ခွေးတစ်ကောင် လိုအပ်တယ်
Vol. 31 Ch. 396
ထူးထူးခြားခြား တိတ်ဆိတ်သွားသော ဓားစံအိမ်၏ အခြေအနေကို နားလည်သည့် ဧည်သည့်များ ထွက်ခွာသွားသောအခါ ဆောင်ပိုနှင့် ဟူယန်လော့သာ ကျန်ရစ်ခဲ့၏။ ဟူယန်လော့၏ မျက်နှာအထက်တွင် ယူကြုံးမရ ဖြစ်နေပုံပေါ်ပြီး မျက်ဆံမရှိသော အဖြူရောင်မျက်ဝန်းများ၌ သွေးကြောများ အနီရောင် တောက်ပနေသည်။
"ဒီကောင့်ရဲ့ဘဝကို ကျိန်စာသင့်စေချင်တယ်"
သူက အံကြိတ်၍ ကြုံးဝါးလိုက်ပြီး အေးစက်စက် ဖြစ်နေခဲ့သည်။
"အသက်ရှည်ရှည်နေရပြီး နေ့တိုင်း သေချင်စိတ်ပေါက်စေရမယ်"
ဆောင်ပိုက စကားကို အဆုံးသတ်ပေးလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းစွာ အာမခံပေးခဲ့သည်။
"ရှေးဟောင်းသားတော် စိတ်မပူပါနဲ့။ သူက ဒီကစားပွဲမှာ ရုပ်သေးတစ်ရုပ်ပဲ။ မကြာခင် သေရလိမ့်မယ်"
ဟူယန်လော့သည် ကိုယ့်ကိုကိုယ် တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူနေသော်လည်း ဒေါသမီး တောက်လောင်နေဆဲပင်။ တစ်ဖက်လူ၏ ရိုးသားဖြူစင်ဟန် မျက်နှာကို ပြန်လည်မြင်ယောင်လာပြီး ဓားတစ်ချက်တည်းဖြင့် ဒူးထောက်ခဲ့ရသည်ကို မကျေမချမ်း ဖြစ်နေရင်း အရှက်တကွဲအကျိုးနည်း ခံစားနေရသည်။
"ရှေးဟောင်းသားတော် သခင်ကြီးက မင်းကို ဆင့်ခေါ်နေတယ်"
အရိပ်ထဲမှာ အသံတစ်သံ ထွက်ပေါ်လာ၍ အနက်ရောင်ဝတ် အစောင့်တစ်ယောက်ဖြစ်ကာ ဟူယန်လော့ကို ကာကွယ်ပေးနေသူများအနက် ပါဝင်ခဲ့သည်။ သူတို့ ဝင်ရောက်စွက်ဖက်သည်မှာ ရှားပါးသော်လည်း အသက်အန္တရာယ်နှင့် သက်ဆိုင်လျှင် လှုပ်ရှားတတ်ကြပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ ငြိမ်းချမ်းနေသရွေ့ ကာကွယ်ပေးမည် မဟုတ်ချေ။ ဟူယန်လော့က သက်ပြင်းချ၍ စံအိမ်အတွင်းပိုင်းသို့ ဝင်ရောက်သွားသောအခါ ဆောင်ပိုလည်း စိတ်လေးလေးဖြင့် လိုက်ပါသွားခဲ့၏။
တိတ်ဆိတ်မှုတစ်ခု ခြောက်ခြားဖွယ် ဖုံးလွှမ်းနေသည့် ခန်းမတစ်ခုအတွင်း သူတို့က လေးစားစွာ ခေါင်းငုံ့ ဝင်ရောက်လာကြသည်။
"ဓားစံအိမ်သခင်ကို အရိုအသေပေးပါတယ်"
ဆောင်ပိုက လေးစားစွာ ဦးညွှတ်ခဲ့သည်။
ရှေ့မှောက်တွင် အနက်ရောင်ဝတ်လူတစ်ယောက် ထိုင်နေပြီး ပူနွေးသော လက်ဖက်ရည်ကြမ်းကို အရသာခံ သောက်သုံးနေ၏။ ခန့်ညားသော ပုံရိပ်အနားတွင် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေ ပိုင်ရှင် မိန်းကလေးတစ်ယောက် ရပ်နေပြီး ကောက်ကြောင်းပေါ်လွင်သည့် သံချပ်ကာ ဝတ်ဆင်ထားကာ ဆံပင်ရှည်ကို စည်းနှောင်ထား၍ အကြည့်များ စူးရှသည်။ ဟူယန်လော့ကဲ့သို့ မျက်ဆံ မရှိသောကြောင့် သူမ၏ အလှတရားမှာ လူသားမျိုးနွယ်နှင့် မသက်ဆိုင်သကဲ့သို့ ထင်မှတ်ရသည်။
"သခင်မလေးပင် မင်္ဂလာပါ"
ဆောင်ပိုက သူမကို တွေ့သောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မသက်မသာ နှုတ်ဆက်ခဲ့သည်။
"ဒူးထောက်စမ်း"
"ဟုတ်ကဲ့"
အနက်ရောင်ဝတ်လူက လက်ဖက်ရည်ကြမ်း သောက်နေရာမှ အမိန့်ပေးလိုက်သောအခါ ချွေးများ စိုရွှဲနေသည့် ဟူယန်လော့နှင့် ဆောင်ပို ချက်ချင်း ဒူးထောက်လိုက်ကြပြီး အသံပင် မထွက်ရဲတော့ချေ။
"သေရည်သောက်တာ လျှော့ရမယ်၊ ကလေး။ လက်ဖက်ရည်ကြမ်းက ပိုကောင်းတယ်။ ဒီနဂါးလျှာလက်ဖက်ရည်က ခွန်အားလိုတဲ့ ဓားသမားတွေအတွက် ကျန်းမာရေးကို အထောက်အကူပြုတယ်"
"ကျေးဇူးတင်ပေမယ့် အရသာက ပေါ့လွန်းတယ်"
သခင်ကြီးက အကြံပေးလိုက်သောအခါ ဟူယန်ပင်မှာ ခေါင်းညိတ်၍ ပြန်ဖြေခဲ့သည်။
"ကျားသေရည်က အရသာပြင်းပေမယ့် မကျန်တော့တာ နှမြောစရာပဲ"
တစ်ချိန်က သေသောက်ကြူး ဖြစ်ခဲ့သော်လည်း သခင်ကြီးမှာ လက်ရှိ၌ လက်ဖက်ရည်စွဲနေခဲ့သည်။
"အဖေ ကျွန်တော် မှားသွားပါတယ်"
ထိုစကားကို ကြားသောအခါ ဟူယန်လော့မှာ ထိတ်ထိတ်ပျာပျာဖြင့် ဦးချ၍ အပြစ်ဝန်ခံလိုက်သည်။
"မင်းရဲ့ အပြစ်က ဘာလဲ။ ပြောစမ်းပါဦး"
သခင်ကြီးက ပြုံးနေသော်လည်း တင်းမာသောအကြည့်ကြောင့် ပတ်ဝန်းကျင်မှာ အေးစက်နေသည်။
"ပြိုင်ဘက်ကို အထင်သေးပြီး လျှော့တွက်မိလို့ အဖိုးတန်ရတနာတစ်ခု ဆုံးရှုံးသွားခဲ့တယ်။ အဖေနဲ့ ဓားစံအိမ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်မိပါတယ်"
"မှားတယ်"
"ဘယ်နေရာမှာ မှားသွားတာလဲ"
သခင်ကြီးက လက်ဖက်ရည်တစ်ငုံသောက်၍ ခေါင်းယမ်းလိုက်သဖြင့် သူ့ကို စိတ်ရှုပ်သွားစေ၏။
"မင်းရဲ့ အကြံက ဟာကွက်မရှိဘူး။ ကံဆိုးတာ ဖြစ်ရမယ်။ အင်မော်တယ်မျိုးဆက်ကလွဲလို့ ဝိညာဥ်စားကူကောင်ကို ဘယ်သူမှ မသိနိုင်ဘူး။ ကပ်ဘေးအရိုးကို ချက်ချင်း စုပ်ယူနိုင်တဲ့ လူမျိုးအကြောင်း ငါတောင် မကြားဖူးဘူး"
သခင်ကြီးက ရှင်းပြလိုက်သောအခါ ဆူပူကြိမ်းမောင်းခံရရန် အသင့်ပြင်ထားသည့် ဟူယန်လော့ မင်သက်သွားသည်။
"ဘယ်လိုဖြစ်ဖြစ် ဓားစံအိမ် သိက္ခာကျခဲ့ပါတယ်။ အဖေ ကျွန်တော် သင်ခန်းစာ ရပါပြီ။ နောက်တစ်ကြိမ်ကျရင် တိတိကျကျ ပြတ်ပြတ်သားသားနဲ့ အဆုံးသတ်လိုက်ပါမယ်"
သူက စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ဖခင်ကို မော့ကြည့်ကာ ကတိပြုလိုက်၏။
"မလိုအပ်ဘူး။ မင်း သူ့ကို မနိုင်ဘူး"
"ဒါပေမယ့် အဖေ..."
"ငါ့စကားကို နားထောင်စမ်း။ ဒီသင်ခန်းစာကနေ ဓားပညာရပ်မှာ ဆက်ပြီး လေ့ကျင့်နေ"
သခင်ကြီး၏ အသံက ပိုမိုအေးစက်လာကာ အာဏာရှင်ဆန်လာ၏။
"ဟုတ်ကဲ့"
သူက မကျေမနပ် ဖြစ်နေသော်လည်း လက်ခံရန်မှ လွဲ၍ ရွေးချယ်စရာ မရှိချေ။
"ပင်အာ၊ ဒီလူအကြောင်း သေချာစုံစမ်း။ ဓားနဲ့ ရုန်း နှစ်မျိုးကျင့်ကြံသူဆိုတာက ဆန်းကြယ်နေတယ်။ ငါ အသေးစိတ် သိချင်တယ်"
ထို့နောက် သခင်ကြီးက ဟူယန်ပင်ဘက် လှည့်ကြည့်၍ အမိန့်ပေးလိုက်ရင်း ဟူယန်လော့နှင့် ဆောင်ပိုကို ထွက်ခွာသွားရန် မောင်းထုတ်ပစ်ခဲ့သည်။
"အဖေ အင်မော်တယ်သုံးပါး မွေးဖွားခြင်းအကြံမှာ အပြောင်းအလဲ ရှိလား"
ဟူယန်ပင်က စုံစမ်းရေးအတွက် ထွက်ခွာမသွားခင် လေးနက်စွာ မေးလိုက်ခြင်းဖြစ်၏။
"အပြောင်းအလဲ မရှိဘူး"
"ဒါပေမယ့် လန်ရီက သူနဲ့ လက်ချင်းတွဲထားတယ်။ ကျွန်မတို့ ထင်ထားသလို ကပ်ဘေးသယ်ဆောင်သူ မဟုတ်ရင်ရော..."
"ဖြစ်ကို ဖြစ်ရမယ်"
"နားလည်ပါပြီ"
သခင်ကြီး၏ စကားမှ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်ခဲ့သောကြောင့် သူမသည် ခန်းမအတွင်းမှ ထွက်ခွာလာသောအခါ အပြင်ဘက်၌ ဟူယန်လော့နှင့် ဆောင်ပိုတို့ စောင့်ဆိုင်းနေဆဲပင်။
"အစ်မ"
"ဘေးဖယ်စမ်း။ ရှက်စရာကောင်းလွန်းတယ်"
ဟူယန်လော့က အနေရခက်ဟန်ဖြင့် ပြုံးပြ၍ နှုတ်ဆက်လိုက်သော်လည်း မထီမဲ့မြင် အလုပ်ခံခဲ့ရသည်။ သူ၏ မျက်နှာထား တင်းမာသွား၍ ထောင်းခနဲ ဒေါသထွက်လာသော်လည်း ထွက်သွားခြင်းမရှိဘဲ ရပ်နေ၏။
"မင်းက ငါ့နောက်ကို ဘာလို့ လိုက်တာလဲ"
ဆောင်ပိုက ဟူယန်ပင်အနောက်တွင် ခပ်ရို့ရို့ နေရာယူလိုက်သောကြောင့် အေးစက်စက် အကြည့်တစ်ချက်ဖြင့် ရင်ဆိုင်လိုက်ရသည်။
"သခင်မလေးပင်ကို ကူညီဖို့ပါ"
"ကောင်းပြီ။ ငါလည်း နောက်လိုက်ခွေးတစ်ကောင် လိုအပ်နေတာနဲ့ အတော်ပဲ"
သူမက မျက်လုံးတစ်ချက်လှန်ကြည့်၍ မောက်မာစွာ အမိန့်ပေးခဲ့၏။
ငရဲကိုးထပ်ကမ္ဘာ၊ နားခိုရာဂိုဏ်းအပြင်ဘက် တောင်ကြားတစ်ခုအတွင်း လေအဝှေ့တွင် သွေးနံ့များ ထွက်ပေါ်နေ၏။ မြူခိုးတစ်ခုသည် ဆူးနှင့် နှင်းဆီတစ်ပွင့်ပမာ လှပသော စစ်မင်းသမီးအသွင် ပြောင်းလဲသွားရာ ဆွဲဆောင်မှု ပြင်းထန်လှသည်။ သူမသည် နားခိုရာဂိုဏ်းကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေပြီး ထိုနေရာ၌ ကျောက်တိုင်သုံးခုဖြင့် ပိတ်ဆို့ထားကာ သုံးရောင်ခြယ်လိပ်ပြာများ ပျံသန်းနေကြသည်။
"ကျင့်ကြံသူတွေ ဘယ်ရောက်သွားတာလဲ"
"မသိဘူး"
"ဆက်ပြီး စောင့်ကြည့်နေ"
"ဘာစောင့်ကြည့်ရမှာလဲ။ ဘာမှလည်း မရှိဘူး။ မင်းက အဲ့ဒီယာဥ်ကြီးပေါ် ဘာသွားလုပ်နေတာလဲ"
ယွမ်ရှောင်၏ စကားသံက နှလုံးသားအတွင်းမှ ထွက်ပေါ်လာကာ သူမနှင့် ဆက်သွယ်ခဲ့သည်။
"ငရဲကိုးထပ်ကမ္ဘာကို ကယ်တင်ဖို့ အလုပ်များနေတယ်"
"ဟုတ်လို့လား"
စစ်မင်းသမီးသည် မိန်းမတစ်ယောက်၏ အလိုလိုသိစိတ်အရ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိခဲ့၏။
"မင်းမှာ အချိန်တွေ ပိုနေရင် ဓားအစောင့်အရှောက်နဲ့ တခြားလူတွေကို နားခိုရာဂိုဏ်းကို မစောင့်ကြပ်ဖို့ သွားပြောလိုက်။ ကပ်ဘေးတံဆိပ်ငရဲနဲ့ နေမင်းငရဲကို အရင်တည်ငြိမ်အောင်လုပ်ပြီး ထိန်းသိမ်းခိုင်းထားလိုက်"
နားခိုရာဂိုဏ်း၊ နီအန်နှင့် အင်မော်တယ်သုံးယောက်ကို ထည့်မတွက်လျှင် ငရဲကိုးထပ်ကမ္ဘာ၏ အတွင်းပြဿနာများ ယေဘူယျအားဖြင့် ပြီးဆုံးသွားခဲ့လေသည်။