စီရင်ချက်
Vol. 31 Ch. 404
ထန်ကျစ်သည် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ငါးကြီးတစ်ကောင်ဖြစ်ကာ ယိုယွင်းမှု အငွေ့အသက် ထွက်ပေါ်နေသောကြောင့် ယွမ်ဝူနှင့် အသက်အရွယ်တူသော်လည်း ကျင့်ကြံဆင့်မြင့်မားသည်။ သူ၏ လေသံက တည်ငြိမ်သော်လည်း အာဏာစက်တစ်ခု ပါဝင်ပြီး အင်မော်တယ်မျိုးဆက်များနှင့် တပည့်များသည် ယွမ်ရှောင်ကို ခွေးရိုင်းတစ်ကောင်အလား စောင့်ကြည့်နေကြ၏။ သူတို့အားလုံးသည် ဥပဒေအတိုင်း စီရင်ချင်နေပြီး အပြင်လူတစ်ယောက်၏ ရမ်းကားမှုကို လက်မခံလိုကြပေ။
"သစ္စာဖောက်ကို ဖော်ထုတ်ပြီး အကျိုးဆောင်ခဲ့တယ်။ လောင်ကျွမ်းကူကို သတ်ပစ်ပြီး လူသစ်တပည့်တစ်ရာကျော်ရဲ့ အသက်ကို ကယ်တင်လိုက်တာက တပည့်တစ်ယောက် ဖြစ်သွားပြီလို့ ပြောခဲ့တယ်"
သူက ပေါ့ပေါ့ပါးပါး ဟန်ပန်ဖြင့် ကြီးကြပ်သူအချို့ဘက် ညွှန်ပြကာ ပြောလိုက်သည်။
"ကောင်းပြီ။ မင်းက တပည့်တစ်ယောက်ဖြစ်ရင်လည်း ဆန်းကြယ်ဘုရားကျောင်းက ဥပဒေအတိုင်း စီရင်နိုင်တယ်"
ထန်ကျစ်က အသေးစိတ်ကို အာရုံစိုက်မနေဘဲ သူ့ကို ကွက်မျက်ပစ်ရန် လှည့်ဖျားနေသည်။ လူတိုင်းအမြင်တွင် သူက မုချသေရမည်ဖြစ်ကာ တရားရင်ဆိုင်ခွင့်ပေးခြင်းဖြင့် သဘောထားကြီးကြောင်း ပြချင်နေ၏။
"ငါက လူတစ်ရာကျော်ကို အသက်ကယ်တင်ပြီး သစ္စာဖောက်ကို ရှင်းခဲ့တယ်။ ဘယ်အရာက ပြစ်မှုလဲ"
ယွမ်ရှောင်က ပခုံးတွန့်၍ လက်မခံခဲ့ပေ။
"ဆန်းကြယ်ဘုရားကျောင်းနဲ့ ပတ်သက်ရင် ငြင်းခုံနေလို့ အကျိုး မရှိဘူး။ ငါနဲ့ လိုက်ခဲ့ရမယ်"
"ချောမောတဲ့ ရုပ်ရည်နဲ့ လန်ရီကို ဖြားယောင်းအသုံးချပြီး ရှေးဟောင်းကျောင်းတော်မှာ ရမ်းကားနိုင်မယ်လို့ တကယ်ထင်နေတာလား"
ဟူယန်ပင်ကလည်း လှောင်ရယ်ရင်း ဝင်ရောက်ထောက်ခံဟန်ဖြင့် ယွမ်ရှောင်ကိုရော လန်ရီကိုပါ စော်ကားပြောဆိုခဲ့သည်။
"အဆင်ပြေပါတယ်။ လိုက်သွားတာပေါ့"
ယွမ်ရှောင်သည် နှုတ်ခမ်းကိုက်ထားသော လန်ရီကို အားပေး၍ မုန်တိုင်းဗဟိုချက်ပမာ တည်ငြိမ်နေ၏။ သူမ ရှိနေသဖြင့် တစ်ဖက်လူများသည် ရဲရဲတင်းတင်း ဘက်လိုက်ဝံ့မည် မဟုတ်ဘဲ ယွမ်ရှောင်သည်လည်း အသက်များစွာကို ကယ်တင်ခဲ့သည် မဟုတ်ပါလော။ သို့သော် ရာဇဝတ်ကောင်အဖြစ် တံဆိပ်ကပ်ခံလိုက်ရသောအခါ ဖြစ်ပျက်သမျှကို မြင်တွေ့ခဲ့သည့် တပည့်များလည်း စိတ်ရှုပ်ထွေးကုန်သည်။
"အစ်ကိုယွမ် ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယွဲ့မိုလင်က အားတင်း၍ ထရပ်လာကာ သူ့ကို ကျေးဇူးတင်လိုက်သဖြင့် သတိဝင်လာသော လူသစ်များအားလုံး အဖြစ်မှန်အား နားလည်သွား၍ ကျေးဇူးတင်စိတ်များ ဖြစ်ပေါ်လာကြ၏။
"ဒါက ငါ လုပ်သင့်တဲ့ အရာပါပဲ"
"ဘာကြောင့် ဂကို သတ်လိုက်ရတာလဲ"
"ဘာကြောင့်လဲဆိုတော့ ငါက တရားမမျှတတဲ့ စည်းမျဥ်းတွေကို စိန်ခေါ်ဖို့ မွေးဖွားလာလို့။ ဒါပေမယ့် အားမကျနဲ့။ မင်းတို့အတွက် အန္တရာယ် ရှိတယ်"
ယွမ်ရှောင်က ထိုကလေး၏ ပခုံးကို ပုတ်ကာ ဝန်ထုပ်ဝန်ပိုးတစ်ခု ထမ်းထားရသည့်အတွက် လေသံ ခပ်လေးလေးဖြင့် ဖြေခဲ့သည်။ ယွဲ့မိုလင် အတွေးနက်နေရာမှ သတိပြန်ဝင်လာသောအခါ တစ်ဖက်လူသည် ကျောင်းတော်အတွင်းမှ ထွက်ခွာသွားပြီ ဖြစ်၏။
"အနားယူကြ။ နတ်ဆိုးထောင်စမ်းသပ်ချက်ကို တစ်ရက် အချိန်ရွှေ့လိုက်တယ်။ ဆောင်ကျိကို ဖမ်းထားလိုက်"
ဦးလေးမြစ်၏ အေးစက်သော အမိန့်ကြောင့် ဆောင်ကျိမှာ ကံကြမ္မာကို လက်ခံလိုက်ဟန်ဖြင့် မျက်လုံးများ မှိတ်နေသည်။ ကျောင်းတော်တပည့်များက ဆန်းကြယ်ဘုရားကျောင်းသို့ လိုက်ပါသွားရန် ဟန်ပြင်နေစဥ် ဦးလေးမြစ်သည် ယွမ်ရှောင်အနေဖြင့် နတ်ဆိုးထောင်တံခါးကို ဖျက်ဆီးနိုင်ခဲ့ခြင်းအပေါ် စဥ်းစားခန်းဝင်နေ၏။ လမ်းပြအဖွဲ့သားများသည် အေးစက်စက် အကြည့်များနှင့် စောင့်ကြပ်နေကြပြီး မလှမ်းမကမ်းတွင် ယွမ်ရှောင်နှင့် လန်ရီ လိုက်ပါလာခဲ့သည်။
"ဘုရားကျောင်းကိုရောက်ရင် သူတို့က အစ်ကိုကြီးကို ချုပ်နှောင်ထားမှာ စိုးရိမ်ရတယ်"
"လမ်းမှာ ရှေးဟောင်းမျှော်စင်ကို ဖြတ်သွားရမယ်မလား"
သူမက ပူပန်ကြောင့်ကြနေသော်လည်း ယွမ်ရှောင်သည် ကျောင်းတော်၏ ရှုခင်းများကို လမ်းလျှောက်ထွက်လာသည့်အလား အေးအေးဆေးဆေး ခံစားနေ၏။
"ဟုတ်တယ်။ ဒီအင်မော်တယ်မျိုးဆက်တွေကတော့ ငါ့ ဒေါသကို လာဆွနေတာပဲ။ အရေးကြီးတဲ့ အရာတစ်ခု ပြောပြမယ်။ နှုတ်လုံဖို့ ကတိပေးပါ။ ဒီမျိုးဆက်တွေက ကျောင်းတော်ထဲကို နှစ်ပေါင်းများစွာ စိမ့်ဝင်လာကြပြီး ထိပ်တန်းနေရာတွေကို အရယူခဲ့တယ်။ ဆန်းကြယ်ဘုရားကျောင်းက သူတို့အတွက် ခံတပ်ဖြစ်ပြီး ဆန့်ကျင်တဲ့ လူတိုင်းကို အပြစ်ပုံချတတ်တယ်။ ကျောင်းတော်က သူတို့ရဲ့ ကစားကွင်း ဖြစ်လာပြီး ရိုးသားကောင်းမွန်တဲ့ ဆရာတွေနဲ့ အကြီးအကဲတွေ အများကြီး ပြဿနာတက်ခဲ့ရတယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာ ပျက်စီးပြီး တချို့ဆိုရင် အသတ်ခံလိုက်ရပြီ"
လန်ရီက လေးနက်စွာ သက်ပြင်းချ၍ ကျောင်းတော်၏ အတွင်းပိုင်း အခြေအနေကို ဖွင့်ဟလာသည်။
"အံ့သြစရာ မရှိပါဘူး"
"လမ်းပြအသင်းက သူတို့ရဲ့ ခိုင်းဖက်၊ ဒီကောင်တွေက အပြစ်တင်စွပ်စွဲပြီး ပုတ်ခတ်ရတာ ကျွမ်းကျင်တယ်။ ဟူယန်ပင်ဆိုရင် ကိုယ့်ဆရာကိုယ်တောင် သက်သေအတုတွေနဲ့ စွပ်စွဲပြီး ကွပ်မျက်အောင် အကျင့်ယုတ်ခဲ့တယ်။ လှည့်စားတဲ့နေရာမှာ ကောက်ကျစ်လွန်းတယ်။ သူတို့နဲ့ ရင်ဆိုင်ရတာက ခေါင်းကိုက်စရာပဲ"
လက်ရှိတွင် ယွမ်ရှောင်သည် ရှေးဟောင်းကျောင်းတော်အတွင်း နှစ်ပိုင်း ကွဲနေကြောင်း သေချာနားလည်သွားပြီး ယွီချန်နှင့် ဦးလေးမြစ်က ကျောင်းတော်ဘက်မှ ဖြစ်ကာ ဆန်းကြယ်ဘုရားကျောင်းနှင့် လမ်းပြအသင်းတွင် အင်မော်တယ်မျိုးဆက်များ ပြည့်နှက်နေ၏။ ကျောင်းတော်အပြင်ဘက်ကမူ ရှင်းလင်းစွာပင် အင်မော်တယ်သုံးယောက်ခေါ် ကြောင်သူတော်များ၏ ပိုင်နက် ဖြစ်နေပြီးသားပင်။
"ဆရာ့ကို အကြောင်းကြားလိုက်ရမလား"
"ပြဿနာတိုင်းအတွက် သူမကို ဒုက္ခပေးမနေပါနဲ့"
"ဒါဆိုရင် ဘယ်လိုလုပ်ကြမှာလဲ"
"ရှေးဟောင်းမျှော်စင်ကို ရောက်ပြီ"
ယွမ်ရှောင်၏ စကားကြောင့် လန်ရီမှာ နားမလည်နိုင်ဖြစ်နေသည့်အတွက် သူက ရှင်းပြလိုက်သည်။ အဆင့် ခုနစ်နှင့်အထက် တပည့်များသည် အာမခံ သုံးကြိမ် ရပိုင်ခွင့် ရှိသောကြောင့် သူက ၎င်းကို စိန်ခေါ်ကာ အဆင့်မြင့် တပည့်တစ်ယောက် ဖြစ်လာရန် ကြံစည်ထား၏။ သူက ထိုအချက်အလက်များကို လန်ရီ ပိုင်ဆိုင်သော တပည့်လက်စွဲ စာအုပ်အတွင်းမှ လေ့လာခဲ့ခြင်းဖြစ်ကာ ရဲတင်းသော်လည်း ဉာဏ်နည်းမိုက်မဲသူ မဟုတ်သဖြင့် ကြိုတင်ပြင်ဆင်ထားသည်။
"ဒါပေမယ့် ဆန်းကြယ်ဘုရားကျောင်းက ချုပ်နှောင်မထားနိုင်ရင်တောင် သေဒဏ် ချနိုင်တယ်"
"အနည်းဆုံး စစ်ဆေးဖို့ ကာလက ဘယ်လောက်ကြာလဲ"
"ငါးရက်လောက်တော့ ကြာတတ်တယ်"
"ဒီကောင်တွေက လူတစ်ယောက်ကို အပြစ်ပုံချဖို့ တော်တော် စေ့စပ်တာပဲ။ အရာရာကို တရားဝင် ဖြစ်အောင် ဖန်တီးပြီး ဥပဒေ လိုက်နာသလို ဖြစ်အောင် လုပ်တတ်တယ်ပေါ့။ သူတို့လူတွေကို အပြစ်ကနေ ဖယ်ရှားဖို့ ငါ့ကို စွပ်စွဲဖို့ သက်သေအတုတွေ ဖန်တီးရင် ငါးရက်က လုံလောက်တာထက် ပိုတယ်"
ယွမ်ရှောင်သည် ဆန်းကြယ်ဘုရားကျောင်း၏ လှည့်ကွက်များကို ဂရုမစိုက်ဘဲ အဆင့်ခုနစ် တပည့်တစ်ယောက် ဖြစ်လာပြီး ငါးရက်အတွင်း လွတ်လပ်စွာ သွားလာနိုင်ရန် စဥ်းစားထား၏။
"ဒါပေမယ့် အချိန် ငါးရက်နဲ့ ဘာလုပ်နိုင်မှာလဲ"
လန်ရီက စိုးရိမ်တကြီး ပြောလာသည်။
"တခြားလူတွေအတွက် အချိန်တိုလေးပေါ့။ ငါ့အတွက်တော့ လုံလောက်ပါတယ်"
သူက တစ်ချက်ပြုံး၍ သူမကို ရင်ခွင်အတွင်း ဆွဲသွင်း၍ ကျီစယ်နေသဖြင့် စောင့်ကြည့်နေသူများ၏ မျက်နှာများ မည်းနက်ကုန်သည်။
"ရူးနေတာလား။ သေမင်းနဲ့ ရင်ဆိုင်ရတော့မှာကိုတောင် တဏှာရူးနေတယ်"
ဟူယန်ပင်က မလိုတမာ ပြောဆိုနေပြီး ထန်ကျစ်၏ မျက်လုံး၌ ဆိုးရွားသော အရိပ်အယောင်များ ရှိသော်လည်း တိတ်ဆိတ်နေ၏။ ရှေးဟောင်းမျှော်စင်၏ စည်ကားသော ပတ်ဝန်းကျင်၌ သတင်းပြန့်နေပြီဖြစ်သောကြောင့် လူအုပ်မှာ ထိုမြင်ကွင်းအပေါ် စိတ်ရှုပ်ထွေးနေကြသည်။ ဆန်းကြယ်ဘုရားကျောင်းတွင် ချုပ်နှောင်ခံရမည်ဖြစ်သေည်လည်း ကျောင်းတော်၏ အလှနတ်ဘုရားမနှင့် ပေါ်တင် ကလူကျီစယ်နေသည်ဖြစ်ရာ အကြောင်းအရင်းကို နားမလည်နိုင်ကြပေ။
"ရှေးဟောင်းမျှော်စင်ရဲ့ ရှစ်ထပ်အထိ စစ်မှန်တဲ့ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်တယ်။ ညီမတောင် အဋ္ဌမအထပ်ကိုသာ ရောက်ခဲ့တယ်။ အဆင့်ခုနစ် တပည့်ဖြစ်လာဖို့ ငါးထပ်မြောက်ကို ရောက်ဖို့ လိုအပ်တယ်။ အနိမ့်ဆုံး ချီစက်ဝန်းအဆင့်ရဲ့ တိုက်ခိုက်နိုင်စွမ်း ရှိမှ ဖြစ်လိမ့်မယ်။ အဆင်ပြေပါ့မလား"
"ငါက တိုက်ခိုက်ရင်း ကျင့်ကြံနိုင်တယ်"
လန်ရီ၏ အသံက အားနည်းဖျော့တော့နေသော်လည်း ယွမ်ရှောင်၏ လေသံ၌ ယုံကြည်မှုအပြည့် ဖြစ်နေခဲ့လေသည်။