နတ်ဆိုးထောင်
Vol. 31 Ch. 402
နတ်ဆိုးအကျဉ်းထောင်၏ နက်ရှိုင်းရာတွင် လေထုသည် ဟိန်းဟောက်သံများနှင့် သံကြိုးများ တဂျောင်ဂျောင်မြည်သံတို့ဖြင့် ပြည့်နှက်နေကာ သံမဏိသံကြိုးများနှင့် မှော်ရုန်းများဖြင့် ပြည့်နှက်နေပြီး ငရဲဘုံသို့ တည့်တည့် ဦးတည်နေပုံရသည်။ ရက်စက်ကြမ်းကြုတ်ပြီး ဒေါသထွက်နေသည့် ဟိန်းသံများသည် စုရုံးရောက်ရှိလာသော တပည့်အသစ်များကို ကျောစိမ့်သွားစေသည်။ နတ်ဆိုးများသည် ကြာမြင့်စွာ ချုပ်နှောင်ခံထားရမှုကြောင့် လူသားများအပေါ် ရက်စက်ကြမ်းကြုတ်လာသည်ဟု ကောလာဟလများ ရှိသည်။ သို့သော် ဤလူသစ်များအတွက် နောက်ပြန်လှည့်ခြင်းသည် ရွေးချယ်စရာတစ်ခုမဟုတ်ပေ။ အကျဉ်းထောင်တံခါးသည် ထိပ်တန်းအဆင့် သံမဏိဖြင့် သွန်းလုပ်ပြီး မှော်ရုန်းစာလုံးများဖြင့် ရေးထိုးထားကာ အတွင်းမှ ဖောက်မထွက်နိုင်အောင် ဒီဇိုင်းထုတ်ထားသည်။ တစ်ခုတည်းသော ထွက်ပေါက်မှာ အချိန်ပြည့်၍ တံခါး ပွင့်လာသည်အထိ ဆက်လက်တိုက်ခိုက်ရန်ဖြစ်သည်။
ယွမ်ရှောင်သည် နောက်ဆုံးမှ ဝင်ရောက်ခဲ့သော်လည်း အလျင်စလိုမရှိဘဲ နောက်မှ လိုက်ပါလာသော ကလေး လေးယောက်ကို လှည့်ကြည့်လိုက်ရာ မျက်နှာများသည် စိတ်လှုပ်ရှားမှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ ရောယှက်နေခဲ့သည်။ နတ်ဆိုးအော်ဟစ်သံများကို နားထောင်ရင်း သူတို့၏ မျက်နှာများ ဖြူဖျော့သွားသော်လည်း စိတ်ဓာတ်များ မယိမ်းယိုင်ခဲ့ပေ။
"အစ်ကိုယွမ်၊ ခင်ဗျား ကိုယ့်အလုပ်ကိုယ် လုပ်ပါ။ ကျွန်တော်တို့က လိုက်မီအောင် ကြိုးစားပါ့မယ်"
အနေအထိုင် သပ်ရပ်ပုံရသော ကလေးတစ်ဦးက သတ္တိမွေး၍ ပြောလိုက်သည်။
"ကျွန်တော်တို့ကြောင့် ခင်ဗျားကို နောက်ကျကျန်စေမှာမဟုတ်ဘူး။ အစွမ်းကုန် ကြိုးစားပါ့မယ်"
အခြားကလေးများကလည်း ဝင်ပြောလိုက်ကြပြီး စိုးရိမ်သော်လည်း နောက်ဆုတ်သွားမည့် လက္ခဏာများ မပြခဲ့ကြပေ။ သူတို့မျက်လုံးများတွင် တောက်လောင်နေသော ဆန္ဒတစ်ခုကို မြင်တွေ့နိုင်၏။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
ယွင်ရှောင်က ထိုကောင်လေးကို မေးလိုက်သည်။
"ယွဲ့မိုလင်ပါ၊ လေနယ်မြေက"
ကောင်လေးက ပြန်ဖြေလိုက်သည်။
"ငါက မင်းကို ရှေးဟောင်းအပျက်အစီးနယ်မြေကလို့ ထင်တာ"
"ဟုတ်ကဲ့၊ ကျွန်တော်က လေနယ်မြေကနေ အပျက်အစီးနယ်မြေကို ခြေချဖူးတဲ့ ပထမဆုံးလူပါ။ ကျွန်တော့်ရဲ့ အိပ်မက်က ကျောင်းတော်ကို ဝင်ခွင့်ရပြီး ဒီမှာ ထာဝရနေဖို့ပဲ။ နေ့ရောညပါ လေ့ကျင့်ခဲ့တယ်၊ ဘယ်တော့မှ မပေါ့ဆခဲ့ဘူး"
"ကောင်းပြီ။ တာအိုနှလုံးသားစာမေးပွဲမှာ မင်းက အမှတ်တော်တော် မြင့်ခဲ့တယ်မလား"
"ဟုတ်ကဲ့၊ ကျွန်တော်က အမှတ် ၂၅ မှတ်ရခဲ့တယ်၊ စတုတ္ထအဆင့်ပါ"
ယွဲ့မိုလင်က ယွမ်ရှောင်၏ မေးခွန်းကို စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။ လူသစ်အုပ်စုသည် ဝင်ပေါက်တွင် တွန့်ဆုတ်နေသည်ကို သတိပြုမိသောအခါ ယွမ်ရှောင်သည် အချိန်ပိုများရှိသဖြင့် စူးစမ်းလိုစိတ်ဖြင့် စကားဆက်ပြော၏။
"ငါ မင်းကို မေးခွန်းတစ်ခု မေးချင်တယ်"
"မေးပါ"
ယွဲ့မိုလင်က ခေါင်းညိတ်၍ ယွမ်ရှောင်သည် သူ့ကဲ့သို့အပြင်လူဖြစ်ကြောင်း ကောင်းစွာသိထားသည်။
"ပထမမေးခွန်းကို မင်း ဘယ်လိုဖြေရှင်းခဲ့လဲ။ လေးယောက်ထဲက နှစ်ယောက်ကို သုတ်သင်ရှင်းလင်းဖို့ ရွေးချယ်ရတဲ့ တစ်ခုလေ"
ယွဲ့မိုလင်က ခဏတာ တွေး၍ အလေးအနက် ပြောလိုက်သည်။
"ကျွန်တော် ယုံကြည်တာက ကျောင်းတော်ရဲ့အမြင်မှာ မှန်ကန်တဲ့ အဖြေက က နဲ့ ခ ကို သုတ်သင်ရှင်းလင်းဖို့ပဲ"
"က နဲ့ ခ လား။ ကြင်နာတဲ့ သဘာဝရှိပြီး မတော်တဆ လူတွေကို အန္တရာယ်ပြုခဲ့တဲ့ နတ်ဆိုးတစ်ကောင်နဲ့ အဖွဲ့သားတွေကို သစ္စာဖောက်ခဲ့တဲ့ လူသားကျင့်ကြံသူတစ်ဦးလား"
ယွမ်ရှောင်က အနည်းငယ် အံ့ဩသွားရာ ယွဲ့မိုလင်က ခေါင်းညိတ်သည်။
"ဘာကြောင့်လဲ။ ငါ့ကို အသေးစိတ်ပြောပြ"
အခြားကလေးသုံးယောက်သည်လည်း ဆွေးနွေးမှုကြောင့် စိတ်ဝင်စားသွားပြီး ပတ်လည်တွင် စုရုံးလာကြသည်။
"ဒါက ရှေးဟောင်းကျောင်းတော်ရဲ့ အဓိကတာဝန်အကြောင်းပဲ။ အဲ့ဒါက နတ်ဆိုးတွေကို သတ်ဖြတ်ချေမှုန်းပြီး သတ္တဝါအားလုံးအတွက် တာအိုကို ကာကွယ်ဖို့ပဲ။ နတ်ဆိုးတစ်ကောင်က ကြင်နာတတ်သလားဆိုတာက တာအိုကို ကာကွယ်သူတွေအတွက် မသက်ဆိုင်ဘူး။ တကယ်လို့ သူက လူသတ်မှုကျူးလွန်ခဲ့ရင် ကျောင်းတော်က ကွပ်မျက်ရမယ်။ အဲ့လိုမလုပ်နိုင်ရင် လူထုကို ရှင်းပြချက်ပေးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် က ကို အဓိကပစ်မှတ်အဖြစ် မရွေးချယ်ရင် အခြေခံအားဖြင့် မှားယွင်းတဲ့ အဖြေတစ်ခုပဲ"
"ဆက်ပြော"
ယွမ်ရှောင်က ခေါင်းညိတ်လိုက်ပြီး သူ့ကို ဆက်ပြောရန် တောင်းဆို၏။
"ဒုတိယတစ်ခု၊ ခ က အဖွဲ့ကို သစ္စာဖောက်ခဲ့တဲ့ လူသားကျင့်ကြံသူတစ်ဦးပဲ။ သစ္စာဖောက်ခြင်းအတွက် အကြောင်းပြချက် ဘယ်လိုပဲဖြစ်ဖြစ် လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။ လူသားမျိုးနွယ်ရဲ့ ရှုထောင့်ကနေကြည့်ရင် အဲ့လိုလူက အပြစ်ပေးခံရသင့်တယ်"
"ဒါပေမဲ့ ငါနားမလည်တာက ဘာလို့ ဂ နဲ့ ဃ ကိုပါ မသုတ်သင်ရတာလဲ"
ယွဲ့မိုလင်၏ ရှင်းပြချက်က ကျိုးကြောင်းဆီလျော်သော်လည်း သူက ဆက်မေးခဲ့သည်။
"ဒါက ဥပဒေစိုးမိုးရေးပြဿနာတွေနဲ့ ဆက်စပ်နေတယ်"
"အသေးစိတ်ရှင်းပြပါဦး"
"ဂ က လက်လျှော့ပြီး လူတိုင်းကို ဆွဲချလို့ တာဝန်ကို ရှုံးနိမ့်စေတဲ့ အဖွဲ့သားပဲ။ ဝန်ထုပ်ဝန်ပိုးတစ်ခုလည်း ဖြစ်တယ်။ အရေးကြီးတာ ဂ က အရည်အချင်းမရှိဘဲ စိတ်ပျက်အားငယ်မှုနဲ့ ရှုံးနိမ့်မှုကို ဖြစ်ပေါ်စေပေမယ့် သစ္စာဖောက်မှု မကျူးလွန်ခဲ့ဘူးဆိုတာကို သတိထားဖို့ပဲ"
"ဒါပေမယ့် သူ့ရဲ့ ရှုံးနိမ့်မှုက အပြစ်မဲ့သူတွေ သေဆုံးခြင်းကို ဖြစ်ပေါ်စေရင် သေသင့်တာ မဟုတ်ဘူးလား"
"သူက အပြစ်ပေးခံရသင့်ပြီး လုပ်ရပ်တွေရဲ့ ပြင်းထန်မှုအပေါ် မူတည်တယ်။ ဒါပေမယ့် သစ္စာဖောက်တာမရှိဘဲ အမှားတစ်ခုခု လုပ်ရုံနဲ့ သူ့ကို တရားစီရင်ခွင့် အဖွဲ့သားတွေမှာ မရှိဘူး။ ရှေးဟောင်းကျောင်းတော် တပည့်တွေဆိုရင် သူ့ရဲ့ လုပ်ရပ်တွေကို ဥပဒေစိုးမိုးရေးအတွက် အကြီးအကဲတွေကို အစီရင်ခံရမယ်။ သူ့ရဲ့ ကံကြမ္မာကို ဥပဒေက ဆုံးဖြတ်သင့်တယ်။ အဖွဲ့သားတွေရဲ့ စိတ်အလိုအတိုင်း မဟုတ်ဘူး"
ယွဲ့မိုလင်က ရှင်းပြလိုက်ရာ ယွမ်ရှောင်သည် ရယ်မောပြီး သဘောတူခြင်း သို့မဟုတ် ကန့်ကွက်ခြင်း မရှိသော်လည်း ရှေးဟောင်းကျောင်းတော် ထောက်ခံမည့် အဖြေဖြစ်ကြောင်း အသိအမှတ်ပြုလိုက်သည်။
"ပြီးတော့ ဃ ကကော ဘယ်လိုလဲ။ ဘာလို့ သူတို့ကို မသတ်ရတာလဲ။ သူက မိစ္ဆာတွေကို သတင်းအချက်အလက် ရောင်းချခဲ့ပြီး လူသားမျိုးနွယ်ကို သစ္စာဖောက်ခဲ့တယ်"
"ဃ ရဲ့ အခြေအနေက ကျောင်းတော်ရဲ့ ကျင့်ဝတ်နဲ့လည်း ဆက်စပ်နေတယ်။ ကျင့်ကြံသူတွေအတွက် သာမန်ပြည်သူတွေက ကောင်းကင်အောက်မှာ အားအနည်းဆုံးသူတွေ ဖြစ်တယ်။ သူတို့ရဲ့ လက်တွေ့ဘဝကြောင့် ကန့်သတ်ခံထားရပြီး မသိနားမလည်ဘူး။ ကျင့်ကြံသူတွေက ကရုဏာတရား ထားပြီး သတ္တဝါအားလုံးရဲ့ အခက်အခဲတွေကို နားလည်ပေးသင့်တယ်။ သာမန်ပြည်သူတွေ မှားယွင်းခဲ့ရင် ကျင့်ကြံသူတွေက ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပြီး လောကကြီးကို ဉာဏ်အလင်းပေးပြီး တကယ်တမ်း အကျိုးပြုနိုင်ဖို့ ကြိုးစားရမယ်။ ပြည်သူတွေကို နတ်ဆိုးအန္တရာယ်ကနေ ကင်းဝေးအောင် သေချာ ကာကွယ်ပေးနိုင်ခဲ့ရင် သူတို့က ဘာလို့ အန္တရာယ်ပြုမှာလဲ"
ဤအဖြေက ယွမ်ရှောင်ကိုပင် အငိုက်မိသွားစေသည်။
"ဒါက တော်တော်လေး မြင့်မြတ်တဲ့ အတွေးအခေါ်ပဲ။ မင်းလို တော်တဲ့ ကလေးတစ်ယောက်အတွက် အမှတ်မြင့်တာ အံ့ဩစရာမရှိဘူး"
သူက ယွဲ့မိုလင်ကို လက်မထောင်ပြ၍ ချီးကျူးလိုက်သည်။
"ခင်ဗျားက သူတို့အားလုံးကို သုတ်သင်ရှင်းလင်းဖို့ ရွေးချယ်ခဲ့တယ်လို့ ကြားတယ်၊ ရှင်းပြချက်လည်း မပေးဘူး။ ယွဲ့မိုလင်ရဲ့ အဖြေကို သိလိုက်ရပြီဆိုတော့ ခင်ဗျားက ဂ နဲ့ ဃ ကို သတ်ပစ်ဦးမှာလား"
စူးစမ်းလိုစိတ်ရှိသော ကလေးတစ်ဦးက မေးလိုက်သည်။
"ငါက သူတို့အားလုံးကို သတ်ပစ်ဖို့ ဆက်ရွေးချယ်ဦးမှာပဲ"
ယွင်ရှောင်၏ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့သွား၍ ယွဲ့မိုလင်အပါအဝင် ကလေးများ မင်သက်သွားကြသည်။
"ဘာဖြစ်လို့လဲ။ ဂ ကို သုတ်သင်ရှင်းလင်းတာက ဘောင်ကျော်တာပဲ။ ပြီးတော့ ဃကို သတ်ဖို့က ကျောင်းတော်ရဲ့ မူတွေကို ဆန့်ကျင်နေတယ်"
ယွဲ့မိုလင်က ထောက်ပြသည်။
" သူတို့က မကောင်းမှုတွေ ကျူးလွန်ခဲ့ရင် တာဝန်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေရင် လူတိုင်းက သူတို့ရဲ့ အမှားတွေအတွက် ပေးဆပ်ရမယ်။ အားနည်းလို့ လွတ်မြောက်ခွင့်ပေးရမှာ မဟုတ်ဘူး။ သူတို့ကို မသတ်ရင် အဲ့ဒါကြောင့် သေဆုံးခဲ့ရတဲ့ တခြားသူတွေအတွက် မတရားဘူး"
ယွမ်ရှောင်က ရှင်းပြလိုက်ပြီး အချင်းချင်း ကြည့်နေသော ကလေးများမှာ ပြောစရာ ကင်းမဲ့၍ အတွေးနက်ကုန်သည်။ အကယ်၍ သူတို့၏ မောင်နှမများ သို့မဟုတ် ဆွေမျိုးများ ထိုသို့သော တာဝန်တစ်ခုတွင် သေဆုံးခဲ့ပါက မည်သူက ကြီးမားသော ကရုဏာတရားကို လက်ကိုင်ထား၍ ခွင့်လွှတ်ပေးနိုင်မည်နည်း။ ကိုယ်ရေးကိုယ်တာနှင့် လူသားဆန််မှုအရ လေးယောက်လုံး သက်ညှာပေးရန် မလိုအပ်ချေ။
"ဂ ကကော ဘာကြောင့်လဲ"
ယွဲ့မိုလင်သည် ဃ အပေါ်ရှိ အကြောင်းအရာ၏ လေးနက်မှုကို ခံစားမိပြီး စကားလမ်းကြောင်း ပြောင်းခဲ့သည်။ ယွမ်ရှောင်သိသည်မှာ ဂ နှင့် ပတ်သက်သည့် ပြဿနာသည် ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်းကြောင့် မဟုတ်ဘဲ တာဝန်ရှိသူကို ဘောင်ကျော်ခြင်းပင်။
"ဒါဆိုရင် မင်းတို့ကလည်း ဂ ကို ရှင်းပစ်ချင်တာပေါ့"
"ဟုတ်တယ်၊ ဒါပေမယ့် ကျွန်တော်တို့က ဥပဒေကို ကျော်လွန်ပြီး လျှောက်လုပ်လို့ မရဘူးထင်တယ်"
ယွဲ့မိုလင်က တီးတိုးပြောလိုက်ပြီး မပြောသင့်သော လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ချနေသကဲ့သို့ ဖြစ်၏။
"ထားလိုက်ပါ။ စကားတွေ ရပ်ပြီး အလုပ်စလိုက်ကြရအောင်။ နတ်ဆိုးသတ်ဖို့ စမ်းသပ်ချက်က ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူး"
ယွမ်ရှောင်က စကားဝိုင်းကို အဆုံးသတ်လိုက်ပြီး ဤကလေးများသည် အလွန်ငယ်၍ စည်းမျဉ်းများနှင့် အပြစ်ကင်းစင်မှုတို့ဖြင့် အုပ်ချုပ်သော ကမ္ဘာတစ်ခုတွင် နေထိုင်ကြရကာ အမြဲတမ်း မှန်ကန်သောအဖြေတစ်ခု ရှိသည်ဟု ယုံကြည်ကြသည်။ သို့သော် ဘဝသည် ရှင်းလင်းပြတ်သားသော အဖြေများနှင့် စာမေးပွဲတစ်ခုမဟုတ်ဘဲ ကြမ်းတမ်းသော လက်တွေ့ဘဝနှင့် ရင်ဆိုင်ရသောအခါမှသာ အစစ်အမှန် နားလည်သွားပေလိမ့်မည်။ သူ့အတွက် တတိယ စမ်းသပ်ချက်သည် လုပ်ရိုးလုပ်စဥ် တစ်ခု ဖြစ်သော်လည်း မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။ နတ်ဆိုးထောင်အတွင်း ချီတက်ရန် အသင့်ဖြစ်နေသည့် လူသစ်များက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လာကြပြီး သားရဲပမာ ကြုံးဝါးသံများ ဟိန်းထွက်လာသည်။
လူသစ်များ၏ အရေပြားက သွေးရင့်ရောင် ပြောင်းလဲသွားကာ သွေးကြောများ ဖောင်းကား၍ နှလုံးခုန်မြန်လာပြီး မျက်နှာထားများ ထူးထူးခြားခြား ရှုံ့မဲ့ကုန်၏။
"အစ်ကိုယွမ်"
ယွဲ့မိုလင်နှင့် ကလေးသုံးယောက်သည်လည်း ကြောက်မက်ဖွယ် ပြောင်းလဲသွားကာ အလွန်အမင်း နာကျင်နေပုံရသည်။ အထူးသဖြင့် စိတ်ကို ချုပ်တည်းထားသည့် ယွဲ့မိုလင်မှာ အရေပြား အက်ကွဲ၍ သွေးများ စိမ့်ထွက်နေကာ ယွမ်ရှောင်အား ထွက်သွားရန် အသည်းအသန် တိုက်တွန်းရင်း လက်ထဲမှ ဓားဝိညာဥ်အား ထိန်းချုပ်နေခဲ့၏။
"ကြယ်ပြာ ဘာတွေ ဖြစ်နေတာလဲ"
ကလေးများ၏ နာကျင်ခြင်းသည် သူ့ကို စိတ်ထိခိုက်သွားစေကာ ဒေါသတကြီး ဖြစ်လာခဲ့သည်။ စကားဝိုင်းကြောင့် ထိုကလေးများကို သူက သဘောကျလာခဲ့ပြီး လူသစ်လေးများ ထိခိုက်နာကျင်သောအခါ ထိတ်လန့်တကြား ဖြစ်သွား၏။
"သူတို့အားလုံးကို လောင်ကျွမ်းကူ ကျွေးထားတယ်။ ဒီအကောင်တွေက သေးလွန်းတော့ အသက်ဝင်မလာခင်အထိ ငါလည်း သတိမထားမိဘူး"
ကူဟူသော ရှင်းပြချက်တစ်ခုတည်းကပင် တစ်စုံတစ်ယောက်သည် သူ့ကို သတ်ရန် လူသစ်လေးများကို ရုပ်သေးအဖြစ် အသုံးချနေကြောင်း သိသာခဲ့သည်။ ရှေးဟောင်းအပျက်အစီးနယ်မြေမှ ကလေးငယ်များပင် ပါဝင်နေသည်ဖြစ်ရာ သူ့လက်ချက်ဖြင့် ပြန်လည်တိုက်ခိုက်မိလျှင် မည်သူမျှ ကာကွယ်ပေးမည် မဟုတ်ချေ။
"အပြင်မှာ မိခင်ကူ ရှိလိမ့်မယ်။ အဲ့တာကို သတ်လိုက်ရင် သူတို့ လွတ်မြောက်နိုင်မယ် ထင်တယ်"
ကြယ်ပြာနှင့် ဖြေရှင်းရန် တိုင်ပင်နေစဥ် လူသစ်များသည် ယွမ်ရှောင်ထံ အလုံးအရင်း ပြေးဝင်လာကြပြီး ရက်စက်သော ထောင်ချောက်တစ်ခု၌ အသုံးချခံလိုက်ရသည့် သနားစဖွယ် ကလေးများသာ ဖြစ်သည်။ ယွဲ့မိုလင်ကမူ သူ့ကို တိုက်ခိုက်ရန် အတင်းအကြပ် ခိုင်းစေခံနေရသော်လည်း စိတ်လွတ်မသွားစေရန် အံကြိတ်၍ သည်းခံထားပုံပေါ်သည်။ ယွမ်ရှောင်သည် ဓားပျံစီးနင်း၍ ဝိုင်းရံထားခြင်းမှ ထွက်ပြေးသွားကာ နတ်ဆိုးထောင်၏ တံခါးကို အပြင်းအထန် တိုက်ခိုက်ပစ်လိုက်၏။ တံခါးက တိုက်ခိုက်မှုကြောင့် တုန်ခါသွားပြီး မှော်ရုန်းများ အသက်ဝင်လာသဖြင့် မယိမ်းမယိုင် ကျန်ရစ်နေခဲ့သည်။ သူက အားကုန်သုံးလိုက်သော်လည်း နတ်ဆိုးထောင်၏ ခိုင်ခံ့မှုကြောင့် တစ်ချက်ကျိန်ဆဲ၍ လူသစ်များ၏ အခြေအနေကို အကဲခတ်လိုက်၏။
"ဒီတံခါးကို ဖျက်ဆီးလိုက်"
"အဲ့တာက တော်တော်လေး အကုန်အကျများတယ်နော်။ ဒီလူသစ်တွေကို သတ်ပစ်လိုက်ပါလား"
"မင်းမေကြီးတော် အပြစ်မရှိတဲ့ ကလေးတွေကို သတ်ရမှာလား။ လုပ်စရာ ရှိတာ လုပ်စမ်းပါ"
"အေးပါ။ အေးပါ"
ယွမ်ရှောင်သည် ကြယ်ပြာ၏ ခေါင်းကို ဆတ်ခနဲ ဖြတ်ရိုက်ကာ တင်းမာစွာ အမိန့်ပေးလိုက်သည်။ သားရဲလေးသည် ရှေးဟောင်းကြေး ခေါင်းတလားအဖြစ် ပြောင်းလဲကာ တံခါးကို ဖြိုခွဲဖျက်ဆီးရန် ပစ်ဝင်သွားလေ၏။