အခန်း (၃၁၆)
Vol. 23 Ch. 316
ရှမ့်လန်က ပြောလိုက်၏။ “နတ်မိမယ်.. ကျုပ်လို အခြေခံမရှိတဲ့လူတွေ လေ့ကျင့်လို့ရတဲ့ သိုင်းပညာ ရှိလား။ ဥပမာအားဖြင့် သိမ်မွေ့ခြေလှမ်းတို့၊ လျှပ်စီးခြေလှမ်းတို့ အဲလိုပညာမျိုးပေါ့”
နတ်မိမယ်ရွှယ်ရင်က ပြောလိုက်သည်။ “မင်းပြောတာ ကိုယ်ဖော့သိုင်းကို ဆိုလိုချင်တာလား”
ရှမ့်လန်က ရှက်ရွံ့စွာ ပြောလိုက်၏။ “အင်း… နတ်မိမယ်ထက် ပိုပြီးသိတဲ့လူတောင် မရှိတော့ပါဘူး”
နတ်မိမယ်ရွှယ်ရင်က ပြောလိုက်သည်။ “ရှိတော့ရှိတယ်။ ဒါပေမဲ့ အချိန်အကြာကြီး လေ့ကျင့်ရမယ်။ အတွင်းအားနဲ့ စွမ်းအင်စစ်စစ်တွေ လိုအပ်တယ်။ လေ့ကျင့်ရုံနဲ့ သိပ်ပြီးအသုံးမဝင်ဘူး။ မဟုတ်ရင် ဟိုပြေးဒီပြေး လုပ်နေတာနဲ့ ဘာမှထူးမှာမဟုတ်ပါဘူး”
ရှမ့်လန်သည် ထိုအဖြစ်ကို လက်မခံလိုပေ။ အဘယ်ကြောင့် ဖြစ်ရသနည်း။ ဟိုဘာမှမဟုတ်သည့် (ဝေရှောင်ပေါင်) ပင်လျှင် သိုင်းပညာကို လေ့ကျင့်နိုင်စွမ်းရှိ၏။ သူကအဘယ်ကြောင့် မလေ့ကျင့်နိုင်ရသနည်း။
နတ်မိမယ်ရွှယ်ရင်သည် ညင်သာစွာ ပြောလိုက်၏။ “ပညာရှိဆိုတာ ကာယလုပ်သားတွေကို အုပ်ချုပ်ရတဲ့သူပဲ”
“တော်ပါပြီ နတ်မိမယ်.. မပြောပါနဲ့တော့”
ပထမဦးအကြိမ် ပြောတုန်းက ရှမ့်လန်သည် အနည်းငယ် ယုံကြည်မိသေး၏။ သို့ပေမည့် ထိုအရာကို အကြိမ်အနည်းငယ်ကြားပြီးနောက်မှာတော့ သူသည် ရုပ်ရည်ချောမောသော်လည်း အရည်အချင်း မရှိသူဖြစ်ကြောင်းကို ခံစားမိသည်။
ထိုအချိန်မှာတော့ ရွှယ်ရင်၏ နှင်းကဲ့သို့ ဖြူဖွေးသည့် လည်တိုင်မှ ချစ်စဖွယ် အမွှေးအမျှင်လေးများသည် ရုတ်တရက် ထောင်ထလာခဲ့၏။ အားကောင်းသည့် အရှိန်အဝါများသည် သူမ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ရှမ့်လန်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့၏။
ဟွမ်ဖန်နှင့် ရှမ့်ဆယ့်သုံးတို့သည် အလျင်အမြန်ပြေးဝင်လာပြီး ရှမ့်လန်၏ ရထားလုံးအပြင်၌ ကာကွယ်ပြီး မတ်မတ်ရပ်လိုက်ကြသည်။
ရှမ့်ဆယ့်သုံးက သတိပေးလိုက်၏။ “သခင်လေး... ရန်သူတွေ ရောက်လာပြီ”
ရှမ့်ဆယ့်သုံးသည် ရှမ့်လန်အား ဆရာခေါ်လိုက်၊ သခင်လေးခေါ်လိုက်၊ သမက်တော် ခေါ်လိုက်နှင့် ခေါ်ချင်သလို ခေါ်တတ်သည်။ သို့ပေမည့် သူသည် ရှမ့်လန်ကို သစ္စာခံသည်။
ရှမ့်လန်သည် ထိုအသံကို ကြားနှင့်ပြီဖြစ်၏။
ဒုန်း ဒုန်း ဒုန်း...
ပြင်းထန်လွန်းသည့် မြင်းခွာသံများသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို တုန်ယင်စေခဲ့၏။ လမ်း၏ အရှေ့၊ အနောက် တည်နေရာတစ်ခုလုံးကို ပိတ်ဆို့ခံထားရ၏။ ဘေးတစ်ဖက် တောင်ကုန်းများ၌ မြင်းခွာသံများနှင့် ပြည့်နှက်လျက် ရှိနေ၏။ အရပ်လေးမျက်နှာဆီမှ အရာအားလုံးကို ဝိုင်းရံထားသကဲ့သို့ပင်။
ရှမ့်လန်သည် မြင်းရထား၏ ပြတင်းပေါက်ကို အသာဖွင့်ကာ ကြည့်ရှုလိုက်တော့ တောင်ကြား တစ်ခုလုံးတွင် မြင်းများနှင့် ပြည့်နှက်လျက်ရှိနေကြောင်း မြင်ရ၏။ အရေအတွက်မှာ များပြားလွန်းသောကြောင့် ရေတွက်၍ပင် မရနိုင်ခဲ့ချေ။ ဤနေရာသည် စုမျိုးနွယ်၏နယ်မြေကို ကျော်လွန်လာခဲ့ပြီဖြစ်ပြီ။ ဝမ်ရီခရိုင်ဆီသို့ပင် ရောက်ရှိလာခဲ့ပြီ။ အဘယ်ကြောင့်များပြားလွန်းလှသည့် မြင်းဓားပြများ ရှိနေရသနည်း။
သုံးထောင်လား၊ ငါးထောင်လား။ လူတိုင်းတွင် မြင်းတစ်စီးစီ ရှိလို့နေ၏။ ဤနေရာရှိ တပ်စောင့်စစ်သည်အားလုံးပေါင်းလျှင်ပင် ထိုမျှလောက်အရေအတွက် မရှိချေ။ ဤခရိုင်ရှိ မင်းကြီးများရုံး၏ မြင်းတပ်သားပင်လျှင် ငါးထောင်မကျော်ချေ။
ရွှဲ့ပြည်နယ်၏အနောက်ပိုင်းရှိ မြင်းတပ်သားအများစုသည် အနောက်ပိုင်းစစ်သူကြီးရုံး၏ လက်ထဲတွင် စုစည်း တည်ရှိနေ၏။ ဤပြည်နယ်တစ်ခုလုံးတွင် စစ်မှန်သော မင်းကြီးဟူ၍ တစ်ယောက်တည်းသာလျှင်ရှိပြီး ထိုသူသည် နယ်စားကြီးကျန့်ရှီပင် ဖြစ်၏။
ဝေဝူမင်းကြီး ပျံ့ရှောင်းသည် အိမ်ရှေ့စံမင်းသား၏ အစောင့်အရှောက်ဖြစ်၏။ နယ်စားကြီးကျန့်ရှီမှာတော့ အိမ်ရှေ့စံမင်းသား၏ နည်းပြတစ်ယောက်ဖြစ်သင့်သော်လည်း တတိယမင်းသားကို ထောက်ခံခဲ့သောကြောင့် စစ်ဘက်ဆိုင်ရာ စစ်သူကြီးတစ်ယောက်အဖြစ်သာ ခန့်အပ်ခြင်း ခံရသည်။
ပျံ့ရှောင်းသည် နန်းတွင်းလျှို့ဝှက်ကောင်စီဝင် ဖြစ်သောကြောင့် ကျန့်ရှီသည် လျှို့ဝှက်ကောင်စီထဲသို့ မဝင်ဘဲ သူ၏ညီဖြစ်သူ ကျုံးရီကိုသာလျှင် လျှို့ဝှက်ကောင်စီထဲသို့ ဝင်ရောက်စေခဲ့၏။ အတိုချုပ်ပြောရမည်ဆိုလျှင် ဤနှစ်ဦးတို့သည် အမြဲတမ်း တစ်ဦးနှင့်တစ်ဦး အကဲစမ်းနေကြ၏။
ဇာတ်လမ်းဆီသို့ ပြန်သွားရမည်ဆိုလျှင် ဤပြည်နယ်တစ်ခုလုံးတွင် ဧရာမပုဂ္ဂိုလ်ကြီးနှစ်ဦးရှိပြီး နယ်စားကြီးကျန့်ရှီနှင့် ကျန်းယွမ်နယ်စားကြီး စုနန်တို့ပင် ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ထျန်းလန် စီရင်စု၏ အမှုထမ်းတို့သည် သဘာဝအတိုင်း အားအင်ချိနဲ့လျက် ရှိနေ၏။
ဤကဲ့သို့ ရှုပ်ထွေးလှသော အခြေအနေထဲတွင် တကယ့်ကိုအားကောင်းလွန်းသည့် အင်အားကြီးမားသော ဓားပြတစ်ဖွဲ့ ပေါ်ပေါက်လာခြင်းမှာ သဘာဝပင်။
“ဟား ဟား ဟား ဟား… ဓားပြတွေလား”
မည်သူက ယုံကြည်မည်နည်း။ ရွှဲ့ပြည်နယ်၏အရှေ့ပိုင်းမှ နံပါတ်တစ်ဓားပြကြီးသည် ဓားပြကြီး နာကျည်းမှု ဖြစ်၏။ ထိုသူသည် အင်အားမကြီးမားဘဲ လက်အောက်တွင် လူတစ်ထောင်လောက်သာ ရှိ၏။ သို့ပေမည့် မျက်စိသုံးလုံးမိစ္ဆာဆိုသူမှာတော့ လူလေးငါးထောင်နီးပါးလောက်ကို ပိုင်ဆိုင်၏။
လူတစ်ယောက်သည် လက်တစ်ဖက်ဖြင့် မြင်းဇက်ကြိုးကို အသာဆွဲပြီးနောက် ချောက်ကမ်းပါးအစွန်းတွင် ရပ်တန့်လျက်ရှိနေ၏။ ရွှေရောင်သံချပ်ကာ၊ အနက်ရောင် သံခမောက်ကို ဝတ်ဆင်ထားခဲ့ပြီး နဖူးထက်တွင် တတိယမျက်လုံးတစ်ခု၏ပုံကို ရေးဆွဲထား၏။ ထိုသူသည် ဓားပြကြီး မျက်စိသုံးလုံးမိစ္ဆာပင် ဖြစ်ရပေမည်။
ရှမ့်လန်သည် လက်ကိုဆန့်တန်းကာ ဝှေ့ယမ်းပြလိုက်၏။ “ဟေး… မင်္ဂလာပါ”
ဤမျှဝေးကွာသည့် အကွာအဝေးမှ မျက်စိသုံးလုံးမိစ္ဆာသည် ကြားနိုင်မည်လား သူ မသိရှိချေ။
ဟူး… ဟူး… ဟူး…
ထောင်ပေါင်းများစွာသော မြင်းဓားပြတို့သည် ရုတ်တရက် ကြွေးကြော်လာခဲ့ကြ၏။ ထိုအသံက ကြောက်မက်ဖွယ်ရာ ကောင်း၏။ ရှမ့်လန်၏ သံတမန်အဖွဲ့တွင် လူတစ်ရာလောက် ရှိသည် ဆိုသော်လည်း သူတို့သည် အလုံးစုံ ဝန်းရံခြင်းကို ခံထားရ၏။
ဤဓားပြအားလုံးတို့သည် ရွှဲ့ပြည်နယ်မှ ကျွန်များကို အဆက်မပြတ် ချင်နိုင်ငံဆီသို့ ပို့ဆောင်ကာ ရောင်းချ စားသောက်နေသည့်လူများပင် ဖြစ်၏။ သူတို့၏စီးပွားရေးက ထိုမျှပင်မကသေးချေ။
ရှမ့်လန်က ပြောလိုက်သည်။ “ဘာလို့ရပ်နေတာလဲ။ ဆက်သွားကြလေ”
သူ၏လက်အောက်တွင်ရှိနေသည့် စစ်သည်တစ်ရာကျော်တို့သည် ကြောက်လန့်တုန်လှုပ်စွာဖြင့် ရှေ့ဆီသို့ ဆက်လက်ကာ ချီတက်ကြ၏။
ချောက်ကမ်းပါးပေါ်တွင် ရှိနေသည့် မျက်စိသုံးလုံးမိစ္ဆာသည် ရှမ့်လန်ဆီသို့ လှမ်းကာစူးစိုက်ကြည့်ရှုနေ၏။ သူ အမိန့်ပေးလိုက်သည်နှင့် ရှမ့်လန်၏လက်အောက်တွင် ရှိနေသည့် စစ်သည်ပေါင်းတစ်ရာကျော်တို့သည် အမှုန့်ချေ သတ်ဖြတ်ခြင်းကို ခံရပေမည်။ လေထုတစ်ခုလုံးက အေးခဲပြီး တင်းမာနေသကဲ့သို့ပင် ဖြစ်၏။ သို့ပေမည့် သူ မလှုပ်ရှားခဲ့ချေ။ ဤသို့နှင့်ပင် ရှမ့်လန်၏ သံတမန်အဖွဲ့သည် တောင်ကြားထဲမှ ဖြတ်သန်း ထွက်ခွာသွားခဲ့သည်။
မျက်စိသုံးလုံးမိစ္ဆာသည် သူ၏လက်ညှိုးကို လည်ပင်းရှေ့တွင် ဆွဲဖြတ်ပြသလို ဟန်ပန်မူရာတစ်ခုကို ပြုလုပ်လိုက်၏။ သူသည် ရှမ့်လန်အား လည်လှီးပြမည်ဆိုသော အဓိပ္ပာယ်ပင်။
ရှမ့်လန်သည် မြင်းရထားမှထွက်လာပြီးနောက် ထောင်ပေါင်းများစွာသော မြင်းဓားပြများကို လက်ခလယ် ထောင်ပြကာ နှုတ်ဆက်လိုက်၏။ “မင်းတို့အားလုံးကို ဒါပဲ”
ရှမ့်လန်၏ လက်အောက်ငယ်သားအားလုံးက မျက်စိလွှဲလိုက်ကြ၏။ မည်မျှရှက်ရွံ့စရာ ကောင်းသနည်း။ မျက်စိသုံးလုံးမိစ္ဆာ၏ မျက်လုံးများက အေးစက်သွားခဲ့၏။ သူသည် ရှမ့်လန်ကို လူသေတစ်ယောက်ကဲ့သို့ပင် ကြည့်ရှုလိုက်၏။ ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ ဓားပြငါးထောင်ကျော်တို့သည် အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။
သူတို့သည် ထိုခရိုင်ကို ဖြတ်သန်းခဲ့ပြီးနောက် ဝမ်ချန်းခရိုင်ထဲသို့ ရောက်ရှိလာ၏။ ဝမ်ချန်းခရိုင်အတွင်းရှိ အစိုးရတည်းခိုဆောင်တွင် ညအိပ်ရပ်နားကြ၏။ မည်သည့်အရာရှိမှ လာရောက်တွေ့ဆုံခြင်း မရှိသလို တည်းခိုဆောင်ထဲတွင် ရှိနေသည့် အရာရှိများပင်လျှင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွား၏။
ရှမ့်လန်အနေနှင့် ဤနေရာသည် စုနန်၏နယ်မြေတစ်ခုဖြစ်ပြီး စုနန်၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဖြစ်ကြောင်းကို သိရှိနေပြီးသား ဖြစ်၏။ ရွှဲ့ပြည်နယ်၏ ကျွန်ပေါင်းများစွာတို့သည် ဝမ်ချန်းခရိုင်မှ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းပင် ဖြစ်၏။ ထို့ကြောင့် ဝမ်ချန်းခရိုင်၏ အရာရှိအားလုံးတို့သည် တကယ့်ကို ပုပ်သိုးဆွေးမြေ့လျက်ရှိနေသည့် အရာရှိများသာ ဖြစ်ရပေလိမ့်မည်။
ရှမ့်လန်၏စစ်သည်တော်တစ်ရာကျော်တို့သည် ခြံဝန်းတစ်ခုလုံးကို ဝန်းရံပိတ်ဆို့ထားခဲ့၏။ ရှမ့်လန်၏အနီးနားတွင် ဟွမ်ဖန် တစ်ယောက်တည်းသာလျှင် ရှိ၏။ ဟွမ်ဖန်သည် ရှမ့်လန်၏ သက်တော်စောင့် စစ်စစ် ဖြစ်၏။ ထို့အပြင် တစ်ဦးနှင့်တစ်ဦးကလည်း မနှစ်မြို့ကြချေ။
ရှမ့်လန်က ဟွမ်ဖန်ကို ရုပ်ဆိုးပြီး မျက်စိပဒေသာ မဖြစ်ဟု သတ်မှတ်ထားသလို ဟွမ်ဖန်ကလည်း ရှမ့်လန်ကို လူယုတ်မာတစ်ဦးဟု သတ်မှတ်ထားခဲ့၏။
ရှမ့်လန်သည် အိပ်ရာပေါ်တွင် လဲလျောင်းလျက်ရှိသည်ဆိုသော်လည်း အိပ်မပျော်ခဲ့ချေ။
‘ကောင်းကင်ဘုံ... ကျုပ် အသက်ရှုကြပ်လာပြီ။ မိန်းမတစ်ယောက်နဲ့ မထိတွေ့ရတာ တစ်လတောင်ကျော်ပြီပဲ။ အင်း… အလုပ်ဟောင်းကို ပြန်လုပ်ရမှာလား”
ထိုအရာက ရှက်ရွံ့စရာကောင်းသည်။ ထို့အပြင် နတ်မိမယ်သည် ဘေးတစ်ဖက်တွင် နေထိုင်၏။ သူ မည်သည့်အရာကို ပြုလုပ်သည်မဆို ကြားနိုင်၏။ ထိုသို့ဆိုလျှင် ရှက်ရွံ့စရာကောင်းပေမည်။
ထိုစဉ်မှာပဲ ကောင်းကင်ဘုံသည် ရှမ့်လန်ထံသို့ အလှနတ်မိမယ်တစ်ပါးကို ပေးပို့ခဲ့ပြီ ဖြစ်၏။
“ဟော… စီနီယာအစ်မ ကျောင်းယန်လား။ ဘယ်လိုဖြစ်ပြီးတော့ အစ်မဖြစ်နေရတာလဲ။ ပြီးခဲ့တဲ့တစ်ခေါက်က နုကျန့်ခရိုင်ဆီကို လာတုန်းက အိမ်ကိုတောင် လာမလည်ဘူးနော်”
ရှမ့်လန်သည် ကျောင်းယန်၏ မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက်ကို သေချာစူးစိုက်ကြည့်ရှုရင်း ဖော်ရွှေစွာ ပြောလိုက်သည်။
မဆိုးပေ။ တကယ့်ကို နတ်မိစ္ဆာတစ်ပါးပင် ဖြစ်၏။ ထို့အပြင် သူမသည် ခပ်တည်တည် အေးစက်စက်ဖြင့် နေထိုင်တတ်သည့် နတ်မိစ္ဆာတစ်မျိုးပင် ဖြစ်၏။ တကယ့်ကို လှပသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ ကဲ့သို့သောသူကို အိမ်ရှေ့စံမင်းသားက ကိုယ်လုပ်တော်အဖြစ် ထားရှိခြင်းမှာ အံ့အားသင့်စရာမရှိချေ။ သူမသည် တကယ့်ကို ပါးနပ်သောလူတစ်ယောက် ဖြစ်၏။ သို့ပေမည့် အိမ်ရှေ့စံမင်းသားသည် အဘယ်ကြောင့် သူမကို အစဉ်အမြဲ တာဝန်များ ခိုင်းစေနေရသနည်း။
ကျောင်းယန်က ဆိုလိုက်၏။ “ပြီးခဲ့တဲ့တစ်ခေါက် နုကျန့်ခရိုင်ကို လာတုန်းက မူလန်ကို တွေ့ချင်ခဲ့တယ်လေ။ ဒါပေမဲ့ မတွေ့ခဲ့ရဘူး။ အရမ်းအလုပ်များနေလို့တဲ့”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း… ကျုပ်မရှိတာ ကံဆိုးတာပဲ။ မဟုတ်ရင် မိုင်ထောင်ချီခရီးနှင်ပြီး အစ်မကို လာတွေ့မှာပေါ့”
ကျောင်းယန်က ပြောလိုက်၏။ “အင်း… သခင်လေးရှမ့်က ဒီတစ်ခေါက် ချင်နိုင်ငံခရီးစဉ်ကို သွားပြီး အံ့ဖွယ်ကိစ္စရပ်တွေကို ဖန်တီးပြုလုပ်ခဲ့တယ်။ ဒီတော့ လူတိုင်းက သခင်လေးကို လေးစား ချီးကျူးနေကြပြီ။ သခင်လေးအနေနဲ့ အရေးကြီးတဲ့ရာထူးတစ်ခုခုကို သေချာပေါက် ရယူနိုင်ပါလိမ့်မယ်။ ဘယ်လိုထင်လဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အစ်မတော်ကျောင်းယန်.. အိမ်ရှေ့စံမင်းသားက ကျုပ်ကို သဘောကျနေတာ များလား”
ကျောင်းယန်သည် သူမ၏ လှပသည့် မျက်လွှာများကို အောက်ချပြီး ရေနွေးခွက်ကို အမှတ်မထင် လှမ်းကာ ကြည့်ရှု၏။ တကယ့်ကို တိုက်ရိုက်ဆန်လွန်းလှ၏။ နိုင်ငံရေးအကြောင်းကို ဤမျှ ပွင့်ပွင့်လင်းလင်းနှင့် ပြော၍ ရနိုင်သလား။ သွယ်ဝိုက်ပြီး ပေါ့ပေါ့ပါးပါးသာ ပြောသင့်၏။
ကျောင်းယန်က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားက ရှင့်ကို တကယ်ပဲ လေးစားပါတယ်”
တစ်ဖက်က တိုက်ရိုက်ပြောနေပြီဆိုမှတော့ သူမကလည်း တိုက်ရိုက်ပြန်လည်ကာ ပြောမှသင့်ပေလိမ့်မည်။
ရှမ့်လန်သည် စိတ်ထဲတွင် လှောင်ပြောင်လိုက်မိ၏။ အိမ်ရှေ့စံမင်းသားက သူ့၏ဇနီးကို လေးစားနေခြင်းလည်း ဖြစ်ပေလိမ့်မည်။
ကျောင်ယန် က သိမ်မွေ့စွာ ပြောလိုက်၏။ “ရှင် ကောင်းကင်တာအိုအဖွဲ့အစည်း နဲ့ ပူးပေါင်းဆောင်ရွက်တာ အဆင်ပြေခဲ့တယ်လို့ ကြားရတယ်။ ပြီးတော့ ကောင်းကင်တာအိုအဖွဲ့အစည်းက ထုတ်ရောင်းနေတဲ့မှန်တွေကို ရှင် တီထွင်ခဲ့တာဆို။ ကောင်းကင်တာအိုအဖွဲ့အစည်းကလည်း တော်တော်လေး အမြတ်အစွန်းရခဲ့တာပဲ။ သူတို့ ဆုံးရှုံးခဲ့တဲ့ အရှေ့နှင့်အနောက် ကုန်သွယ်ရေးဇုန်တစ်ခုလုံးကိုလည်း အများစုပြန်ရခဲ့တယ်လို့ ကြားတယ်”
ရှမ့်လန်က ဤအကြောင်းကို ကြားသိခဲ့ပြီးသား ဖြစ်၏။ ခြောက်လနီးပါးခန့် ကြာမြင့်ခဲ့သည်ဆိုသော်လည်း ကောင်းကင်တာအိုအဖွဲ့အစည်းသည် မှန်များကို ရောင်းချခြင်း မရှိသေးဘဲ လေလံပွဲများကိုသာ ကျင်းပပြီး နာမည်ကောင်း ရရှိရန်အတွက် အစဉ်တစိုက် ပြုစုပျိုးထောင်လျက် ရှိနေ၏။ လက်ရှိ အခြေအနေတွင် မှန်ဆိုသည်မှာ အကျော်ကြားဆုံးဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာခဲ့၏။ ချမ်းသာကြွယ်ဝပြီး အာဏာရှိသော သူများသာလျှင် ပိုင်ဆိုင်နိုင်ပြီး မှန်တစ်ချပ်ချင်းစီ၏ တန်ဖိုးသည် မိုးထိပင် ထောင်တက်လျက် ရှိနေသည်။
အမှန်စင်စစ် ကောင်းကင်တာအိုအဖွဲ့အစည်းသည် ငွေများများစားစား မရှာနိုင်သေးချေ။ အကြောင်းအရင်းမှာ ရိုးရှင်းလှချေ၏။ 'Rolls-Royce' ကားများသည် ဈေးကြီးသည်ဆိုသော်လည်း အမြတ်အစွန်းအရ ပြောရမည်ဆိုလျှင် BMW သို့မဟုတ် Mercedes တို့အား မယှဉ်နိုင်သလိုပင်။
ကောင်းကင်တာအိုအဖွဲ့အစည်းသည် မှန်များကို အသုံးပြုပြီးနောက် ငွေများများစားစားကို ရှာဖွေရန်အတွက် ရည်ရွယ်ချက် မရှိချေ။ အနည်းဆုံးအနေဖြင့် သူတို့၌ လတ်တလော ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုး မရှိသေးဘူးဟု ပြောရပေလိမ့်မည်။ ထိုအစား အရှေ့နှင့်အနောက် ကုန်သွယ်ရေးဇုန်ထဲတွင် နာမည်ကောင်း ရယူရန်ပင်။
ထို့အပြင် နုရှောင့်မြို့၊ လေ့ကျိုးကျွန်း ပြန်လည်မွမ်းမံခြင်းနှင့် ထိုနေရာများတွင် ရှိနေသည့် တည်နေရာ ရွှေ့ပြောင်းရောက်ရှိလာသူတို့ကို ကြီးကြပ်ရန်အတွက် ကျင်းမိသားစုသည် ရွှေငွေ ပမာဏများများကို လိုအပ်၏။ ကောင်းကင်တာအိုအဖွဲ့အစည်းသည် မျက်တောင်တစ်ချက်မခတ်ဘဲ ကျင်းမိသားစုအား ထိုအရာများကို ချေးငှားပေးခဲ့၏။ ရှမ့်လန်သည် မှန်များရောင်းချရာမှ ရရှိနိုင်သည့် ငွေဆယ်စုနှစ် တစ်ခုစာအား ကြိုတင်ကာ ထုတ်ယူသုံးစွဲခဲ့ပြီးသား ဖြစ်၏။
ကျောင်းယန်က ပြောလိုက်သည်။ “ရှင် မှန်တွေကိုတီထွင်ခဲ့တုန်းက ဘာလို့ ယင်ယွမ်အဖွဲ့အစည်းကို မရှာခဲ့ရတာလဲ။ ကောင်းကင်တာအိုအဖွဲ့အစည်းက ပေးတာထက် ပိုပြီးတော့ ပေးနိုင်ပါတယ်”
ရှမ့်လန်က ဝမ်းနည်းဆွေးမြေ့စွာ ပြောလိုက်၏။ “အစ်မ... ကျုပ် အိမ်ထောင်မပြုခင် ခင်ဗျားနဲ့ မတွေ့ခဲ့ရတာ နှမြောမိပါတယ်”
ကျောင်ယန်က ဆိုလိုက်၏။ “အခုလည်း နောက်မကျသေးပါဘူး။ တကယ်လို့ ရှမ့်လန်.. မှန်နည်းပညာရဲ့ လျှို့ဝှက်နည်းစနစ်ကို ပေးအပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ယင်ယွမ်အဖွဲ့အစည်းက သုံးနှစ်အတွင်း ရွှေဒင်္ဂါး သုံးသန်းကို ပေးချေဖို့ ဆန္ဒရှိနေကြတယ်။ ပြီးတော့ အိမ်ရှေ့စံမင်းသားကလည်း ရှင့်ကို တန်ဖိုးထားပါလိမ့်မယ်”
ရှမ့်လန်က အံ့အားသင့်သွား၏။ သူသည် ဤမျှလောက်ပင် တန်ဖိုးနည်းပါးသည့်လူတစ်ယောက် ဖြစ်နေသည်လား။
ရှမ့်လန်က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားက ကျုပ်ကို ဒီလောက်တန်ဖိုး ထားတယ်ဆိုမှတော့ ကျုပ်တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ သေချာပြန်ပြီး စဉ်းစားကြည့်ပါအုံးမယ်”
.............
နန်းမြို့တော်အတွင်းမှာတော့ ရှမ့်လန်၏ ချင်နိုင်ငံဆီသို့ သွားရောက်ခဲ့သည့်ခရီးစဉ်သည် တကယ်ကို လှုပ်ခတ်မှုများ ဖြစ်စေခဲ့၏။ ချင်နိုင်ငံသည် တောင်းပန် ဝန်ခံချက်တစ်ခုကို ရေးသားပေးရုံသာမက ဘုံကျောင်းတစ်ခုကိုလည်း တည်ဆောက်ပေးခဲ့၏။ ဘုံကျောင်းကို တည်ဆောက်နိုင်ရုံသာမက လူပေါင်းများစွာတို့သည် ဘုံကျောင်း၏ ယုံကြည်သူများအဖြစ် ဖြစ်လာခဲ့၏။
နေ့နေ့ညည မရေတွက်နိုင်သော ချင်နိုင်ငံသူ၊ ချင်နိုင်ငံသားများသည် ဘုံကျောင်းဆီသို့ သွားရောက်ကာဖြင့် အရိုအသေပေးကြ၏။ ဤဘုံကျောင်းသည် ချင်နိုင်ငံ၏မြေပေါ်တွင် တည်ဆောက်ရုံသာမက ချင်နိုင်ငံသား များ၏ နှလုံးသားထဲတွင်ပင် တည်ဆောက်ခဲ့ပြီးဖြစ်သည်။
ရှမ့်လန်သည် ရွှဲ့နိုင်ငံဆီသို့ ပြန်မရောက်သေးသော်လည်း သံတမန်အဖွဲ့ဝင်များကို စေလွှတ်ကာဖြင့် သဝဏ်လွှာများကို ပေးပို့ခဲ့ပြီးသားဖြစ်၏။ အားလုံးသောသူတို့သည် ချင်နိုင်ငံ၏ ဘုံကျောင်းမှာ အံ့အားသင့်ဖွယ်ရာ ဖြစ်ကြောင်း တညီတညွတ်တည်း ပြောခဲ့ကြ၏။
မြို့တော်တစ်ခုလုံးက တစ်ခဏအတွင်း ပွက်လောရိုက်သွားခဲ့၏။ ရှမ့်လန်သည် အလုံးစုံ မျက်နှာပွင့်လန်းလျက် ရှိနေသည်။
ရှမ့်လန်သည် တကယ့်ကို အစွမ်းထက်လွန်းလှ၏။ လူတိုင်းက သူ့ကို သေဆုံးပြီဟု ထင်မှတ်ခဲ့၏။ ချင်ဘုရင်၏ ချက်ပြုတ်စားသုံးခြင်းကို ခံခဲ့ရပြီဟုပင် ထင်မှတ်ခဲ့၏။ ထို့အပြင် တာဝန်ထမ်းဆောင်ရသည့် ကိစ္စရပ်က တကယ့်ကိုခက်ခဲပြီး ကောင်းကင်ဘုံသို့ တက်လှမ်းသည်ထက်ပင် ပိုမိုကာ ခက်ခဲလှ၏။
ရှမ့်လန်ကဲ့သို့ ရုပ်ရည် ချောမောရုံသာရှိပြီး အားအင်နည်းပါးလွန်းသည့် လူငယ်လေးတစ်ယောက်အနေနှင့် ထိုအရာများကို တကယ် အောင်မြင်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်မည်နည်း။ ထို့အပြင် သူတို့ ထင်မှတ်ထားခဲ့သည်ထက်ပင် ပိုမိုကာ လုပ်ဆောင်နိုင်ခဲ့သေးသည်။
မည်သို့လုပ်ခဲ့သနည်း။ သူတို့ သေသေချာချာ မသိရှိချေ။ သို့ပေမည့် မည်သို့ပင်ဆိုစေကာမူ နိုင်ငံ့၏ဂုဏ်သိက္ခာနှင့် ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာကိုတော့ ကြီးမားစွာ မြှင့်တင်ပေးခဲ့သည့် ကိစ္စရပ်ကြီး ဖြစ်၏။
ရူးသွပ်နေသည့် ချင်ဘုရင်သည် မည်သည့်အခါက ဦးညွတ်ခဲ့ဖူးသနည်း။ ချင်ဘုရင်၏ အာဏာသည် တကယ့်ကို ကြီးမားလွန်းလှပြီး မည်သူ့ကိုမှ နှိမ့်ချ ဆက်ဆံသည် မဟုတ်ချေ။ ယခု ရွှဲ့ပြည်နယ်ကို ဦးညွတ် ခဲ့ရ၏။ ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာသည် ကြီးကြီးမားမား တိုးတက်ခဲ့၏။ သံတမန်ရေးရာအရ အောင်ပွဲကြီး တစ်ခုကို ဖန်တီးပေးခဲ့သကဲ့သို့ပင်။
ထို့အပြင် တောင်ဘက်ပိုင်းတိုက်ပွဲသည် ပိုမိုကာ အရှိန်အဟုန်ပြင်းထန်လျက်ရှိနေပြီး ကြီးမားသည့် စစ်ပွဲကြီးတစ်ခု အနေအထားသို့ ရောက်ရှိနေ၏။ သဲကန္တာရလူရိုင်းများသည် ရူးသွပ်နေသူများကဲ့သို့ပင် တိုက်ခိုက်နေ၏။ သူတို့သည် ဆင်းရဲလွန်းသောကြောင့်ပင် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေခဲ့သည်။ ထိုမျှလောက် လိုအပ်ပါရဲ့လား။ မသိပေ။ ထိုသူတို့၏ စိတ်သာဖြစ်သည်။
ကျူးလင်းသည်သာ လုံလောက်အောင် အားမကောင်းပါက သဲကန္တာရလူရိုင်းများ၏စစ်တပ်သည် တောင်ပိုင်းနိုင်ငံဆီသို့ ဝင်ရောက်ပြီး အရာအားလုံးကို လွှမ်းခြုံလုနီးပါး ဖြစ်နေလောက်၏။
လက်ရှိအခြေအနေမှာတော့ တောင်ပိုင်းနိုင်ငံသည် သဲကန္တာရလူရိုင်းစစ်သည်ပေါင်း တစ်သိန်းခွဲနီးပါးခန့်ကို စုစည်းထားခဲ့ပြီးသား ဖြစ်၏။ တိုက်ပွဲသည် တကယ့်ကိုကြမ်းတမ်းလွန်းပြီး အခြေအနေတစ်ခုလုံးကလည်း တင်းမာလျက်ရှိနေသည်။
ချင်နိုင်ငံဆီသို့ သွားရောက်ခဲ့သည့် ရှမ့်လန်၏အောင်မြင်မှုသည် အချိန်ကိုက်ဆိုသလိုပင် ဖြစ်၏။ ဘုရင်မင်းမြတ်သည် သေးငယ်သည့် ဤကဲ့သို့သောအောင်ပွဲ အကြောင်းအရာကို ကြီးမားလွန်းသည့် အောင်ပွဲ တစ်ခုကဲ့သို့ ပြောင်းလဲရပေလိမ့်မည်။
ချင်နိုင်ငံသည် ကျောက်ရောဂါကို ကုသနိုင်ခဲ့သောကြောင့် ကွန်ဖြူးရှပ်ကို ယုံကြည်လာခဲ့၏။ အဆုံးသတ်မှာတော့ ထိုသူတို့အားလုံးသည် ဉာဏ်အလင်း ရရှိသွားသကဲ့သို့ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ဤအရာ၏ အကြီးမားဆုံးသောကောင်းကျိုးပြုသူ ရှမ့်လန်သည် နန်းမြို့တော်သို့ မရောက်ခင်ကပင် ကျော်ကြားနှင့်နေပြီဖြစ်၏။ အားလုံးသောသူတို့သည် နိုင်ငံရေးအရ ကျွမ်းကျင်သူတစ်ဦး ဖွေးဖွားဖြစ်တည် လာမည်ကို မြင်နေရ၏။
ထို့ကြောင့်ပင်လျှင် ဓားပြပေါင်းငါးထောင်ကျော်တို့ ဝန်းရံခြင်းကို ခံထားရသည့် အချိန်တွင် ရှမ့်လန် တစ်ယောက် မကြောက်ရွံ့ခြင်းပင် ဖြစ်၏။ သူ့အနေနှင့် ဓားပြအားလုံးတို့ကို လက်ခလယ်ထောင်ပြကာ ဆဲဆိုခြင်းကိုပင် ပြုလုပ်ခဲ့သည်။ ဘုရင်မင်းမြတ်သည် ထိုကဲ့သို့သော အောင်ပွဲမျိုးကို လိုအပ်သည်။
“စုနန်.. ငါ့ကို ရွှဲ့ပြည်နယ်ထဲမှာ သတ်ချင်တယ်ဟုတ်လား”
ရှမ့်လန်သည် နန်းမြို့တော်နှင့် ကီလိုမီတာ တစ်ထောင်ကျော် နီးပါးခန့်သာ လိုအပ်၏။ လူပေါင်းများစွာတို့သည် သူ့ကို စောင့်မျှော်နေပြီဖြစ်၏။ သူ ရောက်ရှိလာသည့်အချိန်တွင် သူရဲကောင်းတစ်ဦး ပြန်လည် ရောက်ရှိလာသကဲ့သို့ အရှိန်အဟုန် ကြီးကြီးမားမားဖြင့် ကြိုဆိုကြပေလိမ့်မည်။
သူတို့ ဝမ်ချန်းခရိုင်ဆီမှ ထွက်ခွာလာခဲ့ပြီးနောက် ဟုန်ရှန်ခရိုင်ဆီသို့ ရောက်ရှိလာပြီဖြစ်၏။ ရှမ့်လန်သည် နောက်ထပ် လူတစ်ယောက်နှင့် ထပ်မံကာ ဆုံခဲ့ရ၏။ ထိုသူမှာတော့ တတိယမင်းသား၏ အကြံပေးပင် ဖြစ်၏။ တစ်ဖက်လူသည် ကျောင်းယန်နှင့် တူညီသည့်အရာများကို ပြောခဲ့၏။
တတိယမင်းသားသည် သူ့အား တကယ့်ကို အထင်အမြင်ကြီးကြောင်း၊ သခင်လေးရှမ့်လန်အနေနှင့် တတိယ မင်းသားနှင့် အဘယ်ကြောင့် မပူးပေါင်းရသနည်းဟု မေးမြန်းခြင်းပင် ဖြစ်၏။ သို့ပေမည့် တစ်ဖက်လူသည် အခြေအနေတစ်ခုကို တောင်းဆိုခဲ့၏။ ထိုအရာမှာ မှန်ပြုလုပ်ခြင်းနည်းစနစ်ပင် ဖြစ်သည်။
တစ်ဖက်လူများသည် သူ့ကိုခေါ်ယူရန် ကြိုးစားလျက်ရှိနေ၏။ သို့ပေမည့် သူ့ကို မည်သည့်ရာထူးရာခံမှ ပေးအပ်ခြင်း မရှိသလို ဘာလုပ်ပေးပါမည်ဆိုသည့် ကတိစကားမျိုးလည်း မပေးခဲ့ချေ။ မှန်လုပ်ခြင်းနည်းစနစ် ကိုသာ ရယူချင်စိတ် ရှိနေကြ၏။ ဤကဲ့သို့သော လုပ်ရပ်သည် အနည်းငယ် ထူးဆန်းလျက်ရှိနေ၏။
ဟုန်ရှန်ခရိုင်ဆီမှ ထွက်ခွာခဲ့ပြီးနောက် ရှမ့်လန်သည် လျန်ခရိုင်ဆီသို့ ရောက်ရှိလာခဲ့၏။ နန်းမြို့တော်သို့ ရောက်ရှိရန်အတွက် ကီလိုမီတာသုံးရာနီးပါးခန့်သာ ကျန်တော့၏။ ရှမ့်လန်သည် လျန်ခရိုင်ထဲတွင်ရှိနေသည့် အရာရှိတည်းခိုဆောင်တစ်ခုလုံးကို စာရင်းပေးသွင်း အနားယူရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဟွမ်ဖန်ကို မျက်နှာသစ်ခိုင်းခဲ့၏။ ရှောင်ပင်း သူ့ကို မျက်နှာသစ်ပေးသည့်အချိန်တွင် သေသေချာချာ နူးနူးညံ့ညံ့ သစ်ပေး၏။ ရှမ့်လန်၏နားများကိုပင်လျှင် သေသေချာချာ ဆေးကြောခဲ့၏။ ဟွမ်ဖန် မျက်နှာ သစ်သည့်အခါမှာတော့ ကြမ်းပြင်ကို ကြမ်းတိုက်နေသကဲ့သို့ပင်။
“ဖန်အာ ... မင်း ထပ်ပြီးတော့ ငါ့ကို ဒီလိုကြမ်းကြမ်းတမ်းတမ်း လုပ်ပေးနေမယ်ဆိုရင် ငါ ရှမ့်ဆယ့်သုံးကို တခြားတစ်ယောက်နဲ့ ပေးစားပစ်မယ်”
“အမ်”
ပြီးနောက် ရှမ့်လန်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဟွမ်ဖန်သည် သူ၏ ခြေထောက်များကို ဆေးကြောပေးသည့်အချိန်မှာတော့ ညစ်ပတ်ပေစုတ်နေသော ဘောင်းဘီတစ်ထည်ကို ဂျေးချွတ်ပေးသည်နှင့်ပင် ဆင်တူနေ၏။
ဟွမ်ဖန်က ပြောလိုက်သည်။ “သခင်... ကျွန်မက သိုင်းသမားတစ်ယောက်လေ။ ကျွန်မက သက်တော်စောင့် လုပ်တာပဲ အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒီလိုအရာတွေကို ပြုလုပ်ပေးရတဲ့အချိန်မျိုးမှာ စိတ်မဝင်စားသလို ဖြစ်နေတယ်။”
ထိုအချိန်မှာပဲ ရှမ့်ဆယ့်သုံးက ချောင်းဟန့်လိုက်၏။
“ဘာတွေ ဘာတွေချောင်းဟန့်နေတာလဲ။ ပြောစရာ ရှိတာပြော” ရှမ့်လန်က ဒေါသတကြီး ပြောလိုက်သည်။
ရှမ့်ဆယ့်သုံး က ပြောလိုက်၏။ “သခင်.. ဟယ်ဝမ်ဝမ်က လာပြီးဂါရဝပြုတယ်”