ဆရာနှင့် တပည့် (၁)။
Vol. 50 Ch. 599
မေလ၊ (၅)ရက်နေ့သည် မိုးပြာတိုက်ကြီး သမိုင်းမှတ်တမ်းတွင် အထူးတလည်နေ့လည်း ဖြစ်ခဲ့သည်။ ထိုနေ့တွင် ကြွေလွင့်ပန်းတောင် တိုက်ပွဲသည် လူတိုင်းကို တုန်လှုပ်စေ၏။
ကြယ်တာရာထောင်မှူးအမည်ကို မကြားဖူးသော်လည်း အမှောင်တားမြစ်စွမ်းအား အပေါ် ထိန်းချုပ်နိုင်ကြောင်း သိရှိပြီးနောက် မည်မျှ တန်ခိုးကြီးမှန်း တွက်ဆနိုင်သည်။
သို့သော် ထိုသို့သော လူသည် စုရီလက်တွင်ရိုက်နှက်ခံရသည်မှာ သနားစရာ ကောင်းလွန်း၏။ တိုက်ပွဲမြင်ကွင်းအသေစိတ်ကို ချင်းယွင်မျှော်စင်မှ ထုတ်ဖော်ရေးထားခဲ့သည်။
ဤသတင်းသည် မိုးပြာတိုက်ကြီးအတွက် တုန်လှုပ်ချောက်ချားဖွယ် ပေပင်။ နတ်ဆိုးဟွမ် မျိုးရိုးနှင့် အခြားအင်အားစုများမှာ မိုးကြိုးပစ်ခံ လိုက်ရသကဲ့သို့ တုန်လှုပ်ကုန်၏။
“ ကောင်းကင်ဘုံက ငါတို့ နတ်ဆိုးဟွမ်မျိုးနွယ်စုကို မမြင်လိုတော့ဘူး နှစ်ပေါင်းသုံးသောင်း ပုန်းအောင်းပြီးနောက် အားလုံးပြီးဆုံးသွားပြီ ... ။ ”
အဖိုးအိုက ဘိုးဘေးနယ်မြေကို နောက်ဆုံးအကြိမ်ကြည့်ကာ ညည်းတွားလိုက် တော့သည်။
သူတို့ရန်သူသည် ဤတိုက်ကြီး၌ ပြိုင်ဘက်ကင်း ဘီလူးတစ်ကောင် အဖြစ် ကြီးပြင်း လာချေပြီ။ ဧကရာဇ်များအောက် အနိုင်ယူနိုင်သောလူ မရှိတော့ချေ။
“ မင်းတို့အားလုံး ထွက်သွားပါ ... ဂိုဏ်းရဲ့ရတနာတွေနဲ့ အမွေကို မင်းတို့နဲ့အတူ ယူသွားကြ ... အနာဂတ်မှာ နတ်ဆိုးဟွမ်းမျိုးရိုး မိသားစုဝင်ဖြစ်ကြောင်း မထုတ်ဖော်ကြနဲ့ ... ။ ”
ဖိနပ်ဗလာဖြင့် အဖိုးအိုမှ ဝမ်းနည်းစွာဖြင့် အမိန့်ပေးလိုက်ရသည်။ ယနေ့မှစ၍နတ်ဆိုးဟွမ် မျိုးရိုးဟူသည် ဤကမ္ဘာကြီး၌ မရှိတော့ချေ။
အလားတူပင် အခြားသော ရှေးဟောင်း အင်အားစုများသည်လည်း သူတို့မျိုးရိုးများကို ဖျက်သိမ်းလိုက်ရသည်။
အမှောင်တားမြစ်စွမ်းအားကို နှစ်ပေါင်း(၃)သောင်းကျော် အံတုပြီးနောက် (၁၈)နှစ်အရွယ် လူငယ်တစ်ယောက်ကြောင့် ပျက်သုဉ်းရချေပြီ။ မည်သူ ထင်မည်နည်း။
မုန်တိုင်းများစွာကို ကြံ့ကြံ့ခံပြီး ဘဝ၏ ဘေးဆိုးများအပေါ် အကြိမ်ကြိမ်ဖြတ်ကျော်ကာ ရှင်သန်ရခြင်းသည် အဆုံး၌ပျက်စီးခြင်း ဖြစ်နေ၏။ ရက်စက်လွန်းချေပြီ။
“ သွားကြစို့ ... ငါတို့ အခုမထွက်ခွာရင် ငါတို့ရဲ့ကံကြမ္မာကို အခွင့်ကောင်းယူချင်သူတွေ ရောက်လာလိမ့်မယ် ... ။ ”
“ ဒီစုရီနဲ့ ... တိုက်ကြီးတစ်ခုထဲနေတာက ငါ့တို့အတွက် ကောင်းကျိုးမရှိဘူး။ ”
တစ်ချိန်တည်းမှာပင် အခြားကမ္ဘာမှ ဖြတ်ကျော်ရောက်ရှိလာကြသည့် မြောက်ပိုင်း နှင်းဓားနန်းတော်နှင့် အခြားဂိုဏ်းကြီး နှစ်ဂိုဏ်း တို့သည်လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကုန်၏။
ဆန့်ကျင်ဘက်အနေနှင့် ဤသတင်းကို ကြားသောအခါ ကျန်ရှေးဟောင်းအင်အားစု သုံးစုဖြစ်သည့် မရဏငရဲနန်းတော်၊ ယွင်ရင် ဓားတောင်နှင့် သွမ့်ကူမျိုးရိုးမှာ စိတ်သက်ရာရသွားသည်။
အကြောင်းအမျိုးမျိုးကြောင့် စုရီနှင့် ရန်ငြိုးကို ဖြတ်နိုင်ခဲ့၏။ ထို့ကြောင့် ဆိုးရွားသော ဘေးဥပဒ်ကို ရှောင်ရှားနိုင်ခဲ့ကြသည်။
မဟာကျိုးနိုင်ငံ၊ ဧကရာဇ်နန်းတော်။
ညဉ့်နက်နေပြီ ဖြစ်သော်လည်း နန်းတော်အတွင်း တီးမှုတ်နေသံများ ညံနေဆဲ ပေပင်။ ကျိုးကျစ်လီမှ ပလ္လင်ပေါ်တွင် ထိုင်ပြီး ကချေသည်များကို ငေးနေ၏။
ကချေသည်တစ်စုသည် ဂါဝန်များဝတ်ဆင် ကခုန်နေကြပြီး ၎င်းတို့၏ ချောမောလှပသော အသွင်ကို ပြသနေသည်။
ညမီးရောင်အောက်တွင် ဗုံသံနှင့် တေးဂီတသံများသည် ငြိမ့်ညောင်းပြီး ရွှင်မြူး ချေ၏။ သို့သော် ကျိုးကျစ်လီအတွက် အထီးကျန်နေဆဲပေပင်။
ဤကမ္ဘာတွင် သူတစ်ယောက်ဟု အမြဲခံစားနေရသည်။ ထိုစဉ် လူတစ်ယောက် လေပြင်းတိုက်သကဲ့သို့ ဝင်ရောက်လာပြီး စာတစ်စောင် ကမ်းပေးလာသည်။
ကျိုးကျစ်လီမှ မျက်မှောင်ကြုတ်လျက် စာကိုလှမ်းယူသည်။ စာပေါ်တွင် မဟာရှနိုင်ငံ ဟူသောတံဆိပ်ကို မြင်ချိန်၌ မျက်ဝန်းများ တောက်ပလာပြီး ချက်ချင်းဖတ်တော့၏။
“ ဟားဟားဟား ... ဒါမှ ငါ့အစ်ကိုစုကွ မဟာကျိုးရဲ့ ဧကရာဇ်ဥသျှောင်။ ”
အဆုံး၌ ရွှင်မြူးလာပြီး နဂါးပလ္လင်ကို ရုတ်တရက် ရိုက်ချလိုက်ကာ စိတ်လှုပ်ရှားစွာ ရယ်မောလေသည်။
“ ဟမ့် ... မင်းတို့တွေ ဘာအတွက် ရပ်နေကြတာလဲ ကကြစမ်း တစ်ညလုံးမရပ်နဲ့ လူတိုင်း ဒီကိုလာပါစေ ဟားဟားဟား။ ”
***
မဟာချင်နိုင်ငံ၊ အင်ပါယာမြို့တော်။
ညဉ့်နက်နေသော်လည်း မဟာချင်နိုင်ငံ၏ နာမည်ကြီးစားသောက်ဆိုင်အတွင်း လူအများ တက်ကြွစွာ ဆွေးနွေးမှုများ ပြုလုပ်နေ၏။
ဆိုင်အတွင်း ထောင့်တစ်နေရာတွင် ချန်လီသည် တစ်ယောက်တည်း ထိုင်နေသည်။ ပတ်ဝန်းကျင်မှ စကားသံများ နားထောင်ကာ သူ့ရင်ထဲ ခံစားချက်များ ပြည့်နှက်လာ၏။
“ လူတစ်ယောက်နဲ့ ဓားတစ်လက်က ရှေးဟောင်းအင်အားစု ခုနစ်ခုကို ဖျက်ဆီးပြီး လောကကြီးထိပ်မှာ ရပ်နေတာလား၊ ဒီစုရီ ...
... တကယ်ပဲ မယုံနိုင်စရာ ကောင်းလွန်းတယ် ဒီလိုဒဏ္ဍာရီတစ်ပုဒ်ဖြစ်ဖို့ ငါ့အတွက် ဝေးကွာလွန်းပါတယ်။ ”
ချန်လီမှ သက်ပြင်းချလိုက်သည်။ သူသည် ဤကမ္ဘာကြီး၌ မြူမှုန်လေးတစ်မှုန်မျှသာ ဖြစ်ပြီး လမ်းလျှောက်တက်စ ကလေးလိုပေပင်။
စုရီကဲ့သို့ လူတစ်ယောက်၏ ကြောက်စရာကောင်းသော စွမ်းအားမျိုးကို သူ မျှော်လင့်နိုင်မည် မဟုတ်ချေ။ အဆုံးတွင် ဝိုင်ခွက်ကို ချကာ ထွက်ခွာလာခဲ့သည်။
ထိုစုရီသည် သူ့အတွက် ကျင့်ကြံမှု နည်းစနစ်ကိုပေးခဲ့သော ကျောက်စိမ်းရောင်ဝတ် လူငယ်လေးမှန်း မသိနိုင်တော့ချေ။
“ ဒီကမ္ဘာကြီးမှာ ... အကောင်းနဲ့အဆိုး မရှိဘူး ကျင့်ကြံမှုလမ်းမှာ ... မင်းလုပ်ရမှာက အမှန်တရားကို နှလုံးသွင်းနိုင်ဖို့ပဲ။ ”
ဤသည်မှာ ထိုစဉ်က ကျောက်စိမ်းဝတ်လူငယ်လေး ပြောခဲ့သော စကားဖြစ်သည်။ ယနေ့အချိန်အထိ ဖြတ်သန်း နိုင်သမျှသည် ထိုစကားကြောင့်ဖြစ်၏။
“ ကမ္ဘာ့ကြီးရဲ့အမြင်မှာ ဒီစုရီက နတ်ဘုရားတစ်ပါးဖြစ်ပေမယ့် ငါ့မျက်လုံးထဲ မှာတော့ ... အဲဒီလူငယ်ကသာ စစ်မှန်တဲ့ တန်ခိုးရှင်ပါပဲ။ ”
ဤနှစ်များအတွင်း နာမည်ပင် သိခွင့်မရှိလိုက်သော ထိုစီနီယာကို လှည့်ပတ် ရှာဖွေ နေမိခဲ့သည်။
***
ထိုညတွင် ဝေးလံခေါင်ဖျား တောင်ခြေ တောရွာလေးတစ်ရွာရှေ့တွင် လူရိပ်နှစ်ရိပ် ထွက်ပေါ်လာ၏။
“ ဆရာ ... ဒီရွာက ချောင်ရှရွာပဲ ... ။ ”
တစ်ယောက်သည် နက်မှောင်သော တာအို၀တ်လုံဖြင့် အဖိုးအိုတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်သည် အဖြူရောင် ၀တ်စုံဝတ် လူငယ်တစ်ဦးဖြစ်သည်။
“ ဒီရွာက ထူးဆန်းတယ် ... ။ ”
အဘိုးအို၏ မျက်လုံးများသည် ရွာလေးကို ကြည့်ကာ ထူးဆန်းသော အလင်းရောင်များဖြင့် တောက်ပလာ၏။
ညဥ့်နက်နေပြီဖြစ်ရာ ရွာလေးသည် အိပ်စက်နေချေပြီ။ အသွင်အပြင်အရ သာမန်ရွာ တစ်ရွာပေပင်။
သို့သော် အေးချမ်းမှုသည် ရွာကို သိုင်းခြုံထားချေပြီ။ အဖြူဝတ်လူငယ်သည် အိပ်မောကျနေသော ရွာကိုကြည့်လိုက်ပြီး၊
“ လွန်ခဲ့တဲ့ တစ်နှစ်ကစပြီး ဒီရွာလေးမှာ ထူးဆန်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ် ဝေးလံခေါင်သီပေမယ့် ... ရွာထဲကို သားရဲတွေ မလာကြတော့ဘူး ...
... ရွာရှိ လူတိုင်းလည်း ကျန်းမာပြီး ပျော်ရွှင်လာကြတယ် အထူးသဖြင့် နာမည်ကြီး ချောင်ဖျင်နဲ့ချောင်အာဆိုတဲ့ ချောင်မောင်နှစ်မပဲ သူတို့ကြောင့် ဒီရွာလေးက ...
... အခုလို ပြောင်းလဲလာတာလို့ မိုင်တစ်ရာပတ်ဝန်းကျင်မှာ ပြောနေကြတယ် ရွာတိုင်းက သူတို့မောင်နှစ်မကို ကံကောင်းခြင်း မောင်နှစ်မလို့ အမည်ပေးထားတယ်။ ”
အနက်ဝတ် အဖိုးအိုက ခေါင်းညိတ်ပြီး၊
“ ဒါက ကံကြမ္မာပဲ ... ဒီချောင်မောင်နှစ်မ ဘယ်မှာနေလဲ။ ”
“ ချောင်မောင်နှစ်မ နေအိမ်က ... ရွာအနောက်ဘက် တောစပ်မှာဆရာ သူတို့က သာမန်လူတွေပါ။ ”
“ ကောင်းပြီ သွားကြည့်ရအောင်။ ”
စကားဆုံးသည်နှင့် လူရိပ်နှစ်ရိပ်မှာ ချက်ချင်းပျောက်ကွယ်သွားသည်။ များမကြာမီ ရွာအတွင်း ဖြတ်သန်းနေသော အရိပ်နှစ်ရိပ်ကို မြင်နိုင်ချေ၏။
“ အံ့ဩစရာပဲ ... ဒီကမ္ဘာကြီးရဲ့ ဝိညာဉ်သွေးကြော ... တောင်တွေ ... မြစ်တွေနဲ့ လေစီးကြောင်းက ပြောင်းနေပါလား ...
... ဒီရွာမှာ စုစည်းနေတာ ကောင်းကင်နဲ့ မြေကြီးကြား ဝိညာဉ်စွမ်းအင်တွေ မဟုတ်ဘူး မဟာတာအို ကောင်းချီးတွေ ... ။ ”
အနက်ဝတ်အဖိုးအိုသည် ထူးခြားသော ခံစားချက်ရရှိကာ အံ့အားသင့်လာတော့သည်။ သာမန်ရွာတစ်ရွာသည် ဤသို့သေမျိုးကမ္ဘာ၏ သုခဘုံဖြစ်နေသည်မှာ ယုံနိုင်စရာမရှိချေ။
ဤကမ္ဘာကြီးတွင် မည်သို့သော ကျွမ်းကျင်သူသည် ထိုမျှအစွမ်းထက်သနည်း။ လမ်းတစ်လျှောက် သူတွေ့သမျှသော မြင်ကွင်းများတွင် အံ့ဩဖွယ်အကောင်းဆုံး ပေပင်။
“ ဆရာ ... ငါတို့ရောက်ပြီ ... ။ ”
အဖြူဝတ်လူငယ်က နေအိမ်တစ်လုံးရှေ့ ရပ်လိုက်သည်။ ရှေးမစွတည်းကပင် အနက်ဝတ် အဖိုးအိုမှာ သတိထားမိပြီးဖြစ်၏။
ယင်းသည် တိတ်ဆိတ်နေသော ခြံဝင်းတစ်ခုဖြစ်ကာ သက်ကယ်တဲသုံးလုံး၊ နွားတင်းကုပ်တစ်ခု၊ ဟင်းရွက်စိုက်ခင်းနှင့် ကြက်ခြံတစ်ခြံဖြစ်လေသည်။
ရိုးရှင်းပြီး သာမန်ပေပင်။ မြင်ရုံဖြင့် ဆင်းရဲသောမိသားစုတစ်ခု ဖြစ်ကြောင်းကို ပြသနေသည်။
သို့သော် အဘိုးအိုမှ ဆက်မဝင်ချေ။ ခြံဝင်းတံခါးတွင်ရပ်ကာ အံ့သြမှုအရိပ်အမြွက်ကို ထိန်းမနိုင်သိမ်းမရ ပြသလာသည်။
ဤသည်မှာ ပုန်းကွယ်နေသော နဂါးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပေပင်။ သာမာန်လူများ မဆိုနှင့် ကျင့်ကြံသူများပင် ရှာတွေ့နိုင်မည် မဟုတ်ချေ။
“ ဒီတစ်နှစ်ထဲမှာ ကျင့်ကြံသူတွေ တော်တော်များများ လာကြတယ် ခြွင်းချက်မရှိ လူတိုင်း ဆုတ်ခွာသွားကြတယ် ... ဘယ်သူမှ ဒီရွာကို မနှောင့်ယှက်ရဲဘူး။ ”
အဖြူဝတ်လူငယ်က ရှင်းပြသည်။
“ အထူးသဖြင့် မဟာတွင်းနက်ကြီး ပေါ်ထွန်းလာချိန်ကစပြီး မရေမတွက်နိုင်လှတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတွေ ... သရဲတစ္ဆေတွေ ...
... ကျင့်ကြံသူတွေ ... နတ်ဆိုးတွေ အင်မော်တယ်တောင်ထိပ်မှာ ပေါ်လာခဲ့တယ် ဒါပေမယ့် သူတို့အားလုံး ရွာထဲမဝင်ဝံ့ကြဘူး။ ”
ထိုစကားကြောင့် အနက်ဝတ် အဘိုးအိုက ခေါင်းညိတ်ကာ၊
“ မထူးဆန်းပါဘူး။ ”
-ဟု တုန့်ပြန်၏။
ထို့နောက် သူ့မျက်ဝန်းများသည် အိမ်တံခါးရွက်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ တံခါးရွက်တွင် စာရွက်အနီတစ်ရွက် ရေးကပ်ထား၏။
“ ငြိမ်းချမ်းခြင်းသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ”
ဤသည်မှာ သာမာန် စကားလုံးများ ဖြစ်သည်။ လက်ရေးသည် ရှေးကျသန်စွမ်း၏။ စာဖတ်သူတိုင်းကို အေးချမ်းမှုပေးသည်။
သူကဲ့သို့ အဘိုးအိုအတွက်ပင် ငြိမ်းချမ်းခြင်းနှင့် နှစ်သိမ့်ခြင်း ခံစားချက်များ ရရှိချေပြီ။ လောကကြီးအပေါ် ကြင်နာသော တန်ခိုးရှင်တစ်ပါးကို မြင်နေရသလို ပေပင်။ သဟဇာတရှိပြီး လျှို့ဝှက်ဆန်းကြယ်ချေ၏။
စာကြောင်းလေး တစ်ကြောင်းသည် ကျယ်ပြောလှသောစကြာဝဠာကြီးကို မြင်စေ နိုင်သည်လော။
အနက်ဝတ်အဖိုးအိုခမျာ အတွေးများဖြင့် ထိတ်လန့်လာပြီး တဆက်ဆက် တုန်ယင်လာ တော့၏။
***