← Chapters

အလကားဥပဒေ

Vol. 31 Ch. 403

အလကားဥပဒေ

Vol. 31 Ch. 403

နတ်ဆိုးထောင်အပြင်ဘက်တွင် မိခင်ကူကို ထိန်းချုပ်ထားသည့် ဆောင်ပိုက ဟူယန်ပင်နှင့် အကြည့်ချင်းဖလှယ်ကာ ယုတ်မာစွာ ပြုံးနေခဲ့သည်။

"နတ်ဆိုးတွေကို ပိတ်လှောင်ထားဖို့ တံခါးကို ယင်အဆင့် ရုန်းတွေနဲ့ အားဖြည့်ထားတယ်။ ဘယ်လောက်ကြိုးစားကြိုးစား ဒီကောင် မလွတ်မြောက်နိုင်ဘူး"

စကားမဆုံးခင်မှာပင် နတ်ဆိုးထောင်တံခါးက တုန်ခါလာသော်လည်း ဟူယန်ပင်မှာ အပြုံးအရယ်မပျက် ရှိနေသည်။ အခြားသူများက ဤအဖြစ်ကို သတိထားမိသော်လည်း နတ်ဆိုးတစ်ကောင် လွတ်မြောက်ရန် ကြိုးစားခြင်း ဖြစ်နိုင်မည်ဟု သတ်မှတ်ကာ တုံ့ပြန်မှု မရှိချေ။ ဤအဖြစ်မျိုးမှာ ဝင်ခွင့်စမ်းသပ်ချက်၌ မကြာခဏ ကြုံဖူးသည် မဟုတ်ပါလော။ လူသားများ၏ ကျင့်ကြံရေးလမ်းကြောင်းသည် နတ်ဆိုးများကို သတ်ဖြတ်၍ ရှေ့ဆက်ရမည်ဖြစ်ကာ ကာကွယ်ပေးရန် အကြီးအကဲများ အမြဲတမ်း ရှိနေနိုင်မည် မဟုတ်ပေ။

ခဏအတွင်းမှာပင် ပေါက်ကွဲသံတစ်ချက် ဘုန်းခနဲ ထွက်ပေါ်လာ၍ အကျဥ်းထောင်တံခါးသည် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး အပြာရောင်အလင်းတန်းနှင့်အတူ ဓားပျံတစ်ခု တဟုန်ထိုး ပြေးထွက်လာ၏။

"လန်ရီ ငါနဲ့အတူ ချက်ချင်းလိုက်ခဲ့"

ဒေါသတကြီး အော်သံကြောင့် လန်ရီသည် ယွမ်ရှောင်ကို ချက်ချင်း မှတ်မိသွားကာ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်း မသိသော်လည်း အလျင်အမြန် လှုပ်ရှားခဲ့သည်။ သူမက အဖြူရောင် လျှပ်စီးပမာ လိုက်ပါလာကာ လမ်းပြအသင်းမှ လူငယ်များရှေ့တွင် နေရာယူထားလိုက်သကဲ့သို့ ထိုနေရာ၌ လျိုရင်ရင် ရှိနေ၏။

"ဒါက ဘာလုပ်တာလဲ"

ဆောင်ကျိနှင့် ကြီးကြပ်သူများ မတ်တပ်ရပ်၍ သူ့ကို ရပ်တန့်ရန် အမိန့်ပေးကာ ဖိနှိပ်ရန် အသင့်ဖြစ်နေကြသော်လည်း မိုးချုန်းသံပမာ အော်သံတစ်ခု ဟန့်တားလာခဲ့သည်။

"ထိုင်စမ်း"

ဦးလေးမြစ်၏ သဘောထားကြောင့် ထိုကြီးကြပ်သူများမှာ တုံ့ဆိုင်း၍ အဆင်အခြင်မဲ့ မလုပ်ရဲကြတော့ပေ။

"သူက တံခါးကို ဖြိုခွဲလိုက်တာလား။ မဖြစ်နိုင်ဘူး"

"အဆင်ပြေပါတယ်"

ဟူယန်ပင်သည် တုန်ရီနေသော ဆောင်ပိုအရှေ့တွင် နေရာယူလိုက်သကဲ့သို့ လမ်းပြအသင်းသားများလည်း ယွမ်ရှောင်ကို လမ်းပိတ်ထားကြသည်။

"မြင့်မြတ်တဲ့ ကျောင်းတော်မှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ လန်ရီ စကားနဲ့ ဖြေရှင်းပါ"

ထန်ကျစ်၏ အကြည့်က သူမအပေါ် စူးစိုက်နေပြီး အေးစက်ခြင်း တင်းမာခြင်း မရှိသော်လည်း အင်မော်တယ် တိုက်ရိုက်မျိုးဆက်များမှာ ဒေါသထွက်နေကြ၏။

"သူတို့ကို ဘေးဖယ်ပေး"

ပစ်မှတ်ကို အတိအကျ သိနေဟန်ဖြင့် လန်ရီသည် ယွမ်ရှောင်၏ အမိန့်အတိုင်း စကားတစ်ခွန်းမှမပြောဘဲ တူတစ်ဖက် ပုဆိန်တစ်လက် ဆွဲကိုင်ရင်း ရှေ့တိုးလာ၏။ သူမက သားရဲတစ်ကောင်ပမာ ရမ်းကားလိုက်သောအခါ တားမြစ်နေသူများ လွင့်ထွက်ကုန်၍ တူတစ်ချက်၌ ကောင်းကင်သို့ ပေရာပေါင်းများစွာ မြင့်တက်ကုန်သည်။ လက်နက်များက လေးလံသော်လည်း လေပြင်းပမာ လျင်မြန်ပြီး ထန်ကျစ်ကိုယ်တိုင်ပင် နောက်လိုက်များကို ဘေးဖယ်ရန် ညွှန်ကြားခဲ့ရသည်။ ဟူယန်ပင်မှာ မျက်နှာပျက်သွားရုံသာမက လန်ရီ၏ တိုက်ခိုက်နိုင်စွမ်းကို ကြောက်လန့်သောကြောင့် အံကြိတ်၍ နောက်ဆုတ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

"သခင်မလေးပင်"

ဆောင်ပိုသည် ကာကွယ်ပေးမည့်သူ မရှိတော့သဖြင့် တုန်လှုပ်သွားသော်လည်း ချဥ်းကပ်လာသည်မှာ လန်ရီ မဟုတ်ဘဲ ယွမ်ရှောင်ဖြစ်နေသောကြောင့် ဓားကို အသင့်ပြင်ထားလိုက်၏။

"နင် ဘာတွေ လုပ်နေတာလဲ"

အနားတွင် ရှိနေသော လျိုရင်ရင်က ငေါက်ငမ်းရန် အော်ဟစ်လိုက်သော်လည်း ဓားရှည်ဆွဲကိုင်ထားသည့် ယွမ်ရှောင် ရောက်ရှိလာနေပြီ ဖြစ်သည်။

"မင်းကများ ငါ့ကို တိုက်ခိုက်ချင်သေးတယ်"

ဆောင်ပိုသည် လန်ရီကို ကြောက်သော်လည်း ယွမ်ရှောင်ကို ထည့်မတွက်သောကြောင့် လက်တစ်ဖက်၌ မိခင်ကူကို ကွယ်ဝှက်ထားရင်း ရေခဲမြစ်ဓားဖြင့် တိုက်ခိုက်ချင်ခဲ့သည်။

"သေချင်နေတာလား"

သူက အစောပိုင်းအဆင့် ချီစက်ဝန်းနယ်ပယ် ဖြစ်သောကြောင့် မူလဝိညာဥ်အဆင့်တစ်ယောက်ကို ကြောက်လန့်မနေတော့ပေ။ သူ၏ လက်အလှုပ်တွင် ဆောင်အိမ်တော်၏ ဓားသိုင်း ရေခဲတောအုပ် ထွက်ပေါ်လာကာ ဓားဝိညာဉ်မှာ ရေခဲအလင်းရာပေါင်းများစွာ ဖြန့်ကျက်၍ ရောက်ရှိလာခဲ့သည်။

"ဒီဓားသိုင်းက သိပ်မဆိုးဘူး"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ကောင်းကင်သင်္ချိုင်းဓားသည်လည်း အရည်ဖြစ်သွားကာ ပိုမိုကြီးမားသော ရေခဲအလင်းများ ပို့လွှတ်၍ တန်ပြန်တိုက်ခိုက်ခဲ့၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တစ်ဖက်လူသည် ဆောင်အိမ်တော်၏ ဓားသိုင်းကို တတ်ကျွမ်းနေသဖြင့် လျင်မြန်သော အခိုက်အတန့်၌ သတိလွတ်သွားသူ ဆောင်ပိုမှာ ထိပ်တိုက်ရင်ဆိုင်ရန်မှ တစ်ပါး အခြားမရှိပေ။

"ရွှစ်"

လျင်မြန်သော ဓားနှစ်လက်အတွေ့၌ သူက လက်တစ်ဖက် ပြတ်ထွက်သွားကာ မြေပြင်ပေါ် ဘုန်းခနဲ ကျဆင်းသွား၏။ သူက နာကျင်လွန်းသဖြင့် အသံနက်ကြီးဖြင့် အော်ဟစ်ရင်း သွေးများ ပန်းထွက်နေသည့် လက်မောင်းငုတ်တိုအား ဆုပ်ကိုင်ထားကာ မယုံကြည်နိုင်ဖြစ်နေသည်။ ဟူယန်လော့၏ မွေးနေ့ပွဲတွင် ယွမ်ရှောင် ဤမျှအစွမ်းမထက်ကြောင်း တွေ့မြင်ခဲ့ရသည် မဟုတ်ပါလော။

"ယွမ်ရှောင် မြင့်မြတ်တဲ့ မျိုးဆက်တစ်ယောက်ကို တိုက်ခိုက်ရဲသလား"

ဆောင်ပိုသည် မျက်နှာတစ်ခုလုံး ပြာနှမ်း၍ မြေပြင်၌ လဲကျနေစဥ် ဟူယန်ပင်က ဒေါသတကြီး ဖြစ်နေသော်လည်း လန်ရီ စောင့်ကြည့်နေသဖြင့် မလှုပ်ရှားရဲချေ။ ယွမ်ရှောင်က သူမကို အေးစက်စက် တစ်ချက်ကြည့်၍ လက်ပြတ်အတွင်းမှ ကူကောင်တစ်ကောင်ကို ဓားဖြင့် ထိုးစိုက်ကာ မြှောက်ပြလိုက်သောအခါ လူတိုင်း အံ့သြကုန်သည်။

"ဒါကို မြင်လား"

သူက ပိုးကောင်ကို ပြသလိုက်သည်နှင့် တပြိုင်နက် နတ်ဆိုးထောင်အတွင်းမှ ထိန်းချုပ်ခံထားရသော လူသစ်များ အလုံးအရင်း ပြေးထွက်လာကြသည်။ ၎င်းကို ဓားဖြင့် ချက်ချင်း ထိုးစိုက်လိုက်သောအခါ မိခင်ကူကောင် သေဆုံး၍ ကျန်ကူကောင်များလည်း အသက်ဓာတ် မရှိတော့ပေ။ ထို့ကြောင့် လူသစ်များမှာ ဒဏ်ရာဗလပွနှင့် အမြုပ်တစီစီ ထွက်ရင်း လဲကျသွားသော်လည်း အသက်ရှင်လျက် ကယ်တင်ခံလိုက်ရ၏။ ဆောင်ကျိသည်လည်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိပြီး နတ်ဆိုးထောင်၏ တံခါး မည်သို့ဖြိုခွဲခံလိုက်ရကြောင်း ယခုအထိ နားမလည်နိုင်သေးပေ။

"လောင်ကျွမ်းကူကောင်တွေလား။ တစ်ယောက်ယောက်က ယွမ်ရှောင်ကို သတ်ချင်လို့ လူသစ်တွေအပေါ် အကောက်ကြံခဲ့တာပေါ့။ သူသာ ထွက်မလာနိုင်ရင် အကုန်လုံး သေဆုံးသွားလိမ့်မယ်။ ဘယ်သူက ဒီလောက်ရက်စက်ရတာလဲ"

သံသယအတွေးများသည် ဆောင်ကျိနှင့် မိခင်ကူကောင်ကို ထိန်းချုပ်ထားသော ဆောင်ပိုထံ ရောက်ရှိလာသည်။ လျိုရင်ရင်သည် အသက်ရှူရပ်မတတ် ကြောက်လန့်သွားကာ သူမ အထင်ကြီးခဲ့သော မင်းသားလေးမှာ တရားခံ ဖြစ်နေခဲ့၏။

"မင်းက ဘာလုပ်ချင်လို့လဲ"

"နောက်ကွယ်မှာ ဘယ်သူ ရှိလဲ"

"မင်းက ဘယ်သူမို့လို့ ငါက ပြောရမှာလဲ"

ယွမ်ရှောင်သည် ဆောင်ပို၏ လည်ပင်းကို ဆုပ်ကိုင်၍ စစ်ဆေးလိုက်သော်လည်း လှောင်ပြောင်ခံလိုက်ရ၏။

"မနေ့ညက ဟူယန်လော့ ရှုံးနိမ့်သွားတော့ ဓားစံအိမ်က ဒါကို သည်းမခံနိုင်ဘူး။ လောင်ကျွမ်းကူကောင်က ဟူယန်ပင်ရဲ့ လက်ချက်မလား"

"ဟား ဟား မင်းလိုကောင်မျိုးကို သခင်မလေးပင်က အာရုံစိုက်စရာလား။ ငါ လုပ်ချင်လို့ လုပ်တာပဲ"

"ကျွန်တော်ရဲ့အမှားကို ဝန်ခံပြီး ဆန်းကြယ်ဘုရားကျောင်းမှာ တရားခွင် ဝင်ချင်ပါတယ်။ မိဘတွေကိုလည်း ဆက်သွယ်ခွင့်ပေးပါ"

ဆောင်ပိုသည် ယွမ်ရှောင်ကို မထီမဲ့မြင်လုပ်ကာ ကြီးကြပ်သူများဘက် လှည့်၍ အသနားခံလိုက်၏။

"ခွင့်ပြုတယ်။ ယွမ်ရှောင်က မင်းက ဒီပြစ်မှုကို ဖော်ထုတ်ပေးခဲ့လို့ ကျောင်းတော်က ဝင်ခွင့်ပေးနိုင်တယ်။ ဆောင်ပိုကို လွှတ်ပေးလိုက်စမ်း။ သူ့ကို ဆန်းကြယ်ဘုရားကျောင်း တရားခွင်မှာ စီရင်ချက် ချမယ်"

ကြီးကြပ်သူအများအပြားက ထရပ်လာကြပြီး မက်လုံးပေး၍ တောင်းဆိုခဲ့သကဲ့သို့ ဦးလေးမြစ်ပင် ဝင်ရောက်ပြောဆိုခဲ့သည်။

"ယွမ်ရှောင် လွှတ်ပေးလိုက်ပါ"

"ကြားလား။ အခု ငါ့ကို လွှတ်စမ်း"

ဆောင်ပိုသည် လှောင်ပြောင်နေစဥ် ယွဲ့မိုလင်တို့ ကလေးငါးယောက် ပြန်လည် သတိဝင်လာပြီး မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။

"မင်းလို ဘာမှမဟုတ်တဲ့ကောင်က ဘာအစွမ်းအစရှိလို့လဲ။ လွှတ်စမ်း"

"ဟား ဟား"

ယွမ်ရှောင်သည် အထက်စီးမှ ပြုံးပြနေသော ဆောင်ပိုကို ကြည့်နေရာမှ ရုတ်တရက် ရယ်မောကာ ဓားအလင်းတစ်ချက် ထွက်ပေါ်လာ၏။ ဓားသွားသည် ပြုံးရယ်ပျော်ရွှင်နေသော ဆောင်ပို၏ ပါးစပ်ကိုရော ဦးခေါင်းကိုပါ နှစ်ခြမ်း ခွဲပစ်လိုက်သည်။ ခေါင်းပြတ်တစ်ခြမ်းက အနားရှိ လျိုရင်ရင်၏ ရင်ခွင်အတွင်း ပြုတ်ကျသွားသောကြောင့် သူမက အရူးတစ်ပိုင်းဖြစ်၍ မြေကြီးပေါ် ပစ်ချလိုက်မိ၏။

"လစ်လိုက်တော့"

သူက ဆောင်ပို၏ အလောင်းကို ဟူယန်ပင်ထံ ကန်ထုတ်လိုက်ပြီး ဓားကို ပြန်လည်သိမ်းဆည်းခဲ့သည်။

"စည်းကျော်နေပြီ"

သူမသည် အလောင်းကို ဂရုမစိုက်ဟန်ဖြင့် လွှင့်ပစ်ကာ အောင်နိုင်သူတစ်ယောက်ဟန်ပန်ဖြင့် ရယ်မော၍ လမ်းပြအသင်းသားများ စုဝေးလာကြ၏။

"ကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဖြစ်သေးဘဲ ဘယ်လိုလုပ် တရားစီရင်ရဲတာလဲ"

"ငါက ဒီကောင် လွတ်သွားတာကို ထိုင်ကြည့်နေမယ် ထင်လို့လား"

"ရှေးဟောင်းကျောင်းတော်က ဥပဒေ လိုက်နာပြီး ပြစ်မှုတိုင်းကို စုံစမ်းစစ်ဆေးပြီးမှ စီရင်ချက် ချတယ်။ တပည့်တစ်ယောက်အပေါ် ဆန်းကြယ်ဘုရားကျောင်းနဲ့ ကျောင်းတော်ကသာ စီရင်ဆုံးဖြတ်ရမယ်။ မင်းက အပြစ်တစ်ခု ကျူးလွန်လိုက်တာပဲ"

ထန်ကျစ်က ရှေ့ထွက်လာ၍ စွပ်စွဲပြောဆိုလိုက်သောအခါ နောက်လိုက်များလည်း သဘောတူ ထောက်ခံနေကြ၏။

"မင်းတို့ရဲ့ ဥပဒေက စောက်လကားပဲ။ မင်းတို့ကိုယ်မင်းတို့ ကာကွယ်ဖို့ စီစဥ်ထားတာ မဟုတ်လား"

ယွမ်ရှောင်က လှောင်ရယ်လိုက်သည်။

"မင်းက တပည့်တ မဟုတ်ဘဲ အပြင်လူတစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။ လူသားအင်မော်တယ် မျိုးဆက်တစ်ယောက်ကို သတ်ဖြတ်လို့ ပိုပြီး အပြစ်ကြီးမားတယ်။ ရှေးဟောင်းကျောင်းတော်က ဆန်းကြယ်ဘုရားကျောင်းကို ရှင်းလင်းချက်ပေးဖို့ ဒီတရားခံကို ချက်ချင်း သတ်ပစ်ခွင့်ရှိတယ်"

ထန်ကျစ်က တည်ငြိမ်ဟန်ဆောင်ရင်း ကျောင်းတော်၏ တပည့်များကို သွေးထိုးကာ တရစပ် စွပ်စွဲနေခဲ့လေသည်။

All Chapters