ဖြတ်လမ်းမရှိ
Vol. 43 Ch. 633
အကိုနှစ်၏ဉာဏ်ရည်ကြောင့် ချန်ရှီအံ့ဩရသည်။
သူဘာကြောင့်ထိုသို့မတွေးခဲ့မိသည်မသိ။
"နတ်မယ်၊ ဒီနည်းလမ်းအလုပ်ဖြစ်နိုင်လား"
မျှော်လင့်ချက်အပြည့်ဖြင့် သူမေးလိုက်သည်။
"ကိုယ့်ကိုယ်ကိုအရူးလုပ်လို့တော့ရမှာပေါ့။ နင့်အကိုရဲ့နတ်ဝိညာဉ်က အသိဉာဏ်ဖွံ့ဖြိုးပြီးသား။ စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ လှည့်စားလို့ရတယ်။
ဒါပေမယ့် နင့်နတ်ဝိညာဉ်က အသိဉာဏ်မရှိဘူးလေ။ နင်ဘယ်လိုအရူးလုပ်မှာလဲ"
လုယန် စိတ်ဓာတ်ကျသွားသည်။ ထိုနည်းလမ်းအလုပ်မဖြစ်လျှင် ရိုးရိုးသားသားအနိုင်ယူရုံမှလွဲ၍ ရွေးစရာမရှိ။
'ယွမ်ကျိစာအုပ်စင်'သို့ သူပြန်သွားသည်။ ရေးထားသည့်စာအုပ်များကို တစ်လုံးချင်းဖတ်သည်။ လေးနက်သည့်အဓိပ္ပါယ်များပြည့်နေသည်။ ဉာဏ်ကြီးရှင်ဟု သတ်မှတ်နိုင်သည်။
သူအတော်လေးအကျိုးကျေးဇူးရလိုက်သည်။
"အမယွမ်ရေးထားတဲ့ အတွေးအမြင်တွေက သိပ်ကောင်းတာပဲ။ သေချာသုံးသပ်ကြည့်ရင် ပိုနက်နဲတဲ့အဓိပ္ပါယ်တွေကိုတောင် နားလည်လာနိုင်တယ်"
ထိုအတွေးအမြင်များက နတ်မယ်၏အကြံများထက် များစွာပိုအကျိုးရှိသည်။
ဖတ်လေလေ သူကိုယ်တိုင်ရေးထားသည့်စာအုပ်များလို ခံစားလာရလေဖြစ်သည်။
အချိန်နှစ်လက ထိုသို့ကုန်လွန်သွားသည်။ ကျမ်းစာတိုက်တွင်သာသူနေခဲ့သည်။ ဒုတိယထပ်မှလုံးဝမခွာ။ နေ့နေ့ညည နတ်ဝိညာဉ်အဆင့်ကျင့်စဉ်များကို လေ့လာသည်။ များပြားသည့်အတွေးအမြင်များကို စုစည်းသည်။
မြက်ဖျာပေါ်တွင် တင်ပြင်ခွေထိုင်၍ ကိုယ်အင်္ဂါငါးခုကို ကောင်းကင်နှင့်အပြိုင်ထားသည်။ အသက်ကိုဖြေးညှင်းစွာရှူနေသည်။ အိပ်ပျော်နေသယောင်ထင်ရသည်။ သို့သော် ပိုနက်ရှိုင်းသည့် ဉာဏ်အလင်းအဆင့်သို့ ဝင်နေခြင်းဖြစ်သည်။
သူ့အာရုံတွင် ကျင့်စဉ်အတွေးအမြင်များ နည်းလမ်းမျိုးစုံ ရှုပ်ထွေးနေသည်။ အစီအစဉ်မကျဖြစ်နေသည်။
ထိုအရှုပ်အထွေးကို သူဖြေရှင်းရမည်။ အသုံးတည့်သည့်အရာများကို ရွေးထုတ်ပြီး သူ့ကိုယ်ပိုင်အခြေအနေနှင့်ကိုက်ညီသည့် ကိုယ်ပိုင်ကျင့်စဉ်နည်းလမ်းတစ်ခု ဖန်တီးရမည်။
ကျင့်စဉ်မျိုးစုံလေ့လာရခြင်းသည် ကျင့်ကြံသူတစ်ယောက်အတွက် အလွန်စိတ်ဖိအားများသည်။
လုယန်၏ သိစိတ်စွမ်းအားက အဆင့်တူများထက်သာလွန်နေ၍သာ မူးမေ့လဲမသွားပဲ ခံနိုင်ရည်ရှိနေခြင်းဖြစ်သည်။
သူ့မျက်လုံးများပွင့်လာသည်။ ကြည်လင်တောက်ပနေသည်။ နှုတ်ခမ်းတွင် နားလည်မှုအပြုံးမျိုးရှိသည်။ စာအုပ်အပိုင်းသစ်ကို ချရေးသည်။
"အမယွမ်ငါ့ကိုရေးစေချင်တာ ဒီလိုကျင့်စဉ်ကျမ်းမျိုးဖြစ်မယ်"
...
"ပြီးခဲ့တဲ့တစ်ခေါက်ကထက် တိုးတက်မှုရှိပါတယ်။ ရှစ်ရာနှုန်းလောက်ပဲ ငါပြန်ပြင်ဆင်ပေးဖို့လိုတယ်"
လုယန်ရေးသည့် 'နှလုံးဉာဏ်အလင်းနတ်ဝိညာဉ်အဆင့်ကျမ်း'ကိုဖတ်ပြီးနောက် ယွမ်ကျိကပြောသည်။
ပြီးခဲ့သည့်ရွှေသန္ဓေအဆင့်ကျမ်းတွင် ရှစ်ဆယ်ရာနှုန်းပြန်ပြင်ရသည်။ ကျန်သည့်နှစ်ဆယ်ရာနှုန်းကလည်း ယွမ်ကျိရေးခဲ့သည့် အတွေးအမြင်များကို တိုက်ရိုက်ကိုးကားထားခြင်းကြောင့်ဖြစ်သည်။
"မင်းရဲ့နတ်ဝိညာဉ်က ဘယ်လိုပုံမျိုးလဲ။ ဘယ်လိုစွမ်းရည်တွေရှိလဲ ငါကြည့်ချင်တယ်"
ယွမ်ကျိက ကျင့်စဉ်ကျမ်းမပြင်ဆင်သေးမီ လုယန်၏နတ်ဝိညာဉ်ကို စူးစမ်းချင်သည်။
"အဲ...ဒါက နည်းနည်းခက်တယ်"
လုယန် မလုံမလဲလေသံဖြင့်ပြောသည်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အနိုင်မယူနိုင်သေးသဖြင့် သူထုတ်ပြ၍မရ။
ယွမ်ကျိ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။
"အခုဘယ်နေရာမှာရှိတာလဲ"
"သိစိတ်နယ်မြေမှာပါ"
နောက်ထပ်ဘာမှမပြောဘဲ ယွမ်ကျိက ဝိညာဉ်ခွာ၍ လုယန်၏သိစိတ်နယ်မြေထဲပျံဝင်သွားသည်။
ကျန်းလျန်ယိလည်း လုယန်၏သိစိတ်နယ်မြေအခြေအနေကို သိလိုသည်။ လုယန်၏ရွှေသန္ဓေသည် မသေမျိုးအမ၏ ရွှေသန္ဓေနှင့်အမျိုးအစားတူသည်ဟု လုယန်ပြောထားသည်။ ထို့ကြောင့် နတ်ဝိညာဉ်လည်း အမျိုးစားတူဖြစ်ပေလိမ့်မည်။
သို့သော် မသေမျိုးအမ၏ ရွှေသန္ဓေနှင့်နတ်ဝိညာဉ်အကြောင်း သူ့မေ့နေသည်။
ကျမ်းစာတိုက်တွင် အချိန်ကုန်ခဲ့သည့်နှစ်လအတွင်း ကျင့်ကြံမှုလောက၏လက်ရှိအခြေအနေကို သူအကြမ်းဖျင်းနားလည်သွားသည်။ ထိုနေရာတွင်ဆက်နေလည်း အကျိုးမရှိနိုင်တော့။
လုယန်၏သိစိတ်နယ်မြေက လူစည်ကားနေသည်။ နယ်ခံထာဝရနတ်မယ်၊ ဧည့်သည်ယွမ်ကျိနှင့်ကျန်းလျန်ယိ၊ ပိုင်ရှင်လုယန်တို့ရှိသည်။
နေ့တစ်ဓူဝလုပ်ငန်းများနှင့် အသားကျနေပြီဖြစ်၍ လုယန် အဆက်အသွယ်ဖြတ်လိုက်သည်နှင့် ပြန်မဆက်သွယ်မချင်း နတ်ဝိညာဉ်၏ ပြင်းထန်စွာရိုက်နှက်ခြင်းခံရသည်။
သရုပ်ပြမှုပြီးဆုံးသွားသည်။
ယွမ်ကျိနှင့်ကျန်းလျန်ယိတို့မျက်နှာတွင် ထူးဆန်းသည့်အမူအရာမျိုးပေါ်နေသည်။ ယွမ်ကျိက မမြင်တာကြာပြီဖြစ်သည့် ဒုမောင်လေးယဲ့ဇီကျန်းအကြောင်း ပြန်တွေးမိသည်။
ကျန်းလျန်ယိက ယခုမှတ်ဉာဏ်ပျောက်နေသည့်အဖြစ်ကို စိတ်မကောင်းဖြစ်မိသည်။ မသေမျိုးအမလည်း ထိုမျှစိတ်လှုပ်ရှားစရာအတွေ့အကြုံမျိုး ရှိခဲ့သည့်အဖြစ်ကို သူမမှတ်မိ။
သို့သော် လုယန်၏နတ်ဝိညာဉ်က ယဲ့ဇီကျန်းအဖြစ်နှင့်မတူကြောင်း ယွမ်ကျိသတိထားမိသည်။
"နတ်မယ်ကပြောတယ်။ သတ်မှတ်ချက်အရ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ကျုပ်အနိုင်ယူနိုင်မှ အသုံးချနိုင်မယ်တဲ့"
"သတ်မှတ်ချက်အရတဲ့လား..."
ယွမ်ကျိက နတ်မယ်ကို အဓိပ္ပါယ်ပါပါကြည့်သည်။
သူ့လှည့်ကွက်ကို ယွမ်ကျိရိပ်မိသွားသဖြင့် နတ်မယ်က မလုံမလဲ အကြည့်လွှဲသွားသည်။
ယွမ်ကျိက လုယန်ကိုပြန်လှည့်ကြည့်ပြီး အလေးအနက်ပြောသည်။
"မင်းရဲ့ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အနိုင်ယူဖို့ လှည့်ကွက်တွေသုံးဖို့မကြိုးစားနဲ့။ ကျင့်စဉ်လမ်းမှာ ဖြတ်လမ်းမရှိဘူး။
ဇွဲကောင်းကောင်းလေ့ကျင့်မှပဲ မင်းနတ်ဝိညာဉ်ထက် အရာရာတိုင်းသာလွန်နိုင်မှာ"
လုယန် လမ်းညွှန်ချက်တောင်းသည်။
"ဒါဆိုအမယွမ်က ဒီအဆင့်ကို နှစ်တစ်ထောင်အတွင်း ဘယ်လိုရောက်အောင်လုပ်ခဲ့တာလဲ"
"ပါရမီနဲ့ပေါ့"
"..."
"ကဲပါ မင်းရဲ့ကျင့်စဉ်ကျမ်းကို ဘယ်လိုပြုပြင်ရမလဲ ငါသိပြီ။ ပြင်ဆင်ချိန်တစ်နာရီပဲကြာမယ်"
ယွမ်ကျိ သိစိတ်နယ်မြေမှထွက်သွားသည်။ လုယန်နှင့်ကျန်းလျန်ယိကိုလည်း ထွက်သွားဖို့ လက်ဝှေ့ယမ်း၍အချက်ပြသည်။ ကျင့်စဉ်ကျမ်းများကို သူတစ်ယောက်တည်းသာရေးချင်သည်။
အမှန်တော့ အလွန်စပ်စုလွန်းသည့်နတ်မယ်ကို အဓိကထွက်သွားစေလိုခြင်းဖြစ်သည်။
ရှောင်ယန်က သူ့စကားကို နာခံသည်။
ကျန်းလျန်ယိလည်း အင်အားကြီးပြိုင်ဘက်ကို လေးစားသည်။
နှစ်ယောက်သား တောင်ပေါ်မှဆင်းကြသည်။
"ဪ...ဟုတ်သားပဲ။ ရောက်ကတည်းက ကျုပ်ခင်ဗျားကိုမိတ်ဆက်မပေးရသေးဘူး။ ကျုပ်တို့ထာဝရမျိုးဆက်မှာ ခင်ဗျားမတွေ့ဖူးတဲ့ နောက်တစ်ယောက်ရှိသေးတယ်။
ကျန်းလျန်ယိသည် ထာဝရမျိုးဆက်ဟုတ်မဟုတ် လုယန်ကနတ်မယ်ကို သီးသန့်မေးခဲ့သည်။ နတ်မယ်က ငြင်းသည်။
"လျန်ယိနဲ့ရှောင်လင်းက ငါ့တပည့်တွေဆိုပေမယ့် ထာဝရလမ်းစဉ်မှာ အောင်မြင်ခဲ့ကြတာမဟုတ်ဘူး။ သူတို့အရိယဖလကလည်း သတ်မှတ်ထားပြီးသား။ သူတို့က 'အားအကြီးဆုံးရှင်သန်မှုအရိယဖလ'မျိုးဆက်တွေပါ"
ထာဝရမျိုးဆက်သည် အဖွဲ့ဝင်ဖြစ်ဖို့ ကန့်သတ်ချက်တင်းကြပ်သည်။
ယခု နေ့ခင်းပိုင်းဖြစ်သည်။ ညစာစားချိန်မရောက်သေး။ အသားကင်ဆိုင်မဖွင့်သေး။ ဆိုင်ဝန်ထမ်းများက အသားကင်ဖို့ မှော်စက်ဝန်းကို ကျင်လည်စွာသုံးနေကြသည်။
တိုးတက်မှုများစွာရှိခဲ့ပြီးနောက် မှော်စက်ဝန်းနည်းပညာလည်း တိုးတက်လာသည်။ ရိုးရိုးအသားကင်မှော်စက်ဝန်းမှ စွယ်စုံသုံးအသားကင်မှော်စက်ဝန်းဖြစ်လာသည်။ အီနိုကီမှိုများ၊ ပဲစိမ်းများကိုလည်း ကင်ပေးနိုင်သည်။
ထာဝရအရှင်၏ အနီးကွက် အဝေးကွက်ဗျူဟာများကြောင့် အသားကင်ဆိုင်၏လွှမ်းမိုးမှုလည်း ကြီးမားလာသည်။ နောက်ကွယ်တွင် စားသောက်ဆိုင်အတော်များများထိန်းချုပ်နိုင်သည့် ဈေးကွက်အင်ပါယာအစစ်ဖြစ်လာသည်။
အကင်ဆိုင်ရှေ့တွင် လူတစ်ယောက်ကို အမှတ်မထင်တွေ့ရသည်။
"ညီလေးအရိုးရိုင်း၊ မင်းဒီကိုဘာလာလုပ်တာလဲ"
"အကိုလု၊ မတွေ့တာ ကြာပြီနော်။ နှစ်ဝက်တောင်မကတော့ဘူးမဟုတ်လား"
အရိုးရိုင်းက ခေါင်းကုတ်ရင်းရယ်နေသည်။
"ကျုပ်အခုမှ နတ်ဝိညာဉ်အဆင့်တက်လို့ အောင်ပွဲခံဖို့ အသားကင်လာစားတာ"
"ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်။ ညီလေးရဲ့ ကျင့်စဉ်တိုးတက်နှုန်းက မနှေးပါဘူး"
လုယန်က ဝမ်းသာသည့်အပြုံးဖြင့် ပြောသည်။
"ဒါဆို အတူသွားစားကြမလား"
အရိုးရိုင်းလည်း ခေါင်းငြိမ့်သည်။
အရိုးရိုင်း၏သရုပ်မှန်ကို သတိထားမိသဖြင့် ကျန်းလျန်ယိ အံ့ဩသွားသည်။
"ဒီလူငယ်က ရှေးဟောင်းအရိုင်းမျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ပေါ့"
"ထာဝရနတ်မယ်ရဲ့ဖြစ်တည်မှုအကြောင်း မှတ်ဉာဏ်ပျောက်နေတာကို ရှေးဟောင်းအရိုင်းမျိုးနွယ်တွေအကြောင်း ခင်ဗျားဘယ်လိုမှတ်မိနေတာလဲ"
နတ်မယ်စကားအရ အရိုင်းမျိုးနွယ်သည် မြောက်ဘက်ကြယ်ကမ္ဘာတွင်နေထိုင်ခဲ့သည်။ နတ်မယ်၏ ကျိန်စာမှော်ပညာကြောင့် ရှေးဟောင်းအရိုင်းမျိုးနွယ်သွေးဆက် ဖြစ်လာသည်ဟုဆိုသည်။ သူတို့စွမ်းရည်များထဲမှတစ်ခုက နတ်ဆိုးမျိုးနွယ်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။
နောက်ကွယ်မှရန်သူက နတ်မယ်၏ဖြစ်တည်မှုအကြောင်း ဖျောက်ဖျက်ခဲ့သည်။ ရှေးဟောင်းအရိုင်းမျိုးနွယ်၏ နောက်ခံဇာတ်ကြောင်းလည်း ပြောင်းလဲခဲ့လိမ့်မည်။
ကျန်းလျန်ယိက အနည်းငယ်ပြုံး၍ ရှင်းပြသည်။
"ဇာတ်လမ်းက ဒီလိုရှိတယ်။ ယင်ထန်မသေမျိုးက ရုပ်ဆိုးဆိုးချောချော မိန်းမတွေအများကြီး ကိုယ်ဝန်ရှိအောင်လုပ်ခဲ့တယ်။ အဲဒီ့ထဲကတစ်ယောက်က ရှေးဟောင်းအရိုင်းမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်မတဲ့။
အဲဒီ့နောက်တော့ ရှေးဟောင်းအရိုင်းမျိုးနွယ်ရဲ့ ပထမမျိုးဆက် မွေးဖွားလာတယ်တဲ့"
**********************************