အခန်း (၃၁၄)
Vol. 23 Ch. 314
အတွင်းဘက်တွင်ရှိနေသည့် ရှမ့်ဆယ့်သုံးသည် ရုတ်တရက် သူ၏လက်ထဲမှ ကြိုးကို ဆွဲချလိုက်၏။
ဘုန်း ဘုန်း... ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြန်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် ပေါက်ကွဲမှုသည် ဘုံကျောင်း၏ အဝင်ဝမှ ပေါ်ပေါက်လာသည်။ အမဲရောင် အခိုးအငွေ့များလည်း ထွက်ပေါ်လာသည်။
အချက်အလက်အားဖြင့် ဤအရာက ရိုးရှင်းလွန်းသည့် မြေမြှုပ်မိုင်းများသာ ဖြစ်၏။ ယမ်းများ၏ ပေါက်ကွဲအားသည် ကြောက်ခမန်းလိလိပင်။ အလွန် အားမကောင်းလျှင်တောင်မှ အရှေ့ဆီသို့ တိုးကာ ဝင်ရောက်လာခဲ့သည့် စစ်သည်တစ်ဒါဇင်ကျော်တို့သည် တစ်စစီ ဖြစ်ကုန်၏။ ဒဏ်ရာရရှိသူ အရေအတွက်ကတော့ နည်းပါးလွန်း၏။ သို့ပေမည့် ဖြစ်ပေါ်လာခဲ့သည့် အဖြစ်အပျက်သည် အားလုံးသော သူတို့ကို အံ့အားသင့် ကြောက်လန့်စေခဲ့၏။
စောဏကလေးတင် မိုးကြိုးကပ်ဘေးကြီး ပေါ်ပေါက်လာခဲ့၏။ ဤအရာကပင်လျှင် လူပေါင်းများစွာတို့၏ ဝိညာဉ်ကို တုန်ခါသွားစေရန် လုံလောက်နေပြီ ဖြစ်၏။ ယခု အထဲသို့ လှမ်းဝင်လာခဲ့သည့် ကတုံးစစ်သည်များ အားလုံးတို့သည် မြေပြင်ဆီမှဘာမှန်းမသိသည့်အရာကြီး ပေါက်ကွဲပြီး တစ်စစီ ဖြစ်ကုန်ကြသည်။
ကောင်းကင်၏ မိုးကြိုးသည် မြေကြီးထဲမှ ထွက်လာခဲ့သည်လား။ ကောင်းကင်သည် အပေါ်မှ ပစ်ချရုံတင်မက အောက်ကပါ ပစ်တင်နေသည်လား။ ဤအရာသည် တကယ့်ကို ကပ်ဘေးကြီးပင် ဖြစ်၏။ ကျိန်စာတိုက်ထားသော ကပ်ဘေးကြီးပင်။
ပတ်ဝန်းကျင်ရှိ စစ်သည်တော်များနှင့် ဘုန်းကြီးစစ်သည်အားလုံးတို့သည် ဘောင်းဘီထဲ သေးပေါက်ချလုမတတ်ပင် ကြောက်လန့်သွားခဲ့ကြ၏။ စောဏတုန်းက ခက်ခက်ခဲခဲနှင့် စုစည်းခဲ့ရသည့် သူတို့၏ သတ္တိအားလုံးတို့သည် ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
“ဒီဘုံကျောင်းက နတ်ဘုရားတွေရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိတယ်။ နောက်ထပ် ခြေတစ်လှမ်း လှမ်းရဲတယ် ဆိုရင် အားလုံးကို သတ်ပစ်မယ်။ မင်းတို့အားလုံး သေသွားပြီးတဲ့နောက် ငရဲကြီး ၁၈ ထပ်ရဲ့ အောက်ဆုံးထပ်ကို ရောက်မယ်။ ဘယ်တော့မှ ပြန်လည်ဝင်စားခြင်းမရှိတဲ့ အခြေအနေထိ ရောက်အောင် အားလုံးကို ဒုက္ခပေးမယ်။
ချင်နိုင်ငံက ပြည်သူပြည်သားတွေ မင်းတို့ နတ်ဘုရားတွေရဲ့ ကာကွယ်ပေးမှုကို လိုချင်လား။ ဘုံကျောင်းကြီးကို ဘာလို့ မကာကွယ်ပေးနေသေးတာလဲ”
ရှမ့်လန်သည် သူ၏ မိုက်ခရိုဖုန်းမှတစ်ဆင့် အော်ဟစ်လျက် ရှိနေ၏။ ပြီးနောက် သူသည် သူ၏အသံနှင့် ပေါက်ကွဲသံများကို ပြုလုပ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း ....။
ဘုံကျောင်းဆီမှ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။
ဤတစ်ကြိမ်မှာတော့ တိုက်ဆိုင်စွာဖြင့် အပေါ်ကောင်းကင်ယံဆီမှ မိုးကြိုးများကလည်း ပစ်ချလာခဲ့၏။ ထိုမိုးကြိုးလှိုင်းများသည် နတ်ဘုရား ဘုံကျောင်းကြီး၏ ထိပ်တွင် ရှိနေသည့် ရှည်လျားလွန်းသည့် သံတိုင်ကြီးဆီသို့ တည့်တည့်မတ်မတ် ထိမှန်သည်။
နောက်တစ်ကြိမ် လျှပ်စီးတန်းများ ဖြစ်တည်လာခဲ့ပြီး မြေပြင်နေရာတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့၏။ ဤအချိန်မှာတော့ လူတော်တော်များများသည် ဓာတ်လိုက်ခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် တော်တော်များများတို့သည် အစောကြီးတည်းက ခပ်လှမ်းလှမ်းဆီသို့ လှမ်းဆုတ်ပြီးသား ဖြစ်နေသောကြောင့်ပင်။
သို့ပေမည့် ရဲတင်းသည့် ကတုံးစစ်သည်တစ်ချို့သည် တည်နေရာတွင် ရှိနေခဲ့ကြ၏။ ထိုသူတို့၏ ခန္ဓာကိုယ်များသည် မီးများထကာ တောက်ကုန်၏။ သေသည်ထက်ဆိုးသည့် ဝေဒနာမျိုးကို ခံစားခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံးက မည်းတူးသွားခဲ့၏။
ဘုံကျောင်း၏ကယ်တင်ခြင်းကြောင့် ကျောက်ရောဂါဘေးမှ အသက်ရှင်ကျန်ခဲ့သည့် ချင်နိုင်ငံမှ နိုင်ငံသူ၊ နိုင်ငံသားတို့သည် ကြောင်အသွားခဲ့ကြ၏။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် အင်အားများနှင့် ပြည့်နှက်လာခဲ့ကြ၏။ နတ်ဘုရားသည် သူတို့ကို စွမ်းအင်များ ပေးအပ်ခဲ့ပြီ ဖြစ်သည်။
“သတ်ကြ သတ်ကြ။ နတ်ဘုရားကျောင်းကို ထိခိုက်အောင် ပြုလုပ်ရဲတဲ့ ဒီကတုံးစစ်သည်တွေ အကုန်လုံးကို သတ်ကြ။ အားလုံးကို သတ်ကြတော့”
ထိုအချိန်မှာတော့ ရုတ်တရက် နတ်ဘုရားကျောင်းအတွင်းဘက်ဆီမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။
မင်းသမီးအာယုနာနာသည် သူမ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ဝှေ့ယမ်းကာဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့သည်။
ရှမ့်လန်သည် တကယ့်ကို တိုက်ခိုက်ရန်အတွက် အခွင့်အရေးပေးလိုက်ပြီ ဖြစ်၏။ သို့ပေမည့် အာယုနာနာက ပိုမြန်နေ၏။
“အရူးကြီးမိန်းမ.. မင်းက တကယ့်ကို ကြမ်းတမ်းလွန်းတာပဲ။ ဘယ်အချိန်မဆို မိုးကြိုး ပစ်ချနိုင်တယ်။ ဘယ်လိုဖြစ်ပြီးတော့ ခြေဗလာကြီးနဲ့ အပြင်ဘက် ထွက်သွားတာလဲ။ တစ်ခါတည်း သေချင်လို့လား” သို့ပေမည့် တားဆီးရန် အချိန်မရှိတော့ချေ။
မင်းသမီး အာယုနာနာက အော်ဟစ်လိုက်၏။ “ငါက ဘုရင်မင်းမြတ်ရဲ့ သမီးပဲ။ ဒီ လာပြီးဝိုင်းတဲ့ ကတုံးစစ်သည်တွေ အကုန်လုံးက နတ်ဘုရားကို သစ္စာဖောက်ခဲ့တဲ့ လူတွေပဲ။ ငါတို့ကို အပြစ်ပေးနေတဲ့ ကျောက်ရောဂါကပ်ဆိုးကြီး ရောက်လာတုန်းက နှင်းတောင်နတ်ဘုရားကျောင်းက လူတွေ ဘယ်ရောက်နေကြလဲ။
ငါတို့နိုင်ငံထဲမှာရှိတဲ့ လူပေါင်းများစွာ သေဆုံးနေတဲ့အချိန်မှာ ဒီနှင်းတောင်နတ်ဘုရားကျောင်းက လူတွေ ဘယ်ရောက်နေခဲ့ကြလဲ။ သူတို့က ငါတို့ကို လာပြီး မကယ်တင်ရုံတင် မကဘူး။ တံခါးပိတ်ပြီး အိပ်နေခဲ့ကြတယ်။ သူတို့က နတ်ဘုရားတွေကို ကိုယ်စားပြုတာ မဟုတ်ဘဲနဲ့ နတ်ဘုရားတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
အနောက်ဘက်မှာရှိတဲ့ ဘုံကျောင်းကြီးကတော့ ငါတို့ကို အစစ်အမှန် ကာကွယ်ပေးခဲ့တဲ့ အရာပဲ။ ငါတို့ကို သေမင်းတံခါးဝကနေ ဆွဲထုတ်ခဲ့တဲ့ အရာပဲ။ ဒီနေ့ကစပြီးတော့ ဒီဘုံကျောင်းကြီးကသာ ငါတို့ရဲ့ အသစ် အသစ်သော ဘုံကျောင်းကြီးပဲ။ သတ်ကြ”
နှိုင်းယှဉ်၍မရအောင် အားကောင်းလွန်းသည့် မင်းသမီး အာယုနာနာ၏ ပြောင်မြောက်လွန်းသော သတ္တိ တရားကို မြင်ရချိန်မှာတော့ အားလုံးသောသူတို့သည် စိတ်အားထက်သန်သွားခဲ့ကြ၏။ မင်းသမီး အာယုနာနာ သည် ရဲတင်းလွန်းသည့် ဟန်ပန်အမူအရာမျိုးဖြင့် ကတုံးစစ်သည်အဖွဲ့ထဲသို့ လှမ်းဝင်သွားခဲ့၏။
“သတ်စမ်း”
အရှေ့မှ လူတစ်ယောက် ဦးဆောင်ဝင်သွားပြီးနောက် အနောက်မှ လူတစ်ရာ၊ လူတစ်ထောင် လိုက်ပါလာခဲ့ပြီဖြစ်၏။ နောက်ဆုံးမှာတော့ လာရောက် ကြည့်ရှုနေကြသည့် လူအားလုံးတို့၏ နှလုံးသား ထဲတွင် ယုံကြည်ခြင်း မီးတောက်များက ထွန်းညှိပြီးသား ဖြစ်နေသည်။
ချင်နိုင်ငံမှ အပြစ်မဲ့ ပြည်သူအားလုံးတို့သည် သူတို့၏ တံစဉ်များကိုဆွဲကာဖြင့် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ ပြီးနောက် ကတုံးစစ်သည်များကို ဝင်ရောက်တိုက်ခိုက်ကြတော့၏။ ချင်နိုင်ငံသား များသည် ရဲတင်းပြီး ရဲရင့်လွန်းလှ၏။ စစ်သည်အားလုံးနှင့် တိုက်ခိုက်သည့်အချိန်တွင် တစ်ချက်ကလေးမှ ကြောက်လန့်မှုကို ထုတ်ဖော်မပြသခဲ့ချေ။ သို့ပေမည့် တိုက်ခိုက်နိုင်မှုစွမ်းရည်ကတော့ တကယ့်ကို နိမ့်ကျ၏။
ကတုံးစစ်သည်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် အဆိုးဆုံး အခြေအနေဆီသို့ ရောက်ရှိနေ၏။ သူတို့၏ နှလုံးသားများကလည်း ကြောက်လန့်မှုများနှင့် ပြည့်နှက်နေခဲ့ကြ၏။ နတ်ဘုရားများကို ဒေါသထွက်စေသည်ဟု သူတို့က ခံစားမိ၏။ ကောင်းကင်၏ ကျိန်စာသည် သူတို့ဆီသို့ ကျဆင်းနေသကဲ့သို့ပင်။
ထောင်နှင့်ချီသည့် ကတုံးစစ်သည်အားလုံးတို့သည် ဆက်လက်တိုက်ခိုက်ရန် စိတ်ဆန္ဒ မရှိတော့ချေ။ ချင်နိုင်ငံသူ၊ ချင်နိုင်ငံသားအားလုံးတို့၏ ဖိနှိပ်ခြင်းကို ခံခဲ့ကြရ၏။
ခူဟိုင်၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင်။
“ချီးတဲ့မှ... လူပေါင်း ၂၅၀၀ ကျော်က သစ်သားနဲ့ ပြုလုပ်ထားခဲ့တဲ့ ဘုံကျောင်းတစ်ခုကို ဝင်ပြီးတိုက်ခိုက်ခဲ့တယ်။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုအခြေအနေမျိုးကို ရောက်သွားရတာလဲ။ ဒီဘုံကျောင်းကို ကြည့်လိုက် .... ငါတို့အားလုံး သေးနဲ့ဝိုင်းပန်းရင်တောင်မှ ပြိုကျသွားမယ့် အခြေအနေမျိုး”
“ရှမ့်လန်... မင်းရဲ့ လှည့်ကွက်သေးသေးလေးကို ငါမသိဘူးလို့ ထင်နေတာလား။ မင်းရဲ့ ဒီသံတိုင်ကြီးက မိုးကြိုးတွေကို ဆွဲခေါ်နေတယ်ဆိုတာကို ငါမသိဘူး ထင်နေတာလား။ ဘာနတ်ဘုရားတွေလဲ။ ထွီ... ဒါ ဒီဟာတွေကို ဖယ်ရှားပစ်ဖို့ နည်းလမ်းမရှိဘူးလို့ ထင်နေတာလား။ ငါ ခူဟိုင် ..... မင်းကို သတ်ပစ်မယ်”
ခူဟိုင်သည် ကတုံးစစ်သည်အားလုံး၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီဖြစ်၏။ သူသည် ချက်ချင်းဆိုသလိုပဲ ဘုံကျောင်း၏ ထိပ်ဆီသို့ လှမ်းလျှောက်လာခဲ့၏။ သူသည် လျှင်လျှင်မြန်မြန်ပင် ဘုံကျောင်းကြီး၏ထိပ် တည်နေရာဆီသို့ လွယ်ကူစွာ တက်လိုက်၏။ ပြီးနောက် ကြီးမားလွန်းသည့် ဓားကြီးဖြင့် သံတိုင်ကြီးကို ခုတ်ပိုင်းလိုက်၏။
သံတိုင်ကြီးသည် လက်မလုံးလောက်ခန့်သာလျှင် ထူ၏။ ထို့အရာသည် တစ်ခါတည်း နှစ်ပိုင်းပြတ်ပြီး မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ဤအချိန်မှာတော့ မိုးကြိုးကို ဆွဲခေါ်နိုင်ခြင်း မရှိတော့ချေ။
“ဟား ဟား ဟား ဟား”
ခူဟိုင်သည် အားရပါးရဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ဒါဆိုရင် မိုးကြိုးကို ဘယ်လိုမျိုး ဆွဲယူမလဲ ဆိုတာ ကြည့်ကြရအောင်။ မင်း လှည့်ကွက်ကို ဘယ်လိုဆက်လုပ်မလဲဆိုတာ ကြည့်ရအောင်”
ပြီးနောက် သူသည် ဓားမော့ကြီးကို ဝှေ့ယမ်းပြီး ဘုံကျောင်းကြီး၏ အမိုးကို ဆွဲဖွင့်ကာ အထဲသို့ လှမ်းဝင် လိုက်၏။
“ငါ ခူဟိုင်က ငါ့ဘာသာ မင်းတို့အားလုံးကို သတ်နိုင်တယ်။ ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားလို့ ဒီနေ့အထိ မင်းအသက်ရှင်နေခဲ့တာပဲ။ အခု ဆက်ပြီးအသက်ရှင်နိုင်မယ် ထင်နေသေးတာလား”
ခူဟိုင်သည် ဘုံကျောင်းထဲသို့လှမ်းဝင်ခဲ့ပြီးနောက် ရှမ့်လန်ကို မြင်လိုက်ရ၏။
“ကဲ ခွေးကောင်လေး.. ဒီနေ့တော့ မင်းရဲ့အစ်ကိုကြီးငါက မင်းကို အစိတ်အပိုင်း ခုတ်ပိုင်းပြီး စွတ်ပြုတ်လုပ်စားပစ်မယ်”
ခူဟိုင်သည် အမိုးပေါ်မှတဆင့် အောက်ဆီသို့ ခုန်ချလိုက်၏။ ပြီးနောက် သူ၏ ဓားမော့ကြီးကို ဝှေ့ယမ်းကာဖြင့် ရှမ့်လန်ကို ခုတ်ပိုင်းလိုက်သည်။
ထိုအချိန်မှာတော့ ရှမ့်လန်၏ မျက်နှာပေါ်တွင် နွေးထွေးလွန်းလှသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ သူသည် လက်ဝှေ့ယမ်းပြ၏။ “ဟိုင်း.. ဆရာကြီး မတွေ့ရတာ ကြာပြီ”
ပြီးနောက် လေထဲတွင်ရှိနေသော ခူဟိုင်သည် သူ၏ ခန္ဓာကိုယ်မှ အမွေးပေါင်း တစ်သောင်းလောက် ထောင်ထသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် အလွန်လှပသည့် မျက်နှာသွင်ပြင်နှင့် မျက်လုံးတစ်စုံကို မြင်လိုက်ရသောကြောင့်ပင်။ တကယ်ကို ပြိုင်ဘက်ကင်းသည့်အလှနှင့် မျက်နှာသွင်ပြင်မျိုးပင်။
“ချီးတဲ့မှ... နတ်မိမယ် ရွှယ်ရင် ရောက်နေတာလား။ သူ သေနေပြီ မဟုတ်ဘူးလား။ စေတီတောင်ရဲ့ အဆိပ်ကြောင့် ဒုက္ခရောက်နေပြီ မဟုတ်ဘူးလား။ ဘာတွေဖြစ်ကုန်တာလဲ။ အခု ဘာတွေ ဖြစ်ကုန်တာလဲ” ခူဟိုင်သည် ထွက်ပြေးရန် ကြိုးစားချင်မိ၏။ သို့ပေမည့် သူသည် လေထဲတွင် တန်းလန်းကြီး ဖြစ်လို့နေ၏။ အဘယ်သို့ ထွက်ပြေးရမည်နည်း။ သူသည် ရှိရှိသမျှသော အားအင်များကို ထုတ်ဖော်ကာဖြင့် အောက်သို့ ခုန်ချလာခဲ့ခြင်းဖြစ်၏။
နတ်မိမယ်ရွှယ်ရင်သည် မဟာပညာရှင်တစ်ယောက်ဖြစ်သည် ဆိုလျှင်ရော ဘာဖြစ်သနည်း။ အဆိပ်မိထားပြီး ဖြစ်၏။ ယခုမှ သတိပြန်လည်ခဲ့သူတစ်ယောက်အနေနှင့် သူ့ကို မည်ကဲ့သို့ ရင်ဆိုင်တိုက်ခိုက်မည်နည်း။
သူ အနိုင်မယူနိုင်ဘူးဆိုသည်ကို မယုံကြည်ပေ။ ခူဟိုင်၏ဓားသည် ချက်ချင်းဆိုသလိုပဲ တည်နေရာ ရွှေ့ပြောင်းကာဖြင့် နတ်မိမယ်ရွှယ်ရင်ကို ခုတ်ပိုင်းလိုက်၏။ ရွှယ်ရင်သည် တိုက်ခိုက်ခြင်း ခံခဲ့ရ၏။
ဂျိန်း..
ခူဟိုင်၏ ကြီးမားလွန်းသည့် ခန္ဓာကိုယ်ကြီးသည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ မြေပေါ်သို့ ပြုတ်ကျပြီးနောက် ခူဟိုင်သည် မနည်းကြိုးစားကာ ထရပ်သည်။
“ဟား ဟား ဟား ဟား ဟား။ နတ်မိမယ် ရွှယ်ရင်ဆိုတာ ဒီလောက်ပဲလား။ ရွှဲ့ပြည်နယ်ရဲ့ မဟာပညာရှင်က ဘယ်လောက် အားကောင်းလဲလို့ ကျုပ် သိချင်တာ။ တကယ်တော့ ဘာအားအင်မှ မရှိဘူး။
နတ်မိမယ် ရွှယ်ရင်.. ခင်ဗျားရဲ့ အားအင်အကုန်လုံးက ဒီခပ်ချောချောကောင်လေးကြောင့် ကုန်သွားပြီလား။ မြေပေါ်မှာထိုင်ပြီး ဒူးထောက်စမ်း။ ဒါဆိုရင် လွယ်လွယ်ကူကူနဲ့ သေရမယ်”
ခူဟိုင်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူသည် နတ်မိမယ် ရွှယ်ရင်မှာ အလွန်တရာ အားနည်းလျက် ရှိကြောင်းကို ခံစားမိသောကြောင့်ပင်။ လက်နက်ချင်း ထိပ်တိုက် တွေ့ဆုံသည့် နေရာ၌ တစ်ဖက်လူသည် မဟာပညာရှင်တစ်ယောက်၌ ရှိသင့်သည့် စွမ်းအင်များ မရှိဘူးဟု ခံစားမိ၏။
သို့ပေမည့် နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်တွင် အပေါက်တစ်ခု ဖြစ်နေသကဲ့သို့ပင် လေများတဟူးဟူးနှင့် ထွက်နေ၏။ သို့ပေမည့် ထိုအရာက လေများထွက်နေခြင်း မဟုတ်ချေ။ အသက်ဓာတ်များ ထွက်နေခြင်းပင်။
သူ မည်သို့မှ မနေနိုင်ဘဲ ခေါင်းကို အသာငုံ့ကြည့်လိုက်၏။ သူ၏ ရင်ဘတ်တွင် သေးငယ်လွန်းသည့် အနီရောင် အစက်ကလေးတစ်စက် ရှိနေကြောင်း မြင်လိုက်ရ၏။ တကယ့်ကို သေးငယ်လွန်း၏။ ခြင်ကိုက်ရာလောက်ပင် မကြီးမားချေ။
“အား...”
ခူဟိုင်သည် အနောက်သို့ ဆုတ်ခွာလိုက်၏။ သူသည် မြေပေါ်သို့ ဒူးထောက်ကာ ကျဆင်းသွားခဲ့၏။ သူ အသက်မရှူနိုင်တော့ချေ။ သူ၏ နှလုံးခုန်နှုန်းများက တဖြည်းဖြည်း နှေးကွေးလာခဲ့၏။ သူ၏ အမြင်အာရုံကလည်း တဖြည်းဖြည်း မည်းမှောင်လာခဲ့၏။ သူသည် မူးဝေဝေ ခံစားနေမိ၏။
လောကကြီးထဲတွင် မဟာပညာရှင် အမျိုးအစားပေါင်းများစွာ ရှိ၏။ ဥပမာအားဖြင့် ဓားဘုရင် လီချင်းချိုးသည် ဘာအကြောင်းအရာမှ မရှိဘဲ သူများကို ခုတ်ပိုင်းပစ်နိုင်၏။
နတ်မိမယ် ရွှယ်ရင်မှာ လူတစ်ယောက်ကို သတ်ဖြတ်သည့်အချိန်တွင် အနီရောင် အစက်သေးသေးလေး တစ်ခုကိုသာ ချန်ရစ်ခဲ့၏။ ထို့အပြင် ထိုအရာသည် နှလုံးတည်နေရာတွင် ဖြစ်၏။ တစ်ချက်တည်း သတ်ဖြတ် တိုက်ခိုက်ခြင်းပင်။ သူမ၏ ဓားချီများသည် ခူဟိုင်၏ နှလုံးတည်နေရာကို ထိုးဖောက်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူအနေနှင့် စက္ကန့်အနည်းငယ်သာ အသက်ရှင်နိုင်ပေတော့မည်။ သူမသည် ဤကဲ့သို့ပင် အားကောင်းသည်။
ခူဟိုင်သည် တကယ့်ကို အားကောင်းလွန်းသည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ဟွမ်ဖန်၏ ဆရာ နှင်းတောင်နတ်ဆိုးကိုပင် အနိုင်ယူနိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ ရွှယ်ရင်သည် ဆိပ်မိခြင်းမှ ပြန်လည်ကာ ကောင်းမွန်ပြီး ယခုမှ ပြန်လည်နိုးထလာသည့် လူတစ်ယောက်ဖြစ်လျှင်တောင်မှ တစ်ဖက်လူကို တိုက်ခိုက်ချက် တစ်ခုတည်းနှင့် အနိုင်ယူသတ်ဖြတ်နိုင်ခဲ့၏။ ဤကဲ့သို့သော သိုင်းပညာ၏ အားအင်အဆင့်က တုန်လှုပ်စရာပင်။
ရှမ့်လန်သည် အသာလှမ်းလျှောက်သွားခဲ့ပြီး သူ၏ လက်နက်ပုန်းကို ထုတ်ယူလိုက်၏။ ဤအရာသည် ရှောင်ပင်းကို သူပေးထားခဲ့သည့် လက်နက်အမျိုးအစားပင် ဖြစ်၏။ ရှမ့်လန်က ထိုအရာ တော်တော် များများကို ကြိုတင်ပြင်ဆင်ထား၏။
ဆွစ်
များပြားလွန်းသော အပ်များသည် ခူဟိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မိုးရွာသကဲ့သို့ပင် ဝင်ရောက်သွားခဲ့သည်။
ခူဟိုင်သည် စိတ်ထဲမှ ကျိန်ဆဲလျက် ရှိ၏။ ‘ရှမ့်လန်.. ချီးတဲ့မှ၊ မင်း ငါ့ကို ဘယ်လိုဖြစ်ပြီးတော့ ဒီလိုလုပ်ရတာလဲ။ ငါက သေတော့မယ်လေ။ ဘယ်လိုဖြစ်ပြီး ငါ့ကို ထပ်ပစ်ရတာလဲ’
ပြီးနောက် ခူဟိုင်သည် မျက်လုံးပြူးသားနှင့် သေဆုံးသွားခဲ့ပြီဖြစ်၏။ ပြောရမည်ဆိုလျှင် ရှမ့်လန်သည် နောက်ဆုံးသတ်ဖြတ်သူတစ်ယောက်၏ နေရာကို ဝင်ယူခဲ့ခြင်းပင် ဖြစ်၏။ သူ့ဘာသာသူ သေဆုံးမည့် လူတစ်ယောက်ရှေ့သို့သွားကာ နဖူးတောက်၍ သတ်ဖြတ်ခြင်းကဲ့သို့ပင်။
ခူဟိုင်သည် အစောကြီးတည်းက ရွှယ်ရင်၏ သတ်ဖြတ်မှုကြောင့် နောက်ဆုံးအသက်ကို ရှူရှိုက်နေရသူ တစ်ယောက်ဖြစ်၏။ ရှမ့်လန်က ရှေ့ကိုတိုးသွားပြီး နဖူးတောက်ကာ သတ်ဖြတ်လိုက်ခဲ့သည်။
“ဖန်အာ.. ခူဟိုင်ရဲ့ ခေါင်းကို သွားခုတ်ပြီး ငါ့ကို ပေး”
ဟွမ်ဖန်သည် ရှေ့ဆီသို့ လှမ်းတက်ပြီး ခူဟိုင်၏ ဦးခေါင်းကို ခုတ်ဖြတ်လိုက်၏။ ပြီးနောက် ရှမ့်လန်ဆီသို့ အသာပင် လှမ်းပေးလိုက်၏။
ထိုခေါင်းကြီးကိုရရှိပြီးနောက် ရှမ့်လန်သည် ဒေါသထွက်သွားသည်။ “ဒီကတုံးကောင် .... ဆံပင်က မရှိဘူး။ ငါ ဘယ်လိုလုပ် ဆံပင်က ဆွဲကိုင်လို့ရမှာလဲ”
သူ့အနေနှင့် ကတုံးကြီးကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး ဟိတ်ဟန်ထုတ်၍ မဖြစ်နိုင်တော့ချေ။ သို့ပေမည့် ရှမ့်လန်က ရွေးချယ်စရာ မရှိတော့ချေ။ ထို့ကြောင့်ပင်လျှင် ခူဟိုင်၏ ဦးခေါင်းကို အပေါက်ထပ်ဖောက်ပြီး သံကြိုးများနှင့် ရစ်ပတ်ကာ ဆံပင်ကဲ့သို့ပင် ဆွဲကိုင်ထား၏။ ပြီးနောက် သူသည် ဘုံကျောင်း၏ အပြင်ဘက်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။
ရှမ့်လန်သည် ခူဟိုင်၏ ဦးခေါင်းကို ခပ်မြင့်မြင့်မြှောက်ကာ အေးစက်စက် ပြောလိုက်၏သည် “နှင်းတောင် နတ်ဘုရားကျောင်းက ယုံကြည်သူတွေ ..... အခု ဘုံကျောင်းကိုလာပြီး ရန်ပြုခဲ့တဲ့ ခူဟိုင်ရဲ့အဖြစ်ကို ကြည့်ကြ။ ကျုပ် သူ့ကို သတ်ပစ်လိုက်ပြီ”
လက်ကျန် ကတုံးစစ်သည်အားလုံးတို့သည် ပြိုလဲလုမတတ် ဖြစ်နေကြ၏။ သူတို့သည် ကြီးမားလွန်းသည့် ကပ်ဘေးကြီးကို ခံစားလိုက်ရ၏။
ဤတိုက်ပွဲပြီးဆုံးပြီးနောက် ရှမ့်လန်သည် ပြည့်စုံသည့် အောင်ပွဲတစ်ခုကို ရရှိခဲ့သည်။
နန်းတော်နှင့် မနီးမဝေးသည့်နေရာမှာတော့ .....
ချင်နိုင်ငံ၏ မင်းသား အာယုထိုင်သည် အခြေအနေတစ်ခုလုံးကို လှမ်းကာ ကြည့်ရှုနေ၏။ “ဘာတွေဖြစ်နေတာလဲ။ ခူဟိုင် သေသွားခဲ့ပြီလား”
လူပေါင်း ၂၅၀၀ ကျော်နှင့် လူတစ်ရာကျော်ကို သွားရောက်တိုက်ခိုက်ခဲ့၏။ သို့ပေမည့် အနိုင်မယူနိုင်ခဲ့ချေ။ ထို့အပြင် ရှမ့်လန်၏ သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ရသည်။
သောက်ကျိုးနည်း.. ဘာတွေဖြစ်နေသနည်း။ စောဏတုန်းက မိုးကြိုးနှင့် မီးများက အဘယ်သို့ ပေါ်ပေါက်လာရသနည်း။
“အဖေ... ကျုပ် စစ်တပ်ကို ဦးဆောင်ပြီး ရှမ့်လန်ကို သွားသတ်မယ်”
မိဖုရားကြီးစုမိုသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား၏။ ပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်၏။ “အရှင်.. အာယုထိုင်က စစ်တပ်ကို ဦးဆောင်ပြီး ရှမ့်လန်ကို ဖမ်းဆီးသတ်ဖြတ်စေပါ”
ချင်ဘုရင်သည် မည်သည့်စကားကိုမှ မဆိုချေ။ ယခု သူသည် စစ်သည်များကို စေလွှတ်ကာဖြင့် တစ်ဖက်လူကို သတ်ဖြတ်ရမည်လား။ ချင်နိုင်ငံက လူများကို သတ်ဖြတ်ရမည်လား။ ရေတွက်လို့မရအောင် များပြားသည့် ချင်နိုင်ငံသူ၊ ချင်နိုင်ငံသားများသည် စောဏက ဖြစ်တည်ခဲ့သည့် အလှည့်အပြောင်းကို ကြည့်ရှုရင်း ကြောင်အလျက် ရှိနေကြ၏။ သူတို့သည် ဘုံကျောင်း၏ ယုံကြည်သူများဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
ခူဟိုင် ရှမ့်လန်ကို မသတ်ဖြတ်နိုင်သည့်အတွက် သူ တကယ်ပဲ စိတ်ပျက်မိ၏။ သို့ပေမည့် ဘာဖြစ်သနည်း။ နှင်းတောင် နတ်ဘုရားကျောင်းတစ်ခုလုံးသည် သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရပြီဖြစ်၏။ ပြောရမည်ဆိုလျှင် ခူဟိုင် သေဆုံးခြင်းသည် သူ့အတွက်ကောင်းမွန်သည့်အရာတော့ ဖြစ်နေသေးသည်။
“အရှင်... ရှမ့်လန်က သေရမယ်”
စုမိုသည် ခြောက်ကပ်ကပ်ဖြင့် ပြောလိုက်၏။ “ရွှဲ့ပြည်နယ်ကို သူပြန်သွားပြီ ဆိုတာနဲ့ အရှင့်ရဲ့ တောင်းပန်စာက တစ်လောကလုံးဆီ ပြန့်နှံ့သွားလိမ့်မယ်။ ရွှဲ့ပြည်နယ်မှာ ဘုံကျောင်းတစ်ခု တည်ဆောက်ခဲ့တဲ့ သတင်းသာ ပြန့်နှံ့သွားပြီဆိုရင် အားလုံးသောသူတွေက အရှင့်ရဲ့ ဩဇာအာဏာကို သံသယဝင်လာကြလိမ့်မယ်”
ချင်ဘုရင်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ပြီးနောက် သူက ပြောလိုက်သည်။ “သူ့ကို ပြန်လွှတ်လိုက် .... လမ်းကျမှ သတ်လိုက်”
..............
နောက်တစ်ရက်မှာတော့ နေသည် တောက်ပစွာ ထွက်ပေါ်နေ၏။
ဘုံကျောင်းကြီး၏အပြင်ဘက် တည်နေရာတစ်ခုလုံး၌ သွေးများနှင့် ပြည့်နှက်နေပြီး ဘုံကျောင်းပေါ်တွင်လည်း အပေါက်များဖြင့် ပြည့်နှက်နေ၏။ သို့ပေမည့် ဘုံကျောင်းကြီးသည် ခန့်ခန့်ညားညား တည်ရှိနေတုန်းပင်။ သူတော်စင်ကြီးကွန်ဖြူးရှပ်၏ ရုပ်ထု၊ မင်းကြီးကျိူး၏ ရုပ်ထုနှင့် တခြားသောသူများ၏ ရုပ်ထုသည် တည်နေရာတွင် ရှိနေသေး၏။ ဘုံကျောင်းဆိုသည့် စာတမ်းကြီးကလည်း ခန့်ခန့်ညားညား ရှိနေသေးသည်။
ချင်နိုင်ငံမှ လူအားလုံးတို့သည် အတွေးအခေါ် ပြောင်းလဲသွားခဲ့၏။ မနေ့ညက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာသည် ချင်နိုင်ငံတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့၏။ ဤနေရာသည် တကယ့်ကို နတ်ဆန်သည့် နေရာဖြစ်ပြီး ချင်နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့သည် ကိုးကွယ်ရန် ရောက်ရှိလာခဲ့ကြ၏။
ဟုတ်ပေ၏။ သူတော်စင်ကြီး မည်မျှအစွမ်းထက်သည်ဆိုသည်ကို သူတို့မသိချေ။ သို့ပေမည့် လက်တလော တွင် သူတို့ကို ကျောက်ရောဂါကြီးကပ်ဘေးကြီးမှ ကယ်တင်ပေးခဲ့ပြီဖြစ်၏။ ဤဘုံကျောင်းကြီးကို ထပ်မံ ဖြိုချ၍ မဖြစ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ချင်နိုင်ငံသူ၊ ချင်နိုင်ငံသားတို့၏ နှလုံးသားထဲတွင် ဘုံကျောင်း တည်ဆောက်ပြီးသား ဖြစ်နေသောကြောင့်ပင်။
ချင်ဘုရင်သည် ထိုအရာကို ဖျက်ဆီးလိုက်မည်ဆိုလျှင်တောင်မှ ချင်နိုင်ငံသားများသည် တိတ်တဆိတ်ဖြင့် ပြန်လည်ကာ တည်ဆောက်ကြပေမည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ယုံကြည်မှုသည် အဆုံးစွန်သို့ ရောက်ရှိနေပြီ မဟုတ်ပါလား။
ဘုရင်မင်းမြတ် ပေးလိုက်သည့် ဘုံကျောင်းတည်ဆောက်ရန် တာဝန်ကို ရှမ့်လန်က ဆောင်ရွက်ခဲ့ပြီးဖြစ်၏။ ရက်အနည်းငယ်သာလျှင် ကြာမြင့်ခဲ့၏။ သို့ပေမည့် အောင်မြင်ခဲ့သည်။
ရှမ့်လန် ထွက်ခွာသွားပြီး ဘုံကျောင်းကြီး မီးရှို့ခံရမည်ဆိုလျှင်တောင် ရှမ့်လန်သည် သူလုပ်နိုင်တာထက် ပိုမိုကာ ပြုလုပ်ခဲ့ပြီးသားဖြစ်၏။
...........