မရဏသင်္ဘောနှင့် စွေ့လုံရှင်း ... ။
Vol. 50 Ch. 589
စုရွှမ်ကြွယ်ဟူသောဘဝသည် အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်သည်။ ၎င်းကို ထုတ်မပြောဝံ့ခြင်း မဟုတ်ချေ။
ယင်းအစား သူ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ခြင်းသည် အခြားသူများ ကံကြမ္မာ အပေါ် သက်ရောက်သွားစေနိုင်မည်။
ထိုကံ၏ အကျိုးဆက်သည် ဤလူများအတွက် ခံနိုင်ရည်ရှိနိုင်သောအရာ မဟုတ်ချေ။ ၎င်းထက် သာလွန်နေသည်။
“ ခရီးသွားလား ... ။ ”
စုရီ အဖြေကို နားထောင်နေသော စွေ့ကျင်းယန်တစ်ယောက် သိသိသာသာ စိတ်ပျက်သွားသည်။
“ နင်က အရမ်းငယ်ပါသေးတယ် ... ဘာလို့များ အဲဒီအဖိုးကြီးတွေလို အတုယူပြီး လေးနက်ဟန်ဆောင်ပြနေရတာလဲ ကြည့်ရတာ ငါ့အဘိုးထက်တောင် လျှို့ဝှက်ပြနေတယ်။ ”
သူမ၏ မှတ်ချက်ကြောင့် နဝမမြောက် အကြီးအကဲနှင့် ရွယ်ယီမှာ မျက်လုံးပြူးသွား၏။ စုရီမှ ဂရုမစိုက်၍သာ တော်သေးသည်။
“ မင်းဘိုးဘေးက ကောင်းကင်နဲ့ မြေကြီးကြား ဘယ်လိုလူနဲ့မှ မပတ်သတ်ဘဲ လောကီကို လျစ်လျူရှုထားတဲ့ အဖိုးကြီးပဲ ...
... မိုးပြိုမှာ တွေးကြောက်ပြီး တစ်ချိန်လုံးလိုဏ်ဂူထဲပုန်းနေတယ် ငါကတော့ သူနဲ့ မတူပါဘူး။ ”
စုရီ တုန့်ပြန်မှုကြောင့် နဝမမြောက် အကြီးအကဲနှင့် ရွယ်ယီခမျာ အသက်ရှူကြပ် လာတော့၏။ ဤလောက၌ မရဏတရားစီရင်သူကို မည်သူသည် ဤကဲ့သို့ လှောင်ပြောင်ဝံ့သနည်း။
“ စုရီ ... ဒါနင့်လို ဂျူနီယာတစ်ယောက် ပြောသင့်တဲ့ စကားလား။ ”
ဆယ်ကျော်သက် တစ်ဦးသည် သူမဘိုးဘေးအပေါ် ရဲဝံ့စွာမှတ်ချက်ပေးသည်ကို စွေ့ကျင်းယန်မှ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပေပင်။
“ ငါ ပြောတာမှားနေလို့လား။ ”
စုရီမှ ပြုံးကာမေးသည်။ စွေ့ကျင်းယန် တစ်ယောက် ပြန်ချေပရန် ပါးစပ်ဖွင့်သော်လည်း စကားလုံးရှာမတွေ့ချေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ ပြောခဲ့သည့်အတိုင်း ဘိုးဘေးသည် လောကီကို အမှန်တကယ် လျစ်လျူရှုထား၏။
စွေ့မျိုးနွယ်ဝင်တစ်ဦး အနေဖြင့် ခံစားချက်လွှမ်းမိုးမခံရသော တရားစီရင်ခြင်းမျိုး ပြုလုပ်နိုင်ရန် ကြိုးစားနေခြင်းပေပင်။
“ ဟုတ်တယ် ... နင့်အမြင် မှားတယ်။ ”
“ ဟား ဟား ဟား ... ။ ”
သို့တိုင် အံကြိတ်လျက် ငြင်းဆန်လိုက်၏။ စုရီမှ ရယ်သည်။
“ ကောင်းပြီ ... မင်းကို မိုးပြာတိုက်ကြီးဆီ ခရီးထွက်လာဖို့ မင်းဘိုးဘေးက အမိန့်ပေးခဲ့တာ မဟုတ်လား။ ”
“ ငါ ... ။ ”
“ တကယ်တော့ ... စွေ့မျိုးနွယ်စုရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ... ကြီးကြီးမားမား ကိစ္စမဟုတ်ရင် ... မင်းကိုမရဏကမ္ဘာကနေ ဘယ်တော့မှ ထွက်ခွာခွင့်မပြုပါဘူး ...
... အထူးသဖြင့် မင်းရဲ့ ကျင့်ကြံမှုနဲ့ အဆင့်အတန်းအရ မန်ပိုနန်းတော်ကတောင် မင်းကိုခေါ်လာဝံ့မှာ မဟုတ်ဘူး။ ”
ဤစကားများသည် စွေ့ကျင်းယန် သည်သာမက နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီကို တုန်လှုပ်သွားစေသည်။
ထို့နောက် စုရီမှ ကောင်းကင်ပေါ် မော့ကြည့်ပြီး ကြိမ်ကုလားထိုင်လက်ရန်းကို ညင်သာစွာ ပွတ်သပ်လျက်၊
“ မင်းဘိုးဘေးက ကမ္ဘာတစ်သောင်း သစ်ပင်ရဲ့ အနှစ်သာရကိုထုတ်ပြီး ကြယ်တာရာ ကောင်းကင်ဖမ်းစီးခြင်း နည်းစနစ်နဲ့ ...
... အဲဒီကျောက်စိမ်းဆွဲသီးကို သန့်စင်ထားတာ မဟုတ်လား ရှင်းရှင်းလေးပဲ ဒါက မင်းကိုပေးဝတ်ပြီး ငါးမျှားနေတာပဲ။ ”
လေထုသည်မှုန်မှိုင်းပြီး တိတ်ဆိတ်သွား၏။ စွေ့ကျင်းယန်ခမျာ မှင်သပ်နေသောအကြည့်နှင့် တိတ်ဆိတ်သွားသည်။
“ ကြယ်တာရာ ကောင်းကင်ဖမ်းစီးခြင်း နည်းစနစ်ကို တကယ်သိလား။ ”
ဤသည်မှာ စွေ့မိသားစုတစ်ခုလုံးတွင် သူမ၏ဘိုးဘေးတစ်ဦးတည်းသာ နားလည်သော လျှို့ဝှက်နည်းစနစ် ဖြစ်၏။ မိသားစုဝင်များပင် မသိနိုင်ချေ။
“ ဒါဆို တာအိုစုက ... မရဏတရားစီရင်သူရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းပြီးပြီလား။ ”
ထိုအချိန်တွင် နဝမမြောက်အကြီးအကဲနှင့် ရွယ်ယီသည်လည်း ငြိမ်သက်မနေနိုင်တော့ချေ။ ဆိုလိုသည်မှာ စွေ့ဘိုးဘေးရှာဖွေနေသူသည် ဤစုရီဖြစ်နေ၏။
“ တကယ်ပဲ ... ငါ့ဘိုးဘေးကို သိနေတာလား။ ”
စုရီမှ ပြန်မဖြေချေ။ စွေ့ကျင်းယန်ခါးတွင် ချိတ်ထားသော ကျောက်စိမ်းဆွဲသီးထံ ကြည့်ပြီး၊
“ ဒီကျောက်စိမ်းဆွဲသီးကို ကြည့်ပါရစေ။ ”
-ဟု တောင်းဆိုလိုက်၏။
စွေ့ကျင်းယန်မှ တုံ့ဆိုင်းသွားသော်လည်း ကျောက်စိမ်းဆွဲသီးကို ခါးမှဖြုတ်ပြီး ပေးအပ် လိုက်လေသည်။
“ နင် ... နားမလည်ရင် မလုပ်ရဘူး နင်ရဲ့ခွန်အားနဲ့ ဒီရတနာကို မဖြေရှင်းနိုင်မှာ ငါကြောက်မိတယ် ... ဟမ့် ... ။ ”
သို့သော် သူမစကားကို ဂရုမစိုက်ဘဲ စုရီတစ်ယောက် လက်ဖြင့် ပုတ်လိုက်တော့၏။ အကျိုးဆက်မှာ စွေ့ကျင်းယန်ကို မျက်လုံးများ ပြူးကျယ်သွားစေသည်။
စုရီလက်ချောင်းထိပ်မှ တောက်ပသော အလင်းရောင်တစ်ခု ပန်းတစ်ပွင့်ကဲ့သို့ ပွင့်ကာ ကျောက်စိမ်းဆွဲသီးအပေါ် ဖုံးအုပ်သွား၏။
ထိုအလင်းကို ကျောက်စိမ်းဆွဲသီးမှ တဖြည်းဖြည်းခြင်း စုပ်ယူလာသည်နှင့်အမျှ ခရမ်းရောင်အလင်းတန်းများဖြင့် တုန့်ပြန်လာ၏။
အဆုံးတွင် ၎င်းအလင်းမှသည် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများအဖြစ် ပြောင်းလဲသွားသည်။ သင်္ကေတတိုင်းသည် စပါးစေ့ကဲ့သို့ သေးငယ်ပြီး ဆန်းကြယ်၏။
၎င်းတို့သည် ရှုပ်ထွေးလျက် ဝိညာဉ်ရှိနေသကဲ့သို့ တဖျပ်ဖျပ်လွင့်ကာ တုန်ခါ နေတော့သည်။ စွေ့ကျင်းယန်ပင် မှင်သပ် သွား၏။
စုရီက ကျောက်စိမ်းဆွဲသီးပေါ်ရှိ ထိုသင်္ကေတများထံ စိုက်ကြည့်ကာ အမူအရာ တုန်ခါလာသည်။ ဤသည်မှာ ကြယ်တာရာ ကောင်းကင်ဖမ်းယူခြင်း နည်းစနစ်ဖြင့် ပေါင်းစပ်ထားသော တာအိုဘာသာဖြစ်၏။
“ အဖိုးကြီးစု ... ငရဲကမ္ဘာမှာ အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာတော့မယ် ဒါကြောင့် ... ငါ နာကျည်းခြင်းပင်လယ်ဆီကို ခရီးထွက်ရမယ် ...
... အသက်ရှင်လျက် ပြန်လာနိုင်မလား ဘယ်အချိန်ပြန်ရောက်မလဲ ... ငါမပြောနိုင်ဘူး မင်းမှာ အကြောက်တရားမရှိတာ ငါသိတယ် ...
... ဒါပေမယ့် မင်းမရဏကမ္ဘာကို ပြန်လာတဲ့အခါ ... မင်းရဲ့အထောက်အထားကို ထုတ်မပြမိစေဖို့ မျှော်လင့်တယ် မရဏကမ္ဘာက အရင်လို မဟုတ်တော့ဘူး ...
... မင်းပြန်လာတဲ့အခါ မင်းအတွက် သစ်ရွက်လေးက ... ထပ်ပြီးဝမ်းနည်းနေစရာ မရှိတော့မှာတော့ သေချာတယ်။ ”
ခရမ်းရောင် အလင်းများ တဖြည်းဖြည်း မှိန်လာသည်နှင့်အမျှ ကျောက်စိမ်းဆွဲသီးပေါ်ရှိ တာအိုစာတန်းများ ပျောက်ကွယ်သွားသည်။
စုရီက ကျောက်စိမ်းဆွဲသီးကိုကိုင်ကာ အတွေးထဲနစ်မျောသွားသည်။ စွေ့လုံရှင်းသည် သူ ပြန်လည်မွေးဖွားခြင်း အောင်မြင်ကြောင်း တွက်ဆနိုင်ပုံရ၏။
ထို့ကြောင့် ရွှမ်နင်ကိုပင် ဤတိုက်ကြီးသို့ပို့ဆောင်ရန် ကမ္ဘာတစ်သောင်း သစ်ပင်အပေါ် အသုံးပြုပေးခဲ့သည်။
တစ်ဖက်လူသည် လက်ရှိအချိန်၌ ခက်ခဲသောအခြေအနေတစ်ခုနှင့် ကြုံတွေ့နေ ပုံရကာ သတိပေးရန်အတွက် စွေ့ကျင်းယန် ကိုပင် သူ့ထံစေလွှတ်ခဲ့သည်။
ထိုအချင်းအရာကို စွေ့ကျင်းယန်ပင် မသိစေသည်မှာ စွေ့လုံရှင်း ကြုံတွေ့နေရသည့် အရာသည် အလွန်ဒုက္ခဖြစ်ကြောင်း သံသယဖြစ်စရာ မလိုချေ။
( အဲဒီမြေခွေးအိုကြီးက ... ဒုက္ခတွေနဲ့ ရောထွေးခံရမှာကို ကြောက်လို့ တစ်ချိန်လုံး ဂူအောင်းနေတာမဟုတ်လား နာကျည်းခြင်း ပင်လယ်ဆီ ဘာလို့ ခရီးထွက်ရတာလဲ။ )
စုရီခမျာ မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူ၏ ကျင့်ကြံမှုဖြင့် အသက်ရှင်လျက် ပြန်လာနိုင်ခြင်း ရှိ၊မရှိ မသိနိုင်သည်လော။ မည်သို့သော ပြဿနာပေနည်း။
“ မင်းမလာခင် ငရဲကမ္ဘာမှာ ... ထူးထူးခြားခြား အဖြစ်အပျက်တစ်ခုရှိခဲ့လား။ ”
စုရီက စွေ့ကျင်းယန်ထံ လှည့်မေး၏။ စွေ့ကျင်းယန်မှ ရှုပ်ထွေးနေဟန်ဖြင့် ပြန်ကြည့် လေသည်။
“ ဘာကို ဆိုလိုချင်တာလဲ။ ”
စုရီက ဆက်မပြောတော့ဘဲ နဝမမြောက်အကြီးအကဲထံ လှည့်လိုက်သည်။
“ မင်းကော နားလည်လား။ ”
နဝမမြောက် အကြီးအကဲမှ ချက်ချင်း ပြန်မဖြေနိုင်ချေ။ အချိန်အတော်ကြာအောင် ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက်၊
“ ဒါက မကြာသေးမီက ပျံ့နှံ့နေတဲ့ ကောလာဟလတစ်ခုများလား ။ ”
“ ပြောပါဦး။ ”
“ မကြာသေးမီက မရဏကမ္ဘာရဲ့ အင်အားစုတိုင်းအပေါ် ဆွဲဆောင်နေတဲ့ ကောလဟာလတစ်ခု ထွက်ပေါ်လာတယ် ...
... ဒါက မရဏသင်္ဘောလို့ ခေါ်တဲ့ ... ဆန်းကြယ်တဲ့ သင်္ဘောတစ်စင်း နာကျည်းခြင်း ပင်လယ်မှာ ထွက်ပေါ်လာတယ် ... ဒီသင်္ဘောကို မြင်တဲ့သူတိုင်း ရုတ်တရက် ပျောက်ကုန်တယ် ...
... လွန်ခဲ့တဲ့သုံးနှစ်ခန့်က အဝါရောင်နွေဦးနန်းတော်က ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ပါဟာ အဲဒီမရဏသင်္ဘောကို သူ တွေ့ခဲ့တယ်လို့ ရေးထားတဲ့ စာတစ်စောင်ချန်ပြီး ပျောက်ကွယ်သွားတယ် ... ။ ”
... နောက်မကြာဘူး ... အနက်ရောင် တံဆိပ်တစ်ခုချန်ပြီး မရဏကမ္ဘာရဲ့ တန်ခိုးရှင် တော်တော်များများ ပျောက်ကုန်တယ် ...
... ဒါကြောင့် တစ်စုံတစ်ယောက်က ဒီမရဏသင်္ဘောကိုမြင်ရင် ပျောက်ကွယ်သွား နိုင်တယ်လို့ ကောလဟာလတွေ ရှိလာတယ် ...
... ဒီသင်္ဘောရဲ့ မူလကို မသိနိုင်ပေမယ့် မရဏသင်္ဘောဟာ ဒဏ္ဍာရီလာနာကျည်းခြင်း ပင်လယ် တစ်ဘက်ကမ်းကနေ လာတယ်လို့ ခန့်မှန်းလိုက်ကြတယ်။ ”
ထိုစကားကို ကြားပြီးနောက် စုရီတစ်ယောက် အတွေးနက်လာတော့သည်။ ဆိုလိုသည်မှာ မရဏသင်္ဘောသည် မရဏကမ္ဘာ အတွက် မကောင်းဆိုးရွားပေပင်။ ကြီးစွာသော ကပ်ဘေးအဖြစ် မြင်နေကြ၏။
နာကျည်းခြင်းပင်လယ်ဟူသည် မရဏကမ္ဘာ၌ တားမြစ်မြေပေပင်။ တန်ခိုးကြီး ဧကရာဇ်များသည်ပင် မစွန့်စားလိုကြချေ။
ထိုလျှို့ဝှက်ဆန်းကြယ်သော မရဏသင်္ဘောသည် အဆိုပါပင်လယ်ပြင်တွင် ရွက်လွင့်နေခြင်းသည် အမှန်ပင် စိတ်ဝင်စားစရာပေပင်။
“ မြေခွေးအိုကြီး စွေ့လုံရှင်းပြောတဲ့ အပြောင်းအလဲဖြစ်ရပ်ဆိုတာ မရဏသင်္ဘောနဲ့ ဆက်စပ်နေသလား ... မဟုတ်ရင် သူ ဘာလို့ နာကျည်းခြင်းပင်လယ်ကို သွားရတာလဲ။ ”
စုရီတစ်ယောက် အနည်းငယ် မသေချာတော့ချေ။ ထိုရေရွတ်သံကို ကြားပြီး နဝမမြောက် အကြီးအကဲမှာ အတွေးများဖြင့် စုရီကို မော့ကြည့်လိုက်လေသည်။
( တာအိုစု ... မင်းဘယ်သူလဲ။ )
***