← Chapters

အရိုးရိုင်း၏နတ်ဝိညာဉ်

Vol. 43 Ch. 634

အရိုးရိုင်း၏နတ်ဝိညာဉ်

Vol. 43 Ch. 634

ရှေးဟောင်းအရိုင်းမျိုးနွယ်၏ဇာတ်ကြောင်း ပြောင်းလဲသွားသည်ကို လုယန်မအံ့ဩပါ။

နတ်ဆိုးသားရဲဟင်းချက်နည်းစာအုပ်ရေးသူနာမည်လည်း ယင်ထန်မသေမျိုးဟု ပြောင်းလဲခဲ့ပြီးဖြစ်သည်။ နတ်ဆိုးသားရဲများကို နှိပ်ကွပ်နိုင်သည့် အရိုင်းမျိုးနွယ်သွေးဆက်စွမ်းရည်ကို ဖျက်ဆီး၍မရ။ ထို့ကြောင့် မျိုးနွယ်စတင်ဖန်တီးသူကို ယင်ထန်မသေမျိုးဟု ပြောင်းဖို့သာရှိသည်။

သို့ဆိုလျှင် သွေးဆက်စွမ်းရည်ပြဿနာလည်း ဖြေရှင်းပြီးဖြစ်သွားသည်။

အရိုးရိုင်း၏ရုပ်ရည်သည် ယောက်ျားဆန်သည့်ခံ့ညားမှုမျိုးရှိသည်။ သို့သော် သူ့ကိုမိန်းမပုံစံပြောင်းလိုက်လျှင် သူ့ရုပ်ရည်က အတော်ကြောက်စရာကောင်းပေလိမ့်မည်။

ယင်ထန်မသေမျိုးသည် အလှအပနှင့်ပတ်သက်၍ ထူးခြားသည့်အကြိုက်မျိုးရှိသည်ဟု ပြောရုံသာရှိသည်။

ထိုအချက်သည် ယုတ္တိကျသည့် ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းပြချက်ဖြစ်သည်။

ရှေးဟောင်းအရိုင်းမျိုးနွယ်အပေါ် ပံပိုးခဲ့သည့်အကြောင်းများ နတ်မယ်ပြန်ပြောပြပြီးနောက် မှတ်ဉာဏ်ပြောင်းလဲခံထားရကြောင်း ကျန်းလျန်ယိ နားလည်လာသည်။

တကယ်ကြောက်စရာကောင်းသည့်နည်းလမ်းဖြစ်သည်။

"အကိုလု..ဒါက ဘယ်သူလဲ"

အရိုးရိုင်းက ကျန်းလျန်ယိကု အူကြောင်ကြောင်ကြည့်နေသည်။ ထိုမိန်းမကို ဂိုဏ်းတွင် တစ်ခါမှမမြင်ဖူး။

"သူက ငါတို့ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ အဖွဲ့ဝင်သစ် တော်ဝင်ကာကွယ်သူလေးယောက်ထဲကတစ်ယောက် ဖီးနစ်ဘိုးဘေးကျန်းလျန်ယိပါ"

အားလုံး ကောင်းကင်ရုံးတော်အဖွဲ့ဝင်များဖြစ်၍ လျှို့ဝှက်နေစရာအကြောင်းမရှိ။

ထို့ပြင် နတ်မယ်ပြန်ရှင်သန်သည်ကိုလည်း အရိုးရိုင်း ကိုယ်တွေ့မြင်ခဲ့သည်။ ဂိုဏ်းအကြီးအကဲများထက် သူပိုသိထားသည်။

အရိုးရိုင်း သတိဖြင့်နောက်သို့ ခြေလှမ်းဆုတ်သွားသည်။ တအံ့တဩမျက်လုံးပြူးနေသည်။ အသစ်တည်ဆောက်ထားသည့် နတ်ဝိညာဉ်အခြေခံစွမ်းအားပင် မတည်မငြိမ်ဖြစ်လာသည်။

ပြီးခဲ့သည့်နှစ်လအတွင်း အဆင့်တက်ဖို့ တံခါးပိတ်ကျင့်နေခဲ့သဖြင့် အပြင်လောကအပြောင်းအလဲကြီးများကို သူမသိ။

"ဖီးနစ်...ဖီးနစ်မျိုးနွယ်"

သရဲတစ်ကောင်မြင်နေသကဲ့သို့ စကားသံအထစ်ထစ်အငေါ့ငေါ့ထွက်လာသည်။

လုယန်က သူ့ပုခုံးကိုပုတ်၍ စိတ်အေးအေးထားရန်အချက်ပြသည်။ အသားကင်ဆိုင်ထဲသို့ တွန်းသွားသည်။ လက်ဖက်ရည်ခွက်ကြီးနှစ်ခွက်သောက်ပြီးမှ အရိုးရိုင်းစိတ်ငြိမ်လာသည်။

လုယန်ဝင်လာသည်ကို သခင်လျိုမြင်သဖြင့် ဘိုးဘေးတစ်ယောက်လို လေးလေးစားစားဆက်ဆံသည်။ ဂိုဏ်းချုပ်နှင့် ထာဝရအရှင်ကို အမြန်သွားခေါ်ဖို့ လျှို့ဝှက်ညွှန်ကြားသည်။

"အခုတစ်လော ညီလေးအရိုးရိုင်းက ကျင့်ကြံမှုမှာ အတော်ဇွဲကောင်းနေလို့ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်သွားတာပါ။ ဒီကာလအတွင်း ကိစ္စအတော်များများ ဖြစ်ခဲ့တယ်..."

လုယန်ကပြုံး၍ နတ်ဆိုးနယ်မြေအတွေ့အကြုံများကို အစီစဉ်တကျရှင်းပြသည်။

အရိုးရိုင်းက လေးစားသည့်အကြည့်ဖြင့်ကြည့်သည်။ စံပြဖြစ်ထိုက်သည့်လူဟု တွေးနေသည်။ ထိုအဆင့်အတန်းမျိုး သူဘယ်အချိန်မှရောက်မည်မသိ။

သူတော်စင်ကပြောတယ်...ကိစ္စကြီးကြီးမားမားကြုံတဲ့အချိန်မှာ တည်ငြိမ်ပါစေတဲ့။ အကိုလုက တကယ်အဲလိုလူမျိုးပဲ...

သူကထိုသို့မဟုတ်။ ဖီးနစ်ဘိုးဘေးကို သက်ရှိထင်ရှားတွေ့ချိန်တွင် အရမ်းစိတ်လှုပ်ရှားခဲ့သည်။ ပညာရှင်မပီသ။ သူ့ကိုယ်သူပြန်သုံးသပ်ရမည်။

"ဒုခေါင်းဆောင်၊ ဒီကိုရောက်နေတာလား"

ထာဝရအရှင်နှင့် ထာဝရဂိုဏ်းချုပ်တို့ ဖုန်အလူးလူးဖြင့် မွေးမြူရေးခြံမှ ရောက်လာသည်။

"ခင်ဗျားဘေးကလူဟာ ဒဏ္ဍာရီဘိုးဘေး ကျန်းလျန်ယိလား"

လုယန်ဘေးတွင် အသံတိတ်ထိုင်နေသည့်ကျန်းလျန်ယိကို သတိထားမိသဖြင့် ထာဝရဂိုဏ်းချုပ် စပ်စုသည်။

မွေးမြူရေးခြံနှင့် အသားကင်ဆိုင်တွင် ရေရှည်အလုပ်လုပ်ခဲ့သော်လည်း သတင်းစုဆောင်းရာတွင် ကျွမ်းကျင်ခဲ့သည့် ဂိုဏ်းချုပ်ဘဝကို သူမေ့မသွား။

ဥပမာ အခုရက်ပိုင်း မုန့်ဆိုင်အသင်းက ဈေးနှုန်းမြှင့်ရန် စီစဉ်နေသည်။ ဟော့ပေါ့မဟာမိတ်က ဟင်းအမယ်သစ်များရောင်းချရန် ကြံနေသည်။ နတ်ဆိုးနိုင်ငံတည်ထောင်မှုနှင့်အတူ မြို့ပြင်တွင် အသားကြော်ဆိုင်သစ်တစ်ခု တိုးလာသည်။

ထို့ကြောင့် လုယန်ဘေးမှလူကို ရုပ်ဖျက်ထားသည့်ဖီးနစ်ဘိုးဘေးဖြစ်ကြောင်း ခန့်မှန်းဖို့မခက်လှ။

ကျန်းလျန်ယိအကြည့်က ဂိုဏ်းချုပ််နှင့် ထာဝရအရှင်ဆီရောက်သွားသည်။ အလိုမကျဟန်ဖြင့် မျက်လုံးများနည်းနည်းမှေးစင်းသွားသည်။

"နင့်က ငါ့အမပြန်ရှင်သန်တာကိုတားဖို့ ထာဝရအရိယဖလသန္ဓေတည်ဆောက်ခဲ့တဲ့လူလား"

ထာဝရအရှင် ကြောက်ချွေးပြန်လာသည်။ အထပ်ထပ်မှားယွင်းမိကြောင်းတောင်းပန်၍ ဒူးထောက်မတတ်ဖြစ်နေသည်။

နိုင်ငံ့ဆရာကိုတွေ့စဉ်က ရင်ဆိုင်တိုက်ခိုက်ဖို့ သူယုံကြည်ချက်ရှိခဲ့သေးသည်။ သို့သော် ကျန်းလျန်ယိနှင့်သူ့ကြား အဆင့်ချင်းကွာခြားလွန်းသည်။ ခန္ဓာကိုယ်ဖောက်ခွဲရုံဖြင့် ရင်ဆိုင်နိုင်မည့်ပြိုင်ဘက်မဟုတ်။ တိုက်ရိုက်ရင်ဆိုင်လျှင် ရှုံးဖို့သာရှိသည်။

ကျန်းလျန်ယိ အကြည့်ပြန်လွှဲလိုက်သည်။

"အင်း...နင်က သူများတွန်းပို့ခဲ့တဲ့ နယ်ရုပ်တစ်ကောင်ပါပဲ။ နင့်ကိုဒုက္ခပေးလို့ရော ဘာအကျိုးရှိမှာလဲ"

အသက်ဘေးမှလွတ်မြောက်လာသလို ထာဝရအရှင်ခံစားလိုက်ရသည်။

အခြေအနေနည်းနည်းတင်းမာလာသဖြင့် အဆင်ပြေသွားစေရန် ဂိုဏ်းချုပ်က အမြန်ရှေ့တက်လာပြီး သိုးသားကင်တစ်ပန်းကန်ချပေးသည်။

"ဒါက ကျုပ်တို့အဆင့်မြှင့်ထားတဲ့ သိုးသားကင်ပါ။ မြည်းကြည့်ပါဦး"

တစ်ချက်ကိုက်ကြည့်ပြီးနောက် လုယန် နည်းနည်းအံ့ဩသွားသည်။ အဆင့်မြှင့်သည့်နည်းက တကယ်ထူးခြားသည်။ အရင်ထက်ပင် ပိုအရသာရှိသည်။

အရိုးရိုင်းက နည်းနည်းစိတ်ဓာတ်ကျသွားသည်။ သူတို့အရိုင်းမျိုးနွယ်၏အသားကင်နည်းလမ်း အဆင့်လျှောသွား၍ဖြစ်သည်။

"ဘယ်လိုအဆင့်မြှင့်ထားတာလဲ"

ဂိုဏ်းချုပ်က နောက်ထပ်သိုးသားကင်အစိမ်းတစ်ပန်းကန် ချပေးသည်။

ပထမစားစဉ်က သတိထားမကြည့်မိခဲ့။ ဂိုဏ်းချုပ်လုပ်ရပ်ကြောင့် အသားကင်များ၏ထူးခြားချက်ကို ချက်ချင်းနားလည်လာသည်။

"သွေးနံ့လုံးဝမရှိဘူး။ အသားကင်ကိုကြည့်ရုံနဲ့ စိတ်အေးချမ်းတဲ့ခံစားချက်မျိုးရတယ်။ ဒီအသားကင်တွေကို သန့်စင်ထားတာလား"

"အဲလိုပဲဆိုပါတော့။ ဒါတွေကို စွန်စီးဘုံကျောင်းက ကိုယ်တော်ရှီချန်း ကောင်းချီးပေးထားတာပါ။ သူက သားသတ်တဲ့အချိန်မှာ ပြန်မွေးဖွားခြင်းမန္တာန်ရွတ်ပြီး တိရစ္ဆာန်တွေရဲ့ နာကျည်းဒေါသကို ရှင်းပေးတယ်။ အသားအရည်အသွေးကို အဆင့်သစ်တစ်ခုထိ ါမြှင့်တင်နိုင်ပါတယ်"

ဂိုဏ်းချုပ်က ရိုကျိုးစွာပြုံး၍ဖြေသည်။

လုယန် သဘောကျစွာခေါင်းငြိမ့်လိုက်သည်။

ထိုပြဿနာကို အရင်က သူမတွေးမိခဲ့။ သူတစ်ခါမှမတွေ့ဖူးသည့်ရှီချန်းသည် တကယ်ဉာဏ်ထက်ပုံရသည်။ သူ့ကိုမမီသော်လည်း မုန်ကျင်းကျိုးဉာဏ်ရည်နှင့် တန်းတူအဆင့်ရှိသည်။

"တကယ်ဈေးကွက်ချဲ့ထွင်နိုင်မယ့်အလားအလာပဲ"

အပြင်လောကတွင် ပျံနှံ့လာမည့် အသားကင်ဆိုင်များအကြောင်း လုယန်တွေးမိသည်။

ပြန်မွေးဖွားခြင်းမန္တာန်ဖြင့် ကောင်းချီးပေးထားသည့်အသားကိုသုံးလျှင် အနံ့အရသာပိုကောင်းလာမည်။ လုပ်ငန်းလည်းပိုတိုးတက်လာမည်။

ကျန်းလျန်ယိလည်း အသားကင်အရသာကောင်းသည်ဟု ခံစားရသည်။

"အတော်ကောင်းတဲ့အသားကင်တွေပါ။ ငါကင်တဲအသားကင်လောက် မကောင်းတာပဲရှိတယ်"

လုယန် ကြောက်ချွေးပြန်လာသည်။

ကျန်းလျန်ယိ၏ ဟင်းချက်စွမ်းရည်သည် ယင်ထန်မသေမျိုးကို ဘဝပုံရိပ်များပြန်မြင်ယောင်လာအောင် လုပ်နိုင်စွမ်းရှိသည်။

ကျင့်စဉ်စွမ်းအားမမြင့်လျှင် သူ့အသားကင်ကို ဘယ်သူစားရဲမည်နည်း။

သို့သော် ကျန်းလျန်ယိက သူ့လက်စွမ်းထုတ်ပြဖို့ ရည်ရွယ်ချက်မရှိ။ ထို့ကြောင့် လုယန် သက်ပြင်းချလိုက်သည်။

သခင်လျိုနှင့်သခင်ကောင်းက မြန်ဆန်ကျွမ်းကျင်သည်။ အသားကင်တစ်သုတ်ပြီးတစ်သုတ် ကင်သည်။

"လာကြ။ ညီလေးအရိုးရိုင်း နတ်ဝိညာဉ်အဆင့်တက်တာကို ဂုဏ်ပြုကြစို့"

လုယန် ဂုဏ်ပြုပွဲစီစဉ်သည်။ အားလုံး ခွက်မြှောက်ကြသည်။

"ခဏနေပါဦး"

အရိုးရိုင်းက တောင်းတောင်းပန်ပန်ပြောသည်။

လုယန်နှင့် ကျန်းလျန်ယိတို့ တွေးရခက်နေစဉ်မှာပင် အရိုးရိုင်းက သူ့နတ်ဝိညာဉ်ကို ထုတ်ပြသည်။

နတ်ဝိညာဉ်က အတော်ဝါရင့်ပုံပေါ်သည်။ ကလေးခန္ဓာကိုယ်နှင့် အသက်ခြောက်ဆယ်မျက်နှာမျိုးရှိသည်။

အရိုးရိုင်းက သိုးသားကင်သုံးခုကို နတ်ဝိညာဉ်ရှေ့တွင်ထား၍ ရှိခိုးသည်။

"အထက်ဘိုးဘေးတို့၊ အရင်စားကြပါ"

ပူဇော်သည့်ဓလေ့ ပြီးဆုံးပြီးနောက်

"ညီလေး၊ မင်းနတ်ဝိညာဉ်က အတော်ရင့်ကျက်တဲ့ပုံပဲ‌.."

လုယန် မျက်ခုံးနည်းနည်းတွန့်သွားသည်။

ဘယ်လိုနတ်ဝိညာဉ်မျိုးမှန်းမသိ။

ကျန်းလျန်ယိကို သူလှည့်ကြည့်သည်။ ကျန်းလျန်ယိလည်း တစ်ခါမှမမြင်ဖူးကြောင်း ခေါင်းခါပြသည်။

အရိုးရိုင်းက ရှက်ကိုးရှက်ကန်းရယ်သည်။

"ကျုပ်ရွှေသန္ဓေက ဘိုးဘေးရွှေသန္ဓေပါ။ ဘိုးဘေးတွေကျုပ်ကိုပူးကပ်ပြီး တိုက်ပွဲမှာကူညီပေးဖို့ ဆင့်ခေါ်နိုင်တယ်။

သန္ဓေခွဲပြီး ဝိညာဉ်တည်ဆောက်တော့။ ကျုပ်နတ်ဝိညာဉ်က ဘိုးဘေးတွေရဲ့ရုပ်ရည်ပေါ်လာတယ်။

ဒါပေမယ့် ရုပ်ရည်က ကျပမ်းပါ။ မျက်နှာက မကြာခဏပြောင်းတယ်။ ဘယ်ဘိုးဘေးနဲ့တူမလဲဆိုတာ သေချာမသိနိုင်ဘူး။

ဘယ်သူဘဲပြောင်းပြောင်း သူတို့အားလုံးက ကျုပ်ဘိုးဘေးတွေလေ။ ဒါကြောင့် မစားခင် သူတို့ကိုအရင်ပူဇော်သင့်တယ်ထင်လို့ပါ"

လုယန် "..."

"မင်းရဲ့နတ်ဝိညာဉ်က စွမ်းဆောင်ရည်တစ်ခုခုရှိလား"

"ရှိပါတယ်။ နတ်ဝိညာဉ်အသွင်ယူတဲ့ ဘိုးဘေးအပေါ်မူတည်ပြီး သူ့စွမ်းရည်တွေကို ယူလို့ရတယ်။

အသက်ရှင်စဉ်တုန်းက လေဟာနယ်မှော်ပညာကျွမ်းကျင်တဲ့ဘိုးဘေးဆိုရင် လေဟာနယ်မှော်ပညာတွေ ကျုပ်ထုတ်သုံးနိုင်တယ်။

အမြန်နှုန်းကြောင့်နာမည်ကျော်တဲ့ ဘိုးဘေးဆိုရင် ကျုပ်အမြန်နှုန်း တိုးတက်လာမယ်။ အဲလိုမျိုးပေါ့"

"အံ့ဩစရာပါလား။ ဒါဆို အခုမင်းလက်ရှိပူဇော်နေတဲ့ဘိုးဘေးကရော အသက်ရှင်တဲ့အချိန်တုန်းက ဘာကျွမ်းကျင်လဲ"

"ဒီဘိုးဘေးက အတော်စွမ်းအားကြီးတယ်။ ရှေးဟောင်းခေတ်က မသေမျိုးတစ်ယောက်ရဲ့နောက်လိုက်ပါ။ ရိုးရှင်းတဲ့စိတ်ဓာတ်ကြောင့် နာမည်ကျော်တယ်"

****************************************

All Chapters