← Chapters

ကြယ်တာရာများ

Vol. 14 Ch. 197

ကြယ်တာရာများ

Vol. 14 Ch. 197

ကောင်းမင် မြင်ရသည့် အနာဂတ်တွင် ရှရန်နှင့်စီတုအန်းသည် အရေးပါသော အဖွဲ့ဝင်နှစ်ယောက်ဖြစ်လာမည်ဖြစ်သည်။သူတို့သည် အတားဆီးမဲ့ဖရိုဖရဲ နှင့် နတ်ဆိုးအမိန့်ကို ကိုယ်စားပြုသည်။သို့သော်လည်း သူတို့၏ကံကြမ္မာသည် ယခုတွင် ကောင်းမင်နှင့် ချည်နှောင်မိခဲ့ပြီ ဖြစ်သည်။ကောင်းမင်က သူ့ဖုန်းကို ထုတ်လိုက်သည်။ဖုန်းလိုင်းများသည် ပုံမှန်အခြေအနေပြန်ဖြစ်သွားကြောင်း အတည်ပြုလိုက်ပြီးနောက် သူဖုန်းခေါ်လိုက်သည်။တစ်ဖက်လူက ဖုန်းဝင်ဝင်ချင်း တန်းကိုင်လိုက်သည်။

ရွှမ်ဝမ်၏အသံထွက်ပေါ်လာပြီး

"ရှင်ဘယ်မှာလဲ ၊ ရှင် ဒဏ်ရာရထားသေးလား "

"ကိုယ် အဆင်ပြေပါတယ် ၊ ရေသေဖိုရမ်မှာ အတွင်းလူတွေ အခု ဘယ်လောက်ရှိနေပြီလဲ "

အတွင်းလူဆိုသည်မှာ ကစားသမားများကို ကောင်းမင်ပေးထားသည့် နာမည်ဖြစ်သည်။အနည်းဆုံး မူမမှန်ဖြစ်ရပ်တစ်ခုမှ ရှင်သန်ဖူးပြီး အရိပ်အမြွက်များကို နားလည်သူများသည် ဖိုရမ်၏ အတွင်းပိုင်းအသုံးပြုသူများ ဖြစ်လာမည်ဖြစ်သည်။

"အသုံးပြုသူ လူငါးဆယ်အထက် စာရင်းသွင်းထားကြတယ် ၊ သူတို့ထဲမှာ ၁၂ယောက်ဝန်းကျင်က ပိုတန်ဖိုးရှိတယ် "

"နောက်ရက်အနည်းငယ်အတွင်းမှာ ဖိုရမ်အသုံးပြုသူ အရေအတွက်က ပေါက်ကွဲထွက်လာလိမ့်မယ် ၊ သူတို့ကို စစ်ဆေးတဲ့နေရာမှာ ဂရုစိုက်ပါ "

ကောင်းမင်က ရွှမ်ဝမ်အား ဂိမ်းဒီဇိုင်းအိုင်ဒီယာ တချို့ပို့ပေးလိုက်သည်။ထိုဂိမ်းများသည် အများဆုံးအဆင့် ၂ မူမမှန်မှုသာရှိသည်။လူသစ်များအတွက် သင့်လျော်၏။အခန်း ၁၃မှ လူများအတွက်တော့ ထိုဂိမ်းများက အသုံးမဝင်ပေ။

ဖိုင်များကို လက်ခံလိုက်ပြီးနောက် ကောင်းမင်တိတ်ဆိတ်နေသည်ကို ရွှမ်ဝမ် သတိထားမိလိုက်သည်။သူမ ရုပ်ပြောင်တစ်ခု ပို့လိုက်ပြီး

"အဲ့ဒီမှာ တခြားကိစ္စတွေ ရှိသေးလား "

"ဂိမ်းကို မင်းရဲ့အသက်တာလှုံ့ဆော်မှုအဖြစ် အသုံးချတာကရော ဘယ်လိုရှိလဲ "

ကောင်းမင်သည် ရွှမ်ဝမ်ကို လူအများမှတ်မိစေရန် ဂိမ်းကို အသုံးပြုလိုခဲ့သည်။သူသည် ရှင်းလုမှ သရဲများ အသုံးပြုသည့်လမ်းကြောင်းကို ပုံတူကူးကာ ဂိမ်းကို ယဇ်ပလ္လင်တစ်ခုအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

" ထုတ်လုပ်ရေးကို ကျွန်မပိုက်ဆံပစ်ပေးလိုက်ရုံပါပဲ၊ ဟန်ဟိုင်းက ငွေတိုးချေးတဲ့လူတွေဆီက ကျွန်မ ရနိုင်သလောက် ချေးပြီးပြီ "

ရွှမ်ဝမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဂိမ်းကိုယ်တိုင်က ထုတ်‌လုပ်ရေး အပြည့်အစုံမလိုပါဘူး ၊ အရေးအကြီးဆုံးအပိုင်းက ဂိမ်းကို လူတွေ ပိုသိစေဖို့နဲ့ ပိုတွေ့ကြုံစေဖို့ပဲ "

ကောင်းမင်က ရွှမ်ဝမ်ထံ နောက်ထပ် ဖိုင်တစ်ခုပို့လိုက်သည်။

"ဒါက ဂိမ်းဒီဇိုင်နာ ပြောသင့်တဲ့လေသံ မဟုတ်ဘူးနော် ၊ ဘာဖြစ်လို့လဲ ၊ ရှင် ဒီလုပ်ငန်းကို ဘာကြောင့် ဝင်ခဲ့တာလဲဆိုတာ မေ့သွားပြီလား"

ရွှမ်ဝမ်က ထောက်ပြလိုက်သည်။

"ကိုယ် မင်းရဲ့ဂိမ်းထဲမှာ အနာဂတ်ကို သေချာတဲ့အနေအထားတစ်ခုထိ ခန့်မှန်းနိုင်ဖို့ တချို့အကြောင်းအရာလေးတွေ ပေါင်းထည့်ဖို့ စီစဉ်ထားတယ် ၊ တစ်နည်းပြောရရင် ကစားသမားတွေက မင်းရဲ့ဂိမ်းကို ကစားရင်း ကြာကြာရှင်သန်နိုင်မယ် ၊ တခြားဂိမ်းကုမ္ပဏီတွေက ကိုယ်တို့ကို ပိုရောင်းနိုင်မယ်လို မယုံဘူး "

ကောင်းမင်က ရွှမ်ဝမ်၏ လေသံဖြင့် မက်ဆေ့ခ်ျ မပို့လိုက်ချေ။သူက ပြုံးလိုက်ပြီး

"ညအလင်းရောင်စတူဒီယိုနဲ့ မန်နေဂျာဂေါင်က ဒီအာရုံစူးစိုက်မှုလှိုင်းကို ထိန်းထားနိုင်ပါစေလို့ ကိုယ်မျှော်လင့်တယ် "

"တခြားဘာမှ မရှိတော့ဘူးလား "

ရွှမ်ဝမ်က မရေမရာမေးလိုက်သည်။

"ကျွန်မရှင့်ကို မတွေ့ရတာ ရက်အတော်ကြာနေပြီ ၊ ရှင်ကျွန်မကို ပြောချင်တာ ဘာမှ မရှိဘူးလား "

"ယာယီတော့ မရှိပါဘူး "

"ထူးဆန်းတယ် ရှင့်ပတ်ဝန်းကျင်မှာ မိန်းမတစ်ယောက်ရှိနေတယ်လို့ ကျွန်မခံစားရတယ် "

ရွှမ်ဝမ်က ပြောလိုက်သည်။သူမ၏ ဗီဇအာရုံက ကြောက်စရာကောင်းစွာ တိကျနေ၏။

"နေဦး တစ်ယောက်ထက် မကဘူးနော် "

ခဏရပ်သွားပြီး ကောင်းမင်က သူမ၏အထင်လွဲမှုကို နားလည်သွားသည်။

"နားလည်မှုလွဲတာပါ ၊ သူက ကိုယ့်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းပါပဲ ၊ ကိုယ်တို့က ဒီကျောင်းမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ပိတ်မိနေကြတာ "

"သူက ကိုယ့်ကျောင်းနေဖက် ...သူငယ်ချင်းပါပဲ ..."

ကောင်းမင်လေသံကို ရွှမ်ဝမ်က အသံတု လုပ်လိုက်သည် ။

" ကြည့်ရတာ ရှင်က အချစ်စစ်ကို တွေ့လိုက်ပုံပဲ ၊ ကျွန်မက ဘယ်လောက်တောင် မတော်တဆတစ်ခုဖြစ်ခဲ့လဲဆိုတာ ရှင့်ကို ပြနေတာလား "

"...."

"ကျွန်မနောက်နေတာပါ ၊ ရှင့်ကိုယ်ရှင် ဂရုစိုက်ပါ ၊ မကြာသေးမီက ဟန်ဟိုင်းမှာ ထူးခြားတာကျွန်မခံစား နေရတယ် "

ရွှမ်ဝမ်က ကောင်းမင်နှင့် အချက်အလက်ဖလှယ်ပြီး ဖုန်းချလိုက်သည် ။

"အခြေအနေကို ရှင်းပြဖို့ ငါသူ့ကို ဖုန်းခေါ်ပေးဖို့ လိုသေးလား"

လျိုယီ သည် အလွန်လေးနက်သောရှေ့နေတစ်ဦးဖြစ်သည်။

"မခေါ်တာ ပိုကောင်းမယ် "

ဟန်သဲ့ကိုယ်ပိုင်ကျောင်းသည် အပြည့်အဝ ထိန်းချုပ်မှုလွတ်သွားခဲ့ပြီဖြစ်သည်။မြို့တော်အရှေ့ပိုင်းတစ်ခုလုံး သက်ရောက်ခံရလိမ့်မည်ဖြစ်သည်။ကောင်းမင်တွင် လုပ်စရာကိစ္စများစွာ ကျန်ပေသေးသည်။မုန်တိုင်းပြီးသွားလျှင် ရှင်းလုနှင့်ကျို့ကျန်းကို သူသွားချင်နေ၏။ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်လာပြီးနောက် ကောင်းမင်ဖုန်းထဲ မက်ဆေ့များစွာဝင်လာခဲ့သည်။ထိုမက်ဆေ့များကို စာပြန်ရန် သူ့တွင် အချိန်မရှိပေ။သူက လျိုယီကိုခေါ်၍ သူဌေးကျန်းနှင့်တွေ့ဆုံရန် တောအုပ်ထဲသွားလိုက်သည်။

ဟန်ဟိုင်း၏ သရဲများကို အဆင့်လေးဆင့်ခွဲခြားနိုင်သည်။သာမန်သရဲများ ၊ နာကြည်းခြင်းအခန်းနှင့်သရဲနီများ ၊ နာကြည်းခြင်းအခန်းများက သရဲခြောက်သည့်အိမ်ဖြစ်လာပြီးနောက် သူတို့သည် ယိုလျန်း၏ အဆင့်သို့ ရောက်နိုင်၏။ထိုအထက်တွင် စည်းမျဉ်းများကို ထိန်းချုပ်နိုင်သည့် ယန်ရှီကျီးကဲ့သို့ အဆင့်ဖြစ်နိုင်၏။

ကျန်းတင်းအခြေ‌အနေမှာ ထူးခြားသည်။ကျန်းတင်း၏ နာကြည်းခြင်းအခန်းသည် စူပါမားကတ်ဖြစ်မည်ဟု ကောင်းမင် ထင်ခဲ့သော်လည်း ကျန်းတင်း သည် သေဆုံးသူများအားလုံး၏ နာကြည်းမှုကို လက်ခံလိုက်သောကြောင့် သူ၏ နာကြည်းမှုအခန်းသည် ရေလွှမ်းမိုးမှုဖြစ်နိုင်သည်။သူ့ လူသေဓာတ်ပုံသည် စူပါမားကတ်သာမကပဲ ရေလှိုင်းများနှင့်ဖောက်သည်များလည်း ပါဝင်ပေသည်။အားကစားအဆောက်အဦးတွင် ကျန်းတင်းသည် ရေလွှမ်းမိုးခြင်းကို ထိန်းချုပ်နိုင်သည့် သရဲတစ်ကောင်သာဖြစ်သည်။ယန်ရှီကျီးသည် ကျောင်းစည်းကမ်းများကို ထိန်းချုပ်ခဲ့ကြောင်းသိပြီးနောက် ကောင်းမင်က စည်းကမ်းများကို ကျွမ်းကျင်ရန် ကျန်းတင်းသည်သူ့ဒုတိယမိတ်‌ဆွေဖြစ်နိုင်သည်ဟု ခံစားရလေသည်။သူသည် ယိုလျန်းထက်အားမနည်းပေ။သူအား သူ့အိမ်နီးချင်းများက ထောက်ပံ့နေခြင်းဖြစ်သည်။သူသည် ရေလွှမ်းမိုးခြင်းကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါက အလွန်ကြောက်စရာကောင်းလာလိမ့်မည်ဖြစ်သည်။

"ကျို့ကျန်းရဲ့ အနီရောင်တစ္ဆေတွေက သူတို့ကိုယ်သူတို့ သူတို့ရဲ့ကန့်သတ်ချက်တွေကို တွန်းပို့နိုင်တယ်၊ ရှင်းလုမှာရှိတဲ့ သရဲတွေက သက်ရှိလူသားတွေရဲ့ ယုံကြည်မှုကို လိုအပ်တယ် ၊ ဟန်ဟိုင်းမှာရှိတဲ့ သရဲတွေက အဆုံးအထိ လျှောက်လှမ်းဖို့ တခြားသရဲတွေရဲ့ ယဇ်ပူဇော်မှုကို လိုအပ်တယ် "

........

"အစ်ကိုကျား ထတော့ ! "

"ငါ့ကို လှုပ်နေတာ ရပ်လိုက်စမ်း ၊ ငါကစားနေရင်း သေသွားတယ်လို့ မင်းပြောလို့မရဘူးလား "

ဝမ်ကျားသည် စီဆန်းကို တွန်းဖယ်လိုက်သည်။သူ ကားပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည်။ မှန်သည် ဒဏ်ရာတစ်ခုနှင့် အမာရွတ်ရှိသော သူ့မျက်နှာကို ထင်ဟပ်သွားခဲ့သည်။

"မင်းခြေထောက်က ကားထဲမှာ ညှပ်နေတယ် ၊ မင်း…"

စီဆန်းက ရုပ်ရှင်ပြကွက်အချို့ကို ပြန်တွေးကြည့်လိုက်သည်။ဝမ်ကျား၏ အကျင့်စရိုက်ကို သူသိသောကြောင့် တူးဘောက်ထဲမှ လွှတစ်ချောင်းကို ရှာတွေ့လိုက်သည်။

"မင်း ငါ့ခြေထောက်ကို လွှနဲ့ဖြတ်မလို့ မေးမှာတော့မဟုတ်ပါဘူးနော် ၊ ဟုတ်လား "

ဝမ်ကျားက မျက်မှောင်ကြုံ့လိုက်သည်။

"ဟုတ်တယ် ၊ ငါ ဒါမျိုးတွေကို ရုပ်ရှင်တွေထဲမှာ မကြာခဏမြင်ဖူးတယ်လေ "

စီဆန်းက အပြစ်ကင်းစင်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ယီးပဲ "

ဝမ်ကျား သူ့ဖုန်းကို ထုတ်လိုက်သည်။ဖုန်းလိုင်းများ ပြန်ရနေသည်ကို သူမြင်လိုက်သောအခါ သူ့မျက်လုံးများက အပြည့်အဝပြောင်းလဲသွားသည်။စီဆန်းကို လျစ်လျူရှု၍ ဖုန်းများစွာခေါ်ဆိုလိုက်ပြီး သူ့တည်နေရာကို ပို့လိုက်သည်။သူက သူ့ကြုံတွေ့ခဲ့ရသမျှကို သူ့အဖေ ၊ သူ့အဖိုး နှင့် သူ့ဦးလေးများကို ပြောပြလိုက်သည်။

"အစ်ကိုကျား တကယ်ကြီး ငါတို့ပြေးဖို့ မလိုတော့ဘူးလား "

စီဆန်းသည် ဝမ်ကျားကို ပစ်မထားခဲ့ပေ။သူက လွှဖြင့် ဝမ်ကျားညှပ်မိနေသော ခုံကို ဖြတ်ရန် ကြိုးစားနေ၏။

"ပြေးရမှာလား ၊ အခုကစပြီး တခြားလူတွေ စပြေးသင့်ပြီ "

ဝမ်ကျားက အံကြိတ်လိုက်ပြီး

"စီတုအန်း ကျိုးကျွင်း သူတို့ ဘယ်သူမှ လွတ်မသွားကြဘူး "

"ဒါဆို အခု ငါတို့ ဒီမှာပဲ စောင့်နေရမှာလား "

စီဆန်းကမေးလိုက်သည်

"ဟုတ်တယ် "

ဝမ်ကျားသည် သူ့မိသားစုဆီမှ အကြောင်းပြန်သည့် မက်ဆေ့အားလုံး ရခဲ့ပြီးဖြစ်သည်။နောက်ဆုံး သူပြုံးလိုက်ပြီး

"မင်းမှာ အားကောင်းတဲ့ မိသားစုနောက်ခံရှိတဲ့အချိန်ကျရင် မင်းကိုယ်မင်း ဘာလို့ အရမ်းကြိုးစားအားထုတ်နေရမှာလဲ "

…...

ကျောင်းသားကောင်စီဥက္ကဌ၏ခန္ဓာကိုယ်သည် တံဆိပ်များဖြင့် ဖုံးလွှမ်းနေလေသည်။သူကျောင်းမှ ထွက်လာပြီးနောက် ပန်းရောင်ဖုန်းတစ်လုံးကို ထုတ်ယူလိုက်သည်။ထိုဖုန်း၏ မူလပိုင်ရှင်မှာ စုန့်ရွှယ်ဖြစ်သည်။

ဥက္ကဌက ဖုန်းကို လော့ခ်ဖြေလိုက်ပြီး ဗီဒီယိုအက်ပ် ကိုဖွင့်လိုက်သည်။စခရင်ပေါ်တွင် စုန့်ရွှယ်သေဆုံးနေသည့်ပုံ ထွက်ပေါ်လာ၏။သူမသည် တချို့စွမ်းအားကြောင့် ဖုန်းထဲတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

"စုန့်ရွှယ် အခန်း ၁၃က ကျောင်းသားတွေအားလုံးရဲ့ တည်နေရာကို တွက်ချက်ဖို့ ငါ့ကို ကူညီပေးပါဦး ၊စကားပြောဂရုထဲမှာ လူတိုင်းရဲ့သေဆုံးမှု သော့ချက်ရှိတယ် ၊ သူတို့ကို သတိပေးချက်တွေအဖြစ် သတ်မှတ်ပါ ၊ ငါ့ရဲ့ကျိန်စာစည်းမျဉ်းတွေ အသက်ဝင်လာဖို့ အချိန်လိုအပ်တယ် "

"သူတို့ထဲက တချို့က နင့်ကို ကူညီခဲ့တယ်လေ "

ဖုန်းထဲမှ စုန့်ရွှယ်၏အသံ ထွက်ပေါ်လာ၏။သူမ၏အသံသည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကအတိုင်းပင်ဖြစ်သည်။

"အဲဒီတုန်းက နင့်ကို အမှန်အတိုင်းပြောခဲ့တာ ငါပဲ "

"အခန်း ၁၃က လူတိုင်းက အရိပ်ကမ္ဘာရဲ့ နယ်ရုပ်တွေပဲ ၊ ငါ သူတို့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး ၊ သူတို့ အရမ်းနာကျင်လာတဲ့အချိန်ကျရင် ငါသူတို့ကို နောက်ထပ်ရွေးစရာတစ်ခု ပေးနိုင်တယ် "

ဥက္ကဌနှင့်ကျောင်းသားကောင်စီအဖွဲ့ဝင်များသည် တိတ်တဆိတ် ထွက်ခွာသွားကြသည်။သူတို့သည် မြို့တော်အတွင်း ဖြန့်ကျက်လိုက်ကြသည်။ကျောင်းသားကောင်စီ တံဆိပ်များသည် အရွယ်ရောက်ပြီးသူ အများအပြားပေါ်တွင် ပေါ်ထွက်လာလေသည်။

...

ကျိကျဲ၏ အစ်ကိုဖြစ်သူ ကျိဖူသည် အပျက်အစီးများတွင် ပုန်းအောင်းနေခဲ့သည်။သူက အသားသစ်ပင်ကြီးကို ကြည့်လိုက်ပြီး သူ့ညီလေးနာမည်ကို အော်ခေါ်လိုက်သည်။ဖုန်းတုန်ခါသွားသည်ကို သူခံစားလိုက်ရသောအခါ သူ့အင်္ကျီမှာ စိုရွှဲနေခဲ့သည်။

"လိုင်းပြန်ရနေပြီဟ ! "

ကျိဖူသည် မြို့တော်ဆီမှ အရေးပေါ်သတိပေးချက်ကို မြင်လိုက်ရသည်။ဟန်ဟိုင်းသည် အန္တရာယ်ရှိသောလူစာရင်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယင်းသည် သံသယရှိသူများ၏ အချက်အလက်များကို မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်။

" သေစမ်း ၊ အခန်း ၁၃ မှာ ကျောင်းသား ၅၀ပဲရှိတာလေ ဘယ်လိုလုပ် တရားခံပြေး ၅၁ ယောက် ဖြစ်နေတာလဲ "

All Chapters