နတ်ဝိညာဉ်အဆင့်ကျင့်စဉ်နည်းမျိုးစုံ
Vol. 43 Ch. 631
ချုန်းချီခေါင်းဆောင်လည်း အံ့အားသင့်သွားသည်။ ဘေးဘယ်ညာတစ်ချက်ကြည့်သည်။ ရုပ်ဖျက်ထားသည့် ဝစီပိတ်ကို သူမမှတ်မိ။
"ခင်ဗျားကျုပ်ကိုသိလို့လား"
မိုင်ထောင်ချီဖြတ်သန်း၍ မဟာရှားသို့ သူခရီးထွက်ခဲ့သည်။ ထိပ်တန်းပုံပြောဆရာတစ်ယောက်ကို ရှာဖို့ဖြစ်သည်။ ဤလူက သူ့နာမည်ကိုဘယ်လိုသိနေသနည်း။
သူ့နာမည်က တကယ်ထိုမျှ ပျံ့နှံ့ကျော်ကြားနေသလော။
သူမပေါ့ဆရဲ။ စွမ်းအင်ရောင်ကို ဖြန့်လိုက်သည်။ အေးစက်သည့်လေပြင်းက သူ့ဝတ်ရုံမှ ထိုးထွက်သွားသည်။ တစ်ဘက်လူသည် သူ့အကြွေးရှင်ဖြစ်လေမလားဟုတွေးမိသည်။
သို့သော် ယခု သူ့အကြွေးရှင်ဟူ၍ မုန်မိသားစုတစ်ခုသာရှိသည်။
"ငါပါ၊ တာအိုရှင်ဝစီပိတ်ပါ"
ဝစီပိတ်က လေသံနှိမ့်၍ပြောသည်။ သူ့နာမည်ထုတ်ပြောဖို့ ဝန်မလေးလှ။ သူနှင့်ချုန်းချီမျိုးနွယ် ရန်ငြှိုးရန်စမရှိ။
သူလိမ်ညာလှည့်စားရာတွင် စည်းမျဉ်းစည်းကမ်းများရှိသည်။ ပစ်မှတ်ကိုသေချာရွေးသည်။ ဆင်းရဲသည့်မိသားစုများကို မလိမ်။ ချုန်းချီတို့သည် အစကတည်းက မွဲနေသူများဖြစ်သည်။ နောက်ထပ်ဒုက္ခပေးစရာမလို။
ကိုးငရဲဂိုဏ်းကိစ္စသည်လည်း အဋ္ဌမအကြီးအကဲက လိမ်ညာခဲ့ခြင်းဖြစ်သည်။ သူနှင့်ဘာမှမဆိုင်။
ချုန်းချီခေါင်းဆောင်အန္တရာယ်ပေးလာမည်ကိုလည်း သူမကြောက်။ အန္တရာယ်ပေးဖို့ ရည်ရွယ်ထားသူတို့သည် ထိုမျှမွဲတေကြမည်မဟုတ်။
"တာအိုရှင်ဝစီပိတ်လား"
ချုန်းချီခေါင်းဆောင် မျက်လုံးပြူးသွားသည်။ ပြောနေသည့်ပုံပြင်က "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"ဖြစ်သည်မှာ အံ့ဩစရာမရှိ။ ဂိုဏ်းချုပ်ကိုယ်တိုင်ပြောနေခြင်းဖြစ်သည်။ သဘာဝလည်းကျသည်။
"နေပါဦး၊ မင်းငါ့ကို ဘယ်လိုရှာတွေ့တာလဲ"
"ဪ...ဒါကရှင်းပါတယ်။ အရင်က ကြွေးရှင်တွေကိုရှောင်ဖို့ နေရာစုံမှာ ကျုပ်ပုန်းခဲ့ရတယ်။ ရှောင်ပုန်းရတဲ့ အတွေ့အကြုံအများကြီးရခဲ့တယ်။ ဒီတော့ လူရှာတဲ့နေရာမှာလည်း ကျွမ်းကျင်လာတာပေါ့"
ဝစီပိတ် "..."
ဝစီပိတ်၏နာမည်ဂုဏ်သတင်းက သိပ်မကောင်းသဖြင့် ချုန်းချီခေါင်းဆောင်လည်း တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ထိုလူမျိုးထံ တပည့်ခံလျှင် သူ့နာမည်ပါ ထိခိုက်နိုင်သည်။
သို့သော် ဝစီပိတ်သည် တကယ်တော်သည့်ဆရာတစ်ယောက်ဖြစ်သည်။ အပြောအဆိုကျင်လည်ပြီး လှည့်စားရာတွင် ကျွမ်းကျင်သည်။ သူလိုအပ်နေသည့်အရည်အချင်းမျိုးဖြစ်သည်။
သူတစ်ပါးအားသာချက်ကို အသုံးချပြီး ကိုယ့်အားနည်းချက်ကို ဖြည့်ရမည်။
သူအံတင်းတင်းကျိတ်လိုက်သည်။ ကံကြမ္မာက ရဲဝံ့သူများကို မျက်နှာသာပေးသည်။ အစစ်အမှန်စွမ်းရည်များရဖို့ စွန့်စားရမည်။
လောင်းကြေးထပ်ဖို့ ထိုက်တန်သည်။
"ဟုတ်တယ်၊ ကျုပ်ဒီကိုလာတာ ခင်ဗျားဆီမှာ တပည့်ခံဖို့ပါ"
ချုန်းချီခေါင်းဆောင်၏ဆုံးဖြတ်ချက်ကြောင့် ဝစီပိတ် ကျေနပ်သလိုလိုဖြစ်သွားသည်။
ချုန်းချီမျိုးနွယ်သည် ထူးဆန်းသည့်ကံကြမ္မာမျိုးရှိသည်ဟု ပြောကြသည်။ အန္တရာယ်များကို မကြာခဏလက်ယပ်ခေါ်မိသည်။ ရွှေစီးပွားကုန်သည်အသင်းပင် သူတို့ကိုလက်မခံရဲ။ သို့သော် သူသည် အမြဲတမ်း ဂရုတစိုက်လှုပ်ရှားသူဖြစ်သည်။ အန္တရာယ်မရှိနိုင်။
"တရားဝင်တပည့်ခံစရာမလိုပါဘူး။ မင်းက နှစ်တစ်ထောင်နီးပါးသက်တမ်းရှိပြီ။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းက ဒီလောက်အသက်ကြီးတဲ့တပည့်တွေ လက်မခံဘူး။ ဒါပေမယ့် မင်းငါနဲ့အတူလိုက်ပြီး သင်ယူလို့ရပါတယ်"
....
ဆရာကိုဖော်ကောင်လုပ်ပြီးနောက် လုယန် ကျမ်းစာတိုက်တွင် လိပ်ပြာသန့်သန့်ဖြင့် ကျင့်စဉ်ကျမ်းများ ဆက်လေ့လာသည်။
ကျန်းလျန်ယိလည်း ဝစီပိတ်ကို အလျင်စလိုသွားမရှာသေး။ ဘယ်လိုပြောပြော ဝစီပိတ်သည် မဟာရှားမှ ထွက်ပြေးနိုင်မည်မဟုတ်။ ယခု အရေးကြီးဆုံးက နှစ်သုံးသိန်းအတွင်း ကျင့်စဉ်လောကအပြောင်းအလဲများကို လေ့လာဖို့ဖြစ်သည်။
နားမလည်သည့်အရာများရှိလျှင် အကြီးအကဲထောင်ကို မေးရုံသာရှိသည်။
အကြီးအကဲထောင်ကလည်း သိထားသမျှအားလုံး ပြောပြသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ကျန်းလျန်ယိ ဘယ်လိုရောက်လာသလဲ သူမမေး။ ရှောင်ယွမ်လွှတ်လိုက်ခြင်းဖြစ်၍ ရှောင်ယွမ်ယုံကြည်သူသာဖြစ်ရမည်။
အနားယူပြီးသည့်လူတစ်ယောက်အနေဖြင့် ကျမ်းစာတိုက်ကိုသာ စောင့်ရှောက်ဖို့လိုသည်။ ဂိုဏ်းကိစ္စများကို မျိုးဆက်သစ်များထံလွှဲထားသည်။
ထို့ပြင် ဖီးနစ်ဘိုးဘေး၏မေးခွန်းများကို ဖြေရသဖြင့် သူလည်းရှေးဟေင်းလျှို့ဝှက်ချက်များကို ပြန်မှတ်မိလာသည်။ နှစ်ဘက်လုံးအဆင်ပြေသည်။
ကျမ်းစာတိုက်မှ ကျင့်စဉ်နည်းလမ်းများက စုံလင်သည်။
ရွှေသန္ဓေအဆင့်တွင် လုယန် ကျမ်းစာတိုက်သို့လာလည်စဉ်က နတ်ဝိညာဉ်အဆင့်ကျင့်စဉ်နည်းတစ်ချို့ကို ဖတ်ကြည့်သည်။ နားလည်ဖို့ခက်သည်။
ယခု သူ့ကျင့်စဉ်အဆင့်နှင့် အတွေးအမြင်က တိုးတက်သွားလာသဖြင့် နတ်ဝိညာဉ်အဆင့်ကျင့်စဉ်များကို နားလည်လာသည်။
"သန့်စင်ယန်ကျင့်စဉ်..."
တစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိသူများအတွက် ရိုးရာကျင့်စဉ်နည်းဖြစ်သည်။ သိပ်ကြည့်စရာမလို။ သူနားလည်သမျှတော့ ထိုကျင့်စဉ်တွင် တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်ဘိုးဘေးများ ချန်ထားခဲ့သည့် အားပေးစကားများပါဝင်သည်။ ကြက်စွပ်ပြုတ်ရည်နှင့် သဏ္ဌာန်တူသည်။
သို့မဟုတ် နူးညံ့သည့်ကျင့်ကြံနည်းမျိုး ပါဝင်လိမ့်မည်။ ခန္ဓာကိုယ်အပူချိန်တက်လာလျှင် ရေအေးစိမ်ခြင်းမျိုး ရေခဲတိုက်တွင်နေခြင်းမျိုး။ သို့မဟုတ်ပြင်းထန်သည့်ကျင့်ကြံနည်းမျိုးပါမည်။ ဥပမာ ယန်ဓာတ်အားတိုးဖို့ ကျောက်သားကဲ့သို့ခိုင်မာသည့်စိတ်ဓာတ်ဖြင့် ကာမအားဆေးများသောက်ခြင်းမျိုး။
ထိုဒုတိယနည်းသည် တစ်ကိုယ်တော်ဝိညာဉ်မြစ်များ၏ ကျင့်ကြံမှုနှုန်းကို မြန်မြန်တိုးတက်စေသည်။ သို့သော် အန္တရာယ်လည်းများသည်။
ရှေ့ဘိုးဘေးအတော်များများက ဆေးဝါးသက်ရောက်မှုဒဏ်ကို မခံနိုင်ကြဟုဆိုသည်။
လောင်မုန်လို ဖီးနစ်မီးတောက်ပိုင်ရှင်အကြောင်းကြားလျှင် ထိုဘိုးဘေးများက စိတ်ဓာတ်ပြင်းထန်လွန်းသည်ဟု ပြောကြပေလိမ့်မည်။
"တောင်ပင့်ကျင့်စဉ်၊ ရုပ်ခန္ဓာသန့်စင်ခြင်းကျင့်စဉ်။ အဆင့်မြင့်မြင့်ပြည့်စုံအောင်ကျင့်ပြီးချိန်တွင် နတ်ဝိညာဉ်အဆင့်တစ်ယောက်သည်။ အမြင့်ဆုံးစွမ်းအားကိုရသည်။ တောင်ကိုရွှေ့၍ ပင်လယ်ကိုဖြည့်နိုင်သည်"
လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ တကယ်လေးစားလောက်သည့် ကျင့်စဉ်ပညာဖြစ်သည်။ လောင်မုန်တော့ စိတ်ဝင်စားလောက်သည်။
သို့သော် ခန္ဓာကျင့်ကြံသူမဟုတ်သဖြင့် ထိုပညာမျိုးကို မကျင့်ကြံနိုင်။
"ရုပ်ခန္ဓာကျင့်ကြံချင်ရင် ဖြတ်လမ်းနည်းရှိပါတယ်"
လုယန် ထိုကျင့်စဉ်ကို စိတ်ဝင်စားနေသဖြင့် နတ်မယ်က စေတနာဖြင့် အကြံပြုသည်။
"ဘယ်လိုဖြတ်လမ်းနည်းလဲ"
"မိုးကြိုးပစ်ခံလိုက်ပေါ့။ ကောင်းကင်ဆင်းရဲဖြတ်ကျော်နိုင်ရင် နင့်ခန္ဓာကိုယ်စွမ်းအား အများကြီးတိုးလာမှာ။ မသေမျိုးမဖြစ်ခင်ကဆို ယင်ထန်က မကြာခဏအဲလိုလုပ်တယ်။
ကံကြမ္မာမြင့်မားပြီး ဆေးဝါးလုံလုံလောက်လောက်မရှိရင် အစောကြီးကတည်းက သူသေသွားလောက်တယ်။ ဒါပေမယ့် ဒီနည်းလမ်းက တကယ်အကျိုးရှိတယ်။
ယင်ထန်က ချီလင်ကို တိုက်ပွဲမှာ အနိုင်ရခဲ့တဲ့အချိန်တစ်ချိန်ရှိခဲ့တယ်။ နောက်ပိုင်းတော့ ချီလင်က အညံ့မခံချင်လို့ သူလည်း ကောင်းကင်ဆင်းရဲဖြတ်တယ်။
အဲဒါပြီးမှ သူတို့နှစ်ယောက် လက်ရည်တူပြန်ဖြစ်လာတယ်။ နှစ်ယောက်လုံးက အပြိုင်အဆိုင်လုပ်ရင်း တိုးတက်ခဲ့ကြတာ။ တကယ်လှပခဲ့တဲ့ ဒဏ္ဍာရီတစ်ခုပါ။
တစ်ခြားပါရမီရှင်တွေကလည်း သူတို့ကိုအတုခိုးပြီး လိုက်လုပ်ကြတယ်။ အတော်များများ မိုးကြိုးပစ်ခံရပြီးသေသွားတယ်။
အဆင့်သစ်တက်ချိန်မဟုတ်လည်း ကောင်းကင်လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်"
"ကျုပ်က နတ်ဝိညာဉ်အဆင့်ပဲရှိတာလေ။ မိုးကြိုးပစ်ခံရရင် အန္တရာယ်မရှိနိုင်ဘူးလား"
နတ်မယ် လက်ခါပြသည်။ အစီအစဉ်ရှိထားပုံရသည်။
"ဘာကြောက်စရာရှိလဲ။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို နင်မေ့နေပြီလာ။ နင်ခံနိုင်မရှိတဲ့ ကောင်းကင်ဆင်းရဲမျိုးတွေ့ရင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က ကြိုသတိပေးတဲ့အနေနဲ့ ထွက်ပြေးလိမ့်မယ်။ အန္တရာယ်မရှိနိုင်ပါဘူး"
"...နတ်ဝိညာဉ်က ဘေးကင်းတယ်ဆိုပေမယ့် ကျုပ်ကရောဘယ်လိုလုပ်မလဲ"
ထိုမေးခွန်းက ခက်သည်။ လောလောဆယ် နတ်မယ် အဖြေကိုစဉ်းစားမရ။
"အဲ၊ ငါလူလုံးထွက်ပြပြီး ကောင်းကင်လျှပ်စီးထွက်သွားအောင်လုပ်ရင်ရော"
"ကောင်းကင်လျှပ်စီးက ခင်ဗျားကိုလေးစားတယ်ဆိုတာ သေချာရဲ့လား"
"ပြောရခက်တယ်။ အင်အားကြီးတဲ့ ကောင်းကင်ဆင်းရဲတွေကတော့ ငါ့ကိုလေးစားကြတယ်။ ကိုးငရဲလောကလျှပ်စီးလိုမျိုးတွေပေါ့။ ဒါပေမယ့်နင်က နတ်ဝိညာဉ်အဆင့်ပဲရှိတာ။
နင်ရင်ဆိုင်ရမယ့် မထင်မရှားကောင်းကင်လျှပ်စီးလေးတွေက ငါ့ကိုတောင်မသိကြလောက်ဘူး"
လုယန်ခေါင်းခါသည်။ နတ်မယ်အကြံကို စွန့်ပယ်၍ ကျင့်စဉ်နည်းများကို ဆက်ဖတ်သည်။
"ဆင်းရဲအားလုံးဆန့်ကျင်တဲ့ မသေမျိုးပညာ။ နတ်ဝိညာဉ်များကို အထူးလေ့ကျင့်ပေးသည့် ကျင့်စဉ်ပညာဖြစ်သည်..
အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံလျှင် နတ်ဝိညာဉ်က မဖျက်ဆီးနိုင်ဖြစ်လာမည်။ ထာဝရရှင်သန်နိုင်လာမည်။
မဟာကြယ်ကမ္ဘာတစ်ခုကြွေကျလျှင် သို့မဟုတ် မရေမတွက်နိုင်သည့်ဆင်းရဲများ ကြုံရလျှင်ပင် မထိခိုက်နိုင်ပါ"
လုယန် နောက်ထပ်ပင့်သက်ရှိုက်မိပြန်သည်။ ထိုမျှအဆင့်မြင့်သည့်ကျင့်စဉ်ကျမ်းကို စာအုပ်စင်ပေါ်တွင် လွယ်လွယ်ကူကူရှိနေသည်။
ထိုကျင့်စဉ်ကို ပြည့်စုံအောင်ကျင့်ကြံနိုင်လျှင် သူ့ကိုယ်ပိုင်နတ်ဝိညာဉ်ထက်ပင် ပိုအားကြီးမည့်သဘောရှိသည်။
'ယွမ်ကျိစာအုပ်စင်'မဟုတ်ကြောင်း သေချာစေရန် သူခေါင်းမော့ကြည့်သည်။ ထို့နောက် စာမျက်နှာများကို ဆက်လှန်သည်။ ဤကျင့်စဉ်ဖတ်ဖို့ စိတ်အားထက်သန်နေသည်။
"ဘယ်တော့မှမပျက်စီးနိုင်သည့် မသေမျိုးနတ်ဝိညာဉ်တစ်ခုကျင့်ကြံနိုင်ဖို့ အရင်ဆုံး သင့်အနေဖြင့် နတ်ဝိညာဉ်ကို ကောင်းကင်းဆင်းရဲအကြိမ်ကြိမ် ဖြတ်ကျော်ခိုင်းဖို့လိုသည်"
"...သောက်လခွမ်း၊ အယူအဆက်သက်သက်ရေးထားတဲ့ ကျင့်စဉ်ပါလား"
ထိုကဲ့သို့ကျင့်စဉ်ကျမ်းများရှိသည်ကို ပြန်သတိရလာသည်။ အယူအဆကျင့်စဉ်ပညာတို့သည် သဘောတရားအရဖြစ်နိုင်ခြေရှိသည်။
သို့သော် သဘောတရားအရသာဖြစ်သည်။
လက်တွေ့တွင် ဘယ်သူမှ မအောင်မြင်ဖူးကြ။
ထိုကျင့်စဉ်ပညာမျိုးသည် လူသစ်လေးများကို လှည့်စားဖို့ရေးထားသည့် သို့မဟုတ် စွမ်းအားကြီးပုဂ္ဂိုလ်များ အတွေးအခေါ်ကိုချပြသည့် သီအိုရီများသာဖြစ်သည်။
"ဒါကို ဘယ်သူရေးတာလဲ...။ ထောင်ရန်တဲ့လား... ဒီနာမည် တစ်ခါမှမကြားဖူးဘူး"
ထို့နောက် ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာသည်။ မနီးမဝေးမှ ကျန်းလျန်ယိကို ခေတ်သစ်ကျင့်စဉ်အယူအဆများရှင်းပြနေသည့် အကြီးအကဲထောင်ကို လှမ်းကြည့်သည်။
ကျင့်စဉ်ပညာရေးသားသူကိုတွေ့ပြီဟု သူထင်မိသည်။
**********************************