နတ်ဝိညာဉ်ကို ကျော်လွှားခြင်း
Vol. 43 Ch. 632
"...အကြီးအကဲထောင်က အားလပ်ချိန်တွေအများကြီးရတယ်ထင်တယ်"
လုယန် ကျင့်စဉ်စာအုပ်ကို ပြန်ချထားပြီး တစ်ခြားကျင့်စဉ်များကို ဆက်ရှာသည်။
နတ်ဝိညာဉ်အဆင့်ကျင့်စဉ်ကျမ်းများက ပေါများသည်။ ကျင့်စဉ်ပညာဆိုသည်ထက် ကျင့်စဉ်အယူအဆများဟုဆိုနိုင်သည်။
ဥပမာ ရှေ့မျိုးဆက်တစ်ချို့က သေရေးကြုံရေးအချိန်တွင် အဆင့်တက်လျှင် ကိုယ့်စွမ်းရည်ကိုယ်သာ မြှင့်တင်နိုင်ပြီး နတ်ဝိညာဉ်များက ဆိုးဝါးသည့်အခြေအနေကြုံရသည်ဟု ပြောသည်။
တစ်ချို့ကလည်း အလျင်မလိုပဲ ဖြေးဖြေးမှန်မှန်ကျင့်ကြံမှ အကျိုးရှိသည်ဟုမြင်သည်။
ဒုတိယအယူအဆကိုသာ လုယန်ပိုသဘောကျသည်။ နတ်မယ် သူ့သိစိတ်နယ်မြေတွင်ရှိနေသည်ကပင် သေရေးရှင်ရေးအခြေအနေနှင့် တူနေပြီးဖြစ်သည်။ နောက်တစ်ခုထပ်ကြုံရလျှင် အသက်ရှင်လမ်းမမြင်။ တိုးတက်လမ်းလည်းမရှိနိုင်။
"ဒီကျင့်စဉ်က အတော်ကောင်းတယ်။ 'နတ်ဝိညာဉ်ကျင့်ကြံခြင်းဓားပညာ'တဲ့။ ငါနဲ့အတော်သင့်တော်မယ်ထင်တယ်။ ဒါကို ကျမ်းကိုးအဖြစ်သုံးလို့ရတယ်။ ဒီကျင့်စဉ်တွေက နတ်ဝိညာဉ်တွေကို ဓားအိမ်အဖြစ်သုံးပြီး ဓားဝိညာဉ်(ဓားနှလုံး)ကို ကျင့်ကြံတာ။
ဓားဝိညာဉ်ပေါ်လာပြီဆိုရင် နတ်ဝိညာဉ်က ဒီဓားကိုကိုင်နိုင်တယ်။ နတ်ဝိညာဉ်ရဲ့တိုက်ခိုက်စွမ်းအားကို ၃၀ ရာနှုန်းတိုးမြှင့်နိုင်တယ်။
နတ်ဝိညာဉ်ဆိုတာ ရွှေသန္ဓေကနေအသွင်ပြောင်းပြီ မူလဝိညာဉ်ကထိန်းချုပ်ထားတာ။ ရုပ်ဒြပ်မရှိဘူး။ ဒီတော့ လက်နက်ကိုင်စရာမရှိဘူး။ လက်နက်ရှိလာရင် တိုက်ခိုက်စွမ်းအား တိုးတက်လာနိုင်တယ်"
"ဒီကျင့်စဉ်က နင့်အတွက်အသုံးမဝင်ဘူး"
နတ်မယ်က သတိပေးသည်။
"ဘာလို့လဲ"
"ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က ဓားကိုင်နိုင်စွမ်းရှိပြီးသားလေ။ ဒီကျင့်စဉ်ရဲ့ရည်ရွယ်ချက်ကို ရထားပြီးသားပဲ"
"သူကိုင်တာလည်း ကျုပ်မမြင်ဖူးပါလား"
လုယန် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် တိုက်ခိုက်ရသည့် နာကျင်စရာအတွေ့အကြုံကို ပြန်စဉ်းစားသည်။ ဓားပညာသုံးသည်ကို သူမတွေ့ရ။
"အဲဒါက နင်တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ ဓားပညာမသုံးခဲ့လို့လေ။ ငါပြောခဲ့သားပဲ။ နင်လုပ်နိုင်တာမှန်သမျှ နတ်ဝိညာဉ်လည်း လုပ်နိုင်တယ်။ နင့်ထက်တောင်ပိုသာသေးတယ်။
နင်မယုံရင် စမ်းကြည့်လေ"
လုယန်တကယ်သိချင်လာသည်။
သိစိတ်နယ်မြေသို့ဝင်သည်။ ဓားတစ်လက်ဖန်တီးသည်။ ထို့နောက် နတ်ဝိညာဉ်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်၍ တိုက်ခိုက်သည်။
အံ့ဩစရာကောင်းသည်။ တိုက်ပွဲအရှိန်ရလာသည်နှင့်အမျှ လုယန်၏တိုက်ခိုက်မှုက ပိုအားပါလာသည်။ ပိုသွက်လက်လာသည်။ ဓားနှင့်ကိုယ်တစ်သားတည်းလိုဖြစ်နေသည်။
တစ်ခြားဓားကျင့်ကြံသူများမရောက်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်နေသည့်လက္ခဏာဖြစ်သည်။
သက်ကြီးပိုင်းကျင့်ကြံသူများမြင်လျှင်ပင် အံ့ဩရမည်။
သို့သော် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က သူ့ကိုအနိုင်ပိုင်းသွားသည်။
"အဟွတ် အဟွတ်။ ဘာလို့ဒီကောင်ကို အနိုင်ယူဖို့ အဲလောက်ခက်နေတာလဲ။
နတ်မယ်...အရင်းတုန်းက ခင်ဗျားရဲ့ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ဘယ်လိုအနိုင်ဘူခဲ့တာလဲ"
လုယန် မြေပေါ်လဲနေသည်။ သူ့နတ်ဝိညာဉ်ကို လုံးဝမယှဉ်နိုင်။
နတ်မယ် အကြည့်လွှဲသွားသည်။
"နောက်ထပ်...လေးငါးကြိမ်ထပ်ကြိုးစားကြည့်ပါ။ နင်နိုင်ပါလိမ့်မယ်"
လုယန် ထိုစကားကို မသင်္ကာ။
"ခင်ဗျား ဘယ်နှကြိမ်ကြိုးစားခဲ့တာလဲ"
"ငါကအတွက်အချက်မှတ်ဉာဏ်မကောင်းတော့ မမှတ်မိဘူး"
"..."
လုယန်သိစိတ်နယ်မြေမှထွက်သည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ် စွမ်းအားကြီးနေခြင်းသည် ကောင်းပါသည်...ကောင်းပါသည်ဟု ကိုယ့်စိတ်ကိုယ်နှစ်သိမ့်နေရသည်။
လမ်းဆက်လျှောက်ရင်း ကျင့်စဉ်ကျမ်းများ ဆက်ရှာသည်။ နောက်ဆုံးတွင် အချိန်အတော်ကြာမတွေ့ခဲ့ရသည့် 'ယွမ်ကျိစာအုပ်စင်'သို့ရောက်လာသည်။ ပထမဆုံးစာအုပ်သည်ပင် သူ့အတွက်စိတ်လှုပ်ရှားစရာဖြစ်သည်။
"ဒါ အမယွမ်နတ်ဝိညာဉ်အဆင့်တုန်းက ကျင့်စဉ်အတွေးအမြင်လား။ သူ့နတ်ဝိညာဉ်ကို ဘယ်လိုကျင့်ကြံခဲ့ပါလိမ့်..."
နတ်ဝိညာဉ်ကျင့်ကြံဖို့ ပထမအဆင့်။ သန္ဓေကိုခွဲပြီး ဝိညာဉ်အဆင့်သွားပါ။
ဒုတိယအဆင့်။ ကောင်းကင်ဆင်းရဲဖြတ်ကျော်ပါ...
"ဟာ၊ ဒုတိယအဆင့်က တစ်ခြားလူတွေနဲ့ဘာလို့မတူတာလဲ။ အော် မှတ်မိပြီ။ အမယွမ်က နတ်ဝိညာဉ်အဆင့်တက်ဖို့ ကောင်းကင်ဆင်းရဲကြုံရတယ်တဲ့။
တစ်ခြားကျင့်ကြံသူတွေက ဝိညာဉ်ပြောင်းအဆင့်ရောက်မှ ကြုံရတာလို့ ကြားဖူးတယ်။
အကိုနှစ်ယဲ့ဇီကျင်းက အမယွမ်ကိုအတုခိုးပြီး နတ်ဝိညာဉ်အဆင့်မှာ ကောင်းကင်ဆင်းရဲဖြတ်တယ်။ နောက်တော့ သူ့နတ်ဝိညာဉ်က အသိဉာဏ်ဖွံ့ဖြိုးလာပြီး သူ့ကိုတိုက်ခိုက်တယ်လို့ ပြောကြတယ်"
သူနှင့်အကိုနှစ် တူညီသည့်အရာတစ်ခုရှိသည်ဟု ခံစားရသည်။ တစ်ခါမှမတွေ့ဖူးသော်လည်း ဘဝတူညီအကိုများဖြစ်သည်။
"အကြီးအကဲထောင်၊ အမယွမ်နတ်ဝိညာဉ်အဆင့်တုန်းက ကောင်းကင်ဆင်းရဲကို ဘယ်လိုကြုံခဲ့တာလဲ"
လုယန် အကြီးအကဲထောင်ကို အသေးစိတ်မေးသည်။
"ဪ...အဲဒီ့ကိစ္စလား။ အရင်က သူရွှေသန္ဓေထိပ်ဆုံးအဆင့်မှာ ရှေးဟောင်းစမ်းသပ်မြေတစ်ခုထဲ အမှတ်မထင်ရောက်သွားတယ်။
အဲဒီ့မြေမှာ စမ်းသပ်မှုတစ်ခုကြုံတယ်။ အရင်စံချိန်ချိုးထားတဲ့လူဟောင်းရဲ့အရိပ်နဲ့ တိုက်ခိုက်ရတယ်။ သူက အဲဒီ့အရိပ်ကိုအနိုင်ယူပြီး ပထမနေရာရသွားလို့ပါ"
"အဲဒီ့လူဟောင်းဆိုတာ ဘယ်သူလဲ"
ကျန်းလျန်ယိက စပ်စုသည်။ ရှေးဟောင်းစွမ်းအားရှင်ဆိုလျှင် သူကြားဖူးလောက်သည်။
"ယင်ထန်မသေမျိုးတဲ့"
လုယန် "..."
ဒါဆို ယင်ထန်မသေမျိုးက ဒေါသထွက်ပြီး အမယွမ်ကို မိုးကြိုးပစ်ချဖို့ဖို့ဆုံးဖြတ်ခဲ့တာပေါ့...
နတ်မယ်ခေါင်းငြိမ့်သည်။
"ယင်ထန်မသေမျိုးက ဒါမျိုးလုပ်တတ်တယ်။ ကျားကစားတဲ့အချိန် အကွက်မှားရွှေ့ရင် အမြဲစိတ်တိုတတ်တယ်"
"ဒါဆို ခင်ဗျားတို့က သူ့ကိုပြန်ရွှေ့ခိုင်းတယ်ပေါ့"
"ရွှေ့ခိုင်းတာပေါ့။ ကျားကစားနည်းကိုက တရားမျှတမှုပေါ် အခြေခံထားတာပဲ။ သူပြန်ရွှေ့ချင်လည်းရတယ်။
ဒါပေမယ့် အဲဒါပြီးရင် ငါတို့သူ့ကို ဝိုင်းရိုက်တယ်။ ငါတို့လည်း စိတ်မကောင်းဖြစ်တယ်။ ငါတို့သူ့ကို မရိုက်ခဲ့သင့်ပါဘူးလို့ပြောပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်တယ်လေ"
"..."
"ရှောင်ယွမ်သွားတဲ့ ရှေးဟောင်းစမ်းသပ်မြေဆိုတာကို ငါမှတ်မိတယ်။ ရှေးဟောင်းခေတ်မတိုင်ခင်ကတည်းက ရှိခဲ့တဲ့နေရာပါ။
ယင်ထန်က ရွှေသန္ဓေအဆင့်မှာ အဲဒီကိုသွားပြီး စံချိန်ချိုးခဲ့တယ်။ ထိပ်ဆုံးနေရာရခဲ့တယ်။ အတော်လူသိများသွားတယ်။
အဲဒီတုန်းက ငါအဝေးကြီးရောက်နေလို့ မသွားနိုင်ခဲ့ဘူး။ သွားနိုင်တဲ့အချိန်ကျတော့လည်း ငါကနတ်ဝိညာဉ်အဆင့်ရောက်နေပြီ။
ယင်ထန်က မသေမျိုးဖြစ်ပြီးနောက်ပိုင်း စမ်းသပ်မြေမှာ မှော်စွမ်းအင်တစ်ခု ချန်ခဲ့တာဖြစ်မယ်။ သူ့စံချိန်ကိုချိုးတဲ့လူ မိုးကြိုးပစ်ခံရမယ်။ ဒါမှမဟုတ် တစ်ခုခုပေါ့။
ဒါကလက်စားချေတာလို့တော့မဟုတ်ပါဘူး။ မိုးကြိုးပစ်ခံရပြီးရင် နတ်ဝိညာဉ်က တကယ်အားကောင်းလာတယ်လေ"
လုယန်ဆက်မေးသည်။
"အကိုနှစ်ကရောဘယ်လိုလဲ။ သူလည်း ရှေးဟောင်းစမ်းသပ်မြေကိုဝင်ပြီး စံချိန်ချိုးခဲ့တာလား"
"ယဲ့ဇီကျင်းကိုပြောတာလား။ သူသွားချင်ပါတယ်။ ဒါပေမယ့် သွားခွင့်မရဘူး။ ရှောင်ယွမ်ထွက်လာပြီးတော့ ရှေးဟောင်းစမ်းသပ်မြေကပိတ်သွားတယ်။ လုံးဝပွင့်မလာတော့ဘူး။ ဘာကြောင့်လဲဆိုတာ ဒီနေ့ထိမသိကြဘူး"
အကြောင်းရင်းကို ကျန်းလျန်ယိခန့်မှန်းမိသည်။ ယင်ထန်မသေမျိုးသည် ကိုယ်ပိုင်စည်းမျဉ်းဖြင့် နေထိုင်သူဖြစ်သည်။
"သူ့စံချိန်ကိုချိုးမယ့် တစ်ခြားတစ်ယောက် ပေါ်လာမှာစိုးလို့ဖြစ်မယ်။ သူ့ကိုယ်ပိုင်စည်းမျဉ်းက နှစ်ခါသိက္ခာကျမခံဘူးဆိုတာပဲ"
"...တကယ်လေးစားထိုက်တဲ့စည်းမျဉ်းပဲ"
လုယန် စိတ်ပျက်လက်ပျက် မှတ်ချက်ပေးသည်။
"ဒါဆို အကိုနှစ်ရဲ့ကောင်းကင်ဆင်းရဲက ဘယ်ကရောက်လာတာလဲ"
"သူက ယင်ထန်မသေမျိုးကို တစ်နေကုန် ဆဲဆိုနေခဲ့လို့ပါ"
လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ့အကိုနှစ်သည် တကယ်သတ္တိကောင်းလှသည်။
သူသည်ပင် နတ်မယ်၏ကာကွယ်မှုရှိသည့်တိုင် ယင်ထန်မသေမျိုးကို ထိုသို့မဆက်ဆံရဲ။
"နောက်ပိုင်းဖြစ်ခဲ့တာတွေကိုတော့ မင်းသိမှာပါ။ ဒီကောင်က သန္ဓေချိုးဖျက်ပြီး နတ်ဝိညာဉ်အဆင့်တက်တယ်။ ကောင်းကင်ဆင်းရဲကိုခေါ်တယ်။ အစပိုင်းမှာ လျှပ်စီးတန်းနှစ်ခုဆင်းလာတယ်။
ဒီလျှပ်စီးနှစ်ခုကြောင့် ယဲ့ဇီကျင်းရဲ့နတ်ဝိညာဉ် ဉာဏ်အလင်းရတယ်။ တကယ်အမြင်ကျယ်ရတဲ့ မြင်ကွင်းပါပဲ။
နတ်ဝိညာဉ်က ကောင်းကင်ကိုပျံတက်သွားပြီး လျှပ်စီးမိုးကြိုးကို ချေဖျက်တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်လာပြီး ပိုင်ရှင်ကို တိုက်ခိုက်တယ်လေ"
နှစ်ငါးထောင်သက်တမ်းတွင် ထိုမျှထူးဆန်းသည့်အဖြစ်မျိုး အကြီးအကဲထောင်ရန် တစ်ခါမှမမြင်ခဲ့ဖူး။
လုယန် မနာလိုဖြစ်မိသည်။ သူ့ကိုယ်ပိုင်နတ်ဝိညာဉ်ကတော့ ကောင်းကင်ဆင်းရဲမှ ထွက်ပြေးဖို့သာသိသည်။
"အကိုနှစ်က သူ့နတ်ဝိညာဉ်ကိုဖျက်ဆီးပြီး အသစ်တစ်ခုတည်ဆောက်ခဲ့တယ်လို့လည်းကြားတယ်"
"ဒါက ကြားကောင်းအောင် သတင်းလွှင့်တာပါ။ အခြေအနေမှန်က အတော်လေးထူးခြားတယ်။ အပြင်လူတွေကို ဖွင့်ပြောဖို့ အဆင့်မပြေဘူး။
ဒါပေမယ့် မင်းကအပြင်လူမဟုတ်တော့ ပြောလို့ရပါတယ်။ ယဲ့ဇီကျင်းက သူ့နတ်ဝိညာဉ်အသစ်ကို ထိန်းချုပ်နိုင်ခဲ့တာ အမှန်ပါပဲ"
"သူဘယ်လိုဘယ်လိုထိန်းချုပ်ခဲ့တာလဲ"
လုယန် စိတ်ဝင်စားသွားသည်။ ထိုအပိုင်းကို သူအသိချင်ဆုံးဖြစ်သည်။
"သူ့နတ်ဝိညာဉ်ကို သူပြောလိုက်တယ်။ နတ်ဝိညာဉ်ဘယ်လောက်အားကောင်းကောင်း သူ့ရဲ့အစိတ်အပိုင်းတစ်ခုပဲ။ ကိုယ်အစိတ်အပိုင်းတစ်ခုထက် သူ့တစ်ကိုယ်လုံးက ပိုသန်မာတယ်။
ဒါကြောင့် သူ့နတ်ဝိညာဉ်ကို သူသေချာပေါက်နိုင်တယ်တဲ့။.
....စိတ်ဓာတ်ပိုင်းအရ အနိုင်ယူတာလည်း အောင်နိုင်တာပဲလို့ သူပြောသွားတယ်"
***********************************