← Chapters

နတ်ဝိညာဉ်စွမ်းအား

Vol. 43 Ch. 636

နတ်ဝိညာဉ်စွမ်းအား

Vol. 43 Ch. 636

အားလုံးအံ့အားသင့်နေသဖြင့် နှစ်လကြာဒုက္ခခံလေ့ကျင့်ခဲ့ရသည်မှာ ထိုက်တန်ကြောင်း မုန်ကျင်းကျိုးသိလိုက်သည်။

နတ်ဝိညာဉ်အဆင့်ပြိုင်ဘက်ကင်းဖြစ်သည့် သူ့လိုလူကို ဘာမဟုတ်သည့်လုယန်နှင့် ဘယ်လိုနှိုင်းယှဉ်နိုင်မည်နည်း။

အဆင့်တိုင်းတွင် ထူးခြားသည့်အကျိုးကျေးဇူးများရှိသည်။ ကျင့်စဉ်အဆင့်အရေအတွက်မှန်အောင်စီလျှင် သူသည်ပထမဆုံးနှင့်နောက်ဆုံးဟု ကြွေးကြော်နိုင်သည်။

(ရွှေသန္ဓေ၊'အမွှာဝိညာဉ်အဆင့်'၊ နတ်ဝိညာဉ်အဆင့်ဟု ထပ်ထည့်ရမည်ကို ဆိုလိုပါသည်။ အမှန်တော့သတ်မှတ်မထားပါ)

မုန်ကျင်းကျိုး ပြန်ထိုင်၍ အကင်နှစ်ခုကောက်ပြီး အနံ့ခံကြည့်သည်။ တစ်ခုခုထူးခြားကြောင်း ချက်ချင်းနားလည်လာသည်။

"အရင်ထက်အနံ့ပိုမွှေးတယ်"

နှစ်ချက်ကိုက်ဝါးပြီးနောက် ထူးခြားကြောင်း သေချာသွားသည်။

"အရသာလည်းအရင်ထက်ပိုကောင်းလာတယ်"

"ဒါတွေက ကောင်းချီးရထားတာ"

"ဘာကောင်းချီးရတာလဲ"

ဂိုဏ်းချုပ်၏စကားကို လုယန်ပြန်ပြောပြသည်။ မုန်ကျင်းကျိုးလည်း တကယ်လေးစားသွားသည်။

ထိုတစ်ခါမှမတွေ့ဖူးသည့် ရှီချန်းသည် တကယ်ပါရမီထူးပုံရသည်။ သူပြီးလျှင် ဒုတိယလိုက်သည်။ လုယန်နှင့် ဉာဏ်ရည်တူလောက်သည်။

အကင်အရသာ ပိုကောင်းလာသဖြင့် မုန်ကျင်းကျိုး၏စားချင်စိတ်လည်း ပိုတိုးလာသည်။

အကင်တစ်ခုလက်ထဲကိုင်၍ လုယန်နှင့်လက်ဖက်ရည်ခွက်တိုက်ပြီး မြိန်ရေယှက်ရေစားနေသည်။

ကျောက်ကပ်ကင်နှင့် ‌ရေဘဝဲကင်များကိုလည်း သူအကုန်စားသည်။ အရိုးရိုင်း အတော်အံ့ဩသွားသည်။

အရိုးရိုင်းမျက်နှာကိုကြည့်၍ မုန်ကျင်းကျိုးက ခပ်အေးအေးရှင်းပြသည်။

"နတ်ဝိညာဉ်တည်ဆောက်တဲ့ တစ်ခြားအကျိုးကျေးဇူးတစ်ခုက ငါသွေးတွေဟာ အကောင်းဆုံးယန်အားဖြည့်ဆေးတွေဖြစ်လာတာပဲ။

အခု ဘယ်အားတိုးဆေး ဘယ်လိင်စိတ်ကြွဆေးမှ ငါ့အပေါ်မသက်ရောက်နိုင်ဘူး"

လက်ရှိမုန်ကျင်းကျိုးသည် ဂန္တဝင်အားတိုးဆေးကြီးနှင့်တူသည်။ သူ့သွေးတစ်စက်သည် အပြင်လောကတွင် မိုးထိမတတ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ပေလိမ့်မည်။

မုန်ကျင်းကျိုးဆန္ဒရှိလျှင် ဆောင်ကြာမြိုင်တွင် ပျော်ပါးရင်း ညတိုင်းနေနိုင်သည်။

သူဆန္ဒရှိမရှိ...

ရှိပါသည်။

"အကိုမုန်က အံ့ဩစရာလူပဲ"

အရိုင်းရိုင်းက လက်မထောင်၍ချီးကျူးသည်။

"မင်းရဲ့ခန္ဓာတည်ဆောက်ပုံကိုမြင်တော့ ယန်ခုန်တုန်အကြောင်း သတိရတယ်"

ကျန်းလျန်ယိ ရုတ်တရက်ပြောသည်။

"ယန်ခုန်တုန်က ဘယ်သူလဲ"

လုယန် ဦးနှောက်ထဲအပြေးတစ်ပိုင်းစဉ်းစားသည်။ ထိုနာမည်ကိုမမှတ်မိ။

"ဟာရမ်ရွှေသန္ဓေတည်ဆောက်ခဲ့တဲ့လူလေ။ နတ်မယ်က မင်းကိုမပြောဘူးလား"

ကျန်းလျန်ယိ နည်းနည်းအံ့ဩသည်။ ယန်ခုန်တုန်သည် ရှေးဟောင်းခေတ်တွင် အတော်နာမည်ကြီးသည်။

"ဪ...သူလား"

ထိုလူ့နာမည်ကို နတ်မယ်မပြောခဲ့။

"ယန်ခုန်တုန်ရဲ့ဟာရယ်ရွှေသန္ဓေက သူ့ဟာရမ်မိန်းမအားလုံးကို တစ်ပြိုင်တည်းရယူပြီး တည်ဆောက်ထားတာ။

သူ့တိုက်ခိုက်စွမ်းအား တစ်ရှိန်ထိုးမြင့်တက်လာတယ်။ ရှေးဟောင်းခေတ်ရဲ့ အကောင်းဆုံးရွှေသန္ဓေဆိုပြီး နာမည်ရခဲ့တယ်။

သူနဲ့ဟာရမ်အဖွဲ့ နတ်ဝိညာဉ်အဆင့်ထိကျင့်ကြံလိုက်တော့ ဟာရမ်နတ်ဝိညာဉ်တွေဖြစ်လာတာပေါ့။ တိုက်ပွဲကျရင် အဲဒီ့ဟာရမ်နတ်ဝိညာဉ်တွေကို ဆင့်ခေါ်ပြီး သူနဲ့အတူတိုက်ခိုက်ခိုင်းတယ်"

မြင်ကွင်းကို လုယန်မြင်ယောင်ကြည့်သည်။ ယန်ခုန်တုန်က တိုက်ပွဲထဲပြေးဝင်သွားမည်။ သူ့နောက်မှ ကလေးငယ်ရှစ်ယောက်ကိုးယောက် အော်ဟစ်ကြုံးဝါးပြီးလိုက်လာမည်။

အတော်ထူးဆန်းသည့်မြင်ကွင်းဖြစ်မည်။

"ယန်ခုန်တုန်ရဲ့ခန္ဓာကိုက ကာမကျင့်ကြံမှုခန္ဓာလို့ခေါ်တယ်။ သဘာဝအလျောက် ချစ်ရေးကံကြမ္မာကောင်းချီးရထားတာ။

ယင်ယန်ကျင့်စဉ် ကျင့်ကြံတယ်။ သူနဲ့ကျင့်ကြံတဲ့မိန်းမအရေအတွက်များလေ သူ့ကျင့်စဉ်စွမ်းအားမြန်မြန်တိုးတက်လေပဲ။

ကာမကိစ္စမှာ သူ့ခန္ဓာကိုယ်ကလည်း ခုခံနိုင်စွမ်းအတော်မြင့်တယ်။ သူ့သွေးကလေး ယန်အားတိုးတက်စေတဲ့ အာနိသင်ရှိတယ်။

တစ်ခါမှာ သူ့ဟာရမ်မိန်းမအရေအတွက် တစ်ရာကျော်ရှိခဲ့တယ်"

မုန်ကျင်းကျိုးမျက်လုံးများ အားကျရိပ်သန်းလာသည်။ နှစ်ယောက်လုံး ယန်အားတိုးသည့်ခန္ဓာများရှိသည်။ ဘာကြောင့် ထိုလူ၏ကံကြမ္မာနှင့် သူယှဉ်မရသနည်း။

လောကကြီးသည် တရားမျှတမှုမရှိ။

"သူ့ကိုမနာလိုဖြစ်စရာမလိုပါဘူး။ ယန်ခုန်တုန်က အချစ်ရေးကံကောင်းပေမယ့် အဲဒါကြောင့်ပဲ အဖြစ်ဆိုးကြုံခဲ့ရတာ။

သူ့မိန်းမတွေကြားက ပြဿနာကို ကောင်းကောင်းမစီမံနိုင်တော့ အားလုံးကသူ့ကို တစ်စစီဆွဲဆုတ်ပြီး ပြိုင်တူသတ်ကြတယ်။ တကယ်အသေဆိုးနဲ့သေခဲ့တာ"

မုန်ကျင်းကျိုး တုန်လှုပ်သွားသည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်ဖြစ်ရသည်မှာလည်း သိပ်မဆိုးဟုထင်မိသည်။

"နေပါဦး အကြီးအကဲလျန်ယိ၊ ယန်ခုန်တုန်က သူ့ဟာရမ်နတ်ဝိညာဉ်တွေကို တိုက်ပွဲမှာသုံးနိုင်တယ်ပေါ့"

မုန်ကျင်းကျိုးက ကောက်ကာငင်ကာမေးသည်။

"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ"

မုန်ကျင်းကျိုး မေးကိုပွတ်ရင်း ရဲတင်းသည်အကြံတစ်ခုထုတ်ပြောသည်။

"ယန်ခုန်တုန်က တစ်ခြားလူရဲ့နတ်ဝိညာဉ်ကို တိုက်ခိုက်ဖို့သုံးနိုင်တယ်ဆိုရင် ကျုပ်လည်း တစ်ခြားလူရဲ့နတ်ဝိညာဉ်ကို တိုက်ခိုက်ဖို့မသုံးနိုင်လောက်ဘူးလား"

"..."

မုန်ကျင်းကျိုးက အလေးအနက်တွေးဆ၍ ပြောနေခြင်းဖြစ်သည်။

"စဉ်းစားကြည့်ပါ။ ယန်ခုန်တုန်ရဲ့ဟာရမ်အဖွဲ့ဟာ လူတစ်ရာရှိတယ်။ အဲဒါဟာရမ်နဲ့တူလား။

ဒါက ရာဂသက်သက်ပဲ။ ရာဂစိတ်သုံးပြီး တစ်ခြားလူရဲ့နတ်ဝိညာဉ်တွေကို တိုက်ခိုက်ဖို့ငှားယူတာ။

ဒါဆို ခင်မင်ရင်းနှီးမှုကိုသုံးပြီး အဲလိုလုပ်လို့မရလောက်ဘူးလား"

မည်သို့ဆိုစေ သူ့သည် နတ်ဝိညာဉ်နှစ်ခုရှိနေပြီဖြစ်သည်။ နောက်ထပ် နည်းနည်းပိုတိုးလာလည်း ပြဿနာရှိနိုင်မည်မထင်။

မုန်ကျင်းကျိုးအယူအဆကြောင့် ကျန်းလျန်ယိ မျက်လုံးနည်းနည်းပြူးသွားသည်။ ထို့ပြင် ထိုအယူအဆကလည်း တကယ်ဖြစ်နိုင်ခြေရှိသည်။

"ရချင်ရနိုင်ပါတယ်။ ငါ့မှာ ယန်ခုန်တုန်သုံးခဲ့တဲ့ ကျင့်စဉ်နည်းလမ်းကျမ်းကိုးလည်းရှိတယ်"

စိတ်ကူးသစ်တစ်ခုကြောင့် လေးယောက်လုံး စိတ်လှုပ်ရှားလာသည်။

တစ်ဝက်ကျန်သေးသည့် အသားကင်များကို ချထားခဲ့ပြီး ကောင်းကင်ဂိတ်တောင်ထိပ်သို့အမြန်ပြန်သည်။ ထိုနည်းလမ်းဖြစ်နိုင်ခြေရှိမရှိ အမယွမ်နှင့်ဆွေးနွေးရမည်။

လုယန်၏ကျင့်စဉ်ကျမ်းကို ယွမ်ကျိရေးပြီးစမှာပင် သူတို့ရောက်သွားပြီး အကျိုးအကြောင်းပြောသည်။

"ယန်ခုန်တုန်တဲ့လား...ကာမကျင့်ကြံမှုခန္ဓာ..ဟာရမ်ရွှေသန္ဓေပေါ့"

ယွမ်ကျိ ထိုအကြောင်းမကြားဖူး။ ရှေးဟောင်းခေတ်သမိုင်းကြောင်းအားလုံး ယနေ့ထိမှတ်တမ်းကျန်ခဲ့သည်မဟုတ်။

နတ်မယ်က သိစိတ်နယ်မြေမှထွက်လာသည်။ ယန်ခုန်တုန်တကယ်ရှိခဲ့ကြောင်း အတည်ပြုသည်။

နတ်မယ်ကိုမြင်သည်နှင့် အရိုးရိုင်းအတော်စိတ်လှုပ်ရှားလာသည်။ နတ်မယ်သည် ရှေးဟောင်းအရိုင်းမျိုးနွယ်ကို ဖန်တီးခဲ့သည့်မသေမျိုးဖြစ်ကြောင်း လုယန်ပြောပြထားသည်။

ယန်ခုန်တုန်၏ကျင့်စဉ်ကျမ်းကို ကျန်းလျန်ယိထုတ်ပြသည်။ 'ဘက်စုံကျင့်ကြံနည်း'ဟု နာမည်ပေးထားသည်။

ယွမ်ကျိ၊နတ်မယ်၊ကျန်းလျန်ယိနှင့် လုယန်တို့က ထိုကျင့်စဉ်ကျမ်းကို ချက်ချင်းသဘောပေါက်ကြသည်။

"အများစုက ဟာရမ်နဲ့ဘယ်လိုကျင့်ကြံရမလဲဆိုတာ ဖော်ပြထားတာ။ ရှောင်မုန်အတွက် အသုံးမဝင်ဘူး။ ဒါပေမယ့် ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်နဲ့ပတ်သက်တဲ့ 'စွမ်းအားငှား'တဲ့အယူအဆကိုတော့ သုံးနိုင်ပါတယ်"

ကျင့်စဉ်ကျမ်းမှ အခန်းနှစ်ခုကို ယွမ်ကျိထောက်ပြသည်။

သူမတွေးဖူးသည့် နည်းလမ်းဖြစ်သည်။ သူ့တွင် ရွှေသန္ဓေများစွာရှိသည်။ ထိုနည်းလမ်းမျိုးသုံးဖို့မလို။

"မုန်မျိုးရိုးကောင်လေးကို အရင်စမ်းကြည့်ခိုင်းတာပေါ့။ သူ့ခန္ဓာတည်ဆောက်ပုံက ယန်ခုန်တုန်နဲ့ အနီးစပ်ဆုံးပဲ။ ဒီတော့ နတ်ဝိညာဉ်ငှားတဲ့ကိစ္စကို သူအောင်မြင်နိုင်ခြေအရှိဆုံးပဲ"

နတ်မယ်က အကြံပြုသည်။

လူလေးယောက် မုန်ကျင်းကျိုးကိုလေ့လာသည်။ ဝိညာဉ်ငှားယူမည့် ကျင့်စဉ်နည်းလမ်းကို ပြင်ဆင်ညှိနှိုင်းသည်။

နတ်ဝိညာဉ်ဘိုးဘေးနှင့် အရိုးရိုင်းတို့က အခြေအနေကို ငြိမ်၍သာစောင့်နေရသည်။

'ငါတို့ဘိုးဘေးတွေထဲမှာ ဉာဏ်ပညာနဲ့နာမည်ကျော်တဲ့လူ ဘာကြောင့်တစ်ယောက်မှမရှိတာလဲ'

ဘိုးဘေးများ၏ဗီဇစွမ်းရည်ကိုတွေးရင်း အရိုးရိုင်း နည်းနည်းဝမ်းနည်းမိသည်။

မကြာမီ နေ့တစ်ပိုင်းကုန်လွန်သွားသည်။ ညမှမနက်သို့ကူးချိန်တွင် တိုးတက်မှုတစ်ချို့ရှိလာသည်။

"ရှောင်မုန်၊ ဒီစာရွက်မှာရေးထားးတဲ့နည်လမ်းကို စမ်းကြည့်ပါ"

တည်းဖြတ်ပြင်ဆင်ထားသည့် ကျင့်စဉ်နည်းစာရွက်ကို ယွမ်ကျိလှမ်းပေးသည်။

မုန်ကျင်းကျိုးက ရတနာလိုသဘောထား၍ အားကြိုးမာန်တက်လေ့လာသည်။

သူ့နားလည်နိုင်စွမ်းက လုယန်ထက်မနိမ့်။

မကြာမီ စာရွက်ပေါ်မှကျင့်စဉ်နည်းကို နားလည်သွားသည်။ ဘက်စုံကျင့်စဉ်ကျမ်းထဲမှ "ရာဂ"နေရာတွင် "ခင်မင်စိတ်"ဖြင့် အစားထိုးရခြင်းဖြစ်သည်။

"လောင်လု၊ အတူစမ်းကြည့်ရအောင်"

သူ့အခိုင်မာဆုံးသံယောဇဉ်ဆိုလျှင် လုယန်နှင့်သာဖြစ်မည်။

"ကောင်းပြီလေ"

နှစ်ယောက်သား ကျင့်စဉ်နည်းလမ်းကို လည်ပတ်၍ စွမ်းအင်ရောင်ပေါင်းစပ်သည်။

ကျင့်စဉ်နည်းလမ်းက တကယ်အကျိုးထူးသည်။ လုယန်၏ပြိုင်ဘက်ကင်းနတ်ဝိညာဉ် ဦးခေါင်းပေါ်တက်လာပြီး မုန်ကျင်းကျိုး၏ဒန်ထန်ထဲသို့ ပျံဝင်သွားသည်။

မုန်ကျင်းကျိုးဝမ်းသာအားရထရပ်သည်။

"ဟားဟား၊ အလုပ်ဖြစ်တယ်ကွ။ အခုငါ့မှာ နတ်ဝိညာဉ်သုံးခုရှိသွားပြီ"

ဝိညာဉ်သုံးခုအထောက်အပံ့ကြောင့် တစ်ကိုယ်လုံးစွမ်းအားပြည့်နေသလို ခံစားရသည်။

လုယန်က တုံ့ဆိုင်းဆိုင်းလေသံဖြင့်

"ငါ့နတ်ဝိညာဉ်က ထိန်းချုပ်ဖို့မလွယ်ဘူး။ အတော်လေး...အဲ...စွယ်စုံရတယ်။ ဂရုစိုက်ပါလောင်မုန်"

မုန်ကျင်းကျိုးက အရေးမစိုက်ဘဲ အော်ဟစ်ရယ်မောနေသည်။

"မင်းဘာတွေပြောနေတာလဲကွ။ ငါ့ထဲမှာ နတ်ဝိညာဉ်နှစ်ခုရှိတယ်လေ။ မင်းဝိညာဉ်က စွယ်စုံရရင်တောင် ဘာကြောက်စရာရှိလဲ"

ထို့နောက် မုန်ကျင်းကျိုး အကြီးအကျယ်မျက်နှာပျက်သွားသည်။ ဒန်ထန်မှ ပြင်းထန်သည့်ဝေဒနာတစ်ခု ခံစားလိုက်ရသည်။ ထိုနေရာတွင် ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။

လုယန်၏နတ်ဝိညာဉ်က သူ့ကိုယ်ပိုင်နတ်ဝိညာဉ်နှစ်ခုကို ရိုက်နှက်နေခြင်းဖြစ်သည်။

*********************************

All Chapters