မိန်းမ ကတော်ကျိုးက ရှောင်ပင်းနှင့် စကားပြောနေ၏။ ပဉ္စမမင်းသား၏ မိန်းမ ဆိုသည်မှာ ကြီးမားသည့်ဂုဏ်ဒြပ်ကို ပိုင်ဆိုင်သူပင်။ ရှောင်ပင်းကဲ့သို့သော လူတစ်ယောက်နှင့် နဖူးတိုက်၊ ဒူးတိုက် စကားပြောနေသင့်သည့် မိန်းကလေးမျိုးမဟုတ်ချေ။
သို့ပေမည့် သူမသည် ကုန်သည်တစ်ယောက်၏ သမီးဖြစ်ပြီး ဂုဏ်သိက္ခာမကြီးမားသော မိသားစု၏ သမီးလည်း ဖြစ်၏။ ထို့ကြောင့် မိန်းကလေး နှစ်ယောက်တို့သည် စာအုပ်များကို ချကာဖြင့် အားရပါးရ စကားပြောလျက် ရှိနေကြ၏။
ကလေးနှစ်ယောက်ထဲမှ အကြီးမလေးသည် စာအုပ်ဖတ်နေပြီး အငယ်မလေးမှာတော့ မုန့်ထိုင်စားနေ၏။
“အာ..” အကြီးမလေးသည် ပါးစပ်ဟပြီး သူ့ညီမ လက်ထဲရှိမုန့်ကို လက်ညှိုးညွှန်ပြသည်။
အငယ်မလေးသည် နှမျောတွန့်တိုခြင်းမရှိချေ။ ရက်ရောလွန်း၏။ သူ့အစ်မ ပါးစပ်ထဲသို့ မုန့်ကို ထိုးထည့်ပေးလိုက်သည်။
သို့ပေမည့် အကြီးမလေးသည် မုန့်ကို အကုန်ယူစားပစ်လိုက်၏။
အငယ်မလေးသည် သူမ၏ မုန့်မရှိတော့သောလက်ကို စူးစိုက်ကြည့်ရှုနေမိ၏။ ပြီးနောက် မျက်ရည်များ ကျဆင်းလာခဲ့သည်။
“အမေ.. အမေ”
ဤချစ်စရာကောင်းသည့် မိန်းကလေးသည် ကတော်ကျိုး၏ ရင်ခွင်ထဲပြေးဝင်ပြီး ကျယ်လောင်စွာ အော်ဟစ် ငိုယိုလျက် ရှိ၏။ “အစ်မက ဆိုးတယ်။ အစ်မက တကယ့်ကို ဆိုးတယ်။”
သူ၏ ညီမငယ်လေး ငိုယိုနေသည်ကို မြင်ရချိန်မှာတော့ အကြီးမလေးသည် ဆူငေါက် ခံရတော့မည် ဖြစ်ကြောင်း သိရှိ၏။ ထို့ကြောင့် ချက်ချင်းပဲ ရှောင်ပင်း၏ရင်ခွင်ထဲ ပြေးဝင်ပြီး ပိုမိုကာကျယ်လောင်စွာ အော်ဟစ် ငိုယို၏။
ယခုညတွင် မည်သူက ကျယ်လောင်စွာ အော်ဟစ် ငိုယိုနိုင်သနည်းကို ပြိုင်ပွဲဝင်လျက် ရှိနေကြတော့သည်။
ရှောင်ပင်းသည် အကြီးမလေးကို ကောက်ချီလိုက်၏။ မျက်ရည်များမထွက်ဘဲ ငိုယိုလျက် ရှိနေသည်ကို မြင်ရချိန်မှာတော့ သူမသည် ကလေးမလေး၏နှာခေါင်းကို အသာ ညှစ်လိုက်၏။ “တကယ့်ကို ကောက်ကျစ်တဲ့ ကလေးပဲ”
ဤကလေး၏ ကိုယ်ရည်ကိုယ်သွေးသည် သမက်တော်နှင့် ဆင်တူ၏။ သမက်တော်အကြောင်းကို တွေးသည့် အချိန်မှာတော့ ရှောင်ပင်း၏မျက်လုံးများသည် မျက်ရည်ပင်ဝိုင်းသွားမိ၏။
“သမက်တော်... အဆင်ပြေရဲ့လား။ ဘယ်လိုဖြစ်ပြီး အခုထိ ပြန်မလာသေးရတာလဲ။ လူတွေ အကုန်လုံးက ရှင် သေပြီလို့ ပြောနေကြတယ်။ ရှင့်ကို ချင်ဘုရင်က ချက်စားလိုက်ပြီတဲ့။ ကျွန်မ တကယ့်ကို စိုးရိမ်နေမိတယ်”
ထိုအချိန်မှာပဲ ပဉ္စမမင်းသားနင်ကျန်းသည် အဓိကဟောခန်းထဲတွင် ထပ်မံ အရှက်ခွဲခြင်း ခံနေရ၏။ သူသည် ဒေါသကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ရှိနေ၏။ အထူးတရားရုံး၏ တာဝန်ရှိသူသည် သူ၏ အိမ်ဆီသို့ ရောက်ရှိလာခဲ့ပြီး ကလေးနှစ်ယောက်ကို လာရောက်တောင်းဆိုနေ၏။
ယုဖန်သည် တားဆီးပိတ်ပင်ထားခဲ့သည့် အရှေ့အရပ်မှဒဏ္ဍာရီ ဆိုသည့် စာအုပ်ကို ရောင်းချသောကြောင့် တော်ဝင်ရင်အင်ပါယာကို ဒေါသထွက်စေခဲ့၏။ ထို့ကြောင့် ယုဖန်၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ် ရမည်ဟု ဘုရင်မင်းမြတ်က အမိန့်တော်ချလိုက်သည်။ ထိုထဲတွင် ကလေးနှစ်ယောက်လည်း ပါဝင်သည်။
ထိုတာဝန်ရှိသူက ပြောလိုက်၏။ “အရှင်မင်းသားရဲ့အိမ်မှာ ကလေးနှစ်ယောက် ရှိတယ်လို့ ကြားတယ်။ ဒီကလေးတွေကိုပေးပါ”
နင်ကျန်းသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။ “ဒါ.. ဒါက နှစ်နှစ်လောက်ပဲ ရှိတဲ့ ကလေးတွေ။ ဘယ်လိုဖြစ်ပြီးတော့ သူတို့ကို သတ်ချင်ရတာလဲ”
တာဝန်ရှိသူက ပြောလိုက်၏။ “သူတို့ကို သတ်ဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရာဇဝတ်သားတွေရဲ့ မိသားစု ဖြစ်တာကြောင့် သူတို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားရမယ်။ အထူးတရားရုံးက ဒီကလေး နှစ်ယောက်ကိုလည်း အရေးယူရမယ်။”
ထိုလူ၏ အသံသည် တကယ့်ကို ဂုဏ်သိက္ခာကြီးမားပြီး တရားမျှတမှုကို လိုချင်တောင့်တသည့် လူတစ်ယောက်၏ အသံမျိုးပင်။ သို့ပေမည့် တကယ်တမ်းမှာတော့ ဆိုးယုတ်လွန်းလှ၏။ နှစ်နှစ်အရွယ် ကလေးများကို အပြစ်သားအဖြစ်သတ်မှတ်ပြီး ဖမ်းဆီးထိန်းသိမ်းခြင်းမျိုး လောကတွင် ရှိနေသေးသည်လား။
ဤကလေးများသည်သာ ငယ်ရွယ်စဉ်အသက်အရွယ်တည်းက အလွန်မှောင်မိုက်သည့် ထောင်ကဲ့သို့သော တည်နေရာတွင် ရှင်သန်နေထိုင်ခဲ့ရပါက ဘဝကို မည်ကဲ့သို့ ရှေ့ဆက်တော့မည်နည်း။ ကောင်းကောင်းစားခြင်း၊ နွေးထွေးသည့်အဝတ်များကို ဝတ်ဆင်ရခြင်းကို မဆိုနှင့် ။ အသက်ရှင်ရန်ပင်လျှင် ကံကောင်းမှ ဖြစ်ပေလိမ့်မည်။
အသက်ကြီးသွားသည်ဆိုလျှင် ကျိန်းသေပေါက် ယောက်ျားများ၏ အစေခံ သို့မဟုတ် တခြားသောသူများ၏ ကျေးကျွန် ဖြစ်လာပေမည်။ ထိုတင်သာ မကသေးချေ။ အခန့်မသင့်ပါက ဆောင်ကြာမြိုင်တွင် သွားရောက် အလုပ်လုပ်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိနိုင်၏။
ဤမိန်းကလေး နှစ်ယောက်တို့အား ပဉ္စမမင်းသား၏ အိမ်တွင် တစ်လကျော်ခန့် ကျွေးမွေးထားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူတို့သည် ဤကလေး နှစ်ယောက်အပေါ်တွင် မေတ္တာ သက်ဝင်လျက် ရှိနေသည်။
ယခု တရားရုံးက လာရောက်ကာ တောင်းဆိုနေ၏။ ထို့အပြင် ရွှဲ့ပြည်နယ်၏ ဥပဒေအရဟုလည်း ပြောဆိုနေခဲ့၏။ မိန်းကလေး နှစ်ယောက်ကို ငရဲသို့ စေလွှတ်ရမည်လား။ ဆိုးရွားလွန်းလှ၏။
ပဉ္စမမင်းသား နင်ကျန်းသည် တကယ်ပင် အရှက်ခွဲခံရသလို ခံစားနေမိ၏။ ထို့အတူ ဝမ်းနည်း ပက်လက်လည်း ဖြစ်နေ၏။
‘ငါ .... ငါက မင်းသား တစ်ယောက်ကော ဟုတ်ရဲ့လား။ တစ်စုံတစ်ယောက်က ငါ့ရဲ့ အခန်ထဲဝင်ပြီး ကလေး နှစ်ယောက်ကို တောင်းနေတယ်။ ပြီးတော့ သာမန် တာဝန်ရှိသူ တစ်ယောက်ကတောင် ငါ့ကို လာပြီးတော့ ခြိမ်းခြောက် ပြောဆိုရဲနေတာလား။ ဟုတ်တယ်။ ဒီကိစ္စက စုမိသားစုရဲ့ လက်စားချေမှုဆိုတာ ငါသိတယ်’
စုမိသားစုနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူ ပဉ္စမ မင်းသားသည် ဘာမှ မဟုတ်ချေ။ ထိုအချိန်မှာတော့ နင်ကျန်းသည် ရှမ့်လန်ကို တကယ်ပင် လွမ်းဆွတ်လာခဲ့၏။
‘ရှမ့်လန်... ခင်ဗျား ချင်နိုင်ငံမှာ ဘာတွေ ဖြစ်နေပြီလဲ။ တစ်နိုင်ငံလုံးက ခင်ဗျား သေပြီဆိုပြီး ပြောနေကြတယ်။ ကျုပ် ဒီကိစ္စကို မယုံကြည်နိုင်ဘူး’
.......
ချင်နိုင်ငံ၏ ဘုံကျောင်းအတွင်းမှာတော့ ....
ဂျိန်း...
ကျယ်လောင်လွန်းသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ မိုးချိန်းသံများသည် တကယ့်ကို ကျယ်လောင်စွာ ထွက်ပေါ်လျက် ရှိနေ၏။ များပြားလွန်းသည့် လျှပ်စီးများသည် တဖျက်ဖျက်နှင့် လင်းလက်နေ၏။
ဆွစ် ဆွစ် ...။
ကောင်းကင်ယံ တစ်ခုလုံးတွင် လျှပ်စီးတန်းများနှင့် တဖျပ်ဖျပ် လင်းလက်နေပြီး ညအမှောင်က တစ်ချက်တစ်ချက် လင်းလက်သွား၏။ ထိုလျှပ်စီးတန်းများသည် ကောင်းကင်ထက်တွင် ကူးခတ် သွားလာလျက် ရှိနေသည့် နဂါးနှင့် မြွေများကဲ့သို့ပင်။
ထိုအချိန်မှာပဲ လူတစ်ယောက်၏ ပုံရိပ်က ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ မင်းသမီး အာယုနာနာပင်။ သူမသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ဆွဲကိုင်ကာဖြင့် လှမ်းလျှောက်လာခဲ့၏။
“အရူးကြီး၊ ရှမ့်လန်.. ဒီည ရှင်တို့နဲ့အတူ တိုက်ခိုက်လို့ရလား။ ကံဆိုးစွာနဲ့ ကျွန်မဆရာ့ကို ရှာပြီး မတွေ့ခဲ့ဘူး။ မဟုတ်ရင် ဆရာကလည်း ကျိန်းသေပေါက် ...”
ပြီးနောက် အာယုနာနာသည် နတ်မိမယ်ရွှယ်ရင်ကို မြင်လိုက်၏။ သူမသည် ဓားကြီးကို ဘေးသို့ချပြီး ရွှယ်ရင့် အနားသို့ ချဉ်းကပ်သွားခဲ့သည်။ “ဆရာ.. ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။ ကျွန်မကို ကြောက်အောင် မလုပ်ပါနဲ့။ ကျွန်မကို ချန်မထားခဲ့ပါနဲ့”
ရွှယ်ရင်သည် လှုပ်ရှားခြင်း မရှိသည်ကို မြင်ရချိန်မှာတော့ မင်းသမီး အာယုနာနာသည် ကြောက်လန့်တကြား ဖြင့် မျက်ရည်များ ကျဆင်းလာခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “မင်းသမီးနာနာ.. ခင်ဗျား အချိန်ကောင်း ရောက်လာတာပဲ။ ကျုပ် ခင်ဗျားရဲ့ ဆရာကို ကယ်တင်ချင်တယ်။ ပြီးတော့ ခင်ဗျားရဲ့ အကူအညီကို ကျုပ် လိုအပ်တယ်”
အာယုနာနာသည် ခေါင်းကို တဆတ်ဆတ်နှင့် ညိတ်လိုက်၏။ “ကျေးဇူးပြုပြီး ကျွန်မရဲ့ ဆရာကို ကယ်ပေးပါ။ ကျွန်မရဲ့ ဆရာက လောကကြီးမှာ အကောင်းဆုံး လူပါပဲ။ သူ သေလို့ မဖြစ်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် နတ်မိမယ်ကိုသယ်ပြီး အနောက်က ရွက်ဖျင်တဲသေးလေးဆီ ကျုပ်နဲ့ လိုက်ခဲ့”
မင်းသမီးအာယုနာနာသည် နတ်မိမယ် ရွှယ်ရင်ကိုချီပိုးပြီး သေးငယ်သည့်ရွက်ဖျင်တဲလေးထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုထဲ၌ ကြိုးများနှင့် ချည်ထားသည့် ကုတင်ကြီးတစ်ခုရှိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒီပေါ်မှာ နတ်သမီးရွှယ်ရင်ကို တင်လိုက်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်အောင် ထား”
အာယုနာနာက ကြောင်အသွားခဲ့၏။ သို့ပေမည့် သူမက ပြောသည့်အတိုင်းပင် လုပ်၏။ သူမ၏ ဆရာအား ကုတင်ပေါ်သို့တင်ပြီး ကုတင်ရှိကြိုးများနှင့် ချည်နှောင်လိုက်၏။
ရှမ့်လန်သည် ဖန်ပုလင်းအနည်းငယ်ကိုထုတ်ယူပြီး ထက်ရှသည့်ဓားတစ်စင်းကိုပါ ယူလိုက်၏။ နောက်ဆုံးမှာတော့ သူသည် စမ်းသပ်ထားခဲ့သည့် ပုလင်းကို ထုတ်ယူလိုက်၏။ ထိုအထဲတွင် အရူးကြီး၏ ရွှေရောင်သွေး အဆီအနှစ် ရှိနေသည်။