← Chapters

ကိုးငရဲဂိုဏ်းမူလအစ

Vol. 43 Ch. 643

ကိုးငရဲဂိုဏ်းမူလအစ

Vol. 43 Ch. 643

မုန်ကျင်းကျိုးပြောသည့်စကားကိုတော့ မှန်ကန်ကြောင်း လုယန်ဝန်ခံရမည်။

မှတ်တမ်းအရ လောင်မုန်သည် တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်ထဲတွင် ကျင့်စဉ်လမ်း၌ သေလုနီးနီးအထိ သူ့ကိုယ်သူ တွန်းအားပေးခဲ့သူဖြစ်သည်။

သူ့သတ္တိနှင့်ဇွဲလုံ့လက လေးစားလောက်သည်။

ဝူချီဟန်ရှုံးသွားသည်မှာ အံ့ဩစရာမရှိ။ နောက်တစ်ကြိမ်ထပ်တိုက်လည်း ရလာဒ်ပြောင်းလဲမည်မဟုတ်။

ဝူချီဟန် ကျေနပ်စွာ အရှုံးကိုဝန်ခံသည်။ တာအိုကိုရှာဖွေသည့် သူတို့စိတ်ဓာတ်ချင်း ကွာဟလွန်းနေသည်။

ရုပ်ခန္ဓာကို အရေးမစိုက်သည့် မုန်ကျင်းကျိုးစကား ကြားကတည်းက သူမယှဉ်နိုင်မှန်းသိသည်။

"ကျုပ်သင်ခန်းစာရပါပြီ"

နေမင်းဂိုဏ်း၏ကာကွယ်သူများက သူ့ကိုဆွဲထူ၍ ဒဏ်ရာကုသရန် နောက်ဖေးသို့ခေါ်သွားသည်။

ဂိုဏ်းချုပ်ယွမ်က လက်ဖက်ရည်တစ်ငုံသောက်သည်။ ထို့နောက် အေးအေးလူလူလေသံဖြင့်

"ဂိုဏ်းချုပ်ချီ၊ နင်တို့ရဲ့ဂိုဏ်းမွေခံက ကျင့်စဉ်လမ်းမှာ ချို့ယွင်းချက်တစ်ချို့ရှိတယ်ထင်တယ်။ ပြန်ရောက်ရင် သူ့ကို သေချာလမ်းညွှန်ပေးသင့်တယ်"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

ချီတုန်ဖန်း ချွေးပြန်နေသည်။ ကောင်းကင်ရုံး‌တော်ဂိုဏ်း၏ ခန့်မှန်းမရနိုင်သည့်အဆင့်အတန်းကို နောက်တစ်ကြိမ်ခံစားလိုက်ရသည်။ ထိုဂိုဏ်းကို မလွတ်တမ်းဖက်တွယ်ထားဖို့လိုကြောင်း နားလည်လာသည်။

အသံတိတ်နေသည့်မူပိုင်ယိကို သူမျက်ရိပ်ပြလိုက်သည်။ ဆက်ဆံရေးချောမွေ့အောင် ဖြန်ဖြေပေးစေချင်သည်။ သို့သော် မူပိုင်ယိက မမြင်ချင်ယောင်ဆောင်နေသည်။

နေမင်းဂိုဏ်းရဲ့စွမ်းအားကို ထုတ်ကြွားချင်တာ မင်းအမှားပဲလေ...မင်းအရှက်ကွဲတာ ငါနဲ့ဘာဆိုင်လဲ...

မူပိုင်ယိက ရင်ဘတ်ထဲလက်နှိုက်၍ မှော်လက်စွပ်တစ်ခုထုတ်ပြီး ယွမ်ကျိကိုပေးသည်။ တောင်းပန်သည့်အပြုံးမျိုးဖြင့်

"ဂိုဏ်းချုပ်ယွမ်၊ ဒါက ကျုပ်တို့လုပ်ငန်းကရတဲ့ငွေပါ။ သဘောတူထားတဲ့အတိုင်း ခင်‌ဗျားတို့ဂိုဏ်းအတွက် ခြောက်ဆယ်ရာနှုန်းပါ"

ယွမ်ကျိ ဝိညာဉ်အာရုံဖြင့် ခဏစစ်ဆေးသည်။ ထို့နောက် မူပိုင်ယိထံ ပြန်ပစ်ပေးလိုက်သည်။

ကောင်းကင်ရုံးတော်ဂိုဏ်းအပေါ် တစ်ခုခုအမှားလုပ်မိသလားဟု မူပိုင်ယိထင်လိုက်သည်။

"အသားကင်လုပ်ငန်းက အခုမှဖွံ့ဖြိုးဆဲအခြေအနေဆိုတော့ အရင်းအနှီးလိုတယ်။ ဒီငွေကိုလောလောဆယ်သိမ်းထားလိုက်ပါ။

လုပ်ငန်းတည်ငြိမ်သွားလို့ အမြတ်ထွက်လာတော့မှ ငါတို့ဝေစုကို ပြန်ယူလို့ရတာပဲ"

မူပိုင်ယိ ဝမ်းသာသွားသည်။ ကောင်းကင်ရုံး‌တော်ဂိုဏ်းက အသားကင်ဆိုင်လုပ်ငန်းတိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေကြောင်း သူ့ကြိုးစားမှုကို အသိအမှတ်ပြုကြောင်း နားလည်လိုက်သည်။

ဤဝိညာဉ်ကျောက်များသုံးလျှင် ဆိုင်သစ်များဖွင့်သည့်အရှိန် တိုးတက်လာမည်။

မဟာရှားကို သူတို့ဈေးကွက်လွှမ်းမိုးနိုင်မည်။

"ဂိုဏ်းချုပ်မူ၊ အသားကင်အရည်အသွေးတိုးတက်ဖို့ ကျုပ်မှာစိတ်ကူးသစ်တစ်ချို့ရှိတယ်။ ခင်ဗျားစမ်းကြည့်ချင်လောက်တယ်"

လုယန်ကပြုံး၍ မှော်လက်စွပ်ထဲမှ ကျမ်းစာတစ်ခု ဆွဲထုတ်လိုက်သည်။

"ဒါကဘာလဲ"

"ပြန်မွေးဖွားခြင်းမန္တာန်ပါ။ အိမ်မွေးတိရစ္ဆာန်တွေကိုသတ်တဲ့အခါ သူတို့ရဲ့နာကျည်းဒေါသတွေက အသားထဲမှာကျန်ခဲ့တော့ အရည်အသွေးပေါ် သက်ရောက်မှုရှိတယ်။

သတ်တဲ့အချိန်မှာ ပြန်မွေးဖွားမန္တာန်ကို ရွတ်ဆိုရင် ဒီပြဿနာကို လွယ်လွယ်လေး ဖြေရှင်းနိုင်ပါတယ်။ ကျုပ်စမ်းသပ်ကြည့်ပြီးပြီ။ အသားကင်တွေရဲ့အရသာ တကယ်ပိုကောင်းလာတယ်"

မူပိုင်ယိ မျက်လုံးပြူးလျက် ပါးစပ်အဟောင်းသားဖြစ်နေသည်။

ဂိုဏ်းသခင်လု စမ်းသပ်ထားသည်ဆိုလျှင် ဘာမှသံသယရှိစရာမလိုပါ။

"ဒါပေမယ့် ပြန်မွေးဖွားခြင်းမန္တာန်ဆိုတော့...ခင်ဗျားတို့ဂိုဏ်းလည်း ဗုဒ္ဓဝါဒကို လိုက်စားသလား"

သူဆက်ဆံဖူးသည့် ကောင်းကင်ရုံးတော်အဖွဲ့ဝင်မှန်သမျှ ဘယ်သူမှဗုဒ္ဓဝါဒီဟုတ်ပုံမရ။

"ဗုဒ္ဓဝါဒလား"

လုယန်ခပ်ညှင်းညှင်းရယ်သည်။ ထိုမေးခွန်းကို အတော်တုံးသည်ဟု ယူသည့်သဘောဖြစ်သည်။

"ကျုပ်ဆရာ ကောင်းကင်ပဲဝါအရှင်က ဗုဒ္ဓဝါဒတည်ထောင်သူတွေထဲကတစ်ယောက်ပါ။ အဲဒီ့ဝါဒရဲ့အဆုံးအမအကြောင်း သူမကျွမ်းကျင်ပဲနေမလား"

"ဘယ်လို"

မူပိုင်ယိရော ချီတုန်ဖန်းပါ အံ့ဩတုန်လှုပ်သွားသည်။ ဂိုဏ်းနှစ်ခုလုံးမှ ကာကွယ်သူများလည်း ထိုသို့ပင်ဖြစ်သည်။

ကောင်းကင်ပဲဝါအရှင်၏ အရှိန်အဝါက သူတို့ထင်သည်ထက် များစွာပိုကြောက်စရာကောင်းသည်။

ဗုဒ္ဓဝါဒတည်ထောင်သူဆိုသည်မှာ အလွန်အရေးပါသည့် အဆင့်အတန်းမျိုးဖြစ်သည်။

ဗုဒ္ဓဝါဒီများကိုယ်တိုင်ပင် ထိုကိစ္စကို သိကြပုံမပေါ်။ သိကြလျှင် အရင်ကတည်းက ကောင်းကင်ပဲဝါအရှင်ကို ရှိခိုးပူဇော်ခဲ့ကြလိမ့်မည်။

ဝါဒတည်ထောင်သူ ပဲဝါအရှင်အကြောင်း လူသိရှင်ကြားကြေညာလိုက်လျှင် ဗုဒ္ဓဝါဒီအားလုံး သူ့ကိုအားကိုး၍ ဗုဒ္ဓလမ်းစဉ်မှန်ကို ရှာဖွေကြလိမ့်မည်။

ရှေးဟောင်းခေတ်၏စွမ်းအားရှင်ပီသသည်။ သူတို့လုပ်ဆောင်ချက်များ လွှမ်းမိုးမှုများက ယနေ့ထိတိုင် နက်ရှိုင်းစွာစိမ့်ဝင်ပျံ့နှံ့နေသည်။

မူပိုင်ယိ ထပ်မေးသည်။

"နတ်ဆိုးမြို့တော်မှာ အကြီးအကဲကျန်း မဟာစွမ်းအားပြသပြီး အရှင်းကျူးထန်ကိုအနိုင်ယူတာ ကျုပ်လည်းမြင်ခဲ့တယ်။

အဲဒီ့အချိန်ကစလို့ ဖီးနစ်မျိုးနွယ်က သူတို့ဆန္ဒအလျောက် နတ်ဆိုးနိုင်ငံကိုဝင်ကြတယ်။ ဒီတော့ ဒီနတ်ဆိုးနိုင်ငံဆိုတာက..."

"နင်က မျိုးဆက်သစ်တစ်ယောက်ပေမယ့် အတော်ဉာဏ်ထက်တာပဲ"

ကျန်းလျျန်ယိ ဖုံးကွယ်ခြင်းမရှိ။

"နင်မှန်းတာမှန်တယ်။ ကျူးထန်က ငါ့ထိန်းချုပ်မှုအောက်မှာပါ။ နတ်ဆိုးနိုင်ငံရဲ့စွမ်းအားကို ငါအသုံးချနိုင်တယ်"

တိတ်ဆိတ်သွားသည်။ လုံးဝတိတ်ဆိတ်သွားသည်။

ဂိုဏ်းနှစ်ခုမှလူများအားလုံး အသက်ပင်မရှူနိုင်ကြတော့သဖြင့် အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။

ချီတုန်ဖန်း တံတွေးကိုကျိတ်မျိုချသည်။ သူ့လက်များအေးစက်လာသည်။

ကျယ်ပြန့်သည့်နတ်ဆိုးနိုင်ငံသည် ကောင်းကင်ရုံးတော်ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။

ကြိုတင်မျှော်လင့်ထားပြီးဖြစ်သော်လည်း ကျန်းလျန်ယိကိုယ်တိုင် ထုတ်ပြောချိန်တွင် မူပိုင်ယိ အံ့အားသင့်မိဆဲဖြစ်သည်။

ယွမ်ကျိ၏အေးစက်စက်အသံက အေးအေးလူလူရှိသည်။

"ကောင်းကင်အရှင်ရဲ့ ရန်သူတွေက ယင်ထန်မသေမျိုးနဲ့ တစ်ခြားမသေမျိုးသုံးယောက်ပါ။ နတ်ဆိုးနိုင်ငံကိုတောင် မထိန်းချုပ်နိုင်ရင် မသေမျိုးလေးယောက်နဲ့ရင်ဆိုင်ဖို့ကိစ္စ ငါတို့ဘာလို့ပြောနေမှာလဲ။

မဟာရှားရဲ့ နောက်ခံအင်အားက ထင်ထားတာထက် တောင့်တင်းတယ်။ အနည်းဆုံးတော့ မသေမျိုးတစ်ယောက်ရှိတယ်။ နင်တို့ဂိုဏ်းနှစ်ခုကြားက ပြဿနာတွေကို ရှားရုံးတော်က သိပ်အရေးမစိုက်ခဲ့ဘူး။

ဒါပေမယ့် ဒီလိုဆက်ဖြစ်နေရင်...မဟာကပ်ရောက်တဲ့အခါ အခြေအနေတွေပြောင်းလဲဖို့ လွယ်ကူသွားမယ်။ ထာဝရဂိုဏ်းရဲ့အဖြစ်ဟာ သင်ခန်းစာပဲ။ ထာဝရဂိုဏ်းသာရှိနေသေးရင် နောက်ထပ်မသေမျိုးတစ်ဝက်အဆင့်တစ်ယောက် နတ်ဆိုးဂိုဏ်းမှာ ရှိနေဦးမှာ။ စိတ်မကောင်းစရာပဲ"

မသေမျိုးတစ်ဝက်။

"ဒါဆို ခင်‌ဗျားပြောချင်တာက.."

မူပိုင်ယိကပြောသည်။ အေးစက်စက်အကြည့်ကိုသာ သူပြန်ရလိုက်သည်။

"ဒါနဲ့ နင်တို့ကိုးငရဲဂိုဏ်းက 'ငရဲကိုးထပ်'ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။ ငါစုံစမ်းထားသလောက် ရှေးဟောင်းငရဲကိုးထပ်ပျောက်ကွယ်သွားကတည်းက လောကမှာ သူ့အရိပ်အယောင်လုံးဝမရှိတော့ဘူး။

ဒါပေမယ့် နင်တို့ဂိုဏ်းက လောကမှာ ဝိညာဉ်တွေလူပြန်ဝင်စားစေတဲ့'ကိုးငရဲ'ရှိတယ်လို့ လက်ခံထားကြတယ်။ အဲဒါ ဘာကြောင့်လဲ"

ကိုးငရဲဂိုဏ်း၏မူလအစကို ယခုထိ ဘယ်သူမှမသိကြ။ ဂိုဏ်းတွင်းအဆင့်မြင့်ပုဂ္ဂိုလ်များသာ သိကြသည်။

ယခုမှ မေးခွင့်ရသည်။

ကောင်းကင်ရုံးတော်ဂိုဏ်းကမေးသဖြင့် မူပိုင်ယိ ဖြေရမည်။ သို့သော် နေမင်းဂိုဏ်းကို အရင်ပြန်ခိုင်းဖို့လိုသည်။

"ဂိုဏ်းချုပ်ချီ၊ နောက်ကျနေပြီ။ ကျုပ်အပြင်ကိုလိုက်ပို့ရမလား"

ထွက်သွားဖို့အရိပ်ပြစကားမှန်း ချီတုန်ဖန်းနားလည်သည်။ ယနေ့ည သူ့ရည်ရွယ်ချက်လည်း ပြည့်ဝပြီဖြစ်သည်။ ကိုးငရဲဂိုဏ်းစဖြစ်တည်သည့်ဇာတ်ကြောင်းက သူနှင့်ဘာမှမဆိုင်။

"သွားကြမယ်ဟေ့"

နေမင်းဂိုဏ်းဝင်များ ထွက်သွားပြီးနောက် မူပိုင်ယိ စိတ်အေးသွားသည်။

"ဒီကိစ္စက လျှို့ဝှက်ချက်ရယ်တော့ မဟုတ်ပါဘူး။ ငရဲကိုးထပ်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်က ကျုပ်တို့ရဲ့ ဂိုဏ်းတည်ထောင်သူကနေ စခဲ့တာပါ။

လွန်ခဲ့တဲ့နှစ်ရှစ်သောင်းက ဂိုဏ်းတည်ဘိုးဘေးကိုမွေးတယ်။ မွေးရာပါမှတ်ဉာဏ်ပါလာပုံရတယ်။ သူ့ခေါင်းထဲမှာ ကျင့်ကြံမှုဗဟုသုတမျိုးစုံ အမြဲတမ်းပြည့်နေတယ်။

သူ့ကျင့်စဉ်အဆင့်တိုးတက်လာတာနဲ့ မှတ်ဉာဏ်တွေ ပိုရှင်းလင်းလာတယ်။ သူသိထားတဲ့ ကျင့်စဉ်အသိအားလုံးက အမှန်တွေဖြစ်နေတယ်။ဒါပေမယ့် သူ့အဖြစ်က အဲဒီခေတ်ကာလမှာ လက်ခံထားတဲ့ ဝါဒသဘောတရားတွေနဲ့မကိုက်ညီဘူးဖြစ်နေတယ်"

"လူဝင်စားသံသရာလား"

"ဟုတ်တယ်၊ လူဝင်စားတာပါ။ သူ့မှတ်ဉာဏ်ထဲမှာ သေသွားတဲ့ဝိညာဉ်အားလုံး 'ကိုးငရဲ'လို့ခေါ်တဲ့နေရာမှာ ပြန်မွေးဖွားကြတယ်။

ကွဲပြားတာတစ်ခုက တစ်ခြားလူတွေအားလုံး လူပြန်ဝင်စားရင် သူတို့မှတ်ဉာဏ်တွေ ဖျက်ဆီးခံရပေမယ့် သူကတော့ အတိတ်ဘဝကို မှတ်မိနေတာပဲ။

ဒါကြောင့် ကိုးငရဲဂိုဏ်းကို သူလျှို့ဝှက်တည်ထောင်တယ်။ လူဝင်စားပဟေဠိကို လေ့လာဖို့နဲ့ 'ကိုးငရဲ'ဘယ်နေရာမှာရှိတယ်ဆိုတာ ရှာဖွေဖို့ပေါ့။

ဂိုဏ်းတည်ဘိုးဘေးက တကယ်လူဝင်စားအစစ်လို့တော့ မဆိုနိုင်ဘူး။ သူ့မှတ်ဉာဏ်တွေက မရှင်းလင်းဘူး။ မရိုမသေပြောရရင် အဲဒါဟာ မဟာစွမ်းအားရှင်တစ်ယောက် သူ့ကိုပူးကပ်တာမအောင်မြင်လို့ ကျန်ခဲ့တဲ့ရလာဒ်ဖြစ်နိုင်တယ်။

သိပ်မကြာသေးခင်ကဖြစ်ခဲ့တဲ့ ဥပမာကတော့ ကျုပ်ထက်အရင်ဂိုဏ်းချုပ် ချင်ဟော်ရန်ပေါ့။ ဂိုဏ်းချုပ်ချင်ကွယ်လွန်သွားပြီးနောက်မှာ ဒုဂိုဏ်းချုပ်သုံးယောက်က သူ့နေ့စဉ်မှတ်တမ်းကနေ စာမျက်နှာတစ်ခုကို အမှတ်မထင်တွေ့ကြတယ်။

ချင်ဟော်ရန်က သူ့အတိတ်ဘဝနှင့်ပတ်သက်ပြီး ရှုပ်ထွေးနေတာတွေ၊ အနာဂတ်ဘဝနဲ့ပတ်သက်ပြီး သူနားမလည်တာတွေကို ရေးထားတယ်။

ဒီတော့ ဒုဂိုဏ်းချုပ်တွေက ဂိုဏ်းချုပ်ချင်ရဲ့အမွေကို လိုချင်လို့ ချင်ဟော်ရန်လူဝင်စားအဖြစ် ထုတ်ပြနိုင်မယ့် ကျင့်ကြံသူတစ်ယောက်စီ ရှာကြတယ်"

မူပိုင်ယိ သဘောကျဟန်ဖြင့်ပြောနေသည်။ ထို့နောက် ရှေ့သို့ခါးနည်းနည်းကိုင်း၍

"ဒါပေမယ့် သူတို့ထုတ်ပြတဲ့လူတွေကို ကျုပ်ကဘယ်ယုံမလဲ။ ခင်ဗျားတို့ဂိုဏ်းရဲ့ အကဲဖြတ်ချက်ကိုပဲယုံကြည်တယ်။

ခင်ဗျားတို့ဂိုဏ်းက ချင်ယန်ယန်ဟာ တကယ်ဂိုဏ်းချုပ်ချင်လူဝင်စားအစစ်ပါ"

************************************

All Chapters