ငရဲကိုးထပ်ကမ္ဘာ ဝင်ခွင့် ပိတ်ထားခြင်း
Vol. 31 Ch. 408
ယွမ်ရှောင်နှင့် လန်ရီ ထွက်ခွာသွားသောအခါ ကျန်ရစ်သော လူအုပ်သည် စိတ်ရှုပ်ထွေးနေကြပြီး ဓားစံအိမ်၊ ဝင်ခွင့်စမ်းသပ်ချက်နှင့် ရှေးဟောင်းမျှော်စင်၌ အံ့ဖွယ်များ ပြသခဲ့သည်ကို ချီးကျူးရမည်လား သို့မဟုတ် ရဲတင်းမှုကြောင့် ငါးရက်အကြာတွင် သေရမည်ကို လှောင်ရမည်လား မဝေခွဲတတ်တော့ပေ။ ထူးချွန်လွန်းသော လူတစ်ယောက်က ခဏအတွင်း ပျက်စီးရမည်မှာ နှမြောစရာကောင်းလွန်းပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ၌ အင်မော်တယ်သုံးယောက် နောက်ခံ ရှိသော ဆန်းကြယ်ဘုရားကျောင်း၏ စီရင်ချက်ကို မည်သူမှ မလွတ်မြောက်နိုင်ပေ။ ၎င်းသည် အနိမ့် အမြင့် အတက်အကျများကို ဆုံးဖြတ်နိုင်ပြီး လွတ်မြောက်ရန် ကြိုးစားခြင်းမှာ အချည်းနှီး ဖြစ်သောကြောင့် အန္တရာယ်ကြီးရှေ့တွင် ရယ်မောနိုင်သော ယွမ်ရှောင်၏ သတ္တိအကြောင်း နားမလည်နိုင်ကြပေ။ တပည့်များ ထွက်ခွာသွားသော်လည်း သခင်ဟူ၊ သခင်မချင်နှင့် လမ်းပြအသင်းသားများ ကျန်ရစ်ခဲ့ပြီး နားလည်ရခက်သူအကြောင်း ဆွေးနွေးနေကြသည်။
"သူ့နောက်ကြောင်းကို စစ်ဆေးပြီးပြီလား"
"ကျုပ်က စစ်ဆေးချင်ခဲ့ပေမယ့် သမီးလေးက တန်းပြီး သတ်ဖြတ်ချင်ခဲ့တယ်"
"ဒါဆိုရင် ဒီမောက်မာတဲ့ ငမိုက်သားကို စစ်ဆေးလိုက်ရအောင်"
သခင်မချင်က အေးစက်စက် ပြောလိုက်ပြီး မျက်နှာထားမှာ ကြောက်စရာကောင်းလောက်အောင် တင်းမာနေသည်။ သို့သော် ရှေးဟောင်းအပျက်အစီးနယ်မြေတွင် မည်သည့်နောက်ခံမဆို အင်မော်တယ်မျိုးဆက်များအောက် နိမ့်ကျပေသည်။ သူတို့ စိုးရိမ်နေသည်မှာ ထိုနောက်ခံ မဟုတ်ဘဲ ဆန့်ကျင်ဘက် အင်အားစုများ စီစဥ်ထားသည့် ထောင်ချောက် တစ်ခု ဖြစ်နေမည်ကိုပင်။
"ခင်ဗျားလက်ကို အပ်ထားလိုက်မယ်"
"ကောင်းပြီ။ စိတ်ချပါ"
စုံစမ်းစစ်ဆေးရာတွင် ကျွမ်းကျင်သော သခင်မချင်ကို ညွှန်ကြားလိုက်သည့် သခင်ဟူ၏ မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ မုန်တိုင်းထန်နေသည်။
"ဘယ်လိုဖြစ်ဖြစ် ငါးရက်အတွင်း သူ့ကို အဆုံးသတ်နိုင်မယ်မလား"
"အင်မော်တယ်သုံးပါးနေ့ အထိတောင် မခံစေရဘူး"
"လန်ရီရဲ့ နောက်ခံ မရှိရင် ဒီကောင်ရဲ့ မောက်မာမှုက သေခြင်းဆီ တွန်းပို့လိမ့်မယ်"
သူ၏ အကြည့်က ရုပ်ပျက်ဆင်းပျက် သေဆုံးနေသည့် သမီးဖြစ်သူ အလောင်းထံ ရောက်ရှိသွား၏။ သူမ၏ အကြွင်းအကျန်များအနက် မျက်ဝန်းများ ကြောက်လန့်တကြား ပြူးကျယ်နေသဖြင့် အင်မတန် ဝမ်းနည်းစရာကောင်းပေသည်။ ဓားစံအိမ်သခင် တစ်ယောက်အနေဖြင့် သမီးဖြစ်သူ သတ်ဖြတ်ခံလိုက်ရသော်လည်း ချက်ချင်း လက်တုံ့မပြန်နိုင်ခြင်းမှာ ဒေါသတကြီး ဖြစ်စေ၍ ဟူယန်လော့၏ ဆုံးရှုံးမှုထက်ပင် ပို၍ ကြီးမားနေခဲ့၏။ လမ်းပြအသင်း၏ ပါရမီရှင်များပင် ထိုဒေါသကို ခံစားမိသောကြောင့် ခပ်ဝေးဝေး ခွာနေကြပြီး ထန်ကျစ် တစ်ယောက်တည်းသာလျှင် ချဥ်းကပ်ရဲခဲ့သည်။
"သခင်ဟူ ကျောင်းတော်အဖွဲ့ကို ဖိအားပေးဖို့ အချိန်တန်ပြီ။ အင်မော်တယ်သုံးပါးနေ့မှာ တပြိုင်နက် လှုပ်ရှားချင်ပါတယ်"
ထန်ကျစ်က အကြံပြုလိုက်ပြီး စိတ်ပိုင်းဖြတ်ထားဟန် ပေါ်လွင်သည်။
"အနာဂတ်က မင်းတို့ လူငယ်တွေနဲ့ သက်ဆိုင်တယ်"
"အင်မော်တယ်သုံးပါးအတွက် အသက်ကို ပေးဆပ်ရဲပါတယ်"
သခင်ဟူ၏ မှာကြားချက်ကို သူက အံကြိတ်၍ ကတိပြုလိုက်သည်။
ကောင်းကင်ရင်းမြစ်နယ်မြေ၏ လျှို့ဝှက်ခန်းတစ်ခုအတွင်း ယွမ်အိမ်တော်မှ ယွမ်ကျန်းထန် ဝင်ရောက်လာ၍ အေးစက်စက် အလှတရားဖြင့် ကြောက်မက်ဖွယ် ခွန်အားကို ဖုံးကွယ်ထားသည့် သခင်မချင် စောင့်ဆိုင်းနေသည်။
"မောင်လေးယွမ်"
"သခင်မချင် ကျုပ် မင်းရဲ့ မောင်တော်နဲ့ အခုလေးတင် တွေ့ခဲ့တယ်။ ယွမ်မိသားစုက နိမ့်ကျသွားခဲ့ပါပြီ။ ဂုဏ်သိက္ခာ မြင့်မားတဲ့ သခင်မချင် ဘာကြောင့် ရောက်လာတာလဲ သိခွင့်ရမလား"
ယွမ်ကျန်းထန်က လာရင်းအကြောင်းကို စုံစမ်းသည်။
"ယွမ်ရှန်ကျင်း အသတ်ခံရတဲ့ကိစ္စမှာ ဓားနဲ့ ရုန်း နှစ်မျိုး ကျင့်ကြံသူတစ်ယောက် ပါဝင်ပတ်သက်နေတယ်လို့ ကြားထားတယ်"
"ဟုတ်ပါတယ်။ သူက ငရဲကိုးထပ်ကမ္ဘာရဲ့ အုပ်စိုးသူ ပါရမီရှင်တစ်ယောက်ပါ။ ဓားစံအိမ်နဲ့ ကျောင်းတော်မှာ မွှေနှောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘိုးဘေးကို သတ်ဖြတ်ဖို့ ယွီချန်ကို လှုံ့ဆော်ခဲ့တာလည်း သူပါပဲ"
သူက ခေါင်းညိတ်၍ အတည်ပြုပေးခဲ့၏။
"အဆင့်နိမ့်ကမ္ဘာရဲ့ သာမန်လူတစ်ယောက်က ရက်အနည်းငယ်အတွင်း ဒီလောက်သောင်းကျန်းနိုင်တာလား"
သူမက တအံ့တသြဖြင့် သိချင်စိတ် တိုးလာသည်။
"ဟုတ်ပါတယ်။ ကျုပ်ရဲ့ သားသုံးယောက်လုံးကို ဒုက္ခပေးခဲ့ပြီး အငယ်ဆုံးသားကို သတ်ပစ်ခဲ့ပါတယ်။ ရှေးဟောင်းကျောင်းတော်က ကျုပ်တို့ရဲ့ ကစားကွင်း ဖြစ်လာမှာကို မသိဘဲ လုံခြုံနေပြီ ထင်နေတယ်။ ဆန်းကြယ်ဘုရားကျောင်းက လျင်လျင်မြန်မြန် စစ်ဆေးပြီး သူ့ကို အဆုံးသတ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ အင်မော်တယ်မျိုးဆက်တွေက ကူမွေးမြူခြင်း ပညာရပ်မှာ တစ်ဖက်ကမ်းခတ်တယ်။ ကူကောင် တစ်မျိုးစီနဲ့ အန္တရာယ်ပေးပါစေ"
သူက ဦးညွှတ်၍ အလေးအနက် တောင်းဆိုခဲ့သည်။
"တရားစီရင်ဖို့က လွယ်ကူပါတယ်။ မစိုးရိမ်နဲ့"
သူမက အာမခံချက်တစ်ခု ပေးလိုက်၏။
"မင်းတို့က ငရဲကိုးထပ်ကမ္ဘာကို သွားပြီး သူရဲ့ မိသားစုနဲ့ အပေါင်းအသင်းတွေကို ဖမ်းဆီးချင်ပါသလား"
"ကွတ်တိ မှန်တယ်"
"ကျုပ်လည်း ဒီလိုကြံစည်ထားပေမယ့် အင်မော်တ်သုံးပါးက ငရဲကိုးထပ်ကမ္ဘာကို ဝင်ခွင့်ပိတ်ထားတယ်။ သူတို့မှာ အစီအစဥ်တစ်ခုခု ရှိမယ် ထင်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်နဲ့ အကြံကို ကျုပ်တို့လို သာမန်ကျင့်ကြံသူတွေ မသိနိုင်ပါဘူး"
"ဒါဆိုရင် ငါ သွားတော့မယ်။ သတင်းအချက်အဘက်အတွက် ကျေးဇူးတင်ပါတယ်"
"တရားခွင်မှာ ဒီအပြစ်သားကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ထားသင့်တယ်"
"ဒီလိုလူငယ်လေးတွေကို ကိုင်တွယ်ရာမှာ ငါက ကျွမ်းကျင်တာထက် ပိုပါတယ် ဟီး ဟီး"
ယွမ်ကျန်းထန်က သတိပေးလိုက်သော်လည်း သခငမချင်သည် ကိုယ့်ကိုကိုယ် အထင်ကြီးစွာ ကြွားဝါ၍ ရယ်မောရင်း ထွက်ခွာသွားခဲ့သည်။
ရှေးဟောင်းမျှော်စင် ဖြစ်ရပ် အပြီးတွင် ယွမ်ရှောင်၏ ကျော်ကြားမှုက လန်ရီကိုပင် ကျော်တက်သွားကာ သွားလေရာရာ အကြည့်မျိုးစုံ ကျရောက်လာတတ်သည်။ တပည့်အများစုသည် ငါးရက်အတွင်း သူ စီရင်ချက် ချမှတ်ခံရမည်ကို သိထားသော်လည်း ကဲ့ရဲ့လှောင်ပြောင်ခြင်း မရှိဘဲ သာမန်အတိုင်း ပြောဆိုဆက်ဆံပေးကြသဖြင့် စိတ်ဝင်စားစရာကောင်းသော အမူအကျင့်များပင်။
"ငါတို့ ကုသိုလ်ခန်းမကို ရောက်ပြီ"
လန်ရီက အသိပေးလိုက်ပြီး ချစ်ခင်ကြင်နာရင်း ရှေးဟောင်းကျော်းတော်၏ ရှုခင်းကို ခံစားနေသည့် ဤစုံတွဲမှာ နောက်ထပ်ပန်းတိုင်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် သိုင်းပညာ၊ တာအိုဂါထာများနှင့် လျှို့ဝှက်နည်းစနစ်များ လက်ဆင့်ကမ်းရာ နေရာတစ်ခုဖြစ်၍ ရှေးဟောင်းကျောင်းတော်၏ အကျော်ကြားဆုံး ဖြစ်သည်။ ၎င်းက ငှက်သိုက်သဏ္ဍာန် တည်ဆောက်ထားပြီး စက်ဝိုင်းသဏ္ဍာန်ဖြစ်ကာ အလည်တည့်တည့်တွင် ရှေးဟောင်းမျှော်စင် ဝင်ဆံ့နိုင်လောက်မည့် ကွက်လပ် ချန်ရစ်ထား၏။ ကျင့်ကြံရေးလမ်းကြောင်း မြင့်တက်လာသည်နှင့်အမျှ အစွမ်းထက် ကျင့်စဥ်များ လိုအပ်လာကာ ဝင်ပေါက်သို့ နီးကပ်လာသည်နှင့် တပြိုင်နက် ကြိုဆိုရန် လူတစ်စု ထွက်ပေါ်လာခဲ့သည်။
"ဆရာတူညီမလေး"
စကားပြောလာသူမှာ အနီရောင်ဝတ် ဓားသမားတစ်ယောက်ဖြစ်ကာ ယွမ်ရှောင်ထက် ခေါင်းတစ်လုံး ပိုမြင့်၍ ကြမ်းတမ်းသူတစ်ယောက် ဖြစ်ပုံပေါ်သည်။ သို့ရာတွင် မျက်နှာထားက တည်ငြိမ်လေးနက်ပြီး ကြက်သွေးရောင် မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထား၍ ခန့်ညားပေသည်။ ဝတ်ရုံအပေါ်တွင် ရေးထွင်းထားသော မီးချီလင်နှင့် တိုက်ခိုက်ရင်း သေခြင်းတရားအပေါ် လျှောက်လှမ်းနေသည့် ကျင့်ကြံသူတစ်ယောက် ပန်းချီကားမှာ ယွမ်ရှောင်၏ အကြည့်ကို ဆွဲဆောင်သွား၏။
"ဆရာတူအစ်ကိုချီ"
ချီယန်အမည်ရ လူငယ်က ဂိုဏ်းတူညီနောင်များနှင့်အတူ လန်ရီထံ လျှောက်လှမ်းလာ၍ အကြည့်အားလုံးသည် သူမနှင့် လက်ချင်းတွဲထားသော ယွမ်ရှောင်ထံ စူးစမ်းလိုစိတ်ဖြင့် ကျရောက်လာခဲ့သည်။
"ဒါက ငါတို့ယောက်ဖလောင်းလား။ တကယ့်ကို ပန်းချီကားတစ်ချပ်လို ချောမောတယ်"
"အစ်ကိုချီက သူ့ကို စိတ်ဝင်စားလို့လား"
ချီယန်၏ မှတ်ချက်ကို အပြာရောင်ဝတ် လူငယ်တစ်ယောက်က စနောက်လိုက်သည်။
"တော်စမ်းပါကွာ"
ချီယန်နှင့် အပေါင်းအဖော်များ တွန်းထိုးရင် ရယ်မောနေကြစဥ် လန်ရီသည် တစ်ဖက်လူမှာ ယွီချန်၏ တပည့်တစ်ယောက် ဖြစ်ကြောင်း မိတ်ဆက်ပေးလာခဲ့၏။ ထို့ကြောင့် သူကလည်း လေးလေးစားစားဖြင့် ပြန်လည် မိတ်ဆက်ခဲ့ပြီး စနောက်ခဲ့သူ လူငယ်မှာ ဦးလေးမြစ်၏ တူတော်စပ်သူ ယွမ်ကျင်း ဖြစ်ကြောင်း ထပ်မံ မိတ်ဆက်လာသဖြင့် အပြုံးချင်း ဖလှယ်လိုက်သည်။ ကျန်လူငယ်များလည်း မိတ်ဆက်လာကြပြီး ကျောင်းတော်၏ အင်အားစုများ သို့မဟုတ် အဆင့်နိမ်ကမ္ဘာများ၏ ပါရမီရှင်များချည်း ဖြစ်နေ၏။
"အစ်ကိုချီက နေမင်းတောက်လောင်နယ်မြေရဲ့ ဒဏ္ဍာရီလာ ခေါင်းဆောင်တစ်ယောက်ပါ။ နတ်ဆိုးမျိုးနွယ်ကို တွန်းလှန်ဖို့ လူသားမျိုးနွယ်အရှေ့က ဦးဆောင်ခဲ့တယ်"
"မဟုတ်တာ။ ရှေးဟောင်းကျောင်းတော်ကို ရောက်တော့ တစ်တောင်ထက် ပိုမြင့်တဲ့ တောင် ရှိတယ်ဆိုတာ သဘောပေါက်လာရတယ်။ ဆရာတူညီနောင်တွေကတောင် ကျုပ်ထက် သာပါတယ်"
လန်ရီက ချီးကျူးလိုက်သော်လည်း ချီယန်မှာ လက်မခံလိုဟန်ဖြင့် နှိမ့်ချစွာ ဝင်ပြောလိုက်သည်။
"အစ်ကိုတို့က တစ်နေရာရာ သွားဖို့ ပြင်ဆင်နေတာလား"
သူမက စပ်စုလိုက်သည်။
"ဦးလေးဖုန်းက ငါတို့ကို နတ်ဆိုးတာဝန်တစ်ခု ချပေးထားတယ်။ လုံလောက်တဲ့ ဆုလာဘ်တွေလည်း ကမ်းလှမ်းထားတယ်"
ချီယန်က ခေါင်းညိတ်၍ တာဝန်တစ်ခုအကြောင်း စကားဦးသန်းခဲ့လေသည်။