← Chapters

ဓားဆေးကန်

Vol. 43 Ch. 638

ဓားဆေးကန်

Vol. 43 Ch. 638

နတ်ဝိညာဉ်ထွက်ပြေးနှုန်းက လျှပ်စီးလိုမြန်လှသည်။ သူပင် ထိုလောက်မြန်မြန်မပျံသန်းနိုင်ကြောင်း လုယန်သိသည်။

သို့သော် ဘယ်လောက်မြန်သည်ဖြစ်စေ ယွမ်ကျိ၏လက်ဝါးအောက်မှ မလွတ်နိုင်။

လက်ကို ဖမ်းဆုပ်သည့်ဟန်မျိုး လှုပ်ရှားသည်။ ဂိုဏ်းနယ်နိမိတ်ကိုကျော်ဖြတ်တော့မည့် နတ်ဝိညာဉ်ကို ပြန်ဆွဲခေါ်သည်။

ဖမ်းခေါ်ချိန်မှာပင် နတ်ဝိညာဉ်က လုံးဝလက်မလျှော့သေး။ နည်းလမ်းမျိုးစုံသုံး၍ လွတ်အောင်ကြိုးစားသည်။ မြေစုံ့ပညာ၊ မြေပြင်ထောင်ဆွဲပညာ၊ မိုင်တစ်လှမ်းထောင်ချီ၊ အရဟတ်လက်သီး...

နတ်ဝိညာဉ်အဆင့်ပြိုင်ဘက်သာဆိုလျှင် အစောကြီးကတည်းက အသေရိုက်ခံရပြီးဖြစ်သည်။

သို့သော် ပြိုင်ဘက်က နတ်ဝိညာဉ်အဆင့်မဟုတ်။ ထိုကြိုးစားအားထုတ်မှုအားလုံး အရာမထင်။

စွမ်းအားပြည့်သုံး၍ ထွက်ပြေးဖို့ တိုက်ခိုက်ဖို့ကြိုးစားသော်လည်း ယွမ်ကျိကို မယှဉ်နိုင်။

သွားဖြဲပြသည်။ လက်သည်းဖြင့်ကုတ်သည်။ ဆက်တိုက်ခိုက်ရန်ကြိုးစားသည်။ နောက်ဆုံးတွင် ယွမ်ကျိက သူ့နဖူးကိုပုတ်လိုက်မှ ငေးကြောင်၍ ငြိမ်ကျသွားသည်။

ယွမ်ကျိ နတ်ဝိညာဉ်၏ခြေထောက်မှဆွဲကိုင်၍ တွေးတွေးဆဆဟန်ဖြင့် ရှေ့နောက်လွှဲယမ်းကြည့်သည်။

"ဒီလိုတိုက်ခိုက်စွမ်းအားမျိုးက တကယ်ထူးခြားတယ်။ တိုက်ခိုက်တာတကယ်ကောင်းတယ်"

ထိုသို့ပြောပြီး နတ်ဝိညာဉ်ကို လုယန်ဆီ ပြန်ပစ်ပေးသည်။

"ဒါပေမယ့် မင်းပြောတဲ့နည်းလမ်းက သိပ်မသင့်တော်ဘူး။ ဒီနတ်ဝိညာဉ်ကို အနိုင်ယူနိုင်အောင် မင်းလေ့ကျင့်ဖို့လိုသေးတယ်"

"ဟုတ်ကဲ့"

ဖန်တီးခြင်းရှေးဟောင်းမြေမှယူလာသည့် ခုနစ်စဉ်ကြယ်ဓားများက သူ့ကျောက်စိမ်းတံဆိပ်ထဲ ပျင်းပျင်းရိရိ မလှုပ်မယှက်လဲလျောင်းနေကြသည်။ ကောင်းကင်ပလ္လင်တွင် ဂိုဏ်းသခင်လေးလုအဖြစ် သရုပ်ဆောင်စဉ်ကသာ ထိုထဲမှ ဓားတစ်ချောင်းထုတ်သုံးခဲ့သည်။

သူ့ရည်ရွယ်သည်က ထိုသို့မဟုတ်။ ခုနစ်စဉ်ကြယ်ဓားစုနှင့် ဓားမှော်စက်ဝန်းတစ်ခု တည်ဆောက်ချင်ခဲ့သည်။

ဓားကျင့်ကြံသူများအတွက် လမ်းကြောင်းနှစ်ခုရှိသည်။ လူနှစ်ဓားတစ်သားတည်းဖြစ်ပြီး ဓားတစ်လက်ဖြင့် မှော်စွမ်းအင်အားလုံးကို ချိုးဖျက်ဖို့ လေ့ကျင့်ရသည်။ သို့မဟုတ် ဓားမှော်စက်ဝန်းကျွမ်းကျင်ဖို့ ကြိုးစားရသည်။ ထိုနည်းလမ်းက ဓားစွမ်းအားကို မူလစွမ်းဆောင်ရည်ထက် တိုးမြှင့်နိုင်သည်။ အတော်မှော်ဆန်သည်။

သို့သော် လုယန်၏ဆရာက အပြင်လောကသို့ စောစောထွက်သွားသည်။ ယွမ်ကျိနှင့်ကျန်းလျန်ယိလည်း ဓားမှော်စက်ဝန်းပညာ မကျွမ်းကျင်။ ထို့ကြောင့် သင်ပြမည့်သူမရှိ။

ကျန်းလျန်ယိသာ ဓားမှော်စက်ဝန်းပညာကျွမ်းကျင်ခဲ့လျှင် ချီလင်မသေမျိုးဒူးထောက်သည့် ဓားမှော်စက်ဝန်းတွင် ဉာဏ်ကူထားသည်ကို သိခဲ့ပေလိမ့်မည်။

သို့သော် သတင်းကောင်းတော့ရှိသည်။ နတ်မယ်ခြိမ်းခြောက်မှုကြောင့် ခုနစ်စဉ်ကြယ်ဓားစုက အပိုးကျိုးသွားသည်။ လုယန်ကို မဆန့်ကျင်ရဲတော့။ ထို့ကြောင့် ယဉ်ပါးအောင်သန့်စဉ်ဖို့ အချိန်ကုန်သက်သာသွားသည်။

"ရှောင်လု၊ ဓားပညာကျင့်ကြံချင်ရင် ဓားဆေးကန်မှာ စမ်းကြည့်လို့ရတယ်။ ဓားဆေးကန်မှာ အကျိုးထူးလာပြီဆိုရင် ငါ့ဆီမှာ မင်းလေ့လာနိုင်တဲ့ ဓားစက်ဝန်းပညာတွေရှိပါတယ်"

ရန်သူကိုအနိုင်ယူ၍ ရခဲ့သည့် ပစ္စည်းများထဲမှ လုယန်သုံးနိုင်မည့်အရာများကို ယွမ်ကျိက တွေးတွေးဆဆပြောသည်။

"ဓားဆေးကန်..."

ဂိုဏ်းတွင် ဓားဆေးကန်ရှိမှန်း သူမသိ။

"အရင်က ဆရာဓားရေးကျင့်တဲ့နေရာပါ။ နောက်ပိုင်းတော့ ဆရာ့ဓားပညာက အဆင့်မြင့်သွားတယ်။ သူ့ဓားကို သန့်စင်ဖို့မလိုတော့ဘူး။ အဲတော့ ဓားဆေးကန်ကိုလည်း မသုံးတော့ဘူး"

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များထဲတွင် ဓားကိုလက်နက်အဖြစ်သုံးသူ များစွာရှိပါသည်။ သို့သော် ဓားကျင့်ကြံသူအစစ်ဟု သတ်မှတ်နိုင်သူ လုယန်တစ်ယောက်သာရှိသည်။

ဓားဝိညာဉ်မြစ်က ရှားပါးသည်။

ဓားဝိညာဉ်မြစ်ပိုင်ရှင်ဟူ၍ ဤဂိုဏ်းတွင် ဝစီပိတ်ပြီးလျှင် လုယန်သာရှိသည်။

"တောင်ပေါ်ကဆင်းရင် အရှေ့ဘက်ကို မိုင်ရှစ်ရာလောက်သွားလိုက်။ အဲဒီမှာ ဓားဆေးကန်ကို မင်းတွေ့လိမ့်မယ်"

ယွမ်ကျိက လမ်းညွှန်သည်။

"လောလောဆယ်မင်းက ခုနစ်စဉ်ကြယ်ဓားစုကို အတင်းထိန်းချုပ်ထားတဲ့သဘောပဲ။ သူတို့နဲ့ ဆက်သွယ်မှုမတည်ဆောက်ရသေးဘူး။

ဓားဆေးကန်က မင်းနဲ့ဓားစုကြားကဆက်သွယ်မှုကို တိုးမြှင့်ပေးနိုင်တယ်။ ဓားစုကို အပြည့်အဝထိန်းချုပ်နိုင်အောင် ကူညီလိမ့်မယ်။ ဒါဟာ ဓားစက်ဝန်းပညာရဲ့ အခြေခံပဲ။

ဓားဆေးကန်က ကျင့်ကြံသူတွေနဲ့ဓားတွေရဲ့ နာကျဉ်းစွမ်းအင်တွေကို ဆေးကြောပြီး သဟဇာတဖြစ်အောင် လုပ်နိုင်တယ်။ တို့ဆရာပဲ အဲဒီ့မှာလေ့ကျင့်ခဲ့တာမဟုတ်ဘူး။

ဘိုးဘေးဆရာလည်း ဓားဆေးကန်ကို မကြာခဏသွားကျင့်ကြံတယ်"

"ဘယ်လို။ ဘိုးဘေးဆရာလည်း ဓားကျင့်ကြံသူလား"

အကျဉ်းထောင်စောင့်သည့် ကလေးဘိုးဘေးဆရာထန်ရှန်းယိကို ဓားကျင့်ကြံသူဟု သူမထင်ခဲ့။

"မဟုတ်ဘူး။ သူက တို့ဆရာအပေါ်ဖြစ်နေတဲ့ နာကျည်းဒေါသတွေကို ဆေးကြောဖို့သွားတာ။ ဒေါသကြောင့် လက်လွန်ခြေလွန်ဖြစ်ပြီး တို့ဆရာကို သတ်မိမှာစိုးလို့"

"..."

တစ်ခါတစ်လေ လုယန်တွေးမိသည်။ သူ့ဆရာဝစီပိတ် ယနေ့ထိအသက်ရှင်နေထိုင်နိုင်ခဲ့သည်မှာ သိပ်တော့မလွယ်လှ။

ကျန်းလျန်ယိက ဓားဆေးကန်ကိုစိတ်မဝင်စားသဖြင့် အကျဉ်းထောင်တောင်ထိပ်သို့ သွားလိုကြောင်းပြောသည်။

ယွမ်ကျိက ဝမ်းမြောက်ဝမ်းသာလက်ခံသည်။

ယွမ်ကျိလမ်းညွှန်ချက်အတိုင်း လုယန်ထွက်လာခဲ့သည်။ အရှေ့ဘက်ဂိုဏ်းအတွင်းပိုင်းနယ်မြေကိုဖြတ်ပြီးနောက် ကျယ်ပြန့်သည့် မြက်ခင်းလွင်ပြင်သို့ရောက်လာသည်။

ထိုမြက်ခင်းပြင်သည် တစ်ချိန်က လုယန်အတွက် အလွန်တရာအန္တရာယ်များသည်။ နတ်ဆိုးသားရဲမျိုးစုံ ပြန့်ကျဲတည်ရှိနေသည်။ ထာဝရဂိုဏ်းချုပ်နှင့် ထာဝရအရှင်တို့၏ မွေးမြူရေးခြံများ ထိုမြက်ခင်းပြင်စပ်တွင်ရှိသည်။

သို့သော်ယခု လုယန်သည် အရင်လိုမဟုတ်တော့။ ထိုကြောက်စရာနတ်ဆိုးသားရဲများကို မျက်စိထဲမထည့်တော့။

သူထွက်ပြေးလျှင်ပင် သူတို့အမီလိုက်နိုင်ကြမည်မဟုတ်။

မြက်ခင်းပြင်အပေါ် သုံးပေအကွာမှ သူ့ဓားဖြင့် လျင်မြန်စွာပျံသန်းနေသည်။

သူ့နောက်တွင် နတ်ဆိုးသားရဲအုပ်များ လိုက်လာသည်။ အားလုံးက နတ်ဝိညာဉ်အဆင့်စွမ်းအင်ရောင် ထုတ်လွှတ်နေသည်။ သူတို့ထဲတွင် ဝိညာဉ်ပြောင်းအဆင့်နတ်ဆိုးသားရဲများ တစ်ခါတစ်ရံ အော်ဟစ်ကြသဖြင့် မြေပြင်တုန်ခါသွားသည်။ အတော်ကြောက်စရာကောင်းသည်။

"ဝိညာဉ်ပြောင်းအဆင့်သားရဲတွေကို ဘာလို့ကြောက်နေတာလဲ။ လေဟာနယ်သန့်စင်အဆင့်၊ စုစည်းခြင်းအဆင့်သားရဲတွေလည်း ဒီမှာရှိနေတာပဲ"

လုယန် စောစောစီးစီးကြောက်မနေဖို့ နတ်မယ်က စေတနာဖြင့် သတိပေးသည်။

"ဒါပေမယ့် သိပ်လည်းအကြောက်မလွန်ပါနဲ့။ လေဟာနယ်အဆင့် စုစည်းခြင်းအဆင့်သားရဲတွေက နင့်နောက်ကိုလိုက်ဖို့ စိတ်ဝင်စားမှာမဟုတ်ပါဘူး။

အဲဒီ့နတ်ဆိုးသားရဲတွေက သူတို့ကိုခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အဆင့်တူဂိုဏ်းတပည့်တွေကို တိုက်ခိုက်ဖို့ပဲ လေ့ကျင့်ပေးထားတာဖြစ်မယ်"

လေ့ကျင့်ကွင်းသဘောလား အပျော်သက်သက်လားတော့ မသိ။

နောက်ဆုံးတွင် မြက်ခင်းပြင်မှ အောင်မြင်စွာ ပျံထွက်နိုင်ခဲ့သည်။ နတ်ဆိုးသားရဲများလည်း ချက်ချင်းရပ်သွားသည်။ ဆက်လိုက်မလာတော့။

"မောင်လေးလု၊ ဓားပျံလေ့ကျင့်နေတာလား"

မထင်မှတ်ဘဲ အမသုံးက မြက်ခင်းပြင်အစပ်တွင်ရှိနေသည်။ မျက်နှာကိုပဝါစည်းထားသည်။ လုယန်၏ အသက်ရှူသံနှင့် လေတိုးသံကိုနားထောင်၍ မြက်ခင်းတွင် သားရဲအုပ်လိုက်ခံခဲ့ရကြောင်း သူခန့်မှန်းမိသည်။

"အမသုံး၊ အမမြက်ပြင်ကိုဖြတ်တုန်းက နတ်ဆိုးသားရဲတွေ အမနောက်ကိုမလိုက်ဘူးလား"

"နင်မသိဘူးလား။ နင့်ကျောက်စိမ်းတံဆိပ်ကို ထုတ်ပြလိုက်တာနဲ့ နတ်ဆိုးသားရဲတွေက နင့်ကိုမတိုက်ခိုက်တော့ဘူးလေ။ အမယွမ်က နင့်ကိုပြောပြမထားဘူးလား"

ကန်ထန်က သူ့ကျောက်စိမ်းတံဆိပ်ကို ခါပြနေသည်။

"မပြောဘူး"

"ဒါဆိုရင် နင့်အတွက်အန္တရာယ်မရှိဘူးလို့ သူတွေးလို့ဖြစ်လိမ့်မယ်"

"အမသုံးက ဒီမှာဘာလုပ်နေတာလဲ"

ကန်ထန်က အဝေးမှ အုံ့ဆိုင်းနေသည့်တောင်တန်းဆီ လက်ညှိုးထိုးပြသည်။

"အဲဒါ တန်ထင်တောင်လို့ခေါ်တယ်။ ငါ့မှော်ပစ္စည်းလုပ်ဖို့ ကုန်ကြမ်းတစ်ချို့လိုနေတာနဲ့ အဲဒီမှာ သွားရှာတာ။ အခုပြန်ဖို့ပြင်နေတာ။

နင့်ကရောဘာလာလုပ်တာလဲ။ ကောင်းကင်ဂူအတွေ့အကြုံလာရှာတာလား"

"ဓားဆေးကန်ကိုသွားဖို့ပါ"

"ဓားဆေးကန်...ဪ ဟုတ်သားပဲ။ နင်က ဓားကျင့်ကြံသူကိုး။ အဲဒီ့နေရာက နင့်အတွက်တကယ်သင့်တော်ပါတယ်။ နင်လမ်းသိလား။ ငါလိုက်ပို့ပေးရမလား"

ယွမ်ကျိက အကြမ်းဖျင်းသာလမ်းညွှန်ခဲ့ခြင်းဖြစ်သည်။ တစ်ယောက်ယောက်ကလိုက်ပိုမည်ဆိုလျှင် ပိုကောင်းသည်။

"ကျေးဇူးပါ အမသုံး"

"ငါတို့က ဂိုဏ်းတူမောင်နှမတွေပဲ။ ကျေးဇူးတင်စရာမလိုပါဘူး"

ကန်ထန်၏လမ်းပြမှုကြောင့် ဓားဆေးကန်သို့ လုယန် မြန်မြန်ရောက်သွားသည်။

ဓားဆေးကန်က သက်တမ်းထောင်ချီရှိသည့် သစ်ပင်ကြီးနှစ်ခုကြားတွင်ရှိနေသည်။ တောင်ပေါ်မှချိုင့်ခွက်တစ်ခုဖြစ်သည်။

သစ်ပင်ပေါ်မှသစ်ရွက်များက ကန်ထဲသို့ကြွေကျပြီး ငြိမ်သက်စွာပေါလောပေါ်နေသည်။ ရပ်တန့်ထားသည့် ပုံရိပ်တစ်ခုနှင့်တူသည်။

ဤဓားဆေးကန်ကို နှစ်နှစ်ရာကြာအောင် ကျင့်ကြံသူများ ရောက်မလာခဲ့။ ယခု လူသားအသစ်ကို ကြိုဆိုနေသည်။

"အဲဒါ ဓားဆေးကန်ပဲ"

လုယန် ကန်ထဲမှ သစ်ရွက်များကို ဖယ်ထုတ်လိုက်သည်။ ကြည်လင်သည့် ကန်အောက်ခြေကိုမြင်ရသည်။

ရေက မှော်စွမ်းအားတစ်မျိုးပိုင်ဆိုင်သည်။ ကြည့်ရုံဖြင့် စိတ်ဝိညာဉ်ကို ကြည့်လင်စေနိုင်သည်။

"တကယ်ကောင်းတဲ့နေရာပဲ"

လုယန်မျက်လုံးများ အရောင်လက်လာသည်။ ဓားဆေးကန်ကိုကြည့်ရုံဖြင့် တစ်ချိန်က သူ့ဆရာဘယ်လိုကျင့်ကြံခဲ့သည်ကို စိတ်ကူးကြည့်နိုင်သည်။

"ဓားဆေးကန်ကို သုံးမယ်ဆိုရင် ဓားကိုရေထဲမှာထားပြီး မသန့်စင်တဲ့အရာအားလုံးကို ဆေးကြောပစ်ရတယ်လို့ အမယွမ်ကပြောတယ်"

လုယန် ခုနစ်စဉ်ကြယ်ဓားစုကို ထုတ်လိုက်သည်။

နတ်ဓားခုနစ်လက်က ထွက်ပေါ်လာသည်နှင့် ချက်ချင်း လုယန်ဆီပြေးကပ်လာသည်။ ထို့ကြောင့် ထိတ်လန့်သွားပြီး ရေကန်ထဲသို့ အမြန်တွန်းပို့လိုက်သည်။

ရေထဲတွင် နစ်မြုပ်ပြီးတော့ ဓားခုနစ်လက် ငြိမ်ကျသွားသည်။ သူတို့ပြောနေသည့် ခံစားချက်ကိုပင် လုယန်အာရုံခံမိသည်။ သက်တောင်သက်သာရှိသည်။ အေးမြသည်။

ထိုနည်းအတိုင်းဆက်သွားလျှင် ခုနစ်စဉ်ကြယ်ဓားစုကို ထိန်းချုပ်နိုင်လာမည်ဟု သူယုံကြည်သည်။

အနားတွင် တင်ပျဉ်ခွေ၍ စိတ်အာရုံစုစည်းသည်။ ဓားခုနစ်လက်နှင့် စတင်ဆက်သွယ်သည်။ တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် ကြိုးစားသည်။

မျက်တောင်တစ်ခတ်အတွင်းအ ချိန်သုံးရက်ကုန်လွန်သွားသည်။

လုယန် နေရာမှမရွေ့။ ကန်ထန်က သူ့ကိုစောင့်ကြည့်နေသည်။

လုယန်၏အပြောင်းအလဲများကို သူသတိထားမိသည်။ လုယန်၏ဓားပါရမီကို သူကျိတ်၍အံ့အားသင့်မိသည်။

သူ့စိတ်ထဲတွင် လုယန် ဤနေရာ၌မရှိတော့ဘဲ ဓားများနှင့်ဆက်သွယ်ပြောဆိုနေသည့် ဘုံနယ်မြေတစ်ခုသို့ရောက်သွားပြီး တစ်စည်းတစ်လုံးတည်းဖြစ်နေသည်ဟု ခံစားရသည်။

ထိုဆက်သွယ်မှုမျိုး သုံးရက်အတွင်းရသည်မှာ အံ့ဩစရာကောင်းသည်။

လုယန်လည်း ထူးဆန်းသည့်အခြေအနေတွင်ရှိနေသည်။ နည်းနည်းမသဲကွဲသော်လည်း ဓားခုနစ်လက်နှင့် သုံးရက်အတွင်း အဆက်မပြတ်ဆက်သွယ်နေခဲ့သည်။ ဆက်သွယ်မှုခိုင်မာအောင် လုပ်နိုင်ခဲ့သည်။

မျက်လုံးကိုဖြေးညှင်းစွာဖွင့်လိုက်သည်။ သူ့အကြည့်က ကြည်လင်တည်ငြိမ်သည်။

သူလုပ်နိုင်ခဲ့သည်။ ကြယ်ဓားခုနစ်လက်ကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည်။

ညာလက်ကိုမြှောက်၍ လက်နှစ်ချောင်းကို အပေါ်သို့ ဖျတ်ခနဲပင့်လိုက်သည်။ သူ့ဆန္ဒအတိုင်း ဓားဆေးကန်က လေထဲသို့မြင့်တက်လာသည်။ ရေများထွက်ကျလာသည်။ ဓားခုနစ်လက်က ပြန့်ကျဲသွားသည်။

"ဟာ"

ငါထိန်းချုပ်လိုက်တာ ခုနစ်စဉ်ကြယ်ဓားစုမဟုတ်ဘူးလား။

ဘာလို့ ဓားဆေးကန်ကြီးဖြစ်နေတာလဲ။

*********************************

All Chapters