← Chapters

ပထမခြေလှမ်း

Vol. 14 Ch. 203

ပထမခြေလှမ်း

Vol. 14 Ch. 203

"ကျင်းထောင်ရှန်း ?"

ကောင်းမင်သည် ထိုနာမည်ကို သူ့သေဆုံးခြင်းများတဆင့် ကြားဖူးရုံမျှ ကြားဖူးသည်။

"ဌာနချုပ်က အမြဲတမ်း အရိပ်ကမ္ဘာနဲ့ ဆက်ဆံနေရတာ ၊ နတ်ဆိုးတွေနဲ့ ထိတွေ့မိသူတွေဟာ သူတို့ကြောင့် ကူးစက်ခံရလိမ့်မယ်၊ တချို စုံစမ်းရေးမှုးတွေဆို မူမမှန်မှုကနေ ထွက်လာပြီးရင် သိသိသာသာ‌ပြောင်းလဲသွားကြတယ် ၊ သူတို့ဟာ မြို့သားတွေကို သတ်ဖြတ်ပြီး ဖြစ်ရပ်ဆိုးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ကြတယ်၊ နောက်ပိုင်းမှာ ဌာနချုပ်က အတွင်းကအမှိုက်တွေကို ရှင်းလင်းဖို့ အထူးအဖွဲ့တစ်ခု လိုအပ်လာတယ်လေ "

စီတုအန်းက ပြုံးလိုက်သည်။သူသည် ကောင်းမင်နှင့် စကားပြောဆိုနေရခြင်းကို ပျော်ရွှင်ပေသည်။အဘယ်ကြောင့်ဆိုသော် သူ ကောင်းမင်အကြောင်းပိုသိလာလေ သူ့ကို သတ်ဖြတ်ရန် အခွင့်အရေးပိုမြင့်လာလေဖြစ်သောကြောင့်ပင်။

"ကျင်းထောင်ရှန်းက အဲ့လိုလူတစ်ယောက်ပဲ ၊ သူဟာ လျှို့ဝှက်တတ်ပြီး လူသတ်တာနဲ့ လှည့်စားတာမှာ အရမ်းတော်တဲ့လူတစ်ယောက်ပဲ "

"သန့်ရှင်းမှုကို စွဲလမ်းနေတဲ့လူတစ်ယောက်က ဒီလိုအလုပ်မျိုးမှာ ထူးခြားတယ်ပေါ့ ၊ ဘယ်လိုတောင် မဆီလျော်လိုက်လဲ "

ရှရန်သည် နောက်ထပ်စိတ်ဝင်စားစရာဝိဉာည်တစ်ခုကို ရှာတွေ့သွားသည်။

"ကျင်းထောင်ရှန်းမှာ တရားဝင်လုပ်ပိုင်ခွင့်တော့ မရှိဘူး ၊ ငါ သူနဲ့ အကြိမ်ပေါင်းများစွာဆက်ဆံဖူးတယ် ၊ ငါ သူ့အားနည်းချက်ကို မရှာနိုင်ဘူး ၊ အပေါ်ယံတော့ သူက သုတေသနသမားတစ်ယောက် ဆိုတာပဲ ငါသိတယ် "

စီတုအန်းက ရှရန်ဘက်လှည့်လိုက်ပြီး

"မင်းသာ ကျင်းထောင်ရှန်းကို ဖမ်းနိုင်ရင် ဌာချုပ်ရဲ့ ပင်မအချက်အလက်တွေသိဖို့ အခွင့်အရေးရှိနိုင်တယ် ၊ မင်း ထိပ်ဆုံးကို ရောက်ဖို့ အထက်ပိုင်းလူကြီးတွေရဲ့အလောင်းတွေပေါ် နင်းဖြတ်သွားနိုင်တယ် "

စီတုအန်းသည် လိမ်ညာနေပုံ မရချေ။သူသည် သူ နဂိုက လုပ်ရန်စီစဉ်ထားသည့်အရာကို ပြောပြနေရုံသာဖြစ်သည်။ကောင်းမင် အသတ်ခံရမည့် အနာဂတ်တစ်ခုတွင် စီတုအန်းသည် ဌာနချုပ်၏အကြီးအကဲဖြစ်လာပေလိမ့်မည်။ထိုစီတုအန်းဗားရှင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။သို့သော်လည်း ထိုစီတုအန်းသည် ‌သူ၏ပထမခြေလှမ်းကို မစတင်ရသေးမီ ကောင်းမင်၏နှလုံးအတွင်း ပို့ဆောင်ခံလိုက်ရ၏။

"မင်း မြို့ တော်အရှေ့ပိုင်းကို သိမ်းပိုက်ချင်ရင် ကျင်းထောင်ရှန်းကို အာရုံစိုက်ထားရမယ် "

ရှရန်နှင့်စီတုအန်း၏ "အကူအညီ"နှင့်အတူ ကောင်းမင်၏ ခြောက်ခြားဇာတ်လမ်းမှာ နောက်ဆုံးတွင် ပြည့်စုံသွားလေသည်။

*

တယ်လီဗေးရှင်း စခရင်တွင် သွေးများစီးကျလျက်ရှိသည်။ကလေးငိုသံသည် တယ်လီဗေးရှင်းမှ ထုတ်လွှင့်သံနှင့် ရောယှက်နေသည်။ မျက်ရည်များနှင့် တချက်ချက် နာရီမြည်သံမှာ တစ်ပြိုင်တည်းပင်။

"ငါ့ဘဝတော့ ပြီးသွားပြီ "

သတင်းစာအဟောင်းများကို ဆုတ်ဖြဲလိုက်ပြီး လေထဲ ပစ်လွှင့်လိုက်သည်။အမျိုးသားသည် မှောက်လဲနေသော စားပွဲကို ကျော်၍ ကော်ဇောပေါ် နင်းလိုက်သည်။သူသည် မှန်ကွဲစများကိုပင် မကောက်ခဲ့ချေ။သူက ကလေးငိုသံကို လစ်လျူရှု၍ သူ့လက်များဖြင့် ဆံပင်ကို သပ်တင်လိုက်သည်။သူသည် ကျိုးပဲ့နေသောတံခါး ၊ ရှုပ်ပွနေသော သူ့ပတ်ဝန်း နှင့် မှန်ထဲတွင် ရောင်ပြန်ဟပ်နေသော သူ့ဒဏ်ရာများကို ကြည့်လိုက်သည်။သူ့နှလုံးသားသည် ဆန္ဒမရှိချေ။ရုတ်တရက် သူသည် အခန်းထဲမှ တစ်ခုတည်းသော ကုလားထိုင်ကို ဆွဲယူ၍ မှန်ဆီပစ်ပေါက်လိုက်သည်။မှန်သည် ကွဲကြေသွား၏။သူမုန်းတီးသော မျက်နှာသည် နေရာအနှံ့ပေါ်လာတော့သည်။

"ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ နေ့တစ်နေ့လဲ "

အမျိုးသားသည် သူ့ရှပ်အင်္ကျီကို ချွတ်၍ အံဆွဲကို ဆွဲဖွင့်လိုက်သည်။ပစ္စည်းများကို ကြမ်းပြင်ပေါ်လွှင့်ပစ်လိုက်သည်။ရုတ်တရက်ပင် အမှိုက်များထဲမှ တစ်စုံတစ်ခုကို သူတွေ့လိုက်ရသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ အကြွင်းမဲ့ ရိုသေစွာ ကောက်ယူလိုက်သည်။ယင်းသည် Y စာလုံးပါသော အဖြူရောင်ဆေးပြားတစ်ပြားဖြစ်သည်။

အမျိုးသားက ဆေးပြားကို ဂရုတစိုက်ကောက်ယူလိုက်သည်။သူသည် ဆေးပြားကို လက်နှစ်ချောင်းဖြင့် ညှပ်၍ သူ့လျှာပေါ်တင်လိုက်၏။အမျိုးသားသည် သူ့လည်ချောင်းထဲ လျှောဆင်းသွားသော ဆေးပြားကို အရသာခံရင်း မျိုချလိုက်သည်။ထိုအချိန်တွင်သည် သူသည် ကောင်းကင်ဘုံကို ပွေ့ဖက်လိုက်ရဟန်ရှိသည်။သူသည် အိစက်နေသော ကော်ဇောပေါ်တွင် အလွန် ကျေနပ်စွာဖြင့် လှဲလျောင်းလိုက်သည်။ သူက ပျင်းရိစွာ အကြောဆန့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ကမ္ဘာကြီးသည် လှည့်ပတ်နေသလိုပင်။အရာအားလုံးသည် သူ့ထံ စီးဝင်နေပြီး သူ့အား အရာအားလုံး၏ ဗဟိုချက်အဖြစ် ဖန်တီးပေးနေ၏။ပျောက်ဆုံးနေသော သူ့ဝိဉာည်တစ်စိတ်ပိုင်းမှာ ပြီးပြည့်စုံသွားသည်။

သူ့ခန္ဓာကိုယ်သည် လွင့်ပျံနေသကဲ့သို့ အမျိုးသား၏ ခြေလက်များသည် တင်းကျပ်နေသည်။သူ့မျက်လုံးများမှာ မျက်ဖြူလှန်နေလေသည်။သူ့အတွေးများသည် အဝေးသို့ ဆွဲစုပ်ခံလိုက်ရသည်။

"ငါမင်းကို ပျောက်ဆုံးခွင့်ပေးမှာ မဟုတ်ဘူး ၊ မင်း ကျိုးပျက်သွားဖို့ ငါခွင့်ပြုမှာ မဟုတ်ဘူး ၊ မင်း နှလုံးသားက အဲ့ဒီမှာ ရှိနေသေးတယ်ဆိုတာ ငါသိတယ် ၊ မင်း တကယ်လိုချင်တဲ့အရာကို ငါရှာပေးမယ် "

"စီတုအန်း အဲ့တာ မင်းလား ၊ ငါမင်းကို သတ်မယ် ! ငါ့ကို ဆေးပြားပေးစမ်း ! ငါ့ကို ဝိဉာည် ကူးပြောင်းပေးစမ်း ! "

အမျိုးသားသည် စတင်နိူးထလာ၏။ခဏတာ ပျော်ရွှင်မှုပြီးနောက် ကြီးမားသည့် အကြောက်တရားက သူ့ကို ဝါးမြိုလိုက်သည်။သူ့မျက်လုံးများသည် စိုစွတ်နေပြီး သူ့ခန္ဓာကိုယ်သည် တုန်ယင်နေ၏။

"ငါ့ကို ဝိဉာည် ပြန်ပြောင်းပေး ၊ ငါ ဆေးတွေ ပိုလိုတယ် ၊ အရာအားလုံးကို ငါပေးပါ့မယ် "

အမျိုးသား၏ မျက်လုံးများသည် ကြောင်စီစီဖြစ်နေ၏။ဖုန်း မြည်သံကို သူကြားရသည်။ယင်းသည် ၁၁ကြိမ်မြောက် ဖုန်းခေါ်လာခြင်းဖြစ်သော်လည်း ပြန်ဖြေရန် သူစိတ်မဝင်စားပေ။ဝိဉာည်ပြောင်းဆေးပြားထက် မည်သည့်အရာကိုမှ သူအလိုမရှိချေ။

သူက ဖုန်းကို ကောက်ကိုင်လိုက်သည်။သူ့ဖခင်ဖြစ်သူ ဖူနင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို သူမြင်လိုက်သောအခါ သူ့မျက်လုံးများက အနည်းငယ်အာရုံစိုက်လိုက်သည်။သူ့လက်ချောင်းများကို ဝေ့ယမ်းလိုက်သည်။နောက်ဆုံးတွင် သူက ဖုန်းကို နံရံသို့ ပစ်ပေါက်လိုက်လေသည်။ ကလေးငိုသံမှာ ပိုမိုကျယ်လောင်လာ၏။ ထိုအမျိုးသားက သူ့ခေါင်းကို ထုရိုက်လိုက်သည်။

"သေစမ်း ! သေစမ်း ! သေစမ်း ! "

ဗီရိုထဲမှ ဆုဖလားပေါင်းများစွာက လှောင်ပြောင်တဲ့ မျက်နှာများဖြင့်တူ၏။ ထိုလူ၏အမည်မှာ ဖူဆန်းဖြစ်သည်။ သူသည် ဝမ်ကျိုက် စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲဖြစ်သူ ဖူနင်း၏ အကြီးဆုံးသားဖြစ်သည်။သူသည် သူ့ဖခင်၏အမြဲတမ်း ဂုဏ်ယူခြင်းခံရပြီး သူ့အဖေ၏ နေရာကို အဆက်ခံနိုင်ဆုံးလူအဖြစ် ရှုမြင်ခံရသူဖြစ်သည်။သို့သော် ဖူဆန်းသည် သူ၏ ပထမမစ်ရှင်အတွင်း ဒုက္ခကြုံနေရကြောင်း ဖူနင်းမသိပေ။

သူသည် စီတုအန်း၏ ဝိဉာည်ပြောင်းဆေးကို ယူခဲ့သည်။ထိုဆေးသည် စိတ်ဝေဒနာကို ကုသနိုင်စွမ်းရှိသည်။ယင်းသည် ဒေါက်တာလုထံမှ လာခြင်းဖြစ်ပြီး အရိပ်ကမ္ဘာနှင့်ဆက်စပ်နေ၏။လက်ရှိတွင် ဒေါက်တာလုနှင့် စီတုအန်းတို့ နှစ်ယောက်လုံး သေဆုံးသွားကြပြီဖြစ်သည်။ဖူဆန်းတွင် မူးယစ်ဆေးဝါးများ ကုန်သွားပြီဖြစ်သည်။သူ့အဖေ သတိမထားမိစေရန် ‌အလုပ်မသွားသည်မှာ ရက်အတော်ကြာနေပြီဖြစ်သည်။

"ငိုမနေစမ်းနဲ့ ခွေးသားလေး! "

သူ့မိန်းမသည် ထွက်သွားခဲ့ပြီဖြစ်သည်။ဖူဆန်းက ဒယိုင်းဒယိုင် ထရပ်လိုက်သည်။သူသည် အိပ်ခန်းတံခါးကို တွန်းဖွင့်၍ ငိုယိုနေသော ကလေးကို ကြည့်လိုက်သည်။ကလေးသည် ယင်းကဲ့သို့ဖြစ်နေသော သူ့ဖခင်ကို အရင်က မမြင်ဖူးခဲ့ချေ။က‌လေးသည် သူ့အဖေ နိုးလာမလား ဒါမှမဟုတ် သူ့အိမ်နီးနားချင်းတွေ ကြားနိုင်မလားဆိုသည့် မျှော်လင့်ချက်ဖြင့် ပိုငိုရုံသာ တတ်နိုင်ခဲ့သည်။

"မင်းဆက်ငိုနေရင် ...မင်းပါးစပ်ကို ငါချုပ်ပစ်မယ် ! "

ဖူဆန်း၏ မျက်လုံးများသည် အရိပ်ကမ္ဘာနှင့်လက်တွေ့ကမ္ဘာကြားတွင် လှည့်ပတ်နေ၏။သူက ကလေး၏မျက်နှာကို စိုက်ကြည့်လိုက်သည်။ကလေးမျက်နှာသည် တဖြည်းဖြည်း စီတုအန်းနှင့် ပိုပိုတူလာလေသည်။

"မင်းပဲ ! မင်း ငါ့ကို ထပ်ဒုက္ခပေးမလို့ ရောက်နေတာပဲ ! "

ဖူဆန်းက သူ့ကလေးကို လည်ပင်းညစ်လိုက်သည်။

"စီတုအန်း ငါ့ကလေးရဲ့ ကိုယ်ထဲက ထွက်လာစမ်း ! ငါမင်းကို သတ်ပစ်မယ် ! "

ဖူဆန်းသည် ပိုမို စိတ်လှုပ်ရှားလာကာ ပို တင်းကြပ်စွာ ညစ်လိုက်သည်။

"စီတုအန်းက မကောင်းတဲ့လူဆိုတာ သေချာတယ် "

အမျိုးသားတစ်ယောက်၏ အသံသည် အခန်းထဲမှ ရုတ်တရက်ထွက်ပေါ်လာ၏။

"ဘယ်သူလဲကွ "

ဖူဆန်းက သူ့ကလေးကို မြောက်၍ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။နောက်ဆုံးတွင် သူမျက်လုံးများက သူနှင့်သူ့မိန်းမဓာတ်ပုံပေါ် ရောက်သွားသည်။

"စီတုအန်း ဓာတ်ပုံထဲမှာ မင်းပုန်းနေတယ်ဆိုတာ ငါသိတယ်နော် ! "

"ငါက စီတုအန်းမဟုတ်ပါဘူး ၊ ငါက ရှရန်ပါ ၊ ကောင်းမင်လို့ခေါ်တဲ့ လူယုတ်မာတစ်ယောက်က ငါ့ကို ဒီကို လွှတ်လိုက်လို့ ၊ ဟုတ်တာပေါ့ စီတုအန်းလည်း သူ့နှလုံးသားထဲမှာ ရှိတယ်လေ "

ဓာတ်ပုံထဲမှ ဖူဆန်းက ပြုံးပြလိုက်သည်။

"ငရဲကို သွားလိုက် ! "

ဖူဆန်းက လွှတ်ချလိုက်ရာ ကလေးသည် ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။ထိုအချိန်တွင် ပုံထဲမှ အရောင်များ စီးထွက်လာ၏။ ယင်းတို့သည် ကလေးကို ဖမ်းရန် လက်တစ်စုံအဖြစ် ပုံဖော်လိုက်ည်။

"ငါက လူတစ်ယောက်ကို သတ်ဖို့ ကယ်တင်တာပဲ၊ နောက်ကျရင် မင်းငါ့ကို ကျေးဇူးတင်နေမှာပါ "

အရောင်များသည် ပင့်ကူများကဲ့သို့ ဖူဆန်း၏ ခန္ဓာကိုယ်ထဲ တွားဝင်သွားကြသည်။တစ်မိနစ် ကုန်လွန်သွား၏။ဖူဆန်းသည် သူ့မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်သည်။သူသည် ကလေးကို ညင်ညင်သာသာချလိုက်ပြီး သူ့အား အိပ်ရာဆီသို့ ကြင်နာစွာ ဆွဲခေါ်လိုက်သည်။

သူသည် နေ့သစ်တစ်ခု၏ မိုးသောက်ချိန်ကို ကြိုဆိုရန် လိုက်ကာစကို ဆွဲဖယ်လိုက်သည်။ဖူဆန်းသည် အဝေးတစ်နေရာရှိ မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနကို အပြုံးဖြင့် ကြည့်လိုက်သည်။ကလေးသည် ငိုကြွေးခြင်း ရပ်တန့်သွားသည်။သို့သော် စားပွဲပေါ်ရှိ ဓာတ်ပုံထဲတွင် ဖူဆန်း၏ မိန်းမသာရှိတော့သည်။ဖူဆန်းမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။

"ဒါက ငါ့ရဲ့ အဓိကဇာတ်ကောင် ဖြစ်လာမယ့် အလှည့်လား "

All Chapters