လက်ဆောင်ပေးခြင်း ... ။
Vol. 50 Ch. 595
ရီရှောင်တစ်ယောက် မယုံကြည်နိုင်စွာဖြင့် ပြိုင်ဘက်ကို ကြည့်သည်။ နတ်ဘုရားဒေါသတွင် တံဆိပ်ခတ်ထားသည့် ဧကရာဇ်စွမ်းအား ပါရှိသည်။ ၎င်း၏ သတ်နိုင်စွမ်းသည် ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်၏။
သို့သော် အရာအားလုံး မည်းမှောင်ကျသွားပြီး အသိဉာဏ်လွင့်စဉ်လျက် ကမ္ဘာကြီးမှ ထွက်ခွာသွားရတော့သည်။
ရီမိသားစုဝင်များမှာ ထိတ်လန့်တကြား နောက်တစ်လှမ်းဆုတ်ကုန်၏။ ရီရှောင်သည် သူတို့အတွက် မျှော်လင့်ချက်ပေပင်။
ဉာဏ်အလင်းရကာ ဧကရာဇ်ဖြစ်ချိန်၌ ပင်မမိသားစုရာထူးကို ရယူနိုင်ပေမည်။ ထိုသို့ အသန်မာဆုံးနှင့် အတောက်ပဆုံးအချိန်၌ သေခြင်းဖြင့် နှုတ်ဆက်သွားချေပြီ။
ဖော်မပြနိုင်သော ကြောက်ရွံ့ ထိတ်လန့်မှုလှိုင်းသည် ရီမိသားစုဝင်များအားလုံး နှလုံးသားတစ်လျှောက် ပျံ့နှံ့လာသည်။
ထိုအချိန်တွင် စုရီသည် လကြည့်တောင်ထိပ်ပေါ် ဆင်းသက်လိုက်သဖြင့် ရီမိသားစုဝင်များမှာ သတိဝင်လာတော့သည်။
ငှက်မွှေးအင်္ကျီနှင့် အမျိုးသမီးက ထိတ်လန့်တကြား ရီယွင်လန်ကို လည်ပင်း ဖမ်းဆုပ်လိုက်လေသည်။
“ စုရီ ... ငါသူ့ကိုသတ်ပစ်မယ်။ ”
“ ဒါဆို ဆက်လုပ်ပါ ... ။ ”
စုရီမှ ခေါင်းညိတ်ပြလိုက်သည်။ ထိုမြင်ကွင်းသည် ရီယွင်လန်ကိုပင် စိတ်ပျက် သွားစေသည်။ တစ်ဖက်လူသည် သူ့အပေါ် ဦးလေးအဖြစ် အသိအမှတ်မပြုချေ။
“ သူသေရင် မင်းတို့ ဘယ်သူမှ ဒီမှာအသက်ရှင်ကျန်ခဲ့မှာ မဟုတ်ဘူး ဒါပေမယ့် ငါစိတ်ကောင်းဝင်နေတုန်း သူ့ကိုထားခဲ့ရင် မင်းတို့ထွက်ခွာသွားနိုင်တယ်။ ”
ထိုစကားကြောင့် ရီမိသားစု၏ ကျွမ်းကျင်သူများခမျာ တုံ့ဆိုင်းသွားသည်။
“ မင်းရဲ့ကတိတွေကို ဖျက်ရင် ဘာဖြစ်မလဲ။ ”
အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ပြန်မေးသည်။
“ ဟမ့် ... ငါ့မျက်လုံးထဲမှာ မင်းဘဝက ပုရွက်ဆိတ်ထက် မပိုဘူး ဒါဆို ဘာလို့ မင်းကို လှည့်စားနေရမှာလဲ။ ”
“ ကောင်းပြီ၊ ငါ သဘောတူတယ် ... ။ ”
အဆုံးတွင် အမျိုးသမီးသည် အံကြိတ်လျက် ရီယွင်လန်ကိုပစ်ချကာ ချက်ချင်း ဆုတ်ခွာလိုက် တော့၏။
ရီမိသားစု ကျွမ်းကျင်သူများ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် စုရီ တစ်ယောက် ခေါင်းရမ်းကာ၊
“ အနည်းဆုံးတော့ ရီရှောင်က မင်းကိုဒုက္ခမပေးခဲ့ဘူး ... သူ့မှာ ဇာတ်ကောင် စရိုက်တစ်ခုရှိတယ်။ ”
-ဟု ပြောကြားလိုက်၏။
ထို့နောက် စုရီမှ လကြည့်စင်မြင့်ပေါ် ထိုင်ချလိုက်ကာ ဆေးတစ်လုံးသောက်ယူလိုက် လေသည်။ ပါးစပ်မှ သွေးများ စီးကျလာပြီး ချောမောသော မျက်နှာ ဖြူဖျော့သွား၏။
ရီရှောင်ကို သတ်ခဲ့သော ဓားတွင် ငရဲဘုံကိုးပါးဓားရောင်ဝါ မပါချေ။ ကျင့်ကြံမှုကို အပြည့်အဝ အသုံးပြုခြင်းသာဖြစ်၏။ ထို့ကြောင့် သတ်နိုင်ခဲ့သော်လည်း ဒဏ်ရာရသွားသည်။
နတ်ဘုရားဒေါသကို ဧကရာဇ်တစ်ပါး၏ စွမ်းအားဖြင့် တံဆိပ်ခတ်ထားခဲ့ချေ၏။ ဝိညာဉ် ထင်ရှားခြင်းအဆင့်ဖြင့် တားဆီးလိုသော် သေချာပေါက် ရုန်းကန်ရပေလိမ့်မည်။
ထိုဧကရာဇ်သည် ရွှမ်ကျောက်အဆင့်သာ ဖြစ်သဖြင့် ကံကောင်းသွားသည်။ ဤအဆင့်မှာ နက်နဲနယ်ပယ်၏ ကနဦးအဆင့် ဖြစ်သည်။
“ ငါ့ရဲ့ လက်ရှိကျင့်ကြံမှုအခြေခံနဲ့ စစ်မှန်တဲ့ဧကရာဇ်တွေကိုရင်ဆိုင်ဖို့ ခက်ခဲနေ သေးတယ် ဒါပေမယ့် ဝိညာဉ်တာအိုနယ်ပယ်မှာ ပြိုင်ဘက်ကင်းနေပြီ။ ”
ထို့ကြောင့် ရွှမ်ကျောက်အဆင့် ဧကရာဇ်များကို ရှာဖွေရပေမည်။ အတွေးဖြင့် စိတ်အားထက်သန်လာ၏။ သမိုင်းတစ်လျှောက် ဝိညာဉ်တာအိုနယ်ပယ်ဖြင့် ဧကရာဇ်များကို သတ်နိုင်သူ မရှိသေးချေ။
ယင်းသည် နယ်ပယ်တစ်ခု၏ အတားအဆီးကို ဖြတ်ကျော်တိုက်ခိုက်ရခြင်း ပေပင်။
ရှေ့လျှောက် မိုးပြာတိုက်ကြီးတွင် ပြိုင်ဘက်များ ရှာတွေ့ရန် ခက်ခဲသွားချေပြီ။ အတွေးများဖြင့် တဖြည်းဖြည်း ငြိမ်သက် သွားတော့သည်။
ဤသည်မှာ မောက်မာခြင်း မဟုတ်ချေ။ သူသည် အခြားသူများနှင့် မတူသောလမ်းကို လျှောက်လှမ်းနေခြင်းဖြစ်၏။
ထို့ကြောင့် ပြိုင်ဘက်မရှိသော် သူ့ထက် အဆင့်မြင့်သော ပြိုင်ဘက်များ ရှာဖွေရမည်မှာ သဘာဝပေပင်။
ယနေ့သည် လပြည့်ညဖြစ်သောကြောင့် ညမိုးချုပ်ချိန်တွင် လရောင်များ ဖြာဆင်းနေ တော့သည်။
စုရီက စမ်းချောင်းဘေးရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ လက်ထဲတွင် ဝိုင်ပုလင်းကို ကိုင်ထား၏။
စီးဆင်းနေသောရေသည် လရောင်ကိုဖမ်းယူလျက် ညလေညှင်းများ ဖြတ်သန်းတိုက်ခတ်လာသည်။
သင်းပျံ့သော ပန်းရနံ့များနှင့် မြက်ပင်ရနံ့များစွာ ပါရှိ၏။ ထိုမြင်ကွင်းသည် ပရဒိသုခမြင်ကွင်းကဲ့သို့ အေးချမ်းနေသည်။
အနားတွင် ဝမ်ကျောက်မှ ရပ်နေသည်။ လှပပြီး သပ်ရပ်သော အဖြူရောင် ဝတ်လုံကို ၀တ်ဆင်ထား၏။
“ အစ်ကိုစု၊ မင်းလိုချင်နေတဲ့မြေပုံ။ ”
သူမ စကားပြောနေစဉ်တွင် ကျောက်စိမ်းသေတ္တာကို ထုတ်ယူကာ စုရီထံ ကမ်းပေးလိုက်သည်။
စုရီက ကျောက်စိမ်းသေတ္တာအတွင်းရှိ မြေပုံကိုထုတ်ယူ၏။ ဤသည်မှာ မဟာရှ၏ မြို့များနှင့် ရှုခင်းများကို အပြည့်အဝ အနုစိတ်ပုံဖော်ထားသည်။
မြေပုံပေါ်တွင် ရှေးဟောင်းအင်အားစု (၇)ခု၏ တည်နေရာများပါသည်။ မြောက်ပိုင်း ရေခဲဓားနန်းတော်၏ တည်နေရာကိုမူ မှတ်သားထားခြင်းမရှိချေ။
၎င်းတို့သည် ကောင်းကင်မြစ်နယ်မြေ၏ အင်အားစုဖြစ်သဖြင့် ခရမ်းရောင် လမြေခွေးနှင့် ရီမျိုးနွယ်ကဲ့သို့ မိုးပြာတိုက်ကြီးတွင် အမာခံ နယ်မြေ မရှိသည်မှာ သဘာဝပေပင်။
နောက်ဆုံးတွင် ထိုအင်အားစုများသည် ဤတိုက်ကြီးသို့ မိုးပြာမျိုးစေ့အတွက် ရောက်ရှိ လာကြခြင်း ဖြစ်သည်။ ဤနေရာတွင် ခြေချရန် ရည်ရွယ်ချက်မရှိချေ။
စုရီက အကြောင်းအရာများကို မှတ်ဉာဏ်တွင် သိမ်းဆည်းထားပြီး မြေပုံကို မီးရှို့ပြာချလိုက်သည်။ ထိုစဉ် ရီယွင်လန်မှာ တရားထိုင်နေရာမှ နိုးထလာသည်။
“ ဘာဆက်လုပ်မလဲ။ ”
စုရီက လှည့်ကြည့်ကာ မေးလိုက်၏။
“ မိသားစုဆီပြန်မယ်။ ”
ရီယွင်လန်မှ မဆိုင်းမတွဖြေသည်။ သူ့တူလေးကို ကာကွယ်ရန်မလိုအပ်တော့ချေ။ စုရီတစ်ယောက် ငြိမ်သက်သွားပြီးနောက်၊
“ မစိုးရိမ်ဘူးလား ... ။ ”
-ဟု မေးသည်။
“ သူတို့က ငါ့ကိုသာသတ်ရဲရင် လုပ်ခဲ့တာ ကြာပါပြီ ဒီအချိန်ထိ စောင့်နေစရာ မလိုပါဘူး ... မိသားစု စည်းမျဉ်းတွေအရ ငါမိသားစုထဲမှာ ရှိနေသရွေ့ ဘယ်သူမှ ထိဝံ့မှာ မဟုတ်ဘူး။ ”
“ ကောင်းပြီ ဆုံးဖြတ်ထားပြီး ဖြစ်တာမို့ ငါဖျောင်းဖျဖို့ မကြိုးစားတော့ဘူး။ ”
ထို့နောက် ကြိုတင်ပြင်ဆင်ထားသည့် ကျောက်စိမ်းပြားကိုထုတ်ကာ ရီယွင်လန်ထံ ပေးပို့လိုက်၏။
“ ဒါက တာအိုကိုပေါင်းစပ်ပြီး ဧကရာဇ်ဖြစ်လာတဲ့ အတွေ့အကြုံအချို့ပဲ ယူသွားပါ။ ”
ထိုစကားကြောင့် ရီယွင်လန်မှ အံ့အားသင့်သွားကာ၊
“ မင်းရဲ့တာအိုကို ပေါင်းစပ်ပြီး ဧကရာဇ်ဖြစ်လာခြင်းရဲ့ အတွေ့အကြုံတွေကို ပြောနေတာလား ဒါ ... မင်းရဲ့ အတွေ့အကြုံတွေလား။ ”
-ဟု မေးမြန်းလိုက်၏။ စုရီက ခေါင်းညိတ်လိုက်သည်။
“ မင်းတာအို မပေါင်းစပ်မီ ကြိုတင် ပြင်ဆင်မှု မြောက်မြားစွာလိုတယ် ... ကိုယ်တိုင် အဖြေရှာရင် အချိန်နဲ့အားစိုက်ထုတ်မှုတွေ လုပ်ရလိမ့်မယ် ...
... အရေးအကြီးဆုံးက လမ်းလွဲသွားရင် ဝိညာဉ်တာအိုနယ်ပယ်အတွင်း ထာဝရပိတ်မိမှာ သဘာဝပဲ ဒီကျောက်စိမ်းပြားက မြင့်မြတ်ပြီး ...
... လေးနက်တဲ့ အမွေမဟုတ်ပေမယ့် အမှားအယွင်း အနည်းငယ်ကို ဖယ်ရှားနိုင်တဲ့ ဧကရာဇ်ဖြစ်ဖို့ အကူအညီပဲ။ ”
သူ့ဦးလေးသည် အလယ်အလတ် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အထွတ်အထိပ်၌ ရှိနေသည်။
ဧကရာဇ်နယ်ပယ်ထဲသို့ ဖောက်ထွင်း ဝင်ရောက်ရန် သေချာပေါက် မျှော်လင့်ချက် ရှိချေ၏။ တာအိုအုတ်မြစ်အရ မြောက်ပိုင်း ရေခဲဓားနန်းတော် ဝမ်ကျုံးယန်ထက် သာလွန်သည်။
ခြေတစ်လှမ်းသာ ထပ်လှမ်းနိုင်သော် ခရမ်းရောင်လမြေခွေးမျိုးနွယ်မှ ဖူကြွယ်နှင့် ယှဉ်နိုင်မည်။
ဖူကြွယ်သည် ကောင်းကင်အလင်း နယ်မြေတွင် အပြင်းထန်ဆုံး ဝိညာဉ်တာအို နယ်ပယ် ကျွမ်းကျင်သူ ငါးဦးတွင် တစ်ဦးအဖြစ် တည်ရှိနေသူပေပင်။
ထို့ပြင် ဤဘဝတွင် ရီယွင်လန်သည် သူ့ဦးလေးဖြစ်ပြီး ရီမိသားစုနယ်မြေသို့ ပြန်သွား တော့မည်ဖြစ်ရာ သဘာဝအတိုင်း တစ်ခုခု ပေးရပေမည်။
စုရီစကားများကြောင့် ရီယွင်လန်မှ နှလုံးခုန်သံများ ညံသွားလေသည်။ သူ့တူသည် ဝိညာဉ်ပေါင်းစည်းခြင်းတွင်သာ ရှိ၏။
ထိုသူသည် တာအိုကို ပေါင်းစည်ကာ ဧကရာဇ်ဖြစ်နိုင်သည့် အတွေ့အကြုံများ မည်သို့ ရှိနေနိုင်မည်နည်း။
သို့သော် နောက်ဆုံးတွင် သူ့တူသည် လျှို့ဝှက်ချက်များစွာ ရှိနေပုံရသည်။ ထို့ကြောင့် မေးမြန်းခြင်း မပြုတော့ဘဲ၊
“ ကျေးဇူးအများကြီးတင်ပါတယ်။ ”
-ဟု ဆိုလိုက်သည်။
“ ကျောက်စိမ်းထဲမှာ တံဆိပ်တစ်ခုရှိတယ် အပြာရောင်နယ်မြေကို ရောက်တဲ့အခါ မင်းကို ချက်ချင်းလာရှာလို့ရပါတယ်။ ”
“ မင်း ... ရီရှောင်ကို သတ်လိုက်ပြီ ... လျှို့ဝှက်ဆန်းကြယ်တဲ့ အပြာရောင်နယ်မြေကို လိုက်လာရင် အန္တရာယ်များလွန်းတယ် မဟုတ်လား ... ။ ”
“ ဒါက အခွဲမိသားစုရဲ့ မိဘမဲ့တစ်ယောက်ပဲ နောက်ဆုံးတော့ ငါ့အမေရဲ့ .. အာဃာတတွေကို ဖြေဖျောက်ဖို့ ငါလာရမယ် ...
... အရင်တုန်းကတော့ စုဟုန်လီက သူမကိုနာကျင်စေခဲ့တယ်လို့ ထင်ခဲ့တာ ဒီလူက နောင်တရပြီး သူ့ကိုယ်သူ သတ်သေခဲ့တယ် ... အခုအချိန်မှာ ငါ့အမေကို သူ့မိသားစုက လုပ်ကြံခဲ့တာ သေချာနေမှတော့ ...
... သူ့အတွက် တရားမျှတမှုကို ငါ ပြန်ယူပေးရမယ် ရီရှောင်အသက်က မုန်တိုင်းရဲ့ အစပျိုးခြင်းပဲ ... ဒီအတွက် စိတ်ပူနေစရာ မလိုပါဘူး ... ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ”
ရီယွင်လန်မှ အမူအရာ လွဲမှားစွာ ပြောင်းလဲသွားသော်လည်း ခဏအကြာတွင် နှာခေါင်းကို ပွတ်သပ်လျက်၊
“ ဒီမလာခင်က မင်းရဲ့ဦးလေးအဖြစ် ... ကလေးတစ်ယောက်ကို အကာအကွယ်ပေးမယ် ဆုံးဖြတ်ထားခဲ့တယ် အခုတော့ မင်းမျက်လုံး ထဲမှာ ငါက အကာအကွယ် လိုအပ်နေတဲ့ သူဆိုတာ ငါသိလာပြီ နှုတ်ဆက်ပါတယ် ... ။ ”
-ဟု ပြောကြားလိုက်သည်။
ထိုသို့ ပြောသော်လည်း ရီယွင်လန် အမူအရာမှာ ကျေနပ်ပုံနေရသည်။ သူ့တူသည် ကြီးပြင်းနေပြီဖြစ်၏။
သူ့ကိုယ်သူ တာဝန်ယူနိုင်ပြီး လောကကြီးအပေါ် ဂုဏ်ယူစွာ ကြည့်နိုင်သည်။ အနာဂတ်တွင် သည့်ထက်ပို၍ တောက်ပနေ မည်မှာ သေချာ၏။
ထို့နောက် နှုတ်ဆက်ကာ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ဖူချင်းယွင်က ကြွေလွင့်ပန်းတောင်သို့ ပျံသန်းဆင်းသက်လာ၏။
သူ့အသွင်သည် ခရီးရှည်ကြီး ဖြတ်သန်းလာရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေ သော်လည်း အနည်းငယ် တက်ကြွနေသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လျက်၊
“ ဒါက ခွင်းဝူတောင် ရီမိသားစုရဲ့ အခြေစိုက်စခန်းပဲ ဒါပေမယ့် ဘာဖြစ်သွားလဲ ကြည့်ရတာ ရီရှောင်သေပြီထင်တယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
မဟာတာအို သမိုင်းပညာရှင်တစ်ဦး အနေဖြင့် အချက်အလက်တိုင်း ရယူလိုသည်မှာ သဘာဝပေပင်။
ထို့ကြောင့် တောင်ထိပ်၌ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း နားလည်ခဲ့ချိန်၌ သိချင်စိတ် ပြင်းပျလာတော့၏။
“ ခွင်းဝူတောင် ရီမိသားစုအကြောင်း မင်းသိပြီးကတည်းက အဋ္ဌမကြယ်နယ်မြေရဲ့ အကြောင်း မင်းသိတယ်လို့ ငါထင်တယ်။ ”
စုရီက မေးလိုက်သည်။ ချင်းယွမ်မျှော်စင်နောက်ခံသည် ထင်သလောက် ရိုးရှင်းမည် မဟုတ်ချေ။ ဖူချင်းယွင်မှ ခေါင်းညိတ်ပြ၏။
“ ငါ နည်းနည်းသိတယ်။ ”
“ ဒါဆို ပြောပါဦး။ ”
“ ငါတို့ဆီမှာ ... ကြယ်တာရာ ရောင်ပြန်ဟပ်ခြင်းလို့ ခေါ်တဲ့ မှတ်တမ်းတစ်ခု ရှိတယ် ... အဲဒီထဲမှာ ကြယ်ကိုးလုံးအကြောင်း အနည်းငယ် ပါရှိတယ်။ ”
“ စိတ်ဝင်စားစရာပဲ။ ”
စုရီမှ စိတ်ဝင်စားသွားသည်။ ဤသည်မှာ အပြင်လူတစ်ဦးထံမှ ကြယ်ကိုးလုံးပျက်စီးမြေ အကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းပေပင်။
***