အခန်း (၃၁၉)
Vol. 23 Ch. 319
ရှမ့်လန်က အိမ်သို့ မပြန်ခဲ့ချေ။ ထိုအစား ပဉ္စမမင်းသား နင်ကျန်း၏ အိမ်တော်ဆီသို့သာ တစ်ခါတည်း တည့်တည့် သွား၏။ သူသည် မျက်ရည်အဝိုင်းသား ဖြစ်နေသည့် ရှောင်ပင်းကို မြင်လိုက်ရ၏။ ထို့အပြင် ကျင်းမူကုန်းလည်း ရှိ၏။ ကျင်းမူကုန်း ဝတုတ်၏ မျက်လုံးထဲတွင်လည်း မျက်ရည်များ ရစ်သိုင်းနေခဲ့၏။ ထို့အပြင် ငိုယိုလျက် ရှိနေသည့် မိန်းကလေးငယ် နှစ်ယောက်လည်း ရှိနေ၏။ ယုဖန်၏သမီးများပင်။
“သခင်လေး... အရမ်းလွမ်းနေတာ။ ကျွန်မဗိုက်ကို ကြည့်၊ ကြီးတောင်ကြီးနေပြီ”
“ယောက်ဖ.. ကျုပ် .. ကျုပ် ကျရှုံးခဲ့တယ်” ကျင်းမူကုန်းသည် မျက်ရည်လည်ရွှဲဖြင့် ပြောလိုက်သည်။
ရှမ့်လန်က ကြောင်အသွား၏။ “ဘာကို ကျရှုံးတာလဲ။ ဘယ်လိုကျရှုံးတာလဲ”
ကျင်းမူကုန်းက ပြောလိုက်သည်။ “ဒီနှစ် စာမေးပွဲကို ဝင်ပြီးဖြေဆိုခဲ့တယ်။ ပညာရှိ ဖြစ်ချင်လို့လေ။ ဒါပေမဲ့ ကျရှုံးခဲ့တယ်။ ဟိုးအောက်ဆုံးမှာပဲ”
ရှမ့်လန်က အံ့အားသင့်သွား၏။ “ဝတုတ်... ဒီလိုနန်းတွင်းစာမေးပွဲကို ဝင်ဖြေဖို့အတွက် မင်းကို ဘယ်သူက သတ္တိပေးထားတာလဲ”
ကျင်းမူကုန်းက ပြောလိုက်သည်။ “ကျုပ်.. ယောက်ဖအကြောင်းတွေးပြီး စာမေးပွဲ ဝင်ဖြေဖို့ ကြိုးစားခဲ့တာပဲ”
‘သောက်ကျိုးနည်း... ကိုယ့်ကိုယ်ကို နတ်ဘုရားဟု ထင်မှတ်နေလေသည်လား’
“ဝူး... ဝါး ဝါး”
ကလေးငယ်လေးနှစ်ယောက်တို့သည် မျက်ရည်အဝိုင်းသားနှင့် ထကာ ငိုလျက် ရှိနေ၏။ ရှမ့်လန်က ပြောလိုက်၏။ “ဘယ်လိုဖြစ်ကြတာလဲ”
အကြီးဆုံးမိန်းကလေးက ပြေးလာပြီး ရှမ့်လန်၏ခြေထောက်ကို ဖက်ထားသည်။
ရှမ့်လန်က ကြောင်အသွား၏။ “ကလေး.. ငါတို့ခုမှ တစ်ခါပဲ တွေ့ရသေးတယ်။ ငါ့ကို မင်းတို့ လွမ်းနေတာလား။ ဦးလေးက မင်းတို့အတွက် ချစ်မြတ်နိုးဖွယ်ကောင်းတဲ့ ဦးလေးလား”
အကြီးဆုံးမိန်းကလေးက ပြောလိုက်၏။ “ဦးလေး... သမီး အချို စားလို့ရလား”
သူမသည် ရှမ့်လန်ကို ကြီးမားပြီး သနားဖွယ်ရာ ကောင်းလွန်းလှသည့် မျက်လုံးများနှင့် စူးစိုက်ကာ ကြည့်ရှု၏။ သူမ၏ချစ်စရာ မျက်နှာလေးထက်မှ မျက်ရည်များ ကျဆင်းနေသည်။
ရှမ့်လန်သည် အမှတ်မထင် ခေါင်းညိတ်မိ၏။ “အင်း ရတာပေါ့”
မိန်းကလေးသည် ချက်ချင်းပဲ သူမ၏အိတ်ကပ်ထဲတွင် ရှိနေသည့် ချိုချဉ်ကို ထုတ်ယူပြီး သူမ တစ်ခု၊ သူမ၏ညီမဆီသို့ တစ်ခု လှမ်းပေး၏။ ပြီးနောက် ပါးစပ်ထဲသို့ ပစ်ထည့်ကာဖြင့် ရှမ့်လန်ကို ဖယ်ခွာကာ အဝေးသို့ ပြေးထွက်သွားခဲ့သည်။
နင်ကျန်း၏မိန်းမ ကျိုးချီသည် အကူအညီမဲ့စွာဖြင့် ကြည့်ရှုနေ၏။ ရှောင်ပင်းကလည်း အကူအညီမဲ့သလိုပင် ကြည့်ရှုနေမိ၏။ ဤကလေးငယ်များသည် နေ့စဉ်နေ့တိုင်း အချိုစားလွန်း၏။ သူတို့၏ သွားများသည် ကြာကြာခံလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်မှာတော့ ကြောင်သွားခဲ့၏။ “ငါ.. ငါ သုံးနှစ်သမီးလေးရဲ့ လှည့်စားတာကို ခံခဲ့ရတာလား။”
............
ရေမိုးချိုးပြီးသည့်နောက်မှာတော့ ရှောင်ပင်းသည် သူမ၏ အလုံးစုံ ကျွမ်းကျင်လွန်းသည့် စွမ်းရည်များကို ထုတ်ဖော်အသုံးပြုရန် ပြင်ဆင်ခဲ့ပြီးသား ဖြစ်သည်။
ရှမ့်လန်က ကြောင်အသွား၏။ “မဖြစ်သေးဘူး၊ မဖြစ်သေးဘူး။ ငါ မင်းကို ကြောက်တယ်။ ငါ ခုဏကလေးတင် မူလန်ကြောင့် အားတွေပြတ်နေတာ။ ဘယ်လိုလုပ် ထပ်လုပ်လို့ဖြစ်မှာလဲ”
..........
နင်ကျန်း၏ စာကြည့်ခန်းထဲမှာတော့ ...
“အဖေက ကတိပေးထားတဲ့အတိုင်း လုပ်ပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာ မလိုဘူး။ ရွှမ်ဝူနယ်စားကြီး ဆိုတဲ့ ဘွဲ့တံဆိပ်ကို ပေးအပ်ပြီး ကျင်းမိသားစုဆီ နုရှောင့်မြို့ကို ပေးအပ်လိုက်ဖို့ဆိုတာက ပြောင်းလဲသွားမှာ မဟုတ်ဘူး”
နင်ကျန်းက ပြောလိုက်၏။ “ဒါပေမဲ့ မြို့တော်ထဲမှာ အန္တရာယ်လေတွေကလည်း တိုက်ခတ်နေသေးတယ်။ တစ်စုံတစ်ယောက်က ခင်ဗျားရဲ့ ပါရမီကို အတင်းမြှောက်ပင့် ပြောဆိုပြီး သဲကန္တာရ လူရိုင်းမျိုးနွယ်တွေဆီကို သွားဖို့ ထောက်ခံပေးချင်နေကြတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် သဲကန္တာရ လူရိုင်းမျိုးနွယ်တွေဆီကို ဘယ်တော့မှ သွားမှာမဟုတ်ဘူး။ အချိန်က အရမ်းကို ကျပ်နေတယ်။ အချိန်အတိုင်းအတာတိုအတွင်း စုနန်ကို ဖျက်ဆီးပစ်ရအုံးမယ်။ ဒီတော့ ကျုပ်ဆီမှာ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေဆီ သွားပြီးသေဆုံးဖို့ အချိန်မရှိဘူး”
ပဉ္စမမင်းသား နင်ကျန်းသည် ထိုစကားကိုကြားသည့်အချိန်မှာတော့ တကယ်ပင် တုန်လှုပ်သွားမိ၏။ “ခင်ဗျား စုနန်ကို ဖျက်ဆီးပစ်မယ် ဟုတ်လား။ ရှမ့်လန်.. ခင်ဗျားက အခုမှ အဆင့်ခုနစ်အရာရှိတစ်ယောက်ပဲ ရှိနေသေးတယ်”
နောက်ခံတစ်ဝက်တောင် ရှိသည် မဟုတ်ချေ။ ထို့အပြင် မဟာမိတ်ဟူ၍လည်း တစ်ဝက်ပင် မရှိချေ။ စုနန်သည် ကျန်းယွမ်နယ်စားကြီး ဖြစ်၏။ အိမ်ရှေ့စံမင်းသား၏ အငယ်တန်း ကာကွယ်စောင့်ရှောက်သူတစ်ယောက် ဖြစ်သလို နန်းတွင်းညီလာခံအဖွဲ့အစည်း၏ အရေးပါအရာရောက်သည့်နေရာကို ပိုင်ဆိုင်ထားသူဖြစ်၏။ ထို့အပြင် ကြားနေအဖွဲ့အစည်း၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် အလွန်အမင်း အားကောင်းသည်ဟု ပြောဆိုရပေမည်။
သေးငယ်သည့် အရာရှိလေးတစ်ယောက်အနေနှင့် ဤကဲ့သို့ ကြီးမားသည့် သစ်ပင်ကြီးကို အဘယ်သို့ ခုတ်လှဲမည်နည်း။ ထို့အပြင် အချိန်တိုအတွင်း ဖြစ်နေလေသည်လား။ ထိုအရာမှာ အိပ်မက် မက်နေခြင်းထက်ပင် ပိုမိုကာ ဆိုးဝါး၏။
ရှမ့်လန်က ပြောလိုက်သည်။ “အချိန်က အရမ်းကို ကျပ်နေပြီ။ ဒီတစ်ကြိမ် လွတ်သွားပြီဆိုရင် စုကလန်ကို ဖျက်ဆီးဖို့ အခွင့်အရေး ထပ်ပြီးရှိမှာ မဟုတ်တော့ဘူး”
ရှမ့်လန်၏ စုကလန်ကို ဖျက်ဆီးပစ်မည့် ဒုတိယခြေလှမ်းဖြစ်သည့် ချင်နိုင်ငံကို သူ အနိုင်ရရှိခဲ့ပြီ ဖြစ်၏။ တတိယခြေလှမ်းအနေနှင့် စုနန်အား တစ်ချက်ကလေးမှ မရပ်တန့်ဘဲ ဆက်တိုက်တိုက်ခိုက်ရန်ပင် ဖြစ်၏။
နင်ကျန်းက ပြောလိုက်သည်။ “စုနန်ကို ဖျက်ဆီးပစ်ဖို့အတွက်ဆိုတာ ဘာကို ဆိုလိုတာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “သူ့ရဲ့ လက်ရှိ ရာထူးရာခံအကုန်လုံး ဆုံးရှုံးပြီးတော့ အိမ်ပြန်သွားစေဖို့ပေါ့။ ပြီးရင် ကျုပ်တို့နှစ်ယောက်က ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒအတိုင်း ကျန်းယွမ်မြို့ကြီးတစ်ခုလုံးရဲ့ မူဝါဒအသစ်ကို စပြီး ရေးဆွဲမယ်။ ပြီးရင် စုကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်”
“ဟမ်...” နင်ကျန်းက ကြောင်သွား၏။ ထိုကဲ့သို့သောအရာတွင် အဘယ်ကြောင့် သူက ပါဝင်ပတ်သက် နေရသနည်း။ ပြောရမည်ဆိုလျှင် မူဝါဒအသစ်၏ဓားသည် ကျန်းချုံးပင် ဖြစ်သည် မဟုတ်ပါလား။ ထိုဓားသည် ရွှမ်ဝူအိမ်တော်သို့ ကျဆင်းလာခဲ့သည့် ဓားလည်း ဖြစ်၏။
လက်ရှိအခြေအနေမှာတော့ သမက်တော်သည် ထိုကဲ့သို့သော ဓားကို ကိုင်ဆောင်သူ ဖြစ်လာချင်သူလား။ နားထောင်ရသည်မှာတော့ အလွန်ကောင်းသည်။
ရှမ့်လန်က နှာခေါင်းရှုံ့လိုက်၏။ မူဝါဒအသစ်သည် ကျင်းမိသားစုကို ဖျက်ဆီးသတ်ဖြတ်ရန် ဖြစ်လာသည့် အချိန်မျိုးတွင် တော်ဝင်မျိုးနွယ်ဟောင်းများထဲမှာ မည်သူက သူတို့ဘက်၌ လာရောက်ကာ ရပ်သနည်း။ ထို့အပြင် မည်သူက သူတို့ကို လာရောက်ကာ ကူညီခဲ့သနည်း။ အားလုံးသောသူတို့သည် ဒဏ်ရာကို ဆားသိပ်ခြင်းသာ ပြုလုပ်ခဲ့၏။
အကြွေးပေးဆပ်ရန်အတွက် သူ၏ယောက္ခမကြီးသည် ကိုယ်တိုင်ကိုယ်ကျ ပိုက်ဆံလိုက်ကာ ချေးခဲ့ရ၏။ သို့ပေမည့် တော်ဝင်မျိုးနွယ်စု တစ်ဒါဇင်ကျော်နီးပါးခန့်ကို သွားရောက်ခဲ့ပြီးနောက် ရွှေဒင်္ဂါး တစ်ထောင်လောက် ကို ရရှိခဲ့၏။ တကယ့်ကို ကြီးမားဖွယ်ရာ ရှက်ရွံ့မှုမျိုးပင်။
သူ ရှမ့်လန်သည် ကျိန်းသေပေါက် အရာအားလုံးကို ပြန်လည်ပေးဆပ်ခိုင်းရပေလိမ့်မည်။ သူသည် ကျန်းချုံးထက် ပိုမိုကာ ရက်စက်သည့် ဘုရင်မင်းမြတ်၏ မူဝါဒအသစ် ဓားတစ်စင်း ဖြစ်ရပေလိမ့်မည်။ သူသည် တော်ဝင်မျိုးနွယ်တစ်ယောက်၏ သမက်တော်တစ်ယောက် ဖြစ်သည်ဆိုသော်လည်း သူ ရှမ့်လန်သည် မူဝါဒအသစ်ကို ပျော်ပျော်ရွှင်ရွှင်နှင့် ထမ်းဆောင်ရပေလိမ့်မည်။
ရှမ့်လန်က ထပ်မံကာ ပြောလိုက်သည်။ “အရှင်မင်းသား... ပြင်ဆင်စရာရှိတာ ပြင်ဆင်ထား။ ကျုပ်တို့နှစ်ယောက် ပူးပေါင်းပြီး စုနန်ကို ရာထူးက ဖယ်ရှားအောင် ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် ခင်ဗျားက ဒီနေရာရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာလိမ့်မယ်။ စုနန်တို့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ဖို့ အတူပူးပေါင်းကြတာပေါ့”
“ဟမ်...”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းသား... စုနန်က ခင်ဗျားရဲ့ ဦးလေးပဲ။ ဘာလဲ စိတ်နှလုံးပျော့ညံ့သွား တာလား”
ပဉ္စမမင်းသားသည် ရရှိခဲ့သည့် သတင်းအချက်အလက်များမှာ များပြားလွန်းသောကြောင့် တုံ့ပြန်ရန် အချိန်ပင် မရှိခဲ့ချေ။ “ကျုပ်... ကျုပ် အချိန်နည်းနည်းလောက် လိုအပ်သေးတယ်”
....................
နောက်တစ်ရက်မှာတော့ ရှမ့်လန်သည် အဆင့်ခုနစ်အရာရှိဝတ်စုံကို ဝတ်ဆင်ပြီး နန်းမြို့တော်ဆီ သွားလိုက်၏။ သူကဲ့သို့သော သေးငယ်သည့် အရာရှိတစ်ယောက်အနေနှင့် ထိုကဲ့သို့ နန်းတော်ထဲသို့ ဝင်ရောက်ဖို့ ဆိုသည်မှာ အရည်အချင်း ပြည့်မီသည် မဟုတ်ချေ။
ညီလာခံသို့ ဝင်ရောက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ သို့ပေမည့် လက်ရှိအခြေအနေတွင် သူ၌ တောင်းဆိုစရာ နှစ်ခုရှိနေ၏။ တစ်ခုသည် ကျင်းကျိုးအား ရွှမ်ဝူနယ်စားကြီးအဖြစ် ပေးအပ်ရန်ဖြစ်ပြီး ကျင်းမိသားစု အနေနှင့် နုရှောင့်မြို့ကို အပိုင်ရရှိရန်ပင် ဖြစ်၏။ ဒုတိယ အကြောင်းအရာအားဖြင့် ရှမ့်လန်သည် သူ၏ အောင်မြင်မှုများအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းပင် ဖြစ်၏။ ဤနှစ်ခုလုံးက မရိုးရှင်းလှချေ။
ညီလာခံဆိုသည်မှာ တိုက်ခိုက်ရေး တည်နေရာကဲ့သို့ပင် အန္တရာယ်များ၏။ ရှမ့်လန် ချင်နိုင်ငံဆီမှ ပြန်လာ ခဲ့ပြီးနောက် အထိခိုက်ခံရဆုံးသောသူမှာ စုနန်ပင် ဖြစ်၏။ ထို့ကြောင့် နေ့နေ့ညည ပြင်ဆင်ခဲ့၏။ ယနေ့တိုက်ခိုက်မှုသည် ကျိန်းသေပေါက် ကြီးကျယ်ခမ်းနားသည့် အရာမျိုး ဖြစ်ပေလိမ့်မည်။ ကျင်းမိသားစု တစ်ခုလုံးကို ဖျက်ဆီးနိုင်ရုံသာမက ရှမ့်လန်ကို သဲကန္တာရ လူရိုင်းမျိုးနွယ်ဆီသို့ ပေးပို့ချင်၏။
အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကလည်း ထိုင်ပြီး ကြည့်မနေတော့ချေ။ မီးထဲသို့ လောင်စာထည့်ရန် ပြင်ဆင်လျက် ရှိ၏။ ပဉ္စမမင်းသား နင်ကျန်းသည် ညီလာခံကို တက်ရောက်ရန်အတွက် အရည်အချင်း ပြည့်မီသည် မဟုတ်ချေ။ သူ့၌ မည်သည့်ရာထူးရာခံကိုမှ ပိုင်ဆိုင်သည် မဟုတ်သောကြောင့်ပင်။ ထို့ကြောင့် ရှမ့်လန်ကို ဘာတစ်ခုမှ ကူညီပေးနိုင်စွမ်း မရှိချေ၊
“ဒီနေ့ညီလာခံက တကယ့်ကို ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမှာပဲ။ ပြီးတော့ ခင်ဗျားက တစ်ယောက်တည်း။ သေသေချာချာ ဂရုစိုက်သင့်တယ်” ပဉ္စမမင်းသား နင်ကျန်းက စိုးရိမ်ပူပန်စွာဖြင့် အထပ်ထပ်မှာကြားလျက် ရှိ၏။ ထိုအချိန်မှာတော့ သူသည် သူ၏ ဩဇာအာဏာကင်းမဲ့ပြီး အကူအညီမဲ့မှုကို မုန်းတီးသလိုပင် ခံစားမိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အရှင်မင်းသား.. ကျုပ်က ပြင်ဆင်ခဲ့ပြီးပြီ။ ညီလာခံထဲမှာရှိတဲ့ လူတွေအကုန်လုံးကို သတ်ဖြတ်ပစ်မယ့် အချိန်ကို ကြည့်နေလိုက်”
............
ရွှဲ့ပြည်နယ်၏ ညီလာခံ ...။
တကယ့်ကို လေးနက်ပြီး ဂုဏ်သိက္ခာကြီးမားသည့် အရာပင် ဖြစ်၏။ ဘုရင်မင်းမြတ်သည် ချီးကျူးသလို ဟန်ပန်မျိုးဖြင့် ကြည့်ကာ ပြောလိုက်၏။ “ဒီနေ့ ညီလာခံမှာ အရေးကြီးတဲ့ ကိစ္စရပ်နှစ်ခုကို ဆုံးဖြတ်ရမယ်။ ပထမဦးဆုံး ကျင်းကျိုးက ချောင်ထျန်းဝေကို သတ်ဖြတ်ပစ်ပြီး ရွှဲ့ပြည်နယ်၏ ပိုင်နက်ကို ချဲ့ထွင်ပေးခဲ့တယ်။ ဒီတော့ သူက စည်းမျဉ်းဥပဒေအရ နယ်စားကြီးဘွဲ့ကို ရရှိဖို့ အချိန်တန်ပြီ။
ဒုတိယအနေနဲ့ တောင်ပိုင်းပြည်နယ်ရဲ့ စစ်ပွဲက အလှည့်အပြောင်းများလာတယ်။ ကျုပ်တို့အနေနဲ့ တောင်ပိုင်း သဲကန္တာရ လူရိုင်းမျိုးနွယ်တွေရဲ့ စစ်ကူတွေကို မတားဆီးနိုင်ဘူးဆိုရင် တောင်ပိုင်းနိုင်ငံမှာရှိတဲ့ စစ်ပွဲက ပြီးဆုံးမှာ မဟုတ်တော့ဘူး။ ဒီတော့ ကျုပ်တို့ သံတမန်တစ်ယောက်ယောက်ကို တောင်ပိုင်း သဲကန္တာရ နယ်မြေဆီကို စေလွှတ်ပြီးတော့ သူတို့ရဲ့ အထောက်အပံ့တွေကို တားဆီးခိုင်းရမယ်။ ဒီကိစ္စနှစ်ခုကို စပြီး လုပ်ကြရအောင်”
ပြောပြောပြီးချင်းမှာပင် စုနန်တို့ဘက်တွင် ရှိနေသည့် ကြားနေအဖွဲ့အစည်းများသည် လက်ဝါးများကို အသာပွတ်ကာဖြင့် မီးလောင်ရာလေပင့် ပြုလုပ်ရန် အဆင်သင့်ပြင်နေကြ၏။ ယနေ့ ညီလာခံတွင် သူတို့သည် ရှမ့်လန်ကို ကောင်းကင်ပေါ်သို့ မြှောက်တင်ပေးပြီး တော်ဝင်သဲကန္တာရမျိုးနွယ်ထဲဆီသို့ ပစ်ချရန် ပြင်ဆင်နေ၏။ ထို့အပြင် ကျင်းကျိုး၏ ရွှမ်ဝူနယ်စားကြီးဆိုသည့် ဘွဲ့တံဆိပ်ကို ဖျက်ဆီးပစ်ချင်၏။ ပထမဦးဆုံး ရှေ့လှမ်းထွက်လာသည့် လူသည် ဝန်ကြီးတစ်ပါးပင် ဖြစ်၏။
“အရှင်မင်းကြီး... ကျုပ် သတင်းပို့စရာ ရှိပါတယ်”
ဘုရင်မင်းမြတ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာဖြင့် ပြောလိုက်၏။ “ပြောလေ”
ဝမ်ချန်က ပြောလိုက်သည်။ “ရှမ့်လန်က ပုန်ကန်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ တော်ဝင်ရန်နိုင်ငံတော်နဲ့တောင် ပေါင်းစပ်နေခဲ့ပါတယ်။ ကျေးဇူးပြုပြီး ဒီကိစ္စကို စုံစမ်းပေးပါ”
တော်ဝင်ရန်နိုင်ငံတော်နှင့် ပေါင်းစပ်သည်။ ဤကဲ့သို့ ကြီးလေးနက်လွန်းသည့် အမှုခင်းတစ်ခု ရှိနေသေး သည်လား။ အဖွဲ့ဝင်များအားလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။ ဤကဲ့သို့ စစချင်း ကြီးမားသည့် အရာကြီးနှင့် စတင်ခဲ့လေသည်လား။
ဝမ်ချန်က ပြောလိုက်၏။ “မူလအားဖြင့် ဒီကိစ္စကို ကျူးဝမ်ဟွာက တိုင်ကြားထားခဲ့တာပါ။ အရှင်မင်းကြီး... ကျေးဇူးပြုပြီးတော့ သူ့ကို ညီလာခံထဲဝင်ဖို့ ဆင့်ခေါ်ပေးပါ”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ရှမ့်လန်ကို ကြည့်ရှုကာ ပြောလိုက်၏။ “ကောင်းပြီ။”
ခဏလောက်ကြာပြီးသည့်နောက် ကျူးဝမ်ဟွာသည် အထဲသို့ လှမ်းဝင်လာခဲ့၏။ လန်ရှန်မြို့စားလေး အိမ်တော်ဆီမှ ကျူးဝမ်ဟွာ - ထိုသူကို ရှမ့်လန်က မေ့လျော့လုနီးပါးပင် ဖြစ်၏။ ယခုနှစ်တွင် နန်းတွင်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး ဒုတိယမြောက်ကျောင်းတော်သားဆုကို ရရှိခဲ့၏။ သို့ပေမည့် လက်ရှိအခြေအနေတွင် အဆင့်ခုနစ် အရာရှိ တစ်ယောက်အဖြစ်သာ ရှိသေးသည်။
ဝင်လာသည့်အချိန်မှာတော့ သူသည် ရှမ့်လန်ကို အသက်ရှင်လျက် စားတော့ဝါးတော့မည် သကဲ့သို့ပင် စူးစိုက်ကြည့်၏။ နှလုံးသားထဲတွင် ရှိနေသည့် အမုန်းတရားများသည် တကယ့်ကို ကြီးမားလွန်း၏။ “ရှမ့်လန်.. ဒီလိုနေ့မျိုးကို ရောက်လာဖို့ စဉ်းစားထားခဲ့တာပဲ။ မင်းဒီနေ့ ဆိုးဆိုးဝါးဝါး သေဆုံးရမယ်”
ကျူးဝမ်ဟွာသည် ဒူးထောက်ကာဖြင့် ဦးတိုက်လိုက်သည်။ “အရှင်မင်းကြီး... ရှမ့်လန် ချင်နိုင်ငံဆီသို့ သွားပြီးတော့ တာဝန်ကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့တာ မိန်းမတစ်ယောက်ကြောင့်ပါပဲ။ ပြီးတော့ သူက ဘုံကျောင်းအထဲမှာ အဲမိန်းမရဲ့ ရုပ်ထုကိုလည်း ထားခဲ့သေးတယ်။ ဒီမိန်းမက တော်ဝင်ချန်အင်ပါယာ ကျန်းလီရဲ့ သစ္စာခံပါ။
ရွှယ်ရင်က တော်ဝင်ရန်အင်ပါယာကို ပုန်ကန်ဖို့အတွက် ပူးပေါင်းကြံစည်ခဲ့တယ်။ အစီအစဉ် ကျရှုံးပြီးတဲ့နောက်မှာ သူမ ဘယ်သူဖြစ်တယ်ဆိုတာကို ဖုံးကွယ်ပြီး နှင်းတောင်မှာ ပုန်းနေခဲ့တာပဲ။ သူမက တော်ဝင်ရန်အင်ပါယာ အလိုရှိတဲ့ စာရင်းထဲမှာ အဆင့် ၅ ချိတ်တယ်။ ရှမ့်လန်က သူမနဲ့အတူ ပူးပေါင်းခဲ့ပြီး သူမကို ရွှဲ့ပြည်နယ်ဆီ ခေါ်လာခဲ့တယ်။
ရှမ့်လန်က ရန်အင်ပါယာကို စိတ်ဆိုးဒေါသထွက်အောင် ပြုလုပ်ပြီးတော့ ရွှဲ့ပြည်နယ်အပေါ် ဒေါသတွေ ပုံချစေချင်တာလေ။ သူက ရန်အင်ပါယာကို ပုန်ကန်ဖို့ ကြိုးစားခဲ့တာနဲ့ တူတူပဲ။ အရှင်မင်းကြီး .... ကျေးဇူးပြုပြီး ရှမ့်လန်ကို သေမိန့်ပေးပေးပါ။ ပြီးတော့ ရွှယ်ရင်ကို ဖမ်းဆီးပေးပါ။ တော်ဝင်ရန်နိုင်ငံရဲ့ အလိုရှိဆုံး ရာဇဝတ်သား ဖြစ်တာကြောင့်ပါ”
ရှမ့်လန်၏ ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားခဲ့၏။ လာခဲ့ပြီ ဖြစ်၏။ ဘယ်လောက် စိတ်ကျေနပ်စရာ ကောင်းလိုက်သနည်း။ သူ ဤအရာကို စောင့်မျှော်နေခြင်းပင်။
ကျူးဝမ်ဟွာ၏ စကားအဆုံးမှာတော့ နန်းတွင်းစစ်ဆေးရေး အရာရှိ အားလုံးတို့သည် အနောက်ဆီသို့ ခြေတစ်လှမ်းဆီ ဆုတ်လိုက်ကြ၏။ တကယ့်ကို ကြီးမားလွန်းသည့် အမှုကြီးတစ်ခု ဖြစ်နေသည်။ ဖြေရှင်းချင်သည်ဆိုပါက ကောင်းကင်ပေါ်သို့ တက်လှမ်’ရသလိုပင် ဖြစ်ပေလိမ့်မည်။ ယေဘုယျအားဖြင့် ရွှဲ့ပြည်နယ်၏ နန်းတွင်းညီလာခံတွင် တော်ဝင်ရန်နိုင်ငံနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောဆို ဆွေးနွေးရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
ဟုတ်ပေ၏။ တော်ဝင်ရန်နိုင်ငံတော်သည် လောကကြီးတစ်ခုလုံးကို အစိုးရသည့် အင်ပါယာတိုင်းပြည်ကြီး တစ်ခု ဖြစ်ချေ၏။ သူတို့၏ ပိုင်နက်သည် စတုရန်းကီလိုမီတာ ဆယ့်လေးသန်းကျော် ကျယ်ဝန်း၏။ ရထားမရှိ၊ လေယာဉ်မရှိသော ထိုခေတ်ထိုအခါက ဤမျှ ကြီးမားကျယ်ပြန့်သည့် နယ်မြေဒေသကြီး တစ်ခုကို အုပ်ချုပ်နိုင်ဖို့ ဆိုသည်မှာ တကယ့်ကို ခက်ခဲသည့် အရာမျိုး ဖြစ်သည်။
အရှေ့တိုင်းနိုင်ငံများသည် ရန်အင်ပါယာကို သူတို့၏ အင်ပါယာအဖြစ် အသိအမှတ်ပြုကြသော်လည်း တိုင်းပြည်ရေးရာ စီမံခန့်ခွဲမှုများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် စီမံခန့်ခွဲကြ၏။ တချို့သော နိုင်ငံများ စစ်ခင်းသည့် အခါမျိုး၌ပင်လျှင် တော်ဝင်ရန်နိုင်ငံတော်သည် ဝင်ရောက်စွက်ဖက်လေ့ မရှိချေ။ သို့ပေမည့် တစ်ဖက်မှ အလွန်အမင်း ရှုံးနိမ့်လာခဲ့ပြီး ဆိုးဝါးသည့် အခြေအနေမျိုးသို့ သက်ရောက်လာသည့် အခြေအနေမျိုးတွင် စစ်ပွဲကို ရပ်တန့်ရန်အတွက် လူလွှတ်ကာ တားဆီးတတ်၏။
ရန်အင်ပါယာထံ မျက်နှာလုပ်၊ မျက်နှာချိုသွေးခြင်းသည် နိုင်ငံအသီးသီးတွင် ရှိနေသည့် ဘုရင်ကြီးတို့၏ တာဝန်သာလျှင် ဖြစ်၏။ တိုင်းပြည်အသီးသီးဆီမှ အမတ်များမှာမူ သူတို့၏ ဘုရင်မင်းမြတ်ကို ပြန်လည်ကာ မျက်နှာလုပ် ဖားယား မျက်နှာချိုသွေးရသည်။
သို့ဖြစ်သောကြောင့် နန်းတွင်းညီလာခံတွင် တော်ဝင်ရန်အင်ပါယာအကြောင်း ဆွေးနွေးခြင်းသည် တရားဝင် တားဆီးထားခဲ့သည် မဟုတ်သော်လည်း ထိုအကြောင်းကို မဆွေးနွေးဟူသော စည်းမျဉ်းကား ရှိ၏။ သို့ပေမည့် အကြောင်းအရာကို ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအရာက တကယ့်ကို အလွန် အရေးကြီးမားသော နိုင်ငံရေးမှန်ကန်မှု တစ်ခု ဖြစ်လာနိုင်၏။
နိုင်ငံရေးမှန်ကန်မှု ဆိုသည်မှာ ဘဝတစ်ခုလုံး ပျက်စီးသွားစေနိုင်သည့် ကပ်ဘေးကြီးတစ်ခုပင် ဖြစ်သည်။
အခြေအနေသည် ထန်မင်းဆက်၏ အရေးအခင်းနှင့် ဆင်တူ၏။ လီမင်ရှီက ဧကရာဇ် ဖြစ်လာခဲ့ပြီး သူ၏ဖခင် လီယွမ်မှာမူ ဧကရာဇ် အဖြစ်မှ နားယူသွားခဲ့သည်။ ထိုအချိန်အခါနှင့် ကိုက်ညီ၏။ နန်းတွင်းအမတ်တို့သည် အငြိမ်းစားယူသွားခဲ့ပြီ ဖြစ်သော ဧကရာဇ်အကြောင်းကို အစထုတ်ကာ မပြောဆိုရဲကြချေ။ ထိုအရာသည် လက်ရှိ အင်ပါယာ လီမင်ရှီ၏ မျက်နှာကို အိုးမည်းသုတ်၊ သိက္ခာချခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။
သို့ပေမည့် တစ်စုံတစ်ယောက်က ထိုအနားယူသွားခဲ့ပြီ ဖြစ်သော ဧကရာဇ်အကြောင်းကို စတင်ကာ ပြောဆိုလျှင်မှု လီမင်ရှီသည် တခြားသော ကိစ္စအရာအားလုံးကို ဘေးဖယ်ကာဖြင့် ဖခင်၏ အကြောင်းအရာကို ဦးစားပေးကာ ဆွေးနွေးရပေတော့၏။ မဟုတ်ပါက သူသည် မိဘကို မရိုသေသူ၊ သားသမီး ကျင့်ဝတ် မပြည့်စုံသူအဖြစ် ကင်ပွန်းတပ်ခံရပေလိမ့်မည်။
ကျူးဝမ်ဟွာမှာမူ ထိုအချက်ကို နားလည်သူတစ်ယောက် မဟုတ်ပေ။ ရှမ့်လန်ကို လက်စားချေရန်အတွက် အလွန် ခက်ခဲလွန်းသည့် အခွင့်အရေးတစ်ခုကို ရရှိလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်ကို ဒုက္ခပေး သတ်ဖြတ်နိုင်ရန်အတွက် အဘယ်သို့ သည်းခံနိုင်မှု ရှိတော့မည်နည်း။