ကြွက်တစ်ကောင်ပါလား ... ။
Vol. 50 Ch. 590
“ စုရီ ... နင် လျှို့ဝှက်ချင်ယောင် ဆောင်မနေနဲ့ ... အဲဒီကျောက်စိမ်းဆွဲသီးထဲမှာ ဘာတွေရေးထားတာလဲ။ ”
အဆုံးတွင် စုရီသည် ခေါင်းယမ်းလျက် ကျောက်စိမ်းဆွဲသီး ပြန်ပေးလိုက်၏။ ထို့နောက် စွေ့ကျင်းယန်ထံ ပြန်ကြည့်ကာ၊
“ မင်းဘိုးဘေး ပြန်ရောက်လာတဲ့အခါ ဒီမေးခွန်းကို မေးလို့ရတယ်။ ”
-ဟု ပြန်ဖြေ၏။
စွေ့ကျင်းယန်မှ မကျေမနပ်ဖြစ်သွားသည်။
“ နင် မပြောချင်ဘူးဆိုရင် မေ့လိုက်ပါ။ ”
“ မင်းဘိုးဘေးက မင်းကို ... မပြောဘူးဆိုတာ မင်းကိုမသိစေချင်လို့ပါ။ ”
ထို့နောက် စုရီက နဝမမြောက် အကြီးအကဲထံ ပြန်ကြည့်ကာ၊
“ ဒီတစ်ကြိမ် ... မိုးပြာတိုက်တိုက်ကြီးရဲ့ ခရီးစဉ်မှာ မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။ ”
နဝမမြောက်အကြီးအကဲခမျာ ခါးသီးသော အမူအရာဖြင့်၊
“ မူလက ... မိုးပြာမျိုးစေ့အတွက် ဒီကိုလာခဲ့ကြတာပါ အခု စိတ်ပြောင်းသွားပြီ။ ”
-ဟု တုန့်ပြန်လိုက်သည်။ ထို့သို့ စိတ်မပြောင်းသော် အသတ်ခံရမည်မှာ သေချာ ချေပြီ။ စုရီမှ အကြည့်များ လင်းလက်လာပြီး၊
“ ဒါဆို မင်းတို့ ပြန်တော့မှာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဟုတ်ပါတယ် ... ဒါပေမယ့် ခုတော့ မဟုတ်သေးဘူး အာကာသဥမင်လှိုဏ်ခေါင်းက မတည်မငြိမ်ဖြစ်နေတယ် ဂိုဏ်းဆီကနေ ဆက်သွယ်မဲ့အချိန်ကိုသာ စောင့်ရမယ် ... ။ ”
“ ဘယ်လောက် စောင့်ရမလဲ။ ”
“ အနည်းဆုံးတော့ (၆)ပဲ။ ”
“ (၆)လလား ... ။ ”
စုရီမှ အနည်းငယ်ချိန်ဆလျက်၊
“ ဒါဆို ... ငါမင်းနဲ့လိုက်ခဲ့မယ်။ ”
ထိုစကားကြောင့် နဝမမြောက် အကြီးအကဲခမျာ အံ့အားသင့်သွားပြီး၊
“ တာအိုစု ... မင်းမရဏကမ္ဘာကိုသွားဖို့ စီစဉ်နေတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ငါ့မိတ်ဆွေတွေဆီကနေ ပစ္စည်းအချို့ ပြန်ယူဖို့ ရှိနေတယ်။ ”
ထိုအချိန်တွင် တစ်ချိန်လုံး နှုတ်ဆိတ်နေသော မျက်မမြင်အဘိုးအိုက၊
“ ဆရာစု ငါလည်းလိုက်ချင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
နဝမမြောက်အကြီးအကဲမှ ခဏမျှ ငြိမ်သက်သွားပြီး ခေါင်းညိတ်လျက်၊
“ ကောင်းပြီ ... ဒါကို ကတိပေးနိုင်တယ် ငါတို့ပြန်မယ့်နေ့မှာ ဆက်သွယ်လိုက်ပါမယ်။ ”
“ ကျေးဇူးတင်ပါတယ်။ ”
စုရီမှ ကြိုပြီး ကျေးဇူးတင်လိုက်သည်။ ထိုနောက်တွင် ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ပြောကာ နဝမမြောက်အကြီးအကဲနှင့် အဖွဲ့သည် ပြန်၍ထွက်ခွာသွား၏။
စုရီက ကြိမ်ကုလားထိုင်မှ ထကာ အခန်းထဲဝင်လာခဲ့သည်။ ကျင့်ကြံမှုသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ရောက်သည်မှာ တစ်ရက်သာ ရှိသေးသည်။
ထို့ကြောင့် နှစ်မွှာကျင့်ကြံကာ တည်ငြိမ်အောင် လုပ်ယူရပေဦးမည်။
“ ချင်းဝမ် ... ။ ”
***
ညနေစောင်းအချိန်တွင် အခန်းအတွင်းမှ ထွက်လာကာ ကြိမ်ကုလားထိုင်ကို ပြုပြင်နေ တော့သည်။
ရှားပါး၍ အဖိုးတန်သော ဝိညာဉ်ရေးပစ္စည်းများကို အရည်ဖျော်ပြီးနောက် ကြိမ်ကုလားထိုင်တွင် ပေါင်းထည့်ခဲ့၏။
မျက်မမြင် အဘိုးကြီးအမြင်၌ ဤလုပ်ငန်းစဉ်သည် အနည်းငယ် ဖြုန်းတီးရာ ရောက်သည်ဟု ခံစားနေရသည်။
ဝမ်ရှင်းကျောက်မှ ပြုံးလိုက်သည်။ စုရီအတွက် ဝိညာဉ်ရေးပစ္စည်းများ မည်မျှပင် အဖိုးတန်စေကာမူ သူ့အနားယူသည့် ကြိမ်ကုလားထိုင်ကဲ့သို့ အရေးမကြီးကြောင်း သူမ သိထား၏။
များမကြာခင် စုရီက လက်များကို ပုတ်ခါလျက် ကျေနပ်မှုအရိပ်အမြွက်များဖြင့် ထရပ်လာသည်။
ပြန်လည် သန့်စင်ပြီးနောက် ထိုကြိမ်ကုလားထိုင်၏ အသွင်သည် ပို၍ပင် ရိုးရှင်းလာ၏။ ထိုရိုးရှင်းမှုသည် မှော်ဆန် နေချေပြီ။
ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းခြင်းသည် တာအိုကို ပိုလွယ်ကူစွာ နားလည်နိုင်စေ၏။
၎င်းသည် တရားထိုင်ဗျာများကဲ့သို့ သူ့အတွက် အသင့်လျော်ဆုံးသော ကျင့်ကြံခြင်း အထောက်အကူပြု ရတနာတစ်ခုပေပင်။
အိပ်လျက် တာအိုဉာဏ်အလင်းရယူခြင်း။ ထိုအရာသည် မည်မျှမက်မောဖွယ် ဖြစ်သည်ကို တွေးကြည့်နိုင်မည်။
အရေးအကြီးဆုံးသည် သက်တောင့်သက်သာ ရှိခြင်းပေပင်။ စုရီက ကြိမ်ကုလားထိုင်ပေါ်မှ လဲလျောင်းကာ မျက်ဝန်းများ မှိတ်ချလိုက်တော့သည်။
မျက်မမြင်အဖိုးအိုမှ မျက်ခုံးပင့်မိသည်။ ဆရာစု၏ ဤအသွင်သည် မည်မျှအထိန်းအကွပ် ကင်းမဲ့နေကြောင်း မြင်သာ၏။
အထွတ်အထိပ် ခွန်အားမျိုးနှင့် ဆန်းကြယ်သော နည်းလမ်းများသာ မရှိသော် ပျင်းရိနေသည့် လူဖျင်းအဖြစ် မြင်မိစေမည်။
ကြိမ်ကုလားထိုင်ချရန် နေရာရှိသော် မည်သည့်အခြေအနေမျိုးမှာမဆို မတ်တပ် ထရပ်နေမည် မဟုတ်ချေ။
“ မျက်မမြင်အဘိုးကြီး ... မင်းဒီနေ့ည ဖရိုဖရဲဝိညာဉ်ပင်လယ်ကို ခရီးထွက်ပါ ... ။ ”
စုရီက မျက်ဝန်းများ ပြန်ဖွင့်လာပြီး သူ့ထံစိုင်ကြည့်နေသည့် အဖိုးအိုထံ သိုလှောင် ဆွဲသီးတစ်လုံး ပစ်ပေးလိုက်သည်။
“ ဒီထဲမှာ အင်မော်တယ်ဓားမျှော်စင်ကို ဖြန့်ကျက်ထားတဲ့ တားမြစ်ဝင်္ကပါတစ်ခုရှိတယ် မင်းအတွက် ဝင်ရောက်ဖို့ တံဆိပ်လိုတယ်။ ”
မျက်မမြင်အဘိုးအိုခမျာ နှလုံးသား တုန်လှုပ်သွားပြီး သိုလှောင်ဆွဲသီးဖမ်းယူလျက်၊
“ စိတ်ချပါ ဆရာစု ... မင်းရဲ့ ယုံကြည်မှုအတိုင်း ငါအသက်ရှင်ပေးပါ့မယ်။ ”
-ဟု လေးနက်စွာ ကတိပေးသည်။
“ မင်းအန္တရာယ်ကြုံလာရင် ... အဲဒီဆွဲသီးထဲက အနက်ရောင်တံဆိပ်ကို အသုံးပြုပါ။ ”
ထိုတံဆိပ်သည် ငရဲဘုံကိုးပါးဓား ရောင်ဝါကြိုးမျှင်ပါရှိသည်။ ၎င်းစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး ဝိညာဉ်တာအို နယ်ပယ် ကျွမ်းကျင်သူများကို အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိသည်။
ယမန်နေ့တိုက်ပွဲ၏ အကျိုးဆက်အရ တစ်ဖက်အင်အားစုများသည် ငြိမ်သက်နေမည် မဟုတ်ကြောင်း တွက်ဆနိုင်သည်။
ထို့ပြင် မိုးပြာမျိုးစေ့သည် လူအများ၏ ပစ်မှတ်ဖြစ်စေ၏။ ဆိုလိုသည်မှာ နောင်ကာလ အတွင်း ဒုက္ခများစွာသည် မလွဲမသွေ ရောက်ရှိလာပေမည်။
ဆိုရိုးစကားအတိုင်း မျက်နှာချင်းဆိုင် အရပ်မှလှံကိုရှောင်ရန် လွယ်ကူနိုင်သော်လည်း အမှောင်အတွင်းမှ မြှားကိုကာကွယ်ရန် ခက်ခဲချေမည်။ ထို့ကြောင့် နင်စစ်ဟွာတို့ အဖွဲ့ကို ကြိုတင်ရွေ့ပြောင်းထားရန်လို၏။
“ ရှင်းကျောက် ... ဝမ်လျူရောက်ရင် မြေပုံတောင်းပါ အဲဒီအင်အားစုတွေရဲ့ အိမ်ကို အလည်သွားရအောင် ... မမေ့ပါနဲ့။ ”
“ အစ်ကိုစု၊ မင်းသူတို့ကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ ”
“ ငါ ... သူတို့ကို စိတ်မဝင်စားပေမယ့် အခုချိန်မှာတော့ လူတိုင်းငါ့ကံကြမ္မာကို လုယူဖို့ ဆန္ဒရှိနေကြတယ် ... ဒါက ငါ့ပတ်ဝန်းကျင်က လူတွေကို ထိခိုက်နိုင်ချေရှိတယ်။ ”
“ စိတ်မပူပါနဲ့ အစ်ကိုစု ... ဒီနေ့ ဝမ်လျူမလာရင်တောင် ငါသူ့ကို သွားရှာပြီး ဆက်သွယ်လိုက်ပါ့မယ်။ ”
စုရီမှ ပြုံးလျက် တစ်စုံတစ်ရာ ထပ်မံ ပြောကြားရန်ပြင်လိုက်စဉ် မျက်နှာပြောင်းကာ ခြံတံခါးသို့ မော့ကြည့်လိုက်သည်။
“ ခွင်းဝူတောင် ရီမျိုးနွယ်ဝင် ... ငါရီကျင်းကျစ်က မိသားစုရဲ့သခင်ငယ်ရီရှောင် အမိန့်နဲ့ ရောက်လာပါတယ်။ ”
“ ကိုယ်ဝင်တံခါးဖွင့်ပြီး ဝင်လာပါ။ ”
စုရီက မျက်မှောင်ကြုတ်ကာ တုန့်ပြန်လိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့ဦးလေးကို သတိရလာ၏။ ထိုဦးလေးသည် ထွက်သွားပြီးတည်းက ပြန်မလာတော့ချေ။
“ ကျွီ ... ။ ”
များမကြာမီ ခြံတံခါးဖွင့်သံနှင့်အတူ မီးခိုးရောင်၀တ် အမျိုးသမီးတစ်ဦး ဝင်ရောက် လာခဲ့သည်။ မျက်နှာသည် လှပနေသော်လည်း ရက်စက်မည်မှာ ထင်ရှား၏။
“ မင်္ဂလာပါ တာအိုစု ... ။ ”
အမျိုးသမီးက ရေကန်နား လျှောက်လှမ်းလာကာ နှုတ်ဆက်သည်။ သူမ အသွင်သည် အလွန်သည်းခံ နေရပုံပေပင်။
( ဒီကောင် ... တံခါးထဖွင့်ဖို့တောင် အင်အားမရှိဘူးလား။ )
တစ်ဆက်တည်းမှာပင် ဘေးတွင် ရပ်နေသော ဝမ်ရှင်းကျောက်နှင့် မျက်မမြင် အဖိုးအိုထံ အကြည့်ရွေ့သည်။
( မင်း ... မဖွင့်နိုင်လောက်အောင် ဒီလိုအစေခံမိန်းကလေးမျိုးနဲ့ အလွန်အကြူး သောင်းကျန်းနေခဲ့ရင်တောင် ရွံစရာအဖိုးကြီးနဲ့ ဖွင့်ခိုင်းလို့ရတယ် မဟုတ်လား။ )
မျက်မမြင်အဖိုးအိုမှ လှောင်ပြုံးဖြင့် ရဘ်ချင်စိတ်ကို ထိန်းနေရသည်။ ဤမိန်းမသည် ရူးသွပ်နေ၏။ ဆရာစုကဲ့သို့ လူသည် နတ်ဘုရား ကြွလာလျှင်ပင် ထရပ်မည်မဟုတ်ချေ။
ထို့ကြောင့် သူမကဲ့သို့ ယင်ကောင် တစ်ကောင်အတွက် တံခါးဖွင့်ပေးရန် မည်သို့ ဆန္ဒရှိမည်နည်း။
“ မင်းဘာလာလုပ်တာလဲ။ ”
စုရီက တိုက်ရိုက်မေးသည်။ အပိုစကားများပြောခြင်းကို သူ မကြိုက်ချေ။ ရီကျင်းကျစ်မှ ခံစားချက်များထိန်းလျက် လက်နှစ်ဖက်ကို နောက်ပို့ကာ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ကာ၊
“ တာအိုစု ... မင်းငါ့ကို ရေနွေးကြမ်းတစ်ခွက်နဲ့ ဧည့်မခံတော့ဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။ သို့သော် စုရီမှ တုန့်ပြန်ခြင်း မပြုချေ။ သူမကို စိုက်ကြည့်နေ ခဲ့သည်။
ထိုတုန့်ပြန်မှုသည် ဤလူငယ်ထံမှ လွှမ်းမိုးမှုကိုချိုးဖြတ်လိုသော သူမကိုယ်ဟန်အရ မရေမရာ ဖြစ်လာတော့သည်။
( ဒီကောင် ဘာလို့ ဒီလောက် ကြီးစိုးနေရတာလဲ။ )
အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီး ရဲဝံ့လွန်းသောအမျိုးသမီးနှင့် ရွံ့စရာမျက်မမြင်အဖိုးအိုသည်လည်း သူမအပေါ် ထူးဆန်းစွာ စိုက်ကြည့်နေသည်ကို သတိထားမိလာ၏။
ထို့ကြောင့် အနည်းငယ် အဆင်မပြေ ဖြစ်လာကာ လက်နှစ်ဖက်ကို ဖြည်ချမိသည်။ သို့သော် ထိုအမူအရာသည် ကြိမ်ကုလားထိုင်မှ ထိုင်ကြည့်နေသော လူငယ်ရှေ့တွင် ပို၍ အဆင်မပြေဖြစ်လာ၏။
လူငယ်တစ်ယောက်သည် ထိုင်နေရုံဖြင့် ဤမျှထိတ်လန့်စရာ ကောင်းလွန်းသည်လော။ ချက်ချင်း ချောင်းဟန့်လျက်၊
“ အဟမ်း ... ငါက မင်းအဖေရီယုဖေးနဲ့ မင်းဦးလေးရီယွင်လန်တို့နဲ့ မျိုးဆက်တူပဲ ... မင်း အဒေါ်လို့ သတ်မှတ်နိုင်တယ်။ ”
-ဟု ထုတ်ဖော်လိုက်ရသည်။
“ မင်းဆက်ပြီး ဒီလိုတွေပြောနေရင် ငါသတ်ပစ်မယ်။ ”
ထိုလေသံသည် ပေါ့ပေါ့ပါးပါးနှင့် ရိုးရှင်းသည်။ သို့သော် စကားလုံးရှိအဓိပ္ပါယ်မှာ ပြင်းထန်ချေ၏။
( ဒီကောင် ... ။ )
အမျိုးသမီးက စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း အပြုံးတစ်ပွင့်ဖြင့်၊
“ ငါလည်ပတ်ရတဲ့ ရည်ရွယ်ချက်က အရမ်းရိုးရှင်းပါတယ် ... သုံးရက်နေရင် ငါတို့ရဲ့ လောရင်တောင်ကိုလာပြီး ...
... မျိုးပြာမျိုးစေ့ လွှဲပေးပါ ... မဟုတ်ရင် မင်းဦးလေးရီယွင်လန် မျက်နှာကို ဘယ်တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်ဘူး။ ”
-ဟု ဝင့်ကြွားစွာ ပြောကြားလိုက်၏။
စုရီတစ်ယောက် သက်ပြင်းချသည်။ မျှော်လင့်ထားသည့်အတိုင်း သူ့ဦးလေးအဖမ်းခံ ထားရချေပြီ။ သူ့အကြံဉာဏ်အပေါ် လက်မခံဘဲ ခေါင်းမာလွန်းသည်။ သို့သော် စိတ်မပူချေ။ ယင်းအစား အမျိုးသမီထံ ပြန်ကြည့်ကာ၊
“ ရီရှောင်ကို ... လူသတ်သမားအဖြစ် အရမ်းအစွမ်းထက်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ အခုတော့ ကြွက်တစ်ကောင်ပါလား။”
-ဟု ရေရွတ်လိုက်တော့၏။
***