← Chapters

အဆိုးဆုံးရလာဒ်

Vol. 13 Ch. 185

အဆိုးဆုံးရလာဒ်

Vol. 13 Ch. 185

"အရိပ်ကမ္ဘာက လူသေဓာတ်ပုံတစ်ခုလား "

ခွေးကြီးက မျက်မှောင်ကျုံ့သွားသည်။သူသည် ပြင်းထန်လှသည့်အန္တရာယ်ကို အာရုံခံမိလိုက်သည်။

"ကောင်းမင် အဲဒီ ဓာတ်ပုံကို သတိထား ! "

ခွေးကြီးသည် အမှောင်ထဲတွင် လှုပ်ရှားနေ၏။သူသည် ကောင်းမင်အား စိတ်တည်ငြိမ်စေရန် ပြန်ဆွဲခေါ်ချင်သော်လည်း သူ့ကိုက်ချက်က လွဲချော်သွားခဲ့သည်။ကောင်းမင်က ရပ်တန့်ခြင်းမရှိပေ။သူ့ရှေ့တွင် မည်သည့်အရာများဖြစ်လာသည်ဖြစ်စေ သူရပ်တန့်လိမ့်မည်မဟုတ်‌ချေ။ ကောင်းမင်၏ သွေးနီရောင်မျက်လုံးများကို ကြည့်၍ ခွေးကြီးသည် ကြောက်လန့်ခြင်းကို ခံစားလိုက်ရသည်။မည်သို့သော အမုန်းတရားက ကောင်းမင်းအား ယင်းကဲ့သို့ဖြစ်သွားစေသည်ကို သူစိတ်မကူးနိူင်ပေ။သူသည် စီတုအန်းမျက်နှာပေါ်မှ တစ်ခုခုမြင်ရရန် ကြိုးစားလိုက်သော်လည်း စီတုအန်းက သူ့ထက်ပင်စိတ်ရှုပ်ထွေးနေပုံရသည်။

"ဒီကောင် ဘာဖြစ်နေတာလဲဟ "

လူသေဓာတ်ပုံထဲမှ ဆရာများသည် ပုံထဲမှ အဆောက်အဦးများ၏အပြင်ဘက် လမ်းလျှောက်ထွက်လာကြသည်။ကုန်းစီကဲ့သို့ပင် သူတို့၏နားရွက်နှင့်ပါးစပ်များကို ချုပ်ခံထားရသည်။သူတို့မျက်လုံးများကို ထုတ်ဖော်ထားခြင်းဖြစ်သည်။ထိုဆရာများသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏ အဓိကကျောက်တိုင်များဖြစ်ကြသည်။သူတို့၏ လှုပ်ရှားမှုတိုင်းသည် ကျောင်းရှိကျောင်းသားအားလုံးကို သက်ရောက်စေနိုင်၏။

ဆရာများ ပေါ်လာသည်နှင့် သားစားကြူးနတ်၏ အရေပြားပေါ်တွင် အညိုရောင်အနာကွက်များ ပေါ်ထွက်လာလေသည်။ဆရာများသည် အဆိုးမြင်စိတ်များကို မျိုးစေ့များအဖြစ်သို့ ကူးပြောင်းနိုင်ပြီး ပန်းများအဖြစ် သူတို့နှစ်သက်သည့် မည်သည့်နေရာတွင်မဆို ပွင့်လန်းစေနိုင်သည်။စီတုအန်းသည် ကောင်းယန်ကို တိုက်ခိုက်၍ ကျောင်းကြီးကို ထိန်းချုပ်နိုင်ရေးအတွက် ထိုဆရာများကို မျိုးစေ့များဖြန့်ကျဲရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။

နတ်ဘုရား၏ အရေပြားပေါ်ရှိ အနာကွက်များသည် အက်ကွဲသွားခဲ့သည်။စိုက်ပျိုးခံခဲ့ရသော မျိုးစေ့များကား လျင်မြန်စွာအပင်ပေါက်လာကြလေသည်။နတိဘုရားကို အတွင်းမှ ခွဲထုတ်ပစ်နေသည့် မရေမတွက်နိုင်သော စွမ်းအင်များ ရှိနေ၏။ မျိုးစေ့၏အမြစ်များသည် နတ်ဘုရားမှတဆင့် ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ရန်ပင် ကြိုးစားနေကြသည်။ယင်းအား အကောင်းဆုံးဖြေရှင်းရန်မှာ ဆုတ်ခွာပြီးနောက် သားစားကြူးနတ်ကို အစေ့များ ဖယ်ရှားခိုင်း၍ ရသော်လည်း ကောင်းမင်တွင် ထိုအတွက်အချိန်မရှိပေ။သူသည် အခြားသူများကို ရက်စက်သော်လည်း သူ့ကိုယ်သူတွင်မူ ပို၍ပင်ရက်စက်ပေသည် ။နှိပ်စက်ညှင်းပန်းခန်းထဲမှ ချိန်းကြိုးများက ယိမ်းထိုးနေကြသည်။ကောင်းမင်သည် အမြစ်များကို သူ့နှလုံးသားအတွင်း ကြိုဆိုလိုက်သည်။

"မင်းတို့တွေ တစ်ယောက်မှ ပြန်လည်မမွေးဖွားပဲ ငါနဲ့အတူ ထာဝရနေချင်တယ်ဆိုရင် လာပါ ငါမင်းတို့ကို ကြိုဆိုတယ် "

နှလုံးသားနာကျင်ခြင်း၏ နာကျင်မှုကို ဘယ်သူမှ မခံနိုင်ကြပေ။ သို့သော် ကောင်းမင်ကတော့ ဒါကို အကြိမ်ကြိမ် ကြုံဖူးပေသည်။ နာကျင်မှုကို သက်သာစေရန် သူ့အသက်ရှုနည်းကို မည်သို့ ထိန်းချုပ်ရမည်ကိုပင် သူသိလေသည်။

"မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး ! "

ကောင်းမင်က စီတုအန်းသည် ထိုဆရာအားလုံးကို လူသေဓာတ်ပုံထဲသို့ မည်သို့စုပ်ယူထားမှန်းမသိသော်လည် သူဂရုမစိုက်ပါပေ။သူ့စိတ်ရှိတွင် ရှိနေသည့်တစ်ခုတည်းသောအရာသည် စီတုအန်းကို သတ်ဖြတ်ရန်ဖြစ်သည်။ကမ္ဘာကြီးပျက်စီးတော့မည်ဆိုလျှင်ပင် ကမ္ဘာကြီး အဆုံးမသတ်ခင် သူသည် စီတုအန်းကို သူ့နှိပ်စက်ညှင်းပန်းသည့်နှလုံးထဲသို့ ဆွဲထည့်ရမည်ဖြစ်သည်။အရာအားလုံး ပြန်လည်စတင်နိုင်သော်လည်း အနာဂတ်တွင် စီတုအန်းကို သူထပ်မမြင်ချင်တော့ပေ။

"သေစမ်း ! "

နာကြည်းခြင်းအခန်းဖြင့် ဖုံးအုပ်ထားသောစီတုအန်းသည် ကျောင်းစည်းကမ်းများကို ရင်ဆိုင်ရသောအချိန်တွင် တစ်ခါမှ ချောင်ပိတ်မခံခဲ့ရပေ။ စီတူအန်းအတွက် ကောင်းမင်သည် ကျိုးကြောင်းမဆင်ခြင်နိုင်ပဲ ဆင်ခြင်တုံတရားကင်းမဲ့နေသူဖြစ်သည်။

စီတုအန်း၏ စွမ်းအားများသည် ကောက်ကျစ်ပြီး အန္တရာယ်များသော်လည်း အများစုမှာ စုံစမ်းစစ်ဆေးရေးဌာနနှင့် ဆက်စပ်နေပြီး လူသေဓာတ်ပုံထဲမှ ဆရာများနှင့် ထူးခြားသော နာကြည်းခြင်းအခန်းကဲ့သို့အရာမျိုးများလည်း ပါဝင်လေသည်။သူ့စွမ်းအားများသည် ပြင်ဆင်ရန် အချိန်အများအပြားလိုအပ်သည်။ရုံးခန်းအဆောက်အဦးအတွင်းမှ မကောင်းဆိုးဝါးအားလုံးကို အပြင်ဘက်လွတ်ပေးခဲ့ရသည်။သူသည် အရိပ်ကမ္ဘာမှ အမည်မသိတည်ရှိမှုကြီးကို ဆင့်ခေါ်ရန် သူ့စွမ်းအင်အများအပြားသုံးခဲ့ရပြီး မောပန်းနေခဲ့ပြီဖြစ်သည်။ကောင်းယန်ကျိန်စာ၏ သက်ရောက်မှုကြောင့် သူသည် အားအနည်းဆုံးဖြစ်နေခဲ့သည်။၎င်းသည် ပုံမှန်သာဖြစ်နေပါက ကောင်းမင်နှင့် အချိန်များစွာ ဖြုန်းနေလိမ့်မည်မဟုတ်ချေ။

"သွား ! သူကို့ တားကြစမ်း ! ငါ့မှာ မင်းတို့ရဲ့ အားနည်းချက်တွေ ရှိတယ်ကွ ! မင်းတို့ ငါ့ကို ကူညီမယ်လို့ ပြောခဲ့တယ်လေ ! "

စီတုအန်းသည် လူသေဓာတ်ပုံဆီ အော်ဟစ်လိုက်သည်။သူသည် ဓာတ်ပုံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ၎င်းကို ဆုတ်ဖြဲရန် ခြိမ်းခြောက်လိုက်သည် ။

စီတုအန်း၏ တွန်းအားပေးမှုကြောင့် ဆရာများ၏ ချုပ်ခံထားရသော ပါးစပ်နှင့်နားရွက်များမှ သွေးမည်းများစီးကျလာတော့သည်။သူတို့သည် သူတို့ခန္ဓာကိုယ်များကို ညိုးနွမ်းနေသည့် ပွင့်ဖတ်များအဖြစ်ပြောင်းလဲ၍ သားစားကြူးနတ်ထံ ခုန်ဝင်လိုက်ကြသည်။သူတို့သည် တစ်ချိန်က စိတ်ဝိညာဉ်များ၏ ဥယျာဉ်မှူးများ ဖြစ်ခဲ့ကြသော်လည်း အဆိပ်ရှိသော မြက်များကိုသာ စိုက်ပျိုးရသော နတ်ဆိုးများ ဖြစ်လာခဲ့ကြသည်။ သူတို့သည် ကောင်းမင်ကို ဖျက်ဆီးရန် အစွမ်းကုန် ကြိုးစားနေကြသည်။

သူ့အရေပြား၏တစ်လက်မတိုင်းမှာ သေမင်းကျိန်စာများဖြင့် ဖုံးလွှမ်းလာတော့သည်။ဆရာများသည် ထို 'ကျောင်းသားဆိုး'၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းဆုတ်ဖြဲချင်နေကြသည်။သို့သော်လည်း သူတို့သည် ကောင်းမင်၏ စိတ်ဝိဉာည်ထဲ ဝင်ရောက်လိုက်သည်နှင့် ကောင်းမင်၏နှလုံးသားသည် အပျက်အစီးတစ်ခုဖြစ်နှင့်ပြီးဖြစ်ကြောင်း ထိတ်လန့်စွာ နားလည်သွားကြသည် ။ထိုကဲ့သို့ ရုန့်ရမ်းညစ်စုတ်သော ဝိညာဉ်တစ်ခုကို သူတို့ မမြင်ဖူးကြပေ။၎င်းသည် စကားလုံးများ၏ ဖော်ပြချက်ထက်ပင် ကျော်လွန်၍ ယုတ်ညံ့နေခြင်းဖြစ်သည်။ထိုနှလုံးသားကို အဆုံးမရှိသော သေခြင်းတရားများမှ ဖန်တီးထားခြင်းဖြစ်သည်။ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုမှ ရှိမနေခဲ့ချေ။

သူတို့ ဘာလုပ်နိုင်မှာလဲ။နှလုံးကို သူတို့ဖျက်ဆီးလိုက်လျှင်ပင် သူ၏ ဖရိုဖရဲနှလုံးသား အစိတ်အပိုင်းကို မတော်တဆ ကုစားမိသွားပေလိမ့်မည်။

ကောင်းမင်က ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ဆရာများသည် စေတနာ့ဝန်ထမ်းအဖြစ် သူ့နှလုံးထဲ အမြစ်များထိုးသွင်းလိုက်သည်။သားစားကြူးနတ်သည် နာကျင်မှုဖြင့် သူ့လက်ရှစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ကောင်းမင်၏ ဒွါဒရပေါက်များမှ သွေးများစီးကျနေသည်။ သူသည် စီတုအန်းကို တိုက်ခိုက်နေသော ရှေးဟောင်းရေတွင်းတစ်ခုမှ တွားသွားထွက်လာသည့် အလောင်းတစ်လောင်းနှင့်တူနေတော့သည်။

"အဲဒီဆရာတွေက င့ါကို သစ္စာဖောက်သွားတာလား "

စီတုအန်းသည် ဆရာများ ဘာမြင်ခဲ့ရသည်ကို မသိ သော်လည်း သူတို့သည် ယန်ရှီကျီး နှင့်ဟန်သဲ့ရှူရှန်းအကယ်ဒမီကို စွန့်ပစ်နိုင်ခဲ့သောကြောင့် သူ့ကိုလည်း စွန့်ပစ်ခဲ့နိုင်ပေသည်။

"‌ကောင်းမင် ဖြစ်ရပ်ဆိုးကို ဟန်ဟိုင်းဆီ တိုက်ရိုက်ပို့လိုက်တာ မင်းပဲကွ! "

စီတုအန်းပတ်ဝန်းကျင်မှ ငိုကြွေးသံကား ပိုကျယ်လောင်လာ၏။သူသည် သူ၏လက်များကို အတင်းအကျပ်သုံးကာ လူ‌သေဓာတ်ပုံ၏ အစွန်းတစ်ခုကို ဆုတ်ဖြဲလိုက်သည်။ အစွန်းမှ နီရဲသောသွေးများ စီးကျလာခဲ့သည်။

"ကမ္ဘာကြီးအဆုံးသတ်တော့မယ်ဆိုရင်တောင် မင်းက ငါ့လက်ချက်နဲ့ပဲ သေရမယ် ! "

ကောင်းမင်နှင့်နတ်ဘုရားက တစ်ချိန်တည်းလှုပ်ရှားလိုက်သည်။နာကြည်းခြင်းအခန်းတစ်ခုလုံး ရွေ့ရှားသွား၏။၎င်းသည် သွေးစွန်းနေသော ဥမင်လိုဏ်ခေါင်းတစ်ခုအဖြစ် နောက်ပြန်လိမ့်သွားခဲ့ခြင်းဖြစ်သည်။ သွေးကြောများက စီတူအန်းကို အဝေးသို့ ဆွဲခေါ်သွားသည်။ ကောင်းမင်သည် စီတူအန်းကို ဆွဲထုတ်နေသည့် 'အရာ'အား မြင်လိုက်ရသည်။ ၎င်းသည် ကလေးတစ်ယောက်ဖြစ်ပုံရသည်။

ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် စီတုအန်းအတွက် ပုန်းစရာနေရာမရှိတော့ချေ။ကျောင်းစည်းမျဉ်းများသည် ကောင်းမင်နှင့်အတူ အလုပ်လုပ်နေပြီး သူ့အားပစ်မှတ်ထားနေ၏။ယင်းသည် ကျောင်းပြိုကျမှုအား အရှိန်မြှင့်လာစေသောကြောင့် လက်တွေ့ကမ္ဘာနှင့် ပေါင်းစည်းသွားတော့မည်ဖြစ်သည်။စီတုအန်းက ကောင်းမင်သည် ဖြစ်ရပ်ဆိုးကို ဟန်ဟိုင်းသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သူဟု ပြောခဲ့သော်လည်း သူ့ကိုယ်သူ ကယ်တင်ရန်အတွက် တစ်မြို့လုံးကို မရဏဘုံထဲ ဆွဲထည့်ခဲ့ခြင်းဖြစ်သည်။

အသားဥမင်၏အဆုံးသို့ သူရောက်သွားသည်နှင့် စီတုအန်းသည် လူသေဓာတ်ပုံကို လုံးဝဆုတ်ဖြဲပစ်လိုက်သည်။ကျောင်းကြီး၏ ကြမ်းပြင်နှင့် နံရံများမှ အဆုံးမရှိသော အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာလေတော့သည်။ကောင်းမင်၏နှလုံးထဲတွင်ရှိနေသောဆရာများ၏ ဖြစ်တည်မှုသည် သိမ်းပိုက်ခံလိုက်ရပြီဖြစ်သည်။သူတို့သည် ကောင်းမင်၏နှလုံးထဲတွင် ထာဝရပိတ်မိနေခဲ့ကြချေပြီ။

ကျောင်းကြီး၏လုပ်ဆောင်ချက်များကို ထိခိုက်စေသော လူသေဓာတ်ပုံ ပျက်စီးသွားသောအခါ စီတုအန်း၏ စည်းမျဉ်းများ မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ လူသေဓာတ်ပုံထဲရှိ အဆောက်အဦးများသည် အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားခဲ့သည်။

ကျယ်လောင်လှသည့် အသံတစ်ခုထွက်ပေါ်လာပြီးနောက် ရုံးခန်းအဆောက်အဦးပတ်လည် နံရံများ ပြိုကျသွားတော့သည်။ ပြတင်းပေါက် အပြင်ဘက်ရှိ မြူခိုးများက မုန်တိုင်းကြောင့် မျောပါသွားကြသည်။ ကျောင်းရှိ သရဲနှင့် ကျောင်းသားတိုင်းသည် နံရံ အပြင်ဘက်ရှိ အစစ်အမှန်ကမ္ဘာကြီးကို မြင်လိုက်ကြလေသည်။

စုံစမ်းစစ်ဆေးရေးဌာနမှ အနက်ရောင်ကားများသည် ကျောင်းအပြင်ဘက်တွင် ရပ်တန့်ထားကြသည်။ကျောင်းဝင်းအတွင်းတွင် မည်သည့်အရာများ ဖြစ်ပျက်နေမှန်း မသိကြသော စုံစမ်းရေးမှူးများသည် အမိန့်များကို စောင့်ဆိုင်းနေခဲ့ကြသည်။အဆိုးရွားဆုံးအခြေအနေများ မဖြစ်ပွားစေရန်အတွက် ကျောင်းကို ချိတ်ပိတ်ရန် ဌာနချုပ်မှ အာရုံစိုက်ထားခြင်းဖြစ်သည်။

"ကျောင်းကြီးက လက်တွေ့ကမ္ဘာနဲ့ ပေါင်းစည်းသွားပြီ ၊ ငါတို့ အခုထွက်သွားလို့ ရပြီဟေး ! "

All Chapters