← Chapters

ကိုးငရဲဂိုဏ်းဌာနချုပ်

Vol. 43 Ch. 640

ကိုးငရဲဂိုဏ်းဌာနချုပ်

Vol. 43 Ch. 640

မဟာရှားမြေပုံကြီး ရှေ့နံရံတစ်ခုလုံး နေရာယူထားသည်။ ပြည်နယ်ဆယ့်ခုနစ်ခုနှင့် သောင်းချီသည့်မြို့တော်များကို မြေပုံပေါ်တွင် အတိအကျ ဖော်ပြထားသည်။

မြို့တော်တို့၏ ငါးပုံတစ်ပုံကို အနီရောင်အစက်များ မှတ်သားထားသည်။ ကိုးငရဲဂိုဏ်း၏လက်တံဆန့်ထားနိုင်သည့် မြို့များဖြစ်သည်။ လောကတွင် အကြီးဆုံးဖြစ်သည့် နန်းမြို့တော်လည်းပါသည်။

မူပိုင်ယိ လက်နှစ်ဘက်နောက်ပစ်ရပ်၍ မြေပုံကိုကြည့်နေသည်။ မျက်လုံးတွင် လောဘရိပ်အပြည့်ဖြင့် တီးတိုးရေရွတ်သည်။

"မကြာတော့ပါဘူး...သိပ်မကြာတော့ပါဘူး။ ဒီနိုင်ငံက ဘာမှမပြောပလောက်ဘူး။ ငါတို့ဂိုဏ်း ဒီလောက်အင်တိုက်အားတိုက် လှုပ်ရှားနေတာကိုတောင် သူတို့သတိမထားမိဘူး...

သိပ်မကြာခင် မဟာရှားတစ်ခုလုံး ကိုးငရဲဂိုဏ်းအသားကင်ဆိုင်တွေ ပျံ့နှံ့စေရမယ်"

ပြောနေရသည်ကိုပင် အားမရနိုင်သဖြင့် အသားကင်ဆိုင်တစ်ဆိုင်ကို ကိုယ်စားပြုသည့် မြေပုံပေါ်မှ အနီရောင်အစက်တစ်ခုကို လက်ဖြင့်ထောက်လိုက်သည်။ ထိုအစက်တို့သည် ကိုးငရဲဂိုဏ်း၏ အနာဂတ်ကြွယ်ဝမှုနှင့် သူ့ချေးငွေများ ပြန်ဆပ်နိုင်မည့်အခွင့်အရေးကို ကိုယ်စားပြုသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံဆဲ ဆိုင်ခွဲများတည်ဆောက်ဆဲဖြစ်၍ အမြတ်ငွေနည်းသည်။ အနာဂတ်အလားအလာကတော့ သေချာနေသည်။

ထိုဝင်ငွေရှိလျှင် သူချေးငွေယူသည့်ကိစ္စပေါ်သွားမည်ကို စိုးရိမ်စရာမလိုတော့။ လစဉ်ကြွေးမဆပ်နိုင်၍ အရှက်ကွဲမည့်ကိစ္စ စိုးရိမ်စရာမလိုတော့။

ထိုဝင်ငွေသည် အသက်ကယ်သည့်ဝင်ငွေဖြစ်သည်။

"အားလုံးက ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကျေးဇူးပဲ"

ဖီးနစ်ဘိုး‌ဘေးကိုယ်တိုင် အရှင်ကျူးထန်ကို အနိုင်ယူခဲ့သည့်ကိစ္စကို လက်တွေ့မြင်ပြီးနောက် မူပိုင်ယိ ထိုဂိုဏ်းကို အရင်ထက်ပိုအံ့ဩလေးစားလာသည်။

ဂိုဏ်းသခင်လုစကားအရ နောက်ထပ်နိုးထလာမည့် ရှေးဟောင်းကောင်းကင်ရုံးတော်၏ အထင်ကရပုဂ္ဂိုလ်များ ကျန်သေးသည်။

ယခုပင် ထိုဂိုဏ်းသည် ကိုးငရဲဂိုဏ်းထက် များစွာသာလွန်နေသည်။

"သခင်၊ နေမင်းဂိုဏ်းချုပ်က သခင့်ကိုတွေ့ချင်တယ်တဲ့"

ဒုဂိုဏ်းချုပ်ရှန်က သတင်းပို့သည်။

မူပိုင်ယိ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ သူစဉ်းစားမရ။

ကိုးငရဲဂိုဏ်းသည် လူဝင်စားသံသရာကို ယုံကြည်သည်။ ကျင့်စဉ်နည်းလမ်းများက ယင်အခြေပြုပညာရပ်များကို အဓိကထားသည်။

နေမင်းဂိုဏ်း၏ ကျင့်စဉ်ပညာများက ယန်အခြေပြုပညာရပ်များဖြစ်သည်။

ဂိုဏ်းနှစ်ခုကြားတွင် အဆက်အသွယ်တော့ နည်းနည်းရှိသည်။

"သူကဘာလိုချင်တာလဲ"

သို့သော် တွေ့ဆုံဖို့တော့လို့သည်။ နတ်ဆိုးဂိုဏ်းများကြား လောကဝတ်ယဉ်ကျေးမှုတစ်ခုတော့ ထိန်းသိမ်းရမည်။

ကိုးငရဲဂိုဏ်းဌာနချုပ်သို့ ခေါ်တွေ့၍မဖြစ်။ ထို့ကြောင့် နောက်တစ်ရက်အကြာတွင် ဂိုဏ်းချုပ်နှစ်ယောက် လက်ဖက်ရည်အိမ်တော်တစ်ခုတွင် တွေ့ကြသည်။

နေမင်းဂိုဏ်းက လက်ဖက်ရည်ဆိုင်တစ်ထပ်လုံး ငှားထားသည်။

နေမင်းဂိုဏ်းချုပ်လည်း ကာကွယ်သူနှစ်ယောက်နှင့်အတူ ရောက်လာသည်။

နေမင်းဂိုဏ်းချုပ်က အသက်သုံးလေးဆယ်အရွယ်ပုံစံရှိသည်။ မျက်နှာတွင် အဆီပြန်နေသည်။ ကတုံးပြောင်နေသည်။ မျက်လုံးတစ်ဘက်ကန်းသည်။ နဖူးမှပါးရိုးအထိ ရှည်လျားသည့် အမာရွတ်တစ်ခုရှိသည်။

ကြောက်စရာရုပ်ရည်မျိုးဖြစ်သည်။

"ဟားဟားဟား အကိုမူ၊ မတွေ့ရတာ အတော်ကြာသွားပြီနော်"

နေမင်းဂိုဏ်းချုပ်ချီတုန်ဖန်း ညီအကိုရင်းများကဲ့သို့ ဖက်လှဲတကင်း နှုတ်ဆက်သည်။

"လိုရင်းကိုပြောပါ။ ပြောစရာကိစ္စမရှိရင် ပြန်တော့မယ်"

မူပိုင်ရှိက အေးစက်စက်ပြောသည်။ ချီတုန်ဖန်း၏ နွေးထွေးမှုမျိုးကို သူသည်းမခံနိုင်။

"ဪ..ငါတို့ဆက်ဆံရေးအရ ကိစ္စမရှိရင် မင်းကိုအနှောက်အယှက်ပေးပါ့မလား"

ချီတုန်ဖန်း ဝင်ထိုင်ပြီး ပြောင်နေသည့်ဦးခေါင်းကိုပွတ်၍ ရယ်သည်။

"ဘာကိစ္စလဲ'

"မင်းတို့ကိုးငရဲဂိုဏ်း အသားကင်ဆိုင်တွေက အခုအတော်နာမည်ကြီးနေတယ်။ ငါကိုယ်တိုင်လည်းစားကြည့်တယ်။ ပေးရတဲ့ဈေးနဲ့ တကယ်တန်ပါတယ်။

ဒီလိုအစားအသောက် ဒီလိုဈေးနှုန်းမျိုးရှိလို့ စီးပွားဒီလောက်ဖြစ်နေတာ မဆန်းပါဘူး"

"မင်းဘာလုပ်ချင်လို့လဲ"

မူပိုင်ယိက ချီတုန်ဖန်းကို သံသယဖြင့်ကြည့်သည်။ သူ့စီးပွားရေးကိုလာထိသူမှန်သမျှ သေရမည်။

"စိတ်မပူပါနဲ့။ မင်းတို့စီးပွားရေးကို လုယူဖို့လာတာမဟုတ်ဘူး။ ...ဒါနဲ့ အသားကင်ဆိုင်တွေကို ထောက်ပံ့နေတာ ကိုးငရဲဂိုဏ်းတင်မဟုတ်ဘဲ ကောင်းကင်ရုံးတော်ဂိုဏ်းကလူတွေလည်းပါတယ်လို့ပြောတယ်"

မူပိုင်ယိ မျက်နှာတင်းသွားသည်။

"ငါတို့ဂိုဏ်းထဲမှာ မင်းကသူလျှိုတွေထည့်ထားတာလား"

ကောင်းကင်ရုံးတော်ဂိုဏ်းနှင့်ပူးပေါင်းသည့်ကိစ္စကို ကိုးငရဲဂိုဏ်း၏အဆင့်မြင့်အကြီးအကဲများသာသိကြသည်။

"စိတ်ချင်းတူလို့ခံစားမိတာပါ"

နေမင်းဂိုဏ်းတွင်လည်း ကိုးငရဲဂိုဏ်းသူလျှိုများရှိကြောင်း ချီတုန်ဖန်းသိသည်။ သို့သော် ဘယ်သူဘယ်ဝါဟု အတိအကျမသိ။

လက်နှစ်ဘက်ပွတ်လျက် မူပိုင်ယိကို စိတ်အားထက်သန်စွာကြည့်လိုက်သည်။

"မင်းတို့ကိုးငရဲဂိုဏ်းက ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ ရင်းနှီးပြီးသားဆိုတော့ သူတို့ကိုဆက်သွယ်နိုင်မယ့်နည်းလမ်းရှိမလားဆိုတာ သိချင်လို့ပါ။

ငါကို သူတို့နဲ့ တွေ့ပေးနိုင်မလား။ ငါလည်း သူတို့နဲ့ရင်းနှီးချင်တယ်"

သူကိုယ်နိုင် နတ်ဆိုးမြို့တော်သို့သွားခဲ့သည်။ ဖီးနစ်ဘိုးဘေးက နတ်ဆိုးနိုင်အားထိန်းချုပ်လိုက်သည်ကို ကိုယ်တွေ့မြင်ခဲ့သည်။

ထို့ပြင် ကောင်းပင်ပဲဝါအရှင်က မဟာယုကူးဖြတ်ခြင်းကျင့်ကြံသူများကို အနိုင်ယူခဲ့သည့်ကိစ္စ၊ ဂိုဏ်းသခင်လု တာအိုလမ်းစဉ်ဂိုဏ်းတွင် ပွဲဆူခဲ့သည့်ကိစ္စများကို သူသိထားသည်။

ထိုအဖြစ်အားလုံးက ခန့်မှန်းမရနိုင်သည့် ကောင်းကင်ရုံး‌တော်ဂိုဏ်း၏စွမ်းအားကို သက်သေပြနေသည်။

နေမင်းဂိုဏ်း အင်အားကြီးသော်လည်း ကောင်းကင်ရုံးတော်ဂိုဏ်းကို ဆန့်ကျင်ရလောက်အောင် မရူးမိုက်။ ကျောက်ဆောင်ကို ကြက်ဥဖြင့်ပေါက်သလို ဖြစ်လိမ့်မည်။

နောက်တစ်ချိန် ကောင်းကင်ရုံးတော်ဂိုဏ်းကို အားကိုးရနိုင်သည်။ ထို့ကြောင့် ကြိုတင်ရင်းနှီးမှုယူထားလျှင် ပိုကောင်းသည်။

မူပိုင်ယိအနေဖြင့် နေမင်းဂိုဏ်းကို ကောင်းကင်ရုံးတော်ဂိုဏ်းနှင့် မတွေ့ပေးချင်။

ဂိုဏ်းသခင်လေးလုက အသားကင်ဆိုင်လုပ်ငန်းကို လွယ်လွယ်တည်ဆောက်၍ ကိုးရဲဂိုဏ်း၏စီးပွားရေးကို လည်ပတ်စေခဲ့သည်။ ကိုးငရဲဂိုဏ်းရမည့် အခွင့်အရေးများ နေမင်းဂိုဏ်းလက်ထဲ ကျသွားနိုင်သည်။

သို့သော် ဂိုဏ်းသခင်လုက အကြံပြုထားသည့် နည်းဗျူဟာတစ်ခုတွင် 'နတ်ဆိုးဂိုဏ်းများနှင့် အတွင်းမဟာမိတ်အဖြစ်ပေါင်းပါ'ဟု ပါဝင်သည်။

နေမင်းဂိုဏ်းက ဆက်သွယ်ချင်သည်ကို သူငြင်းလိုက်မှန်း ဂိုဏ်းသခင်လုသိသွားလျှင် နောက်ဆက်တွဲအကျိုးဆက်များဖြစ်လာနိုင်သည်။

"ကောင်းကင်ရုံးတော်ဂိုဏ်းကို ဆက်သွယ်ပေးလို့တော့ရပါတယ်။ ဒါပေမယ့် ငါတို့က စေတနာရှင်အလုပ်မျိုး မလုပ်ဘူး။

မင်းတို့ဂိုဏ်းက ဘာပေးမှာလဲ"

ဂိုဏ်းချုပ်ချီက ထိုအတွက် ကြိုတင်ပြင်ဆင်လာသည်။ သူ့နောက်မှ ကာကွယ်သူကို တစ်ချက်ကြည့်လိုက်သည်။

ကာကွယ်သူက သူ့ရင်ဘတ်ထဲမှ အဝါရောင်စာရွက်တစ်ရွက်ထုတ်၍ မူပိုင်ယိရှေ့ ချပေးသည်။

"မင်းတို့အသားကင်က အိမ်အရောက်ပို့ဝန်ဆောင်မှုပေးတယ်လို့ကြားတယ်။ တစ်ခြားမြို့တစ်ခုကို သွားပို့ရတဲ့အခါ အသားကင်တွေ အေးသွားပြီး အရသာလျော့သွားတယ်တဲ့။

ဒီစက္ကူက ငါတို့ဂိုဏ်းရဲ့ ထူးခြားတဲ့စက္ကူပါ။ အပူထိန်းပေးနိုင်တယ်။ ပြီးတော့ ထုတ်လုပ်ရတာလွယ်ပြီး အကုန်အကျလည်းသက်သာတယ်။

မင်းစိတ်ဝင်စားရင် စာရွက်လုပ်တဲ့နည်းကို ငါပြောပြလို့ရပါတယ်"

နေမင်းဂိုဏ်းအတွက် ထိုစက္ကူက အသေးအဖွဲသာဖြစ်သည်။ သိမ်းထားလည်းအသုံးမဝင်။ လွင့်ပစ်ဖို့လည်း တန်ဖိုးရှိနေပြန်သည်။

ထို့ကြောင့် ကိုးငရဲဂိုဏ်းကို လာဘ်ထိုးသည့်ပစ္စည်းအဖြစ်သုံးပြီး ကောင်းကင်ရုံးတော်ဂိုဏ်းနှင့် တံတားခင်းခြင်းက ပိုကောင်းသည်။

မူပိုင်ယိနှင့်အတူ နောက်ဘက်တွင်ရပ်နေသည့်‌ကျောက်ရိုးလည်း မျက်လုံးများအရောင်လက်လာသည်။

ထိုပစ္စည်း တကယ်အသုံးတည့်သည်။ အရောက်ပို့ဝန်ဆောင်မှုကို အရှိန်မြှင့်နိုင်သည်။

"ကောင်းပြီလေ၊ အခုချက်ချင်း ငါသူတို့ဆီ ဆက်သွယ်လိုက်မယ်"

တစ်ဘက်က ရိုးသားမှုပြသဖြင့် မူပိုင်ယိ ကိုးငရဲဂိုဏ်းတံဆိပ်ပြာကို ချက်ချင်းထုတ်သည်။

"ဒါပေမယ့် ကြိုရှင်းအောင်ပြောထားမယ်နော်။ ဂိုဏ်းသခင်လေးလုကိုပဲ ငါဆက်သွယ်ပေးနိုင်မယ်။

ကောင်းကင်ရုံးတော်ဂိုဏ်းက တစ်ခြားလူတွေကို ငါဘယ်လိုဆက်သွယ်ရမှန်းမသိဘူး"

"ဂိုဏ်းသခင်လုဆို အဆင်ပြေပါတယ်"

ချီတုန်ဖန်းကတွေ့ဆုံလိုကြောင်း မူပိုင်ယိ ချရေးလိုက်သည်။ မကြာမီ တစ်ဘက်မှ အကြောင်းပြန်လာသည်။

"သူတို့ဘာပြောလဲ"

"အရင်နေရာပဲ။ ယန်ကျန်းကောင်တီက ပင်ရင်းအသားကင်ဆိုင်မှာပဲ တွေ့ကြမယ်တဲ့"

ချီတုန်ဖန်း ဝမ်းသာသွားသည်။ အပူပေးစက္ကူလုပ်နည်းကို မူပိုင်ယိအား ချက်ချင်းပြောပြသည်။ မူပိုင်ယိကလည်း စိတ်ဖြင့်ခဏသုံးသပ်ရုံဖြင့် နည်းလမ်းအစစ်ဖြစ်ကြောင်းသိသည်။

ထို့ပြင် ဤကိစ္စတွင် ချီတုန်ဖန်းက သူ့ကိုလှည့်စားရဲမည်မဟုတ်။

"ဂိုဏ်းသခင်လုနဲ့တွေ့ရင် ကျုပ်အတွက် စကားကောင်းလေးပြောပေးလို့ရမလား"

"ကိစ္စမရှိပါဘူး"

.....

ယန်ကျန်းကောင်တီ ပင်မအသားကင်ဆိုင်တွင် အဖွဲ့သုံးခု တွေ့ဆုံကြသည်။

မူပိုင်ယိနှင့် ချီတုန်ဖန်းတို့ အသက်ပင်ပြင်းပြင်းမရှူရဲပဲ မတ်မတ်ထိုင်၍ နောက်ကျောတွင် ချွေးပျံနေသည်။

"အကိုမူ။ ကျုပ်အတွက် စကားကောင်းလေးပြောမပေးတော့ဘူးလား။ ပြောပေးတော့လေ"

ချီတုန်ဖန်း သိစိတ်အသံလှိုင်းမှ ပြောသည်။

မူပိုင်ယိ ကြောက်ချွေးပြန်နေသည်။ အရင်လိုဟန်ပန်အမူအရာမျိုးမရှိတော့။

သူတို့နှင့်မျက်နှာချင်းဆိုင်တတွင် တောင်ဝင်ရိုးဖီးနစ်အင်ပါယာအရှင်မ ကျန်းလျန်ယိနှင့် ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ယွမ်ကျိတို့ ထိုင်နေသည်။

ဂိုဏ်းချုပ်များ လာတွေ့ဆုံမည်ဟုသိရပြီးနောက် ထိုဂိုဏ်းနှစ်ခုကိုလေးစားသမှုဖြင့် ကောင်းကင်ရုံးတော်ဂိုဏ်း၏ အလေးထားမှုကိုပြရန် လုယန်က သူ့ဂိုဏ်းချုပ်ကို အထူးတလည်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

**********************************

All Chapters