ပြာမှုန်အဖြစ်ပြောင်းလဲခြင်း။
Vol. 50 Ch. 598
သူ ရောက်ရှိလာစဉ် မာနကြီးပြီး မထီမဲ့မြင် ပြုခဲ့သမျှသည် ရယ်စရာ ဖြစ်ကုန်တော့သည်။ တိုက်ပွဲ အမှန်တကယ် စတင်သောအခါတွင် တစ်ချက်ပင် ခုခံနိုင်ခြင်းမရှိခဲ့ချေ။
ဒဏ်ရာများမှ သက်သာလာသဖြင့် ဥက္ကာခဲချောက်နက်အတွင်းက ထွက်ချိန်တွင် ဤမျှ အရှက်ရဖွယ်ကြုံရလိမ့်မည်ဟု မမျှော်လင့် ထားသည်မှာ သဘာဝပေပင်။
အဆုံးတွင် ဧကရာဇ်များကိုပင် သားကောင်အဖြစ် အမဲလိုက်နိုင်ခဲ့သောသူသည် သနားစရာကောင်းနေသည်။
ဒေါသဖြင့်အံကြိတ်ကာ တံဆိပ်များ ရေးထွင်းလျက် ပြေးဝင်တော့သည်။ ဓားချီများ မုန်တိုင်းတစ်စင်းအလား သူနှင့်အတူ လိုက်ပါလာခဲ့သည်။
သူဖြတ်သွားရာ လမ်းတစ်လျှောက် ကောင်းကင်နှင့်မြေကြီး၌ မရေမတွက်နိုင်သော အကွဲအပြဲများ ဖြစ်ပေါ်လာ၏။
ဤဓားများသည် ရှေးဟောင်း အမှောင်တားမြစ်စွမ်းအား အပြည့်ပါရှိနေရာ မြင်ကွင်းတစ်ခုလုံး အမှောင်ဖုံးကုန်သည်။
ဤအမှောင်ထုအတွင်း တားမြစ်စွမ်းအားသည် ဝိညာဉ်တာအိုနယ်ပယ် မည်သူမဆို အလွယ်တကူ အသက်ဓာတ် ခမ်းခြောက်သေဆုံးနိုင်၏။
“ ဟမ့် ... ။ ”
ဝမ်းနည်းစရာကောင်းသည်မှာ စုရီ မပါဝင်ခဲ့ချေ။ စုရီသည် အလင်းတန်းတစ်ခုလို ရှေ့သို့ ပြေးတက်လာ၏။ ရှောင်တိမ်းခြင်း မရှိဘဲ ဓားမုန်တိုင်းကို တည့်တည့် ဖြတ်သန်းသည်။
“ မကောင်းတော့ဘူ ... ။ ”
“ ဝှစ် ... ။”
“ ဘုန်း ... ။ ”
အနက်ရောင်ဝတ်လူသည် ချက်ချင်း ဘေးသို့ဆုတ်ခွာလိုက်သော်လည်း သဲအိတ်ကဲ့သို့ ထိုးနှက်ခြင်း ခံလိုက်ရပြန်သည်။
ပြင်းထန်လွန်းသဖြင့် မြေပြင်ပေါ် ပြုတ်ကျသွားကာ နစ်ဝင်သွားချေပြီ။ မျက်နှာ၌ ညိုမဲလာပြီး ဖုန်မှုန့်များဖြင့် ပေကျံနေသည်။ ဤသည်မှာ တစ်ဖက်သတ် ရိုက်နှက်ခံရခြင်း ပေပင်။
“ မင်း သေချင်နေတာပဲ ... ။ ”
ရုတ်တရက် ကျိန်ဆဲသံနှင့်အတူ မြေပြင်အပျက်အစီး အတွင်းမှ ပြေးထွက်လာ ပြန်၏။ ဤတစ်ကြိမ်တွင် အမှောင်တားမြစ် စွမ်းအားကို အသုံးပြုခြင်း မပြုတော့ချေ။
စုရီမှ လှောင်ပြုံးဖြင့် ပြန်ကြည့်၏။ တစ်ဖက်သည် အုတ်မြစ် ပြိုကျနေသောဒုက္ခိတ တစ်ဦးပေပင်။ မဟုတ်သော် ဤမျှ လွယ်မည် မဟုတ်ကြောင်း သူ သိ၏။
ဆိုလိုသည်မှာ သည်လူသည် သေလုမျောပါးဒဏ်ရာဖြင့် ဥက္ကာခဲတွင်းနက် အတွင်း လဲလျောင်းနေခဲ့ရသည်။
ရွှေခေတ် ကျရောက်လာချိန်၌ မဟာတာအိုအလင်းမိုးကြောင့် သူ့အုတ်မြစ်ကို ပြုပြင်ကာ ပြန်ည်တည်ဆောက်ရန် ထွက်လာခြင်းဖြစ်သည်။
အမှောင်တားမြစ်စွမ်းအား မပါသော်မှ ရှားကျစ်ပိုင်၊ ဟွမ်ရှောင်လင်နှင့် အခြားသော ထိပ်တန်းဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူများကို အနိုင်ယူနိုင်၏။
သို့သော် စုရီသည် ထိုသူများမဟုတ်ချေ။ မိုးပြာတိုက်ကြီး၌ ပြိုင်ဘက်ကင်းသော တည်ရှိမှု တစ်ခု ဖြစ်သည်။
“ ဘုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြွေလွင့်ပန်းတောင် တစ်ခုလုံး တုန်ခါကုန်၏။ အနက်ရောင်ဝတ်လူခမျာ ကျောက်တုံးပုံအတွင်း နစ်မြုပ်သွားသည်။
“ ဝှစ် ... ။ ”
စုရီက လေထဲမှ ဆင်းသက်လာပြီး လက်နှစ်ဖက်နောက်ပို့ကာ ထိုထောင်မှူးထံ လျှောက်လှမ်းသွား၏။
“ ငါမင်းကို နောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ် ကြက်နဲ့ ခွေးများဆိုတဲ့ စကားရဲ့အဓိပ္ပါယ်နဲ့ ... စစ်မှန်တဲ့စွမ်းအားကို မသိနိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ ”
အနက်ရောင်၀တ်လူခမျာ မျက်နှာ ဖြူလျော်နေပြီး အရှက်တရားနှင့် ဒေါသများမှာ နှလုံးသားထဲလှိုင်းထန်လာတော့သည်။
စုရီပြောသောစကားတိုင်းသည် သူ့နှလုံးသားကို ဓားနှင့်ထိုးနေသလိုပေပင်။ မျက်နှာကို ပါးရိုက်ခြင်းမည်ချေ၏။
အရှက်တရားသည် ပြင်းလွန်းသဖြင့် သူ့အဆုတ်များ ပေါက်ကွဲလုမတတ် နာကျင်လာ တော့သည်။
အတိတ်ကာလတွင် သူသည် အမှောင်တားမြစ်စွမ်းအားကို ထိန်းချုပ်ထားပြီး စကားအနည်းငယ်ပြောရုံဖြင့် ဧကရာဇ်များကို ကြောက်ရွံ့ပြီး စိတ်ပျက်အားငယ်အောင် စွမ်းဆောင်နိုင်၏။
ယနေ့တွင် ပုရွက်ဆိတ်တစ်ကောင်၏ နင်းချေမှုခံနေရ၏။ ထို့နောက် အနက်ဝတ်လူမှ အသက်ပြင်းပြင်း ရှူလိုက်ကာ၊
“ ကောင်းပြီ ... ဒီမှာ ဘယ်သူလဲ ကြည့်ပါဦး။ ”
-ဟုဆိုလျက် လက်ဝှေ့ရမ်းကာ လေထဲ ဆုပ်ကိုင်ပြလိုက်သည်။
ချောမောလှပသော အသွင်သဏ္ဍာန်နှင့် ပါလွှာသော အသားအရေပိုင်ရှင် အမျိုးသမီး တစ်ဦး ပေါ်လာသည်။
စုရီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ဤသည်မှာ ကြယ်သေသစ်ပင်ကြီးမှ မွေးဖွားလာသော သဘာဝ ရေခဲဝိညာဉ် အားချန်ပေပင်။
သူမမျက်နှာသည် ဖြူဖျော့လျက် သေလုမျောပါး အားနည်းနေချေပြီ။ သို့သော် စုရီမှ အမူအရာပြောင်းလဲခြင်းမရှိဘဲ၊
“ မင်းလို လူတစ်ယောက်က ဒီလို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ နည်းလမ်းတွေ သုံးလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး။ ”
-ဟု သက်ပြင်းချကာ မှတ်ချက်ပေးသည်။
“ နိုင်ရင်ဘုရင် ... ရှုံးရင် ဓားပြပဲ ... မင်းအသက်ဆုံးရှုံးတော့မယ်ဆိုရင် ယုတ်ညံ့တဲ့ နည်းလမ်းလဲ ဝှက်ဖဲပါပဲ။ ”
“ သူမကို လွှတ်ပါ ... အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်။ ”
“ ဟားဟားဟား ... အခုအချိန်ထိ မင်းမာနကြီးနေတုန်းပဲ ဒီကောင်မလေးသေမှာ မင်းတကယ် ဂရုမစိုက်ဘူးလား။ ”
အနက်ဝတ်လူက အားချန်လက်မောင်းကို လက်ညှိုးဖြင့် လှီးဖြတ်လိုက်၏။ တောက်ပသော ရွှေသွေးတစ်စက် ထွက်လာသည်။
“ ဒီကောင်မလေးရဲ့သွေးမှာ ရေခဲဝိညာဉ်ရွှေသွေးစွမ်းအားရှိတယ် သေလွန် သူတွေကိုတောင် ရှင်ပြန်ထမြောက်စေနိုင်တဲ့ ပထမအဆင့် ရတနာပဲ ...
... ငါ့ဒဏ်ရာတွေကို ကုသဖို့ မှန်ကန်တဲ့အရာပါ ကောင်လေး မင်းဘာလို့ စကားမပြောတာလဲ ဟားဟားဟား။ ”
အနက်ရောင်ဝတ်လူက သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ လှောင်ပြောင်လိုက်လေသည်။ စုရီမှာ တိတ်ဆိတ်နေဆဲဖြစ်၏။
“ ကောင်းပြီ ... ဒီလိုလုပ်ရအောင် မိုးပြာမျိုးစေ့ကို လွှဲပေး၊ ငါ ဒီကောင်မလေးကို ချက်ချင်း လွှတ်လိုက်မယ် ... မဟုတ်ရင် ဒီနေ့ သေမှာ သေချာတယ်။ ”
လေထုသည် ရုတ်တရက် တင်းမာလာ၏။ အနက်ဝတ်လူသည် သေခြင်းကို တောင်းနေမှန်း ဝမ်ရှင်းကျောက် သိသည်။ စုရီသည် ထိုသို့သော အပေးအယူမျိုးကို စိတ်မဝင်စားချေ။
အားချန်သည် လည်ပင်းကို ဆုပ်ကိုင်ခံထားရကာ သတိလစ်နေဆဲဖြစ်သည်။ သူမ လက်မောင်းကို သွေးထွက်စေသည့်တိုင် သတိမရသေးချေ။
“ မင်းရဲ့နောက်ခံကို ငါစိတ်ဝင်စားတာမို့ မင်းကို အခွင့်အရေးတစ်ခုပေးခဲ့တယ် ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက မင်းအဲဒါကို မမြတ်နိုးဘူး ... ငါ့ဘဝမှာ အမုန်းဆုံးအရာက ငါ့ကိုလှောင်ပြောင်တာပဲ။ ”
ထိုစကားနှင့်အတူ တစ်စုံတစ်ရာကို အနက်ရောင်ဝတ်လူမှ ရုတ်တရက် ခံစားလိုက်ရ လေသည်။ မျက်နှာ အနည်းငယ်ပြောင်းသွားပြီး ချင်ချင်း ရှောင်တိမ်းလိုက်၏။
“ စိတ်ဝိညာဉ်တိုက်ခိုက်ခြင်း ... ။ ”
“ ရွှပ် ... ။ ”
ရုတ်တရက် အသိစိတ်ပင်လယ်အတွင်း သံကြိုးကိုးချောင်းဖြင့် တုပ်နှောင်ထားသော ဓားတစ်လက် ထွက်ပေါ်လာသည်။
ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတတ် နာကျင်လာပြီး အမြင်အာရုံထဲ ကြယ်တာရာများ တောက်ပလာ၏။ အသိစိတ်ပင်လယ်သည် ကြောက်မက်ဖွယ်ရာ ထက်ရှမှုကြောင့် ကွဲထွက်သွားချေပြီ။
“ မင်းဝံ့သလား ... ။ ”
အနက်ဝတ်လူက အားချန်လည်ပင်းကို အားထည့် ဖျစ်ညှစ်လိုက်တော့၏။ သူနှင့်အတူ ခေါ်သွားရန် ကြံရွယ်ချေပြီ။
သို့သော် အသိစိတ်ပင်လယ်အတွင်းရှိ ဓားသည်တုန်ခါလျက် နာကျင်မှုအပေါ် တိုးမြှင့် လာတော့သည်။ ချက်ခြင်းပင် အနက်ဝတ်လူ ထံမှ အနက်ရောင်မီးလျှံများ ငြိမ်းသွား၏။
အားချန်လည်ပင်းကို ဆုပ်ကိုင်ထားသည့် ညာလက်သည်ပင် တုန်ယင်လျက် ပျော့ခွေကျ သွားလေသည်။
တစ်ဆက်တည်းမှာပင် မယုံကြည် နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ နှုတ်ခမ်းများ တုန်ကုန်၏။
“ ဘောင်း ... ။ ”
ဥက္ကာခဲ ချောက်ကမ်းပါးထဲတွင် တိတ်ဆိတ်စွာ ဒဏ်ရာများကို ကုသနေခဲ့သော ထိုကြယ်တာရာထောင်မှူးသည် မြေပြင်ပေါ် ပြတ်မကျခင် အမှုန်များအဖြစ်သို့ ပေါက်ကွဲ ပြန့်ကျဲသွားချေပြီ။
စုရီသည်လည်း စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့လာကာ ပင်ပန်းနွမ်းနယ်မှု အရိပ်အမြွက် ထင်ဟပ်လာသည်။
တစ်ဖက်လူ၏ အမှောင်တားမြစ် စွမ်းအားအပေါ် ပယ်ဖျက်ရန် ငရဲဘုံကိုးပါးဓား ရောင်ဝါကို သုံးကြိမ်သုံးပြီး သတ်ရန်တစ်ကြိမ် သုံးခဲ့ရသည်။
ယင်းသည် သူ့အကန့်အသတ်ဖြစ်ကာ စိတ်ဝိညာဉ်စွမ်းအင်ကို များစွာခြမ်းခြောက်သွား စေ၏။ ထို့သော် ထိုက်တန်ချေပြီ။
မိုးပြာမျိုးစေ့ဟူသည် အားချန်မှ ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် သဘာဝ အတိုင်း သူမကို သေစေမည်မဟုတ်ချေ။
ကြယ်တာရာထောင်မှူးထံမှ အချက်အလက်များ ရယူရန် စိတ်ကူးကိုပင် စွန့်လွှတ်လိုက်ရသည်။
သို့သော် ပြဿနာ မရှိချေ။ နောက်ထပ် ကြယ်တာရာ ထောင်မှူးများကို ဖမ်းယူလျက် စစ်မေးနိုင်မည်။ ထို့နောက် အားချန်ကို ဖမ်းယူကာ အမြန်စစ်ဆေးကြည့်၏။
လျှို့ဝှက်နည်းစနစ်ဖြင့်သာ သူမကိုတံဆိပ်ခတ်ထားကြောင်း သိရှိလိုက်ရာ စိတ်သက်သာရာ ရသွားသည်။
“ သွားဖို့ အချိန်တန်ပြီ ... ။ ”
စုရီမှ ထွက်ခွာရန် ပြင်လိုက်စဉ် မြေပြင်၌ကျနေသော တံဆိပ်တစ်ခုကို သတိ ပြုမိသဖြင့် ဝေဟင်မှ ဆွဲယူလိုက်တော့၏။
“ ဝှစ် ... ။ ”
***