နတ်ဘုရားဒေါသဓား ... ။
Vol. 50 Ch. 592
ကြွေလွင့်ပန်း တောင်ထိပ်ပေါ်တွင် မျက်စိဖြင့်မြင်နိုင်သော တိမ်ထုကြီးမှာ လွင့်မျော နေတော့၏။
ထိုတောင်ထိပ်တစ်နေရာတွင် ကိုးပေမြင့်မားသော ကျောက်စိမ်းစင်မြင့်တစ်ခု ရှိနေလေသည်။
ရီရှောင်သည် ညခင်းအချိန်အခါ၌ ဤနေရာသို့လာရောက်လျက် လမင်းကြီးထံ ငေးကြည့်ကာ ဝိုင်သောက်ရသည်ကို နှစ်သက်ချေ၏။
ယခုမူ အာရုဏ်ဦး၏ အုံ့ဆိုင်းနေသော အလင်းများ၊ လေပြေညှင်းများ စသည်တို့ဖြင့် ပြည့်နှက်နေသည်။
“ ဝှစ် ... ။ ”
သူနှင့်အတူ လိုက်ပါလာသော ရီမိသားစုဝင်များသည် ထိုစင်မြင့်ပတ်ဝန်းကျင်၌ လူစုခွဲကာ နေရာယူလိုက်ကြ၏။
ယောက်ျားနှင့်မိန်းမ ရောနှောနေသည့် ကျွမ်းကျင်သူ လူဆယ်ဦးဖြစ်၏။ ထိုလူများသည် ရီကျင်းကျစ်နှင့်အတူပါလာသော စုရီထံ ကြည့်လိုက်သည်။
“ ဒီကလေးရဲ့ အသွင်အပြင်က ရီယုဖေးနဲ့တူတယ်။ ”
တစ်စုံတစ်ယောက်က ခပ်တိုးတိုး မှတ်ချက်ပြု၏။
“ ဟမ့် ... သူ့သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ရီမိသားစုရဲ့ သွေးတွေကြောင့်သာ သူ ဒီအဆင့်ကို အောင်မြင်နေတာပါ မဟုတ်ရင် သူ့လိုလူက လက်ရှိအောင်မြင်မှုတွေကို ဘယ်လိုများ ရယူနိုင်မှာလဲ။ ”
တစ်စုံတစ်ယောက်မှ အေးစက်စွာ မှတ်ချက်ပေးသည်။ ကျန်သူများ သည်လည်း ထိုအချင်းအရာကို သဘောတူကြောင်း ခေါင်းညိတ်ပြ၏။
ကျင့်ကြံမှုလမ်းခရီးတွင် လူတစ်ဦး၏ အရည်အချင်းသည် အလွန်အရေးကြီးသည်။ စုရီမိခင် ရီယုဖေးကို နမူနာယူနိုင်၏။
သူမသည် တစ်ချိန်က ရီမိသားစု၏ မျိုးဆက်သစ်လူငယ်များကြားတွင် တုနှိုင်းမဲ့ ပါရမီရှင်တစ်ပါးဖြစ်သည်။
အသက်ဆယ့်ခြောက်နှစ် အရွယ်ဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ ရောက်ရှိထား၏။ ထို့ကြောင့် လက်ရှိ စုရီ၏ သွေးပြန်ကြောများ အတွင်း စီးဆင်းနေသော သူမသွေးများသည် မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်နေသည်။
“ စုရီ ... ကျေးဇူးပြုပြီး ထိုင်ပါ။ ”
ရီရှောင်က လကြည့်စင်မြင့်ကြီး၏ အစွန်းတစ်ဖက်တွင် ရပ်လျက် ဖိတ်ကြားသည်။ အခြားတစ်ဖက်တွင် အရက်၊ အရက်ခွက်နှင့် အစားအသောက်များ ခင်းကျင်းထား၏။
သို့သော် ထိုင်ခုံ မရှိချေ။ ဤသည်မှာ ရည်ရွယ်ချက်ရှိရှိ ဧည့်ဝတ်ပြုခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
“ စုရီ ... ငါတို့သခင်ငယ်က မင်းကိုထိုင်ဖို့ဖိတ်ကြားနေတာ မင်းဘာလို့ မထိုင်သေးတာတုန်း။ ”
အနက်ရောင် အမျိုးသားတစ်ဦးက မျက်ခုံးပင့်ကာမေးသည်။ သူ့ဘေးရှိ အနက်ဝတ် အမျိုးသမီးတစ်ဦးက၊
“ အိုး ... ဒါ ငါ့အမှားပဲ ထိုင်ခုံထားဖို့ မေ့သွားတယ် သူ့ထိုင်ဖို့အဆင်မပြေဘူး ဒီလိုဆို ဘယ်လိုလဲ ... ဒူးထောက်ထိုင်ကြည့်ပါလား ... ဟား ဟား ဟား ... ။ ”
-ဟု ပြောကြားလာ၏။
“ ဟားဟားဟား ... ။ ”
လူတိုင်း ရယ်မောလိုက်ကြသည်။ တစ်ဖက်တွင် စုရီသည် စိတ်ပျက်သွားတော့၏။
“ ရီမိသားစုရဲ့ အခွဲမိသားစုဝင်တွေက ... ဒီလိုညံ့ဖျင်းတဲ့လှည့်ကွက်တွေနဲ့ တကယ်ကစား နေတာလား စိတ်ပျက်စရာပဲ ... ။ ”
စုရီမှတ်ချက်ကြောင့် ရီရှောင်က လက်နှစ်ဖက်နောက်ပို့ကာ လကြည့်စင်မြင့်မှ ပြန်ငုံ့ကြည့်သည်။
“ တာအိုစု ... မင်းမှန်ပါတယ် ... ဒီလိုနည်းလမ်းတွေက ရီမိသားစုရဲ့ နာမည်ဂုဏ် သတင်းကို နိမ့်ကျစေတယ်။ ”
ထိုစကားကြောင့် အစောပိုင်း လှောင်ပြောင်လိုသည့် စကားဝိုင်းဖန်တီးသော အမျိုးသမီးမျက်နှာမှာ ဖြူဖျော့သွားချေပြီ။
“ သခင်ငယ်၊ ငါစုရီကို နောက်ပြောင်ရုံပါ မင်းကိုစိတ်ဆိုးစေလိမ့်မယ်လို့ မထင်ထားမိဘူး နောက်တစ်ခါ မဖြစ်စေရပါဘူး။ ”
“ မင်းစကားကို ငါယုံတယ် ... မင်းနောက်တစ်ခါ ဒီလိုထပ်မလုပ်နိုင်တော့ဘူး။ ”
“ ရွှပ် ... ။ ”
အလင်းတန်းတစ်ခု ပျံသန်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ဆောင်းရာသီ ပုစဉ်းရင်ကွဲများကဲ့သို့ ချက်ချင်း ငြိမ်သက်ကုန်ချေပြီ။
ထိုအမျိုးသမီးခမျာ နဖူးအလယ်၌ သွေးစို့လာပြီး နာကျင်ခြင်းနှင့်အတူ မြေပြင်ပေါ် လဲကျသွားတော့သည်။
“ တာအိုစု မင်းရှေ့မှာ အရှက်ရစေမိပြီ ... တစ်ယောက်ယောက် သူ့အတွက် ထိုင်ခုံတစ်လုံး ယူလာပါ။ ”
ရီရှောင်မှ အမှိုက်တစ်စကို စွန့်ပစ်လိုက်သကဲ့သို့ လျစ်လျူရှုလိုက်ပြီး စုရီကို တောင်းပန်၏။
“ မလိုပါဘူး ... ငါဒီမှာ ဧည့်သည်မဟုတ်ဘူး ရီယွင်လန်ဘယ်မှာလဲ။ ”
စုရီက စကားပြောရန် ပျင်းလာသဖြင့် တိုက်ရိုက်မေးသည်။
“ စိတ်လျှော့ပါ တာအိုစု ... မင်းကိုခြိမ်းခြောက်ဖို့ မျိုးနွယ်စုရဲ့အသက်ကို အသုံးချနေတာ ရှက်စရာပါပဲ ... တကယ်တော့ မင်းမလာမှာ စိုးရိမ်လို့ပါ ... ။ ”
“ မင်း ... မိုးပြာမျိုးစေ့ကို လိုချင်နေတာလား။ ”
“ မဟုတ်ဘူး ... အဲဒါက ရှားပါးတဲ့ ရတနာတစ်ခုဖြစ်နိုင်ပေမယ့် ငါ့မျက်လုံးထဲ မှာတော့ ... အပိုဆုကြေးတစ်ခုပါပဲ။ ”
သူစကားပြောနေစဉ် နွေလယ် လေပြေညင်းကဲ့သို့ နွေးထွေးညင်သာသော အပြုံးကို ပြုံးပြလာသည်။
“ ရှင်းရှင်းပြောရရင် မိုးပြာတိုက်ကြီး တစ်ခွင်မှာ မင်းတစ်ယောက်ထဲပဲ ... ငါ့အာရုံကို ခံထိုက်ပါတယ် ဒါကြောင့် ဒီနေ့ ငါမင်းကို သတ်ပစ်ချင်နေတယ်။ ”
ရုတ်တရက် ကြမ်းကြုတ်သော လူသတ်လိုသည့် ရည်ရွယ်ချက်သည် လေထဲမှ တဆင့် နှလုံးသားထဲစိမ့်ဝင်လာ၏။
ရီမိသားစုဝင်တိုင်း အသက်ရှူ ကြပ်ကုန်သည်။ ရီရှောင်သည် မည်မျှ ရူးသွပ်ပြီး သွေးဆာကြောင်းကို သူတို့အသိဆုံးဖြစ်၏။
“ စိတ်မကောင်းစရာပဲ ... ။ ”
စုရီမှ ခေါင်းရမ်းလိုက်သည်။
“ ဘာကို စိတ်မကောင်းတာလဲ။ ”
ရီရှောင်ခမျာ စိတ်ဝင်တစားဖြစ်လာ၏။
“ မင်းလိုလူကတော့ ငါ့အတွက် စိတ်ဝင်စားဖို့တောင် မထိုက်တန်ဘူး။ ”
“ ဘယ်လိုတောင် မောက်မာလိုက်လဲ ... ။ ”
စုရီမှတ်ချက်ကြောင့် စုမိသားစု၏ ကျွမ်းကျင်သူများသည် အံအားသင့်စွာဖြင့် ရေရွတ်လိုက်ကြ၏။
“ ဟား ဟား ဟား ... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... လာ ... တိမ်ပင်လယ်ဆီ သွားရအောင် ... မင်းနိုင်ရင် ရီယွင်လန်ကို ပြန်ခေါ်သွား ... ရှုံးရင် မင်းအသက်ချန်ခဲ့။ ”
စုရီမှ မျက်ခုံးပင့်လိုက်သည်။ တစ်ဖက်လူသည် ဝိညာဉ်ပြောင်းလဲခြင်း နှောင်းပိုင်းအဆင့်ဖြစ်၏။
ရွှေခေတ်တွင် အကျိုးအမြတ်အနည်းငယ် ရရှိခဲ့ပုံရသည်။ ရီယွင်လန် မိတ်ဆက်ပေးစဉ်က ဝိညာဉ်ပြောင်းလဲခြင်း အလယ်အလတ် အဆင့်တွင်သာဖြစ်၏။
“ စုရီ ... ဒီမှာမင်းဘာလုပ်နေတာလဲ။ ”
ထိုစဉ် ငှက်မွေးအင်္ကျီဝတ်ထားသည့် အမျိုးသမီးမှ ခေါ်ဆောင်လာသောရီယွင်လန်က တိမ်ပင်လယ်အတွင်း မော့ကြည့်ကာ အော်ဟစ်မေးမြန်းလိုက်သည်။
“ မင်းက လူမိုက်ပဲ ... ။ ”
စုရီမှ ပြန်မဖြေဘဲ မှတ်ချက်ပေးကာ သက်ပြင်းချလိုက်သည်။ ဦးလေးရီယွင်လန်သည် နှိပ်စက်ခံထားရခြင်း မရှိသော်လည်း စိတ်ဓာတ် ကျနေသည်မှာ ထင်ရှား၏။
ကျင့်ကြံမှုကို တံဆိပ်ခတ်ခံထားရပြီး ဆံပင်များပွထလျက် မြေပြင်ပေါ် လဲပြိုကျ သွားတော့သည်။ သေမျိုးတစ်ယောက်နှင့် မခြားတော့ချေ။
တိမ်ပင်လယ်အတွင်း ရီရှောင်သည် စုရီတစ်ယောက် ပေရာချီအကွာသို့ ရောက်ရှိလာ သည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက်၊
“ ငါက ဆေဘာဓားသမားပဲ .... ငါ့ဆေဘာဓားက သတ်ခြင်းနဲ့ ဖျက်ဆီးခြင်းကို ဦးတည်တယ် မင်းဓားနဲ့ ... ငါ့ဆေဘာ ဘယ်သူ ပိုထက်ရှလဲ ကြည့်ရအောင်။ ”
-ဟု ပြောကြားလိုက်၏။
ပေတစ်သောင်းတိုင် စုဖွဲ့ထားသော တိမ်တိုက်များမှာ ပြန့်ကျဲလျက် လေပြင်းများ ချက်ချင်းတိုက်ခတ်လာလေသည်။
ပြင်းထန်သော အဖျက်စွမ်းအားသည် ရီရှောင်ထံမှ ထွက်လာပြီးနောက် တောင်တန်း တစ်လျှောက် ဖုံးအုပ်သွား၏။
ရှည်လျားသော သူ့ဆံပင်များ တဖျပ်ဖျပ်လွင့်နေပြီး မျက်လုံးများသည် အေးစက်သော အလင်းရောင်များ တောက်ပလာသည်။
ရောင်ဝါသည် ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ပေးပြီး လေဟာနယ်အတွင်း ပြည့်လျှံ နေတော့၏။
“ ဓားတွေက မျက်စိမရှိဘူး ... ဘာလို့ စကားပြော အချိန်ဖြုန်းနေတာလဲ၊ မင်းရဲ့ဓားကို ဆွဲပြီး လူသတ်သမားလို့ခေါ်တဲ့ မင်းခွန်အားကို မြင်ပါရစေ။ ”
“ ကောင်းပြီ ... မင်းဆန္ဒအတိုင်း။ ”
ရီရှောင်က ပြုံးလျက် နှင်းဖြူရောင် ဆေဘာဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ ထိုဓားထွက်လာသည်နှင့် သွေးလွှမ်းနေသော မြင်ကွင်းတစ်ခု ပေါ်လာ၏။
ယင်းသည် အလောင်းကောင် တောင်တန်းကြီးတစ်ခုနှင့် ကြီးမားလှသော ပျက်စီးခြင်းရောင်ဝါများ ယိုစိမ့်နေသော သွေးပင်လယ်ကြီးပေပင်။
ဤသည်မှာ မရေမတွက်နိုင်သော အသက်များကို ကုန်ဆုံးစေခဲ့သည့် ဆေဘာဓား တစ်လက် ဖြစ်မည်မှာ ထင်ရှား၏။
အထူးခြားဆုံးမှာ ဓားကိုယ်ထည်တွင် မြုပ်ထားသော အနက်ရောင်မျှော့ကြိုးပေပင်။ ၎င်းသည် ဧကရာဇ်တစ်ပါး၏ အရေပြားကို သန့်စင်ထားခြင်းဖြစ်သည်။
“ ငါ့ဆေဘာကို နတ်ဘုရားဒေါသလို့ အမည်ပေးထားတယ် ... သဘာဝဝိညာဉ်ရတနာ တစ်ပါးဖြစ်ပြီး တိုက်ပွဲတိုင်းမှာ ငါနဲ့အတူ လိုက်ပါလာခဲ့တယ် ...
... လက်ရှိအချိန်ထိ ဝိညာဉ်တာအိုနယ်ပယ် ရန်သူတစ်ရာကျော်ရဲ့ ဦးခေါင်းတွေကို သိမ်းပိုက် ထားနိုင်ပါတယ်။ ”
မိတ်ဆက်သံနှင့်အတူ ကြည်လင်နေသော ကောင်းကင်ကြီးသည် ရုတ်တရက် မည်းမှောင် သွားလေသည်။ လေဟာနယ်အတွင်း သွေးညှီရနံ့များပင် ရရှိလာတော့၏။
***