ငါးထပ်မြောက်
Vol. 31 Ch. 406
ယွမ်ရှောင်သည် ရှေးဟောင်းမျှော်စင်၏ ငါးထပ်မြောက်သို့ တည်တည်ငြိမ်ငြိမ် ဝင်ရောက်လိုက်သောအခါ ကျန်အထပ်များနှင့် ကွာခြားပြီး စမ်းသပ်ရန် အခန်းတစ်ခုသာ တည်ရှိ၏။
"တော်တော်မြန်တာပဲ"
အေးစက်စက် အသံ ထွက်ပေါ်လာရာတွင် အရပ်ရှည်ရှည် မိန်းကလေးတစ်ယောက် ရပ်နေပြီး ခေါင်းအစခြေအဆုံး အဖြူရောင်ချပ်ကာ ဝတ်ဆင်ထားသည်။ ၎င်းမှာ သာမန်ချပ်ဝတ် မဟုတ်ဘဲ ကျားဖြူပုံရိပ်များ ရေးထိုးထားကာ အစိတ်အပိုင်း တစ်ခုချင်းစီတွင် ပုံပြင်ဇာတ်လမ်း ပြောပြနေသယောင် ရှိ၏။ ရင်ဘတ်ချပ်ကာ၌ ဟိန်းဟောက်နေသော ကျားခေါင်း ရှိပြီး အလွန်အသက်ဝင်လှသဖြင့် သာမန်ရတနာတစ်ခု မဟုတ်ကြောင်း ထင်ရှားပေသည်။ ထိပ်တန်းချပ်ဝတ်၏ တည်ရှိမှုသက်သက်ဖြင့် အခန်းကို လွှမ်းမိုးထား၍ စစ်သည်တော်မိန်းကလေးသည် လှပ၍ သတ်ဖြတ်ရန် အသင့်ဖြစ်နေသော ရေခဲကျားတစ်ကောင်အလား အေးစက်နေ၏။ သံခေါင်းစွပ်က မျက်နှာကို ဖုံးကွယ်ထားသော်လည်း ရန်လိုသော မျက်လုံးများမှတဆင့် ယွမ်ရှောင်သည် တစ်ဖက်လူမှာ ရှေးဟောင်းမျှော်စင် စမ်းသပ်ချက်ကို ဝင်ရောက်စွက်ဖက်လိုသည့် ဟူယန်ပင်ဖြစ်ကြောင်း သိနိုင်ခဲ့သည်။
မျှော်စင်အပြင်ဘက်တွင် စုဝေးနေသည့် လူအုပ်က ဆူညံပွက်လောရိုက်နေပြီး ထိပ်တန်းပါရမီရှင် နှစ်ယောက် ထိပ်တိုက်တွေ့ဆုံမှုတွင် မည်သူ အနိုင်ရမည်ကို သိလိုနေကြ၏။ လူတစ်ယောက်ချင်းစီက မည်သူ့ကို မျက်နှာသာပေးမည်ဟူသော အကြောင်းအရာကမူ ထွက်ပေါ်မလာချေ။ လမ်းပြအသင်းသားများသည် ဟူယန်ပင်ကို ထောက်ခံကြောင်း ထုတ်ဖော်ကြွေးကြော်နေကာ လူသစ် ယွမ်ရှောင်မှာမူ တပည့်များအတွက် နားလည်ရခက်သူ ဖြစ်၏။
ယွမ်ရှောင်နှင့် ရင်ဆိုင်ရသောအခါ ဟူယန်ပင်၏ အေးစက်စက် အမူအရာသည် တည်ငြိမ်လေးနက်သွားပြီး ဓားဝိညာဉ် ဆင့်ခေါ်၍ ဓားရှည်အဖြစ် ဆွဲကိုင်ခဲ့သည်။ ၎င်းသည် လေးပေရှည်၍ လက်ဝါးပမာ ကြီးမားသော အနက်ရောင်ဓားဖြစ်ကာ ဓားရိုး၌ နေတစ်စင်း ချိတ်ဆွဲထားသယောင် တောက်ပနေ၏။ ဓားအနှစ်သာရက ထူးခြားသော အရှိန်အဝါ ထွက်ပေါ်နေကာ မာနကြီး အေးစက်၍ ရက်စက်ကြမ်းကြုတ်သော စရိုက်ကို သရုပ်ထင်ဟပ်နေသည်။
"အပြစ်ပေးဓား ယန်အဆင့်နိမ့်"
သူမက မုန်တိုင်း မတိုက်ခင် လေပြေလာသကဲ့သို့ တစ်ချက်ပြုံးလိုက်ကာ ယန်အဆင့် ဓားဝိညာဉ်တစ်ခုသည် ဓားဝိညာဥ်များအကြား ဘုရင်ပင် ဖြစ်၏။ ၎င်းအကြောင်း မိတ်ဆက်လိုက်ခြင်းသည် ကြွားဝါလိုသောကြောင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာဖိအားပေးရန် တိုက်ခိုက်လိုက်ခြင်းပင်။ အပြစ်ပေးဓားအထက်တွင် ဓားစက်ကွင်းခုနစ် ထွက်ပေါ်လာ၍ နတ်ဆိုးတစ်ကောင်ချင်းစီ၏ ဖိအားအရှိန်အဝါမှာ ရန်သူများကို အသက်ရှူကြပ်သွားစေလောက်သည်။
"ကပ်ဘေးနတ်ဆိုးတွေက သဘာဝဘေးအန္တရာယ်တွေရဲ့ စွမ်းအားကို ပိုင်ဆိုင်တယ်။ ကပ်ဘေးဓားစက်ကွင်းတွေရဲ့ အကူအညီနဲ့ဆိုရင် ချီစက်ဝန်းနယ်ပယ် တစ်ယောက်ကတောင် ယိုယွင်းမှုငါးမျိုးနယ်ပယ်ကို ရင်ဆိုင်နိုင်တယ်"
ဟူယန်ပင်၏ စကားအဆုံးတွင် နတ်ဆိုးများ၏ အရှိန်အဝါက ပိုမိုကြမ်းတမ်းလာ၍ စွမ်းအားများ တရှိန်ရှိန် တောက်လောက်နေသည်။ လူအုပ်သည် ထိုအစွမ်းကြောင့် လေးစားအားကျနေပြီး ဓားစံအိမ်သခင်ကို ချီးကျူးဂုဏ်ပြုသံများ ညံစီနေ၏။
"မိတ်ဆက်လို့ ပြီးပြီလား"
ယွမ်ရှောင်က ပေါ့ပေါ့ပါးပါး မေးခွန်းထုတ်၍ မိုးပြာရောင် ဓားရှည်ကို ဆွဲထုတ်လိုက်သောအခါ ဓားအော်ရာ အလွှာသုံးသိန်း၏ အရှိန်အဟုန်ကြောင့် အဖြူရောင်ဝတ်ရုံနှင့် အနက်ရောင်ဆံပင်ရှည်များ မျောလွင့်ကုန်သည်။
"နင့်ကို နောက်ထပ် အသက်ရှင်ခွင့်ပေးလိုက်ရင် အင်မော်တယ်မျိုးဆက်တွေကို စော်ကားလိုက်တာပဲ"
ဟူယန်ပင်က စိန်ခေါ် ခြိမ်းခြောက်၍ လျင်မြန်ဖြတ်လတ်စွာ ပြေးထွက်လာ၍ တောင်တစ်လုံးပင် ကွဲထွက်သွားနိုင်လောက်သည့် အင်အားမျိုးဖြင့် ပိုင်းချလာခဲ့သည်။ ယွမ်ရှောင်ကမူ တည်ငြိမ်စွာဖြင့် ဓားချင်းရင်ဆိုင်ခဲ့ပြီး တန်ပြန်လှိုင်းများ ပြန့်ထွက်နေသည်။ သူမ၏ ကျောအနောက်တွင် စက်ဝန်းသုံးခု လည်ပတ်၍ ချီများကို တရစပ် ဖြည့်သွင်းပေးနေကာ အပြစ်ပေးဓားမှာ တားဆီးမရနိုင်သော်လည်း သူ၏ ကျွမ်းကျင်မှုကြောင့် ဓားချက်များစွာ ထုတ်ဖော်လိုက်သောအခါ ရပ်တန့်ခံလိုက်ရသည်။ မူလဝိညာဥ် အလယ်အဆင့်နှင့် ချီစက်ဝန်း နောက်ပိုင်းအဆင့် အကြားတွင် စွမ်းအား ကွာခြားချက် တစ်ခု ရှိပြီး ပေါ့ပေါ့ပါးပါး တန်ပြန်လိုက်ခြင်းမှာ အစွမ်း စမ်းသပ်လိုခြင်းပင်။
"ယွမ်ရှောင်က အစွမ်းထက်တယ်လို့ လှည့်စားနေတာလား။ သူက ဟူယန်ပင်ကို ရင်ဆိုင်နိုင်မယ်လို့ ငါတို့က ထင်နေတာပဲ"
"ငါတို့ နတ်ဘုရားမလေး လန်ရီကတော့ ဒီကောင်ရဲ့ ရုပ်ရည်ကြောင့် လှည့်စားခံလိုက်ရပြီ"
သို့သော် ကြည့်ရှုနေသူများအတွက် ပထမဆုံး တိုက်ကွက်ဖလှယ်မှုသည် ယွမ်ရှောင်အပေါ် အထင်သေးသော တီးတိုးပြောဆိုသံများ ထွက်ပေါ်လာစေ၏။
"မူလဝိညာဥ်နယ်ပယ် တော်တော်ကို အားနည်းတာပဲ"
"ချီစက်ဝန်းနယ်ပယ်ကို မရောက်သေးရင် ဘာမှတန်ဖိုးမရှိဘူး"
သခင်မချင်က မှတ်ချက်ပေးလိုက်ပြီး သခင်ဟူသည်လည်း လှောင်ရယ်ရင်း ဝင်ရောက်ထောက်ခံခဲ့သည်။ ထိုစကားလုံးများသည် နောက်လိုက်များကို အပြုံးကိုယ်စီ ဖြစ်ပေါ်လာစေသကဲ့သို့ ရှေးဟောင်းမျှော်စင်အတွင်း၌ ဟူယန်ပင်သည် ရန်သူအပေါ် ကောက်ချက်ဆွဲနေခဲ့၏။
"ဓားက အစွမ်းထက်ပေမယ့် လူက ပျော့ဖတ်နေတယ်"
သူမ၏ သတ်ဖြတ်လိုစိတ်က အချိန်တိုင်း ပိုမို တောက်လောင်လာနေ၏။
"ဒီနေရာမှာ လူသတ်ရင် မင်းက လွတ်မြောက်နိုင်လို့လား"
ယွမ်ရှောင်က ရုတ်တရက် မေးခွန်းထုတ်လိုက်ပြီး မည်သည်မှ ဂရုမစိုက်ဟန်ဖြင့် ရပ်နေသည်။
"ငါက နင့်ကို သတ်ရင် တရားမျှတမှုအတွက်၊ ငါ့ကို သတ်ရင်တော့ ပြစ်မှု ဖြစ်လာစေရမယ်"
သူမက အေးစက်စက် ကြုံးဝါးရင်း တဒုန်းဒုန်း ပြေးဝင်လာရာ ကြမ်းပြင်မှာ တုန်ခါနေစဥ် လေထဲသို့ ခုန်တက်သွား၏။ အပြစ်ပေးဓားသည် နေရောင်ခြည်ပမာ တောက်ပ၍ ဓားစက်ကွင်းခုနစ်ခုကြောင့် ဓားသွားပတ်ပတ်လည် စွမ်းအားများ အထွတ်အထိပ် ရောက်ရှိသွားသည်။
"နတ်ဘုရားရောင်ခြည် ဓားသိုင်း"
ဓားစံအိမ်၏ မျိုးဆက်များသာ သင်ယူခွင့်ရသော ဤဓားသိုင်းသည် ဓားဝိညာဥ်၏ ကြမ်းတမ်းမှုကို ရာနှုန်းပြည့် ထုတ်ဖော်နိုင်စေသည်။ ရွှေရောင်နေမင်းပမာ တောက်ပလင်းလက်နေသည့် ဓားသွားကျဆင်းလာသောအခါ ကြည့်ရှုနေသူများ ခံစားချက်ကိုယ်စီဖြင့် စောင့်ကြည့်နေကြ၏။ သို့ရာတွင် ယွမ်ရှောင်သည် မျက်နှာအမူအရာ တစ်ချက်ပင် ပြောင်းလဲမသွားဘဲ နဖူးပေါ်ရှိ ထောင်စောင့်နဂါးတံဆိပ် အသက်ဝင်လာ၍ နဂါးခေါင်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် အလွန်လှပရုံသာမက သူ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ရန်သူ၏ ကြမ်းကြုတ်သော ဓားကွက် ဝင်ရောက်လာချိန်တွင် ဘယ်လက်ဖြင့် မီးနဂါးများ ပစ်ခတ်ခဲ့သည်။ နဂါးဟိန်းသံများသည် ငါးထပ်မြောက်တစ်ခုလုံး လွှမ်းခြုံ၍ အပြစ်ပေးဓားကို တိုက်ခိုက်လာသဖြင့် နှစ်မျိုးကျင့်ကြံသူတစ်ယောက် အမှန်တကယ်ဖြစ်နေသောအခါ သူမမှာ ယုံကြည်မှု အနည်းငယ် ပျက်ပြားသွားရသည်။
"အားနည်းချင်ယောင်ဆောင်တာလား။ ဒီလှည့်ကွက်မျိုးက ရိုးနေပြီ"
မီးနဂါးများ၏ ပေါက်ကွဲမှုကြောင့် ဒရွတ်တိုက် နောက်ဆုတ်ပေးလိုက်ရသော ဟူယန်ပင်မှာ ဒေါသတကြီးဖြင့် ပြန်လည် ခုန်ဝင်လာခဲ့သည်။ လူအုပ်က ဆူညံနေ၍ သခင်ဟူနှင့် သခင်မချင်သည် အကြည့်ချင်းဖလှယ်၍ စိတ်ဝင်တစား ဖြစ်လာခဲ့၏။
"ဒါက ငါ့ရဲ့ မီးနဂါးသိုင်းလား"
လန်ရီမှာ စိုးရိမ်နေရမည့်အစား အံ့သြမင်သက်နေပြီး သူမ၏ အထူးတိုက်ကွက်ကို မည်သို့ တတ်မြောက်သွားကြောင်း သိချင်နေသည်။
"ဘယ်သူ့ဓားက ပိုကြီးလဲ သိချင်လား"
ထိုအခိုက်တွင် ယွမ်ရှောင်သည် ဓားဝိညာဥ်ကို ခြောက်ပေရှည်သော ဓားပျံအသွင်ပြောင်း၍ ခုန်တက်ကာ ယုံကြည်မှုအပြည့်ဖြင့် စိန်ခေါ်လိုက်သည်။ ဓားပျံဖြင့် တိုက်စစ်ဆင်လာသောအခါ အနီးကပ်တိုက်ပွဲအတွက် သင့်တော်မှု မရှိဟု နားလည်ထားသော ဟူယန်ပင်အတွက် ရယ်မောစရာ ဖြစ်နေခဲ့သည်။
"ဘာ...ဘာကြီးလဲ"
သူမက တစ်ဖက်လူကို ဓားပျံအထက်မှ ခုတ်ချရန် အသင့်ပြင်ထားစဥ် ၎င်းမှာ မိုးပြာရောင် စွမ်းအင်မုန်တိုင်းအဖြစ် ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ နတ်ဘုရားရောင်ခြည် ဓားသိုင်း ဖြစ်နေသောကြောင့် သူမကိုရော သခင်ဟူကိုပါ ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့၏။
"မဖြစ်နိုင်ဘူး"
သူမက ရင်ထိတ်သွားကာ ကြမ်းကြုတ်ရက်စက်သော ဓားရှည်သိုင်းကွက်မှာ ဓားပျံအသွင်ဖြင့် ပြောင်းလဲ အသုံးပြုခံလိုက်ရသော်လည်း ပိုမို ကြောက်စရာ ကောင်းလာခဲ့သည်။ တကယ်တမ်း အငိုက်မိသွားစေသည်မှာ အရှိန်နှုန်းဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာသဖြင့် သူမက နတ်ဘုရားရောင်ခြည် ဓားသိုင်းနှင့် တန်ပြန်ခဲ့သော်လည်း နောက်ကျသွားခဲ့၏။
"ဘုန်း"
ထိပ်တိုက်တွေ့ဆုံမှုသည် ဓားနက်ကြီးကို လွင့်ထွက်သွားစေကာ ကောင်းကင်သင်္ချိုင်းဓားဖျားက သူမ၏ ရင်ဘတ်ချပ်ကာထံ တည့်တည့်ကြီး ထိမှန်သွားသည်။ ဟူယန်ပင်မှာ စစ်မြင်းတစ်ကောင်ဖြင့် ဝင်ဆောင့်ခံလိုက်ရသကဲ့သို့ အရုပ်ကြိုးပြတ် လွင့်စင်ကာ သံချပ်ကာပင် ချိုင့်ဝင်၍ အရိုးများ အက်ကွဲကုန်သည်။
"မဟုတ်သေးပါဘူး။ နောက်ထပ်နို့စားနွားမ တစ်ကောင် အသတ်ခံရတော့မယ်"
လနီ၏ နှမြောတဿ ရေရွတ်သံ ထွက်ပေါ်နေစဥ် ဟူယန်ပင်မှာ နံရံများတလျှောက် လွင့်ထွက်နေဆဲဖြစ်ကာ သွေးများ တရစပ် ပန်းထွက်လာသဖြင့် မျက်နှာတစ်ခုလုံး ပြာနှမ်း၍ ပြင်းထန်လွန်းသော နာကျင်မှုကြောင့် အော်ဟစ်ရန် မဆိုထားနှင့်၊ အသက်ရှူရန်ပင် ခက်ခဲနေလေသည်။