သူ့နှလုံးသားထဲက အနီရောင်
Vol. 13 Ch. 195
မူလက နောက်ရက်သတ္တပတ်အနည်းငယ်ကြာမှသာ ကပ်ဆိုးကြီး ရောက်ရှိလာလိမ့်မည်ဖြစ်သည်။သို့သော်လည်း အခန်း၁၃၏ အလုပ်ကြိုးစားမှုကြောင့် ဖြစ်ရပ်ဆိုးသည် ဟန်ဟိုင်းတွင် စောစီးစွာပေါ်လာရသည်။ အရာအားလုံးသည် ယိုလျန်းအိမ်မက်ဆိုး၏ ဟောကိန်းအတိုင်းပင်ဖြစ်သည်။အခန်း၁၃ မှ ကျောင်းသားတိုင်းသည် 'လှိုက်စားတတ်သော အဆိပ်အရင်းအမြစ်' ဖြစ်သည်။
ဖူဟို့သည် စီတုအန်းပျောက်ကွယ်သွားသည်နှင့် စုံစမ်းစစ်ဆေးရေးဌာန၏ ခံစစ်လိုင်းသုံးခုပျက်စီးသွားသည်တို့ကို သတိပြုမိလိုက်ပြီးနောက် ဆုတ်ခွာမည်ပြုသည်။ဟန်သဲ့ ကိုယ်ပိုင်ကျောင်းကို ပစ်မှတ်ထားသော ထိုမစ်ရှင်သည် လုံးဝကျဆုံးသွားပြီဖြစ်သည်။သူ၏ ဆုံးဖြတ်ချက်မှာ ဆုံးရှုံးမှုအနည်းဆုံးဖြင့် ဆုတ်ခွာရန်ဖြစ်သည်။ ရှင်းလုထံမှ စုံစမ်းစစ်ဆေးရေးဌာနအတွက် စစ်ကူဖြည့်တင်းမှု များ လုံးလုံးလျော့ကျသွားသည်။လူတိုင်းသည် ထိုမူမမှန်ဖြစ်ရပ်၏ အန္တရာယ်အဆင့်ကို အကြီးအကျယ်လျှော့တွက်ခဲ့ကြခြင်းဖြစ်သည်။
"ဒါက ဟန်ဟိုင်းရဲ့ မရဏဘုံလား ၊ ခန့်မှန်းမရတော့လောက်အောင် ကြီးကြီးမားမား အသွင်ပြောင်းသွားပြီ ၊ အဲ့ဒါရဲ့ စည်းမျဉ်းတွေ ဖျက်ဆီးခံလိုက်ရတော့ စည်းမျဉ်းတွေကို သဘာဝအလျောက် သူ့ဘာသာသူ တည်ဆောက်နေပြီ "
ဖူဟို့သည် ရှင်းလုတွင် မူမမှန်ဖြစ်ရပ်များကို ကြုံတွေ့ဖူးသည်။သို့သော်လည်း အဆင့်၃ မူမမှန်ဖြစ်ရပ်၏ အန္တရာယ်အဆင့်သည် ထိုအဆင့်သို့ ပြောင်းလဲသွားမည်ဟု သူမမျှော်လင့်ထားပေ။စည်းမျဉ်းများကို ထိန်းချုပ်နေသည့် သရဲနီ ၊ အရိပ်ကမ္ဘာမှ လာသည့် အမည်မသိ တည်ရှိမှု ၊ အရင်က ဘယ်သူမှ မမြင်ဖူးသော အသားသစ်ပင်ကြီး ၊ အဆုံးမရှိသော ဓားစာခံသရဲများနှင့် ရေလှိုင်းလုံးကြီးများသည် အရာအားလုံးကို ဝါးမြိုနေကြလေသည်။
"ဒီကျောင်းက ပုံမှန်ဆို ဘာတွေ သင်ကြားပေးတာလဲ "
ဖူဟို့သည် ကျောင်းသားကောင်စီဥက္ကဌကို နောက်ပြန်ဆုတ်စေရန် အတင်းအကျပ်တိုက်ခိုက်ပြီးနောက် ပြန်ဆုတ်ရန် ရွေးချယ်လိုက်သည်။ကျောင်း၏ အရင်အခြေအနေကို သိရှိရန် ချောင်ပိတ်မိနေသည့် ကျိုးကျွင်းကို ကယ်တင်လိုက်သည်။ စီတုအန်း၏ 'ယုံကြည်စိတ်ချရဆုံး' လက်အောက်ငယ်သားအဖြစ် ကျိုးကျွင်းသည် ထိုမူမမှန်မှု၏ ခြေလှမ်းတိုင်းတွင် ပါဝင်ခဲ့သည်။သူ ကာကွယ်ရပေမည်။
"မင်းရဲ့ ခေါင်းဆောင် ရုတ်တရက်ပျောက်သွားတာကြောင့် ငါမင်းကို အမိန့်ပေးမယ် ၊ ချက်ချင်း ဆုတ်ခွာပြီး ဌာနချုပ်တွေကို အကူအညီတောင်းပါ ! မြို့တော်အရှေ့ပိုင်းမှာ စတုတ္ထခံစစ်လိုင်း တည်ဆောက်ထား ၊ ရေလှိုင်းတွေနဲ့ သရဲတွေကို မြို့တော်အရှေ့ပိုင်းက ထွက်မသွားနိုင်ခင် ငါတို့ ထိန်းထားရမယ် "
ဖူဟို့၏ ခန္ဓာကိုယ်တွင် အမာရွက်များ မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။သူသည် သရဲထက်ပင် ကြောက်စရာကောင်းပုံ ပေါက်နေသည်။
"ကျုပ် ဌာနချုပ်ကနေ ဘာအမိန့်မှ မရသေးဘူး"
ကျိုးကျွင်းသည် သူ့ထောက်ခံမှု ပြိုလဲသွားသည်ကို သိလိုက်သည်။ သူက ဟန်ဟိုင်းကို သစ္စာစောင့်သိသကဲ့သို့ မြန်မြန်ဆန်ဆန် သရုပ်ဆောင်လိုက်သည်။ သူ့အား သရဲသွေးများဖြင့် ဖုံးလွှမ်းနေ၏။
"ငါ့အမိန့်တွေကိုပဲ လိုက်နာပါ ! မြို့တော်အရှေ့ပိုင်းဌာနမှာ ဒီအရာတွေနဲ့ ပတ်သက်ပြီး ဘယ်သူသိသေးလဲ ၊ ငါ့ကိုပြောစမ်း ! "
ကျိုးကျွင်း၏အကူအညီဖြင့် ယွမ်ဟွေ့နှင့် အခြားသူအနည်းကို ကယ်ဆယ်လိုက်သည်။
ကျောင်းသားကောင်စီဥက္ကဌသည် မလိုက်လာခဲ့ပေ။သူသည် နံရိုးများ ကျိုးကြေနေပြီး သူ့ကလီစာများ ထွက်ကျနေလေသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ ကျိန်စာများသည် ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။ဥက္ကဌသည် ဝမ်းနည်းစွာဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။သူက လျှင်မြန်စွာ ချည်းကပ်လာသော ကောင်းမင်ကို မြင်လိုက်ရပြီး
"ကြည့်ရတာ မိစ္ဆာက ပိုမိစ္ဆာဆန်တဲ့ကောင်ကို ဘယ်တော့မှ အနိုင်မရဘူးပဲ "
"ကောင်းယန် ၊ ငါ့ကတိအတိုင်း လိုက်နာခဲ့တယ် "
စီတုအန်းနှင့် အနီရောင်တစ္ဆေထက် ကောင်းမင်က ကောင်းယန်ကို ပိုတန်ဖိုးထားပေသည်။သူ့နှလုံးသားထဲတွင် သေဆုံးမှတ်ဉာဏ်များသာ ရှိသည်။သူ့တွင် ကောင်းယန်အား မေးစရာမေးခွန်းများစွာ ရှိပေသည်။
"သူ့ကိုယ်စား ကျေးဇူးတင်ပါတယ် "
ဥက္ကဌက သူ့ခန္ဓာကိုယ်အား လက်ညှိုးထိုးပြလိုက်ပြီး
"သူက သူ့ရဲ့ပျက်စီးနေတဲ့ အလောင်းကို ကျောင်းသား ကောင်စီဝင်တွေအားလုံးဆီမှာ သိမ်းထားတယ်၊ ငါက သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ ၊ မင်းမေးချင်တာရှိရင် သူအစစ်ကို မေးမှ ရမယ် "
ဥက္ကဌ၏အမူအရာနှင့် လေသံမှ တစ်ဆင့် သူလိမ်နေမှန်း ကောင်းမင်သိသော်လည်း ထုတ်မပြောခဲ့ပေ။
"နောင်ကျရင် ကျောင်းသားကောင်စီတံဆိပ်ဝတ်ထားတဲ့ ဘယ်သူဆီမဆို မင်းရောက်သွားရင် အဲ့တာ သူဖြစ်နိုင်တယ် ၊ ကျေးဇူးပြုပြီး သူ့ကိုရှာဖို့ ကြိုးစားပါ "
ဥက္ကဌသည် ကျိန်စာအများအပြားကို အသုံးပြုခဲ့သည် ။ သူက ပြတ်တောင်း ပြတ်တောင်းဖြင့် ပြောလိုက်သည်။
"အဆုံးကျရင် မင်းအတွက် သူ့ဆီက လက်ဆောင်တစ်ခုရှိတယ် "
သူသည် ညိုးနွမ်းနေသော သူ့နှလုံးကို ကိုင်ထားပြီး ၎င်းကို ကျောင်းအပျက်အစီးထဲတွင် မြှုပ်နှံလိုက်သည်။ကောင်းယန်သည် ကျောင်းစည်းများကို ထိန်းချုပ်ရန် လက်လျှော့လိုက်ပြီး ယန်ရှီကျီးထံ ပြန်ပေးလိုက်သည်။တရားမျှတစေရန် သူသည် စီတုအန်း၏စည်းမျဉ်းမျှခြေမပါပဲ ကျောင်းစည်းကမ်းများကို အတင်းအကျပ် ချုပ်ကိုင်ထားလျှင်ပင် ယန်ရှီကျီးက တဖြေးဖြေးချင်း သူ့နေရာကိုအစားထိုးလိမ့်မည်ဖြစ်သည်။
"ဖြစ်ရပ်ဆိုးကြီးက ရောက်လာနေပြီ ၊ ယနေ့ဖြစ်ပျက်ခဲ့သမျှက နိမိတ်ပုံတစ်ခုပဲ၊ လူတွေအများကြီးသေကြလိမ့်မယ် ၊ အရင်က ဖြစ်ရပ်ဆိုးတွေထက် အများကြီး ပိုပါတယ် ၊ ဒါပေမယ့်…ဒါက ကံကြမ္မာကို ဖျက်စီးဖို့ ပေးရတဲ့ တန်ကြေးဖြစ်နိုင်ပါတယ် "
ဥက္ကဌသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး ဗလာဖြစ်နေသော သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။
"စတေးခံဖြစ်ရမှာကို မင်းကြောက်သလား "
ကောင်းမင်က ဥက္ကဌထံ လက်ဆန့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ငါတို့ လုံလောက်တာထက် ပိုပေးဆပ်ခဲ့ပြီးပြီ မဟုတ်လား ၊ ငါတို့ရဲ့ ဘဝရဲ့ စက္ကန့်တိုင်းဟာ စတေးမှုတွေပါပဲ "
"မင်းမှာ ဒီလို အကောင်းမြင်စိတ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး "
ဥက္ကဌသည် ကောင်းမင်လက်ကို ပြန်မဆွဲခဲ့ပေ။
"မင်းကိုယ့်ကိုကိုယ် ကုစားဖို့ စိတ်ပညာရှင်တစ်ယောက်ဖြစ်လာတာလား "
"ငါ လူအများကြီးကို ကုသပေးခဲ့ပေမယ့် ငါ့ကိုယ်ငါတော့ မဟုတ်ပါဘူး "
ကောင်းမင်က ဥက္ကဌနှင့် စကားပြောချင်နေသော်လည်း အနီရောင်မိုးကာအင်္ကျီထံ တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။ကျောင်းအုပ်ယန်က အနီရောင်မိုးကာအင်္ကျီအား ဆက်တိုက်အားနည်းစေခဲ့သည်။သွေးစွန်းနေသော မိုးရေများမှ ပြုလုပ်ထားသည့် မိုးကာအင်္ကျီမှာ အက်ကွဲလာခဲ့သည်။ ထိုအတိုင်းသာ ဆက်သွားနေပါက အနီရောင် မိုးကာအင်္ကျီသည် သူမ၏ဝိညာဉ် ပျောက်ကွယ်သွားသည်အထိ တိုက်ခိုက်သွားလိမ့်မည်ဖြစ်သည်။အရာအားလုံးသည် ဥက္ကဌ၏ခန့်မှန်းချက်အတိုင်းဖြစ်သည်။
"မင်းအတွက် ဥက္ကဌဆီက ဆုယူဖို့ အချိန်ကျပြီ "
" အနီရောင် မိုးကာအင်္ကျီလား "
ကောင်းမင် မတုံ့ပြန်ရသေးခင် ကောင်းယန်၏ ကျောင်းစည်းကမ်းများကို စုပ်ယူနေခဲ့သော ယန်ရှီကျီး၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် အက်ကွဲရာတစ်ခု ပေါ်ထွက်လာ၏။ ယင်းသည် အနီရောင် မိုးကာအင်္ကျီအတွက် လမ်းတစ်လမ်း ပွင့်သွားစေခဲ့သည်။တစ်ချိန်တည်းမှာပင် ဥက္ကဌနှင့် မလှမ်းမကမ်းတွင် ရပ်နေသော ကျောင်းသားကောင်စီဝင်နှစ်ယောက်သည် ကလေးအလောင်း၏ အဝတ်အစားများကို မီးရှို့လိုက်ကြသည်။အနီရောင်မိုးကာအင်္ကျီသည် တစ်ခုခုကို အာရုံခံမိသွားသည်။သူမသည် ကောင်းမင်ကိုကြည့်ရန် ဆတ်ခနဲ လှည့်လိုက်သည်။ သူမ၏အာရုံကောင်းမွန်လှသောနှာခေါင်းက တရှုံ့ရှုံ့ဖြစ်သွားသည်။ သူမသည် ရင်းနှီးသောအရာတစ်ခုကို အနံ့ခံလိုက်ရသည်။ကလေးနှလုံးသည် ကောင်းမင်ထံ ပုန်းကွယ်နေခြင်းဖြစ်သည်။မျက်စိတမှိတ်အတွင်း အနီရောင်မိုးကာအင်္ကျီသည် သွေးမိုးတစ်ခုနှင့်အတူ ကောင်းမင်ရှေ့ပေါ်လာလေသည်။
"သူက သန့်စင်တဲ့ လူသတ်ပန်းတစ်ပွင့်ပဲ ၊ သူ ပွင့်လန်းတဲ့အခါတိုင်း သူရဲ့ တောက်ပနေတဲ့အနီရောင် ပန်းပွင့်တွေ ညှိုးနွမ်းသွားလိမ့်မယ် "
ရှရန်၏အသံသည် ကောင်းမင်၏နှလုံးသားထဲ ပဲ့တင်ထပ်လာ၏။
"စကားမစပ် ၊ မင်း နှလုံးသားထဲက ဘာလို့ ငါ့ဘာသာ ထွက်လို့မရတာလဲ ၊ ကြည့်ရတာ မင်းခွင့်ပြုချက်လိုတယ် ထင်တယ် "
သားစားကြူးနတ်က ကိုယ်ထင်ပြလိုက်သည်။လက်ရှစ်ဖက်သည် အနီရောင်မိုးကာအင်္ကျီကို ပြင်းထန်စွာရိုက်ချလိုက်သည်။ကောင်းမင် ပတ်ဝန်းကျင်ရှိ မြေပြင်သည် အသားစိုင်များဖြစ်လာလေသည်။သားစားကြူးနတ်သည် စီတုအန်း၏ ကလေးကို စားလိုက်ပြီးနောက်ပိုင်း ကလေး၏ နာကြည်းခြင်းအခန်းကို အချိန်မရွေးနိူးဆွနိုင်သည့် စွမ်းအားကို ရရှိခဲ့သည်။အသွေးအသားများ နေရာအနှံ့လွင့်ပျံနေကြသည်။နှစ်ယောက်သား တိုက်ခိုက်လိုက်ကြသည်။ပြင်းထန်သည့် အားသက်ရောက်မှုကြောင့် မြေပြင်မှာ နိမ့်ဆင်းသွား၏။
"ကျို့ကျန်းက ပထမဆုံးမူမမှန်မှု ဖြစ်ပွားခဲ့တဲ့နေရာပဲ ၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ငါတို့စီးခဲ့တဲ့ဘတ်စ်ကားကာကျို့ကျန်းက လာတာ ၊ မင်းလိုချင်တဲ့ အဖြေက အဲ့ဒီမှာ ရှိတယ် "
ဥက္ကဌက အလျှင်အမြန်လွတ်မြောက်သွားသည်။
"သူက စုံစမ်းစစ်ဆေးရေးဌာနက အများကြီးစတေးပြီး ထိမ်းသိမ်းထားရတဲ့ ပြည့်စုံတဲ့အနီရောင်တစ္ဆေတစ်ကောင်ပဲ ၊ သူက မင်းအတွက် ငါ့ရဲ့လက်ဆောင်ပဲ ၊ သူ့ကြောင့်မို့ ငါ စီတုအန်းကို အချိန်အကြာကြီး တိုက်ခိုက်နေခဲ့တာပဲ ၊ အနီရောင်တစ္ဆေတွေက တစ်ခုခု သိရမယ် ၊ တံခါးတစ်ချပ်ရှာဖို့ သူမင်းကို ကူညီပေးနိုင်လိမ့်မယ် "
ကောင်းမင်က သွေးများ ထွေးထုတ်လိုက်သည်။ သူ့အား သားစားကြူးနတ်က ကာကွယ်ထားသော်လည်း အနီရောင်မိုးကာအင်္ကျီကြောင့် သူသေဆုံးလုနီးပါးဖြစ်ခဲ့သည်။
"လူတွေကို မင်းလက်ဆောင်ပေးတဲ့နည်းလမ်းက အရမ်းထူးခြားတာပဲ "
"ဟန်ဟိုင်းမှာ အနီရောင်တစ္ဆေတစ်ကောင်ရှာဖို့ တခြားနည်းလမ်းကို ငါမတွေးတတ်ဘူးလေ "
ဥက္ကဌအသံက ဝေးကွာသွားလေသည်။ကံကြမ္မာကို ရှောင်ရှားရန် ကောင်းယန်သည် ကောင်းမင်အနီးတွင် ယာယီမနေနိုင်သေးပေ။ထို့ကြောင့် သူက ထိုနည်းလမ်းကို သုံး၍ ထွက်ပြေးသွားခြင်းဖြစ်သည်။ကျောင်းသားကောင်စီဝင်အများစုသည် ညအမှောင်ထဲ ပျောက်ကွယ်သွားကြသည်။ကောင်းယန်သည် သူတို့တစ်ဦးချင်းစီတွင် ရှင်သန်လျက်ရှိသည်။တစ်နည်းအားဖြင့် သူတို့အားလုံး ကောင်းယန်ပင်ဖြစ်သည်။
"မင်းကို ကူညီဖို့ ငါ့ကို အပြင်ထုတ်ပေးပါဦး!ဒီပြီးပြည့်စုံတဲ့ သရဲကို မင်းနှလုံးသားထဲ ငါ ပို့ပေးနိုင်တယ်!"
ရှရန်အသံက ထပ်မံထွက်ပေါ်လာသည် ။ ယိုလျန်း၊ ယန်ရှီကျီးနှင့်လျိုယီတို့လည်း ကောင်းမင်ကို ကူညီချင်ကြသည်။
အနီရောင်မိုးကာအင်္ကျီအတွက် ဝန်းခံရသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ထိုအခြေအနေအောက်တွင် အနီရောင်မိုးကာအင်္ကျီက လူတစ်ယောက်ကိုသာ အာရုံစိုက်၍ မှန်ကန်သည့်ရွေးချယ်မှု ပြုလုပ်လိုက်သည်။ကံမကောင်းစွာဖြင့် သူမအာရုံစိုက်လိုက်သည့် ပုဂ္ဂိုလ်မှာ ကလေးနှလုံးသားရှိသည့် ကောင်းမင်ဖြစ်သည်။
သားစားကြူးနတ်ပေါ်တွင် ဆိုးရွားလှသည့်အမာရွက်များဖန်တီး သွေးများတစ်စက်စက်စီးကျနေသည်။ မိုး ရေများသည် ဓားချွန်နှင့်မီးတောက်များကဲ့သို့ပင်။ကောင်းမင်သည်ပင် ထိတ်လန့်သွားသည်။ ဒါက ဘယ်လို သရဲမျိုးလဲ။ထိုအမျိုးသမီး၏ ဝိဉာည်သည် ရေခဲတမျှအေးစက်နေသေယ်လည်း ထိန်းချုပ်မရနိုင်သည့် မီးတောက်တစ်ခုကဲ့သို့ တိုက်ခိုက်နေလေသည်။
"သူ့ကို မင်းနှလုံးသားထဲ ခွင့်ပြုလိုက်စမ်း ! သူကို မင်းနှလုံးသားထဲ ပို့ပစ်လိုက် ! "
ရှရန်သည် ကောင်းမင်၏ နှလုံးထဲမှ မထွက်ခွာနိုင်သော်လည်း တစ်နည်းနည်းဖြင့် ထိုအရူးသည် ကောင်းမင်၏ အရေပြားပေါ်တွင် အနီရောင်မိုးကာအင်္ကျီပုံကို ရေးဆွဲနိုင်ရန် ပြုလုပ်နိုင်ခဲ့သည်။
ကောင်းမင်သည် သူမကလေးကို ခိုးယူခဲ့ပြီး သူမပုံကိုလည်း သူ့ခန္ဓာကိုယ်ပေါ် တက်တူးထိုးချင်နေ၏။
အနီရောင် မိုးကာအင်္ကျီ သည် မိုးရေများကို ထိန်းချုပ်၍ အသားနာကြည်းခြင်းအခန်းသို့ တိုးဝင်လာ၏။ သူမသည် ကောင်းမင်၏နှလုံးသားကို ဆွဲထုတ်ချင်နေခြင်းဖြစ်သည်။
ချောင်ပိတ်ခံလိုက်ရသော ကောင်းမင်က ညှင်းပန်းနှိပ်ခန်းထဲမှ ချိန်းကြိုးအားလုံးကို စုစည်းလိုက်သည်။သားစားကြူးနတ်သည် သူ့ကိုကာကွယ်ရန် မလုပ်တော့ပဲ သူ့စွမ်းအားများအား အနီရောင် မိုးကာအင်္ကျီကို ဖမ်းဆီးရန် အာရုံစိုက်လိုက်သည်။သူမ၏ စွမ်းအားဖြင့် အလွယ်တကူ ထွက်ပြေးနိုင်သော်လည်း ထွက်ပြေးရန်ပင် မစဉ်းစားခဲ့ပေ။ သူမသည် သတ်ဖြတ်ချင်ရုံသာဖြစ်သည်။
မိုးစက်များ တဖျောဖျော လျှောကျသွားသည်။ သူမ၏လက်ချောင်းများသည် ကောင်းမင်၏ ရင်ဘတ်အရေပြားကို ဖြတ်တောက်ပစ်လိုက်သည်။
မိုးရေထဲတွင် နှလုံးတစ်ခု၏ နှလုံးခုန်သံသည် ပဲ့တင်ထပ်နေ၏။ချိန်းကြိုးများက အနီရောင်မိုးကာအင်္ကျီပတ်လည်တွင် ချည်နှောင်လိုက်သည်။နှိပ်စက်ခန်းတံခါးမှာ ပွင့်ဟသွားချေပြီ။အခန်းထဲတွင် ချိန်းကြိုးများ တချွင်ချွင်ထိခတ်နေကြသည်။သားစားကြူးနတ်သည် အားနည်းနေသော အနီရောင်မိုးကာအင်္ကျီအား နှိပ်စက်ခန်းထဲ ဆွဲခေါ်လိုက်တော့သည်။
သူ့နှလုံးသားထဲမှ နာကျင်မှုဝေဒနာကို ခံစားလိုက်ရသဖြင့် ကောင်းမင်၏မျက်နှာတွင် သွေးကြောများ ဖောင်းကြွလာလေသည်။သူ့လက်ချောင်းများသည် ရွှံ့နှင့်မြက်ပင်များထဲစိုက်ဝင်နေပြီး လဲပြိုကျသွားတော့သည်။