← Chapters

ရေးဖြေစာမေးပွဲ

Vol. 31 Ch. 400

ရေးဖြေစာမေးပွဲ

Vol. 31 Ch. 400

"ဒါ...ဒါကြီးက"

"ရှူး တိတ်တိတ်နေ"

လန်ရီသည် ဓားစက်ကွင်းဆယ့်ရှစ်ခုကို ကြည့်၍ ပါးစပ်အဟောင်းသား ဖြစ်သွားကာ မျက်ဝန်းလေးများ ဝိုင်းစက်နေသဖြင့် ယွမ်ရှောင်က လျင်မြန်စွာ ဖယ်ရှားလိုက်သည်။ အစွမ်းထက် နတ်ဆိုးအမြုတေများ မရှိသရွေ့ အစွမ်းထက် ဓားအော်ရာ အလွှာသုံးသိန်းနှင့် ယှဥ်လျှင် ၎င်းတို့မှာ အသုံးမဝင်ချေ။

"သွားကြစို့"

ယခုတိုင် မင်သက်ငေးမောနေဆဲ ဖြစ်သော လန်ရီ၏ ပါးပြင်လေးကို သူက ဆွဲညှစ်ကာ သတိပေးလိုက်သည်။

"ဝင်ခွင့်ပြီးရင် ရှေးဟောင်းမျှော်စင်ကို ချက်ချင်း စိန်ခေါ်ချင်တယ်။ ပြီးရင် ငါ့အတွက် ဓားသိုင်းနဲ့ တာအိုဂါထာတွေ ကူညီပြီး ရှာပေးနိုင်မလား"

"ဟုတ်ကဲ့"

လမ်းလျှောက်နေရင်း သူက စကားစလိုက်ရာ လန်ရီသည် ခေါင်းညိတ်၍ သဘောတူခဲ့သည်။ မကြာမီပင် သူတို့သည် ရှေးဟောင်းကျောင်းတော်၏ နေရာအတော်များများကို ကျော်ဖြတ်၍ တာအိုစာမေးပွဲ ကျင်းပသည့် နေရာဖြစ်သော စာရင်းသွင်းခန်းမသို့ ရောက်ရှိလာခဲ့၏။ လမ်းတလျှောက် အဝေးတွင် ရှိနေသော လူအများအပြားသည် ဖြတ်သန်းသွားသော ယွမ်ရှောင်ကို စိုက်ကြည့်ရင်း မျက်နှာအမူအရာ လေးနက်တည်ငြိမ်နေကာ လှောင်ပြောင်ကဲ့ရဲ့ခြင်းများ မရှိသဖြင့် ရှေးဟောင်းကျောင်းတော်တပည့်အများစု၏ စိတ်နေသဘောထားကို သိနိုင်သည်။

"သူက ဒီနေ့ ဝင်ခွင့်စာရင်းသွင်းမလို့လား။ သွားကြည့်ရအောင်"

သူတို့က တိတ်တဆိတ် လိုက်ပါလာကြပြီး ယွမ်ရှောင်သည် စာရင်းသွင်းခန်းမအတွင်း ဝင်ရောက်လိုက်သောအခါ စစ်ဆေးသူ ဆယ်ယောက် ရောက်ရှိနေပြီဖြစ်ကာ ထိုင်ခုံတွင် စာအုပ်၌ ခေါင်းစိုက်ဖတ်ရှုနေသည့် ဦးလေးမြစ်လည်း ပါဝင်၏။ သူက လေးလံသော စာအုပ်ကို ချထားလိုက်ပြီး ပညာရှိတစ်ယောက်ဟန်ပန်နှင့် ယွမ်ရှောင်ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်ကြောင့် မနေ့ညက တော်တော်လေး ပွဲဆူသွားတယ်လို့ ကြားတယ်"

"ဦးလေးက သတင်းရနေပြီလား"

"ဒီလိုနေရာမှာ သတင်းပျံ့တာက နတ်ဆိုးတစ်ကောင်ထက်တောင် မြန်သေးတယ်"

ဦးလေးမြစ်က စနောက်ရင်း ရယ်မောနေကာ ပျော်ပျော်နေတတ်သူ တစ်ယောက် ဖြစ်ကြောင်း သိနိုင်၏။ ဟူယန်လော့နှင့် ပြဿနာသည် တစ်ညအတွင်း ကျော်ကြားစေခဲ့သဖြင့် ယွမ်ရှောင်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားကာ တံခါးဝတွင် စုဝေးနေသည့် တပည့်များမှာ ခေါင်းငုံ့၍ လမ်းဖယ်ပေးလိုက်ကြပြီး လေးစားမှုများ မျက်ဝန်းတွင် တောက်ပနေကြ၏။ မကြာမီ လူငယ်တစ်သိုက် ရောက်ရှိလာကာ အရှိန်အဝါသက်သက်ဖြင့် အရည်အချင်းရှိသူများ ဖြစ်ကြောင်း ပြောနိုင်သည်။ ယွမ်ရှောင်အတွက် ထူးမခြားနား ဖြစ်သော်လည်း တစ်ယောက်ချင်းစီသည် ကျင့်ကြံရေးလောကတွင် အံ့သြဖွယ်ပါရမီရှင်များ ဖြစ်ကာ ကြီးကျယ်ခမ်းနားသော မျိုးရိုးနောက်ခံ ပိုင်ဆိုင်၍ မနာလိုဝန်တိုခံရသူများချည်း ဖြစ်၏။ သို့ရာတွင် အတိတ်၌ သူ မြင်ဖူးသော လူမိုက်သခင်လေးများနှင့် ယှဥ်လျှင် သူတို့က တည်ငြိမ်ထူးခြား၍ မောက်မာထောင်လွှားသည့် အရိပ်အယောင် မရှိဘဲ ရည်မှန်းချက် ကြီးမားပုံသာ ပေါ်လွင်နေသည်။

"သူတို့ရဲ့အသင်းအဖွဲ့က လမ်းပြလို့ ခေါ်တယ်"

လန်ရီက မိတ်ဆက်ပေးလိုက်သောအခါ သူ့ကို စိတ်ဝင်စားသွားစေသည်။

"လမ်းပြအသင်းက ဘာလုပ်တာလဲ"

"ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ အသင်းတစ်ခုဖြစ်ပြီး တပည့်တွေအပေါ် အလွဲသုံးစား မလုပ်ဖို့ ဆရာတွေကို မျက်ခြည်မပြတ် စောင့်ကြည့်တယ်။ ဒါပေမယ့် နောက်ခံတွေ ကွဲပြားပြီး ကိုယ်တိုင် အစီအစဥ်တွေ ရှိနေလို့ ရည်မှန်းချက် ကြီးမားပေမယ့် အရှုပ်အထွေးလို ရောနှောနေတယ်"

သူမက မျက်မှောင်ကြုတ်၍ အသေးစိတ် ရှင်းပြခဲ့သည်။

"မင်းက ဒီအသင်းမှာ မပါဘူးမလား"

ယွမ်ရှောင်က အဖြေကို သိထားပြီးဖြစ်သောကြောင့် လန်ရီမှာ ပခုံးတွန့်ပြ၍ အသစ်ရောက်လာသူများကို စိုက်ကြည့်နေခဲ့၏။ လမ်းပြအသင်း၌ အတွင်းပိုင်းအထိ အင်မော်တယ်သုံးပါး မျိုးဆက်များ ဝင်ရောက်နေရာယူထားပြီး အနာဂတ်အာဏာစက်ကို ရှာဖွေနေကြသည်။ ၎င်းအသင်းသည် အရွယ်အစား သေးငယ်ပြီး ဓားစံအိမ်နှင့် ကောင်းကင်ရင်းမြစ်နယ်မြေကဲ့သို့ ဖွဲ့စည်းထားကာ ဘုရင်တစ်ပါးဖြစ်ခဲ့ဖူးသူအတွက် အာဏာနှင့်ပတ်သက်လျှင် ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်မား၏။

"ထန်ကျစ်က ဦးလေးမြစ်နဲ့ လေးစားရတဲ့ ဆရာတွေကို ဂါရဝပြုပါတယ်။ အမှုထမ်းပေးဖို့ အသင့်ပါပဲ"

ရွှေရောင်အနားကွပ် ဝတ်ရုံဖြူ ဝတ်ဆင်ထားသူ လူငယ်တစ်ယောက်က အပေါင်းအပါများနှင့်အတူ ရှေ့ထွက်လာခဲ့သည်။

"ရှေးဟောင်းသားတော် ကြိုဆိုပါတယ်"

ဦးလေးမြစ်မှ လွဲ၍ ကျန်ဆရာတိုင်း မတ်တပ်ရပ်ကာ ကြိုဆိုလိုက်ပြီး အင်မော်တယ်သုံးပါး၏ နောက်ထပ်တိုက်ရိုက်မျိုးဆက် တစ်ယောက် ဖြစ်နေခဲ့၏။

"ရွှေရောင်တာအိုသန္ဓေ"

ကြယ်ပြာက ထန်ကျစ်ကို စိုက်ကြည့်နေပြီး ယွမ်ရှောင်အား စိတ်ချင်းဆက်သွယ်၍ အသိပေးခဲ့သည်။

"လူသားပါရမီ မျိုးစေ့လား"

"ဟုတ်တယ်။ ငါတို့မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ ယွမ်ဝူထက်တောင် သာလွန်သေးတယ်"

ကြယ်ပြာ၏ စကားကြောင့် သူသည် လန်ရီဘက်လှည့်ကာ တစ်ဖက်လူအကြောင်း စုံစမ်းခဲ့သည်။

"သူက ဘယ်သူလဲ"

"ထန်ကျစ် လမ်းပြအသင်းခေါင်းဆောင် ကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက်နဲ့ ကောင်းကင်ရင်းမြစ်နယ်မြေက တိုက်ရိုက်မျိုးဆက်"

လန်ရီက ထန်ကျစ်အကြောင်း ဖော်ပြလိုက်သည်။

"အကျင့်စရိုက်ကရော ဘယ်လိုလဲ"

"စံပြတပည့်ဖြစ်ပြီး ချောမောယဥ်ကျေးတယ်။ နှိမ့်ချတတ်တယ်။ ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ပေါ့"

ထိုအခိုက်တွင် ယွမ်ရှောင်သည် လမ်းပြအသင်းဝင်များအနက် စူးရှစွာ စိုက်ကြည့်နေသူ နှစ်ယောက်ကို သတိထားမိခဲ့သည်။

"ဒါက ဘယ်သူလဲ"

တစ်ယောက်က ဆောင်ပိုဖြစ်၍ နောက်တစ်ယောက်မှာ သံချပ်ကာဝတ် မိန်းကလေးတစ်ယောက်ပင်။

"ဟူယန်ပင်"

မျိုးရိုးအမည်ကို သိလိုက်ရသောအခါ တစ်ဖက်လူ၏ ရန်လိုစိတ်အကြောင်း သူက နားလည်လိုက်၏။

"မင်းရဲ့ ညီအစ်မ ရင်ရင်လည်း ရောက်နေတယ်"

ယွမ်ရှောင်က ညွှန်ပြနေစဥ် ဆောင်ပိုသည် လျိုရင်ရင်ကို သူ၏နံဘေးတွင် နေရာပေးရန် ဖိတ်ခေါ်နေခဲ့ပြီး သူမမှာ ငြင်းဆန်ရန် သတ္တိမရှိချေ။

"မနေ့ညက အလျင်စလို ထွက်သွားရတာကြောင့် နှုတ်မဆက်လိုက်ရဘူး။ မိန်းကလေးလျို အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်"

ဆောင်ပို၏ အမေးကို လျိုရင်ရင်က စိတ်လှုပ်ရှားနေဟန်ဖြင့် ပြန်ဖြေခဲ့သည်။

"အရာအားလုံးက ရုတ်တရက် ဖြစ်သွားတဲ့အတွက် ယွမ်ရှောင်က အလွန်ဆိုးရွားတယ်။ ငါ သူ့ကို ပြင်းပြင်းထန်ထန် ပြောဆိုပစ်ခဲ့တယ်"

ဟူယန်ပန်၏ တည်ရှိမှုကြောင့် တင်းကြပ်သည်ဟု ခံစားနေရသော လျိုရင်ရင်မှာ အလိုလိုက်အကြိုက်ဆောင်၍ ပြောလိုက်ရသည်။

"လူသစ်တွေ ရောက်လာကြပြီ။ ကြည့်စမ်း၊ အများစုက အောက််နယ်မြေက တက်လာကြတယ်။ အသက်နှစ်ဆယ်ဆိုတော့ နည်းနည်းကြီးနေပြီ။ ငါတို့ကမ္ဘာမှာတော့ ကျောင်းတော်က ထွက်သွားရလောက်တယ်"

ဆောင်ပိုက ချက်ချင်း စကားလမ်းကြောင်းလွှဲလိုက်သဖြင့် လျိုရင်ရင်မှာ မွေးနေ့ပွဲအကြောင်း နောက်တစ်ကြိမ် စကားမစရဲတော့ပေ။ လူသစ်တစ်ရာကျော်အနက် ရှေးဟောင်းအပျက်အစီးနယ်မြေမှ လူငယ်များသည် ပိုမို ငယ်ရွယ်၍ မူလဝိညာဥ် အခြေတည်အဆင့် ငါးယောက် ခြောက်ယောက်ခန့် ပါဝင်၏။

"လူတိုင်း ရောက်လာပြီလား"

"ရောက်ပါပြီ"

ဦးလေးမြစ်က မေးခွန်းထုတ်လိုက်သောအခါ ဆောင်ကျိသည် ခေါင်းညိတ်၍ အတည်ပြုခဲ့သည်။

"အလားအလာ ရှိကြတယ်။ ဝင်ခွင့်ပြီးရင် အသေးစိတ် ကြည့်တာပေါ့"

ဦးလေးမြစ်သည် စည်းမျဥ်းများကို ရှင်းပြရန် စိတ်ဝင်စားပုံမရသောကြောင့် ဆောင်ကျိအနေဖြင့် ကြိုတင်ရှင်းပြပြီး ဖြစ်ပေလိမ့်မည်။

"စည်းမျဥ်းတွေအကြောင်း ပြောဖို့ မေ့နေတယ်။ ဝင်ခွင့်အမှတ်တစ်ရာမှာ ခြောက်ဆယ်ရမှသာ ခန်းမတွေကို ဝင်ရောက်နိုင်လိမ့်မယ်"

"အသေးစိတ်ပြောစရာ မလိုဘူး။ ဒီလောက်လွယ်ကူတဲ့ ဝင်ခွင့်စာမေးပွဲတစ်ခုကိုတောင် မအောင်မြင်ရင် ဘောင်းဘီချွတ်ပြီး ပတ်ပြေးတာကမှ တော်ဦးမယ်"

လန်ရီက စည်းမျဥ်းအကြောင်း ရှင်းပြလိုသော်လည်း ယွမ်ရှောင်သည် လက်ကာပြ၍ ယုံကြည်မှုအပြည့်ဖြင့် တားမြစ်ခဲ့၏။

"ဝင်ခွင့်က တိုက်ခိုက်ရေးစွမ်းအားကိုတင် စမ်းသပ်တာ မဟုတ်ဘူး။ ကျောင်းတော်က တပည့်တစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ မွေးရာပါအရည်အချင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ဒါတွေကိုလည်း စစ်ဆေးတယ်"

ယွမ်ရှောင်အနေဖြင့် လူသစ်များအကြား ဝင်ရောက်သွားပြီဖြစ်သောကြောင့် လန်ရီ၏ စကားများကို မကြားနိုင်တော့ပေ။ လူသစ်များ၏ ရှေ့မှောက်တွင် စားပွဲတစ်ရာကျော် တည်ရှိနေပြီး စာရွက်များ ပြည့်နှက်နေသဖြင့် ရုန်းစာလုံး ရေးဆွဲရမည်ဟု သူက ထင်မှတ်လိုက်၏။

"ဝင်ခွင့်ကို အပိုင်းသုံးခု ခွဲခြားထားတယ်။.ပထမပိုင်းက တာအိုနှလုံးသား စမ်းသပ်မှုဖြစ်ပြီး အမှတ်သုံးဆယ် တန်တယ်"

ထိုအခိုက်တွင် ဆောင်ကျိက အထက်ပါအတိုင်း ကြေညာလိုက်သောကြောင့် ယွမ်ရှောင်မှာ ဇဝေဇဝါဖြစ်သွားခဲ့ရသည်။

"ဝင်ခွင့်စတင်မယ်။ အမွေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်ရှိတယ်"

ဆောင်ကျိက ထပ်မံ ကြေညာလိုက်သောအခါ သူ့အနေဖြင့် စားပွဲတစ်ခု ပေါ့ပေါ့ပါးပါး ရွေးချယ်၍ ထိုင်ချလိုက်သည်။

"ရေးဖြေလား"

သူက စာရွက်ကို ကောက်ယူကြည့်ရှုလိုက်သောအခါ မေးခွန်းသုံးဆယ် ပါဝင်၍ အကြောင်းအရာမျိုးစုံ မေးခွန်းထုတ်ထား၏။

"ငါ့လို ကျင့်ကြံသူတစ်ယောက်က ရေးဖြေစာမေးပွဲ ဝင်ဖြေနေရတာလားဟ"

သူက မင်သက်သွားကာ မေးခွန်းများကို တစ်ချက်စိုက်ကြည့်၍ လုံးဝ ရှုပ်ထွေးသွားပြီး မေးခွန်းကို စစ်ဆေးလိုက်သောအခါ ပို၍ ခေါင်းကိုက်သွားခဲ့သည်။ ဥပမာအားဖြင့် ပထမမေးခွန်း၊ မိစ္ဆာများကို သတ်ဖြတ်ရန် တာဝန်တစ်ခုအတွင်း သင်သည် အောက်ပါရွေးချယ်စရာများအနက် နှစ်ယောက်ကို သတ်ဖြတ်နိုင်သည်။ မည်သူ့ကို ရွေးချယ်မည်နည်း။ အဘယ်ကြောင့်နည်း။

က၊ မတော်တဆ သာမန်လူများကို သတ်မိသည့် ကြင်နာတတ်သော နတ်ဆိုး

ခ၊ သစ္စာဖောက် လူသားကျင့်ကြံသူ

ဂ၊ မိစ္ဆာများကို သတင်းအချက်အလက် ပေးပို့၍ သင်၏ အဖွဲ့အား ထိခိုက်စေခဲ့သော သာမန်လူ

ဃ၊ ကိုယ့်ကိုကိုယ် လက်လျှော့၍ အဖွဲ့သားများကို စိတ်ဓာတ်ပျက်ပြားစေကာ တာဝန်ကျရှုံးစေသည့် ကျင့်ကြံသူ

"ရွေးချယ်စရာနှစ်ခုတည်း ရှိပြီး ရှင်းပြရဦးမှာလား။ မေ့လိုက်တော့။ ငါအတွေးနဲ့ ဖြေရမယ်။ ရိုးရိုးသားသား ဖြေနေရင် သေချာပေါက် အမှတ်ရမှာ မဟုတ်ဘူး"

ပထမမေးခွန်းသည်ပင် ယွမ်ရှောင်ကို မူးဝေသွားစေကာ စိတ်အနှောင့်အယှက် ဖြစ်သွား၏။ စာမေးပွဲ မေးခွန်းထုတ်သူသည် သတ်ဖြတ်ရာ၌ ပြတ်သားမှုကို စမ်းသပ်ချင်ကြောင်း တွေးမိလိုက်သဖြင့် သူက အဖြေလွှာထက်တွင် လှပသေသပ်စွာ ရေးချလိုက်သည်။

"အကုန်သတ်လိုက်။ ဘာမှ ရှင်းပြနေစရာ မလိုဘူး"

All Chapters