အခန်း (၈၅)
Vol. 8 Ch. 85
လင်းချောင်၏ အမူအရာက ဧည့်သည်များကို ခေတ္တငြိမ်သက်သွားစေခဲ့သည်။ သူမက သူတို့ကို တုံ့ပြန်ရန်ပင် အချိန်မပေးဘဲ သူနာပြုကို တိုက်ရိုက် ခေါ်လိုက်၏။
"ဒီမှာ ပြဿနာတက်နေတာကို မမြင်ကြဘူးလား။"
သူမ၏ အေးစက်သောအသံနှင့် တင်းမာသောအကြည့်ကြောင့် အနီးဆုံးရှိ သူနာပြုများက သတိပြန်ဝင်လာပြီး ကြားဝင်ရန် အလျင်အမြန် ပြေးလာခဲ့ကြသည်။
ထိုအမျိုးသမီးက ပြန်တုံ့ပြန်လိုက်၏။ "နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့!"
သူမက လင်းချောင်၏ မျက်နှာကို ကုတ်ခြစ်ရန် ရုတ်တရက် ခုန်အုပ်လိုက်သည်။
သူမ၏ သားဖြစ်သူက မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်ပြီး လင်းချောင်ကို "မကောင်းတဲ့မိန်းမ" ဟု ခေါ်ဝေါ်ကာ ရန်ပွဲအတွင်း အပြေးအလွှား ဝင်လာရန်ကြိုးစားသော်လည်း တစ်စုံတစ်ဦးက နောက်မှ သူ၏လက်မောင်းကို ဆွဲကိုင်လိုက်ပြီး နံရံနှင့်ကပ်၍ ချုပ်ထားလိုက်သည်။
လင်းချောင်က လျင်မြန်စွာတုံ့ပြန်ပြီး တံခါးကိုပိတ်ကာ သော့ခတ်၍ သူတို့ကို အပြင်တွင်ထားခဲ့ရန် အသင့်ပြင်လိုက်သော်လည်း ကျိသော်က အချိန်မီရောက်လာခဲ့ရာ သူမနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။
သူ၏ မျက်လုံးများက နက်ရှိုင်းနေပြီး သူမ၏ အေးစက်နေသေးသော မျက်နှာကို ဝေ့ကြည့်ပြီးမှ လူကိုရိုက်လိုက်သည့် သူမ၏လက်ပေါ်သို့ ကျရောက်သွားခဲ့သည်။
လင်းချောင်၏ လက်သည် နီရဲနေပြီဖြစ်ပြီး ထုံကျင်လာသော်လည်း သူမကတော့ ဘာကိုမှမပြသဘဲ သူ၏ အကြည့်ကို တည့်တည့်ပြန်ကြည့်ခဲ့သည်။ ဤသည်က ကျိသော်၏ မျက်လုံးများကို တောက်ပသွားစေသော်လည်း သူ ဘာမှမပြောမီတွင် သူ ချုပ်ထားသော တူဖြစ်သူက သတိပြန်ဝင်လာပြီး ကျိန်ဆဲကာ ရုန်းကန်လာတော့၏။
အားပြင်းသော ဆုပ်ကိုင်မှုကြောင့် ရုန်းကန်မှုသည် နာကျင်မှုကြောင့်ထွက်လာသော အော်ဟစ်သံများအဖြစ်သို့ ပြောင်းသွားခဲ့တော့သည်။
အဘိုးကု၏တူကို ဖမ်းချုပ်ထားသော စူးကျန့်က ကျိသော်ကို မေးလိုက်သည်။
"ငါတို့ ဘာလုပ်သင့်သလဲ။ သူတို့ကို ဆေးရုံ လုံခြုံရေးဆီ လွှဲပေးလိုက်မလား။"
ကျိသော်သည် သူ့လက်အောက်မှ လူကို လှမ်းကြည့်လိုက်ပြီး ဒီလူ အစောပိုင်းက လင်းချောင်ကို စိုက်ကြည့်နေခဲ့ပုံကို သတိရသွားသည်။ ထို့နောက် သူက အဘိုးကု၏ စောင့်ရှောက်သူ အစ်မကြီးတုအား လှည့်မေးလိုက်သည်။
"အဘိုးကုရဲ့ လုံခြုံရေးဝန်ထမ်း ရောက်နေပြီလား။"
"မကြာခင် ရောက်တော့မှာပါ။ အဘိုးကုရဲ့ အခြေအနေက အရေးပေါ်ဖြစ်နေလို့ ဆေးရုံကို အရင်ပို့ပြီးမှ လုံခြုံရေးကို အကြောင်းကြားလိုက်တာပါ။"
"ဒါဆိုရင် အဘိုးကုရဲ့ လုံခြုံရေးဝန်ထမ်းလက်ထဲ အပ်လိုက်ပြီး ဆက်ပြောလိုက်ပါ..."
ကျိသော်၏ အသံက ခံစားချက်ကင်းမဲ့နေခဲ့သည်။ "ဒီလူတွေက မသမာတဲ့ရည်ရွယ်ချက်ရှိနေပြီး အဘိုးကုကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောလိုက်ပါ။"
ဤစွပ်စွဲချက်သည် အလွန်ပြင်းထန်လွန်းသဖြင့် အဘိုးကု၏တူက ချက်ချင်း အပြစ်မရှိကြောင်း ငြင်းဆိုလိုက်သည်။ သူနာပြုများ ခေါ်ထားသည့် ဆေးရုံလုံခြုံရေးများက တားဆီးထားသည့်တိုင် သူ့တူ၏ ဇနီးဖြစ်သူကလည်း လူနာခန်းထဲသို့ကြည့်၍ စိတ်ပျက်အားငယ်စွာ အော်ဟစ်နေ၏။
ထိုအချိန်တွင် လင်းချောင်သည် တံခါးကိုပိတ်ပြီး လူနာခန်းထဲသို့ ပြန်ဝင်သွားကာ သူမ၏ အေးစက်သော အမူအရာသည် အဘိုးကု၏ ကျန်းမာရေးကို စိုးရိမ်သောစိတ်ဖြင့် အစားထိုးသွားခဲ့သည်။
အဘိုးကုသည် သူ့တူ၏ဇနီးဖြစ်သူ ပြောဆိုခဲ့သော စကားများကို ကြားပြီးနောက် စိတ်ဆိုးနေဆဲဖြစ်သည်။ သို့သော် လင်းချောင်၏ လျင်မြန်သော လုပ်ဆောင်ချက်က သူ၏စိတ်လှုပ်ရှားမှုနှင့် ဒေါသများကို ဖြတ်တောက်ပစ်လိုက်ပြီး သူမ၏ ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ခဲ့ပုံကို အံ့အားသင့်စေခဲ့သည်။
အဘိုးကု သူမကိုကြည့်နေသည်ကို မြင်သောအခါ လင်းချောင်က အစ်မကြီးတု ယူလာသော ရေနွေးဗူးကို သတိရသွားခဲ့သည်။
"ရေနွေးလေး သောက်မလား။ အစ်မကြီးတုကို ခေါ်လိုက်ရမလား။"
"မလိုပါဘူး။"
အဘိုးကုက ခေါင်းကိုဖြည်းညင်းစွာ ခါလိုက်ပြီး လူနာခန်းအပြင်ဘက်က ဆူညံသံကို လျစ်လျူရှုလိုက်သည်။
"ရှောင်ကျန်းကသာ မင်းလိုဆိုရင်၊ ငါတို့ သူမကို ရှာမတွေ့ရင်တောင် ငါ ဒီလောက်အထိ စိတ်ပူရမှာမဟုတ်ဘူး။"
ဒီမိန်းကလေးက ဆူးပါသည့်နှင်းဆီပန်း တစ်ပွင့်ဖြစ်သည်။ သူမကို ခူးယူရန် ဒါမှမဟုတ် နင်းချေရန် ကြိုးစားသူတိုင်း သူမ၏ အဆူးဒဏ်ကို ခံနိုင်ရည်ရှိမရှိ အရင်ဆုံး စဉ်းစားရလိမ့်မည်။ သူမက ခံနိုင်ရည်ရှိသည်။ တစ်ယောက်တည်းနှင့် လူသုံးယောက်ကို ရင်ဆိုင်ရသည့်တိုင် ထိတ်လန့်ခြင်း၊ စိတ်ပျက်ခြင်းမျိုး မရှိပေ။ ရှောင်ကျန်းကသာ သူမလိုဆိုလျှင် ဘယ်နေရာတွင်မဆို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်လိမ့်မည်။ ရှာမတွေ့သည့်တ်ိုင် သူမသာ ကောင်းကောင်းမွန်မွန် နေနိုင်လျှင်...
ကျိသော်ဆိုသည့် ကောင်လေးက ဘယ်သူ့ကိုမှ မရွေးချယ်ခဲ့ဘဲ ဒီလို ဒေါသကြီးသည့် မိန်းကလေးနှင့်လက်ထပ်လိုက်သည်။ ဒီနှစ်ယောက် အတူနေကြပြီး ဘယ်သူက ဘယ်သူ့ကို လွှမ်းမိုးနေမလဲဆိုသည်ကို ဘယ်သူမှ မသိနိုင်ပေ။
တစ်ချိန်တည်းမှာပင် ကျိသော်နှင့် စူးကျန့်တို့က ထိုလူများကို ဆေးရုံလုံခြုံရေးထံ လွှဲပြောင်းပေးခဲ့ပြီး လုံခြုံရေးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ သူတို့က အဘိုးကု၏ လုံခြုံရေးဝန်ထမ်းများ ရောက်ရှိလာသည်အထိ စောင့်ဆိုင်းကာ သူတို့ထံ လွှဲပြောင်းပေးခဲ့သေးသည်။
"ငါ ဒီမှာ စောင့်ကြည့်နေလိုက်မယ်။ မင်းက လူနာခန်းဆီ အရင်ပြန်သွားလိုက်ပါ။"
စူးကျန့်က မီးတိုင်အောက်တွင် ရပ်နေသော အရပ်ရှည်ရှည်နှင့်လူကို ပြောရင်း လျှောက်လာခဲ့သည်။
ကျိသော် ခေါင်းညိတ်ပြီး ထွက်သွားသည်ကို မြင်သောအခါ စူးကျန့် မမေးဘဲ မနေနိုင်တော့ပေ။
"မင်းမိန်းမမှာ ဒီလို စိတ်နေစိတ်ထားမျိုးရှိတာ မင်းသိလား။"
မမျှော်လင့်ထားဘဲ ကျိသော် ရပ်တန့်သွားပြီး နောက်သို့လှည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"သူမက ဒေါသကြီးတာ မဟုတ်ပါဘူး။"
"ခုနက ရိုက်လိုက်တဲ့ရိုက်ချက်ကိုတောင် မင်းက ဒေါသကြီးတာ မဟုတ်ဘူးလို့ ခေါ်သေးတာလား။"
စူးကျန့် အံ့အားသင့်သွားခဲ့သည်။ "ငါ့ရဲ့ စိတ်ဓါတ်မာကျောတဲ့ အမေတောင် အဲ့ဒီလိုမျိုး လူကိုမရိုက်ဘူး။"
"ဒီလူက အရိုက်ခံရဖို့ မထိုက်တန်ဘူးလား။" ကျိသော်က ပြန်ချေပလိုက်သည်။
စူးကျန့်တွင် ပြန်ပြောစရာ မရှိသော်လည်း သူ ထပ်စဉ်းစားမိပြီး မေးလိုက်ပြန်၏။ "သူမက အိမ်မှာဆိုရင်ရော အမြဲတမ်း ဒီလောက် ကြမ်းတမ်းနေလားလို့ ငါက မေးချင်တာ။"
ဒီတစ်ကြိမ်မှာတော့ ကျိသော်၏ မျက်မှောင်ကြုတ်မှုက ပိုပြီးနက်ရှိုင်းသွား၏။ "မင်းက ဘာလို့ ဒီလိုကိစ္စမျိုးတွေ မေးနေရတာလဲ။ မင်း လက်ထပ်ဖို့ စဉ်းစားနေတာလား။"
စူးကျန့် ပြောစရာစကားမဲ့သွားပြန်ပြီး နောက်ဆုံးတွင် သူ၏ရဲဦးထုပ်ကိုသာ ပြန်ဆောင်းလိုက်သည်။ "ကောင်းပြီ၊ မင်း လုပ်ချင်ရာသာ လုပ်လိုက်ပါတော့။ ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။"
လှည့်လိုက်သောအခါ သူ၏နောက်နား မလှမ်းမကမ်း၌ လင်းချောင် ရပ်နေသည်ကို မြင်လိုက်ရ၏။သူက သူမ၏ လက်ကို အလိုလို လှမ်းကြည့်လိုက်မိသည်။
သူမကို လူသိများသွားပြီဖြစ်ပြီး လူအများအပြားက သူမကို ကြည့်နေခဲ့ကြသည်။ လင်းချောင်က လက်ကို မြှောက်ကာ ဝှေ့ယမ်းပြပြီး ပြောလိုက်၏။
"ဘာလဲ။ ကျွန်မ မကောင်းကြောင်းပြောနေတာလား။"
လင်းချောင်က နောက်လိုက်ခြင်း ဖြစ်သော်လည်း စူးကျန့်ကတော့ နှာခေါင်းကို ပွတ်လိုက်သည်။ "မဟုတ်ပါဘူး၊ မင်းကို အထင်ကြီးကြောင်းပြောနေတာ။ ကျိသော် ဒီလောက် မြန်မြန်လျှောက်လာတာတောင် မမီလိုက်ဘူး။"
သို့သော် ကျိသော်ကတော့ တည်ငြိမ်စွာဖြင့် လင်းချောင်အား မေးလိုက်၏။ "တစ်ခုခု လိုအပ်လို့လား။"
အပေါ်ထပ်တွင် အဘိုးကုနှင့် စောင့်ရှောက်ပေးသူသာ ရှိသောကြောင့် အကြောင်းပြချက်မရှိဘဲ လင်းချောင် ဆင်းလာမည် မဟုတ်ပေ။
ထင်သည့်အတိုင်းပင် လင်းချောင်၏ မျက်နှာအမူအရာက တည်ကြည်သွားခဲ့၏။ "ကျွန်မ ခုနက အဘိုးကုကို မေးကြည့်တာ၊ သူက သူ့မိသားစုနဲ့ အဆက်အသွယ် မလုပ်တာ ကြာပြီတဲ့။ ကျွန်မပဲ လွန်လွန်ကျူးကျူး စဉ်းစားမိတာလား မသိဘူး၊ ဒီလူတွေက နှစ်ပေါင်းများစွာ မလာခဲ့ဘဲနဲ့ အဘိုးကု ဆေးရုံတက်ပြီးမှ ဘာလို့ ရောက်လာကြတာလဲ။"
လင်းချောင်သည် ဤသံသယစိတ်ကို ယခင်တည်းကရှိနေခဲ့ခြင်းဖြစ်သော်လည်း အဘိုးကု၏ တူဖြစ်သူ ရုတ်တရက် ရောက်လာခြင်းကြောင့် မေးမြန်းခွင့်မရခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ အဘိုးကု၏ တူဖြစ်သူက သူဖျားမှသာ ဘာကြောင့် ရောက်လာရသည်လဲ။ ဤအဖြစ်က တိုက်ဆိုင်လွန်းနေသည်။
ထို့အပြင် ထိုသူတို့သည် အဘိုးကု ကျန်းမာရေး မကောင်းသည်ကို သိရှိပြီး သူကွယ်လွန်သည့်အခါတွင် အမွေပစ္စည်းများကို ဆက်ခံယူရန် ရည်ရွယ်ထားပုံရသည်။ သို့သော် အဘိုးကုကတော့ မိသားစုနှင့် နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့၏။ ဒေသိယစကား လေယူလေသိမ်း မတူသောကြောင့် သူ၏တူမှာ ယန်ဒူမှလူ ဖြစ်ပုံမရပေ။ ဒီလိုဆိုလျှင် အဘိုးကြီး နာမကျန်းဖြစ်နေသည်ကို သူမည်သို့ သိရှိခဲ့သည်လဲ။
လင်းချောင် ထိုစကားကိုပြောလိုက်ပြီးနောက် စူးကျန့်၏ ယခင်က ပေါ့ပေါ့ပါးပါး အမူအရာမှာ တည်ကြည်သွားတော့သည်။ သူက သူမကို ခဏမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် ကျိသော်ဘက်သို့ လှည့်သွားခဲ့သည်။
လင်းချောင်လည်း အံ့အားသင့်သွား၏။ သူမ တစ်ခုခု မှားယွင်းပြောဆိုမိပြီလား။
သူတို့က သူမ ဝင်ရှုပ်နေသည်ဟု ထင်နေကြခြင်းများလား။
ပိုမို လုပ်ပိုင်ခွင့်လိုလားသော၊ အမျိုးသားများကသာ ကြီးစိုးလိုသော ပုံစံမျိုးဆိုလျှင် ကျိသော်၏ ဇနီးဖြစ်သူက သူငယ်ချင်းအရင်းများကြားမှ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်သည်ကို မနှစ်သက်နိုင်သော်လည်း စူးကျန့်ကတော့ ထိုသို့သောပုံစံမျိုးမဟုတ်ပေ။
စူးကျန့်က အံ့အားသင့်နေခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် လင်းချောင်က သူ့အား သူတို့၏ ယခင်က အပြန်အလှန်ဆက်ဆံမှုများထက် ပိုများပြားသော အံ့အားသင့်စရာများကို ပေးခဲ့သည်။ အမှန်ပြောရလျှင် ကျိသော်က မိဘများ စီစဉ်ပေးသည့်၊ သူ့ထက် ကိုးနှစ်ငယ်သော၊ ကျေးလက်ဒေသ နောက်ခံမှလာသည့် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်တော့မည်ဟု ပထမဆုံးကြားလိုက်ရသောအခါ သူ အံ့ဩတုန်လှုပ်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကျိသော်သည် လက်တွဲဖော်တစ်ဦးကို ရှာဖွေမည်မဟုတ်ဟု ဆုံးဖြတ်ထားပုံရပြီး မိတ်ဆက်ပေးမှုအားလုံးကို ငြင်းဆန်ခဲ့သူဖြစ်သည်။ ဤအချက်များထဲမှ တစ်ခုကမှလည်း သူလက်ခံမည့်အရာမျိုးမဖြစ်နေခဲ့ပေ။
သို့သော်လည်း ကျိသော်ကတော့ လက်ခံခဲ့ရုံသာမက၊ ကျိသော်ထံမှ လင်းချောင်အကြောင်း စူးကျန့် ပထမဆုံးကြားခဲ့ရသည့်အချိန်မှာလည်း ကျိသော်က သူမအား မှောင်ခိုပစ္စည်းရှာဖွေရာတွင် ကူညီလိုသည့်အချိန်ပင်။
ဤအချက်က စူးကျန့်ကို ပိုအာရုံစိုက်မိစေခဲ့သည်။ လင်းချောင်အပေါ် သူ၏အထင်အမြင်မှာ သူမသည် တည်ငြိမ်မှုရှိသည်၊ စိတ်ဝင်စားစရာကောင်းသည်၊ ပုံမှန် ဆယ့်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်မတူဟူ၍ပင်။
ယနေ့ လင်းချောင်ကို တွေ့လိုက်ရသည့်အခါ သူမသည် တစ်စုံတစ်ဦးကို မဆိုင်းမတွ ပါးရိုက်ခဲ့ပြီးနောက် သူတို့ကို တားဆီးရန် သူနာပြုကို စီစဉ်ခိုင်းခဲ့သည်မှာ တည်ငြိမ်နေပြီး ရဲရင့်ပြတ်သားလွန်းသည်။ ဤအရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးနောက်တွင်လည်း သူမက အခြေအနေများကို စိတ်အေးအေးထားပြီး ဆင်ခြင်သုံးသပ်ကာ သူတို့အား သတိပေးရန်အတွက် ဆင်းလာနိုင်ခဲ့သေးသည်။
သူမ၏ စိတ်နေသဘောထားကိုကြည့်၍ သူ ကျိသော်၏ အိမ်ထောင်ရေးကို လက်ခံလိုက်မိသည်။
စူးကျန့်သည် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းပြီး လင်းချောင်အား ခေါင်းညိတ်ပြလိုက်၏။
"မင်းမလာခင်ကတည်းက ကျိသော် ငါ့ကို ဒီအကြောင်းပြောပြခဲ့သေးတယ်။"
သူ၏အမူအရာမှာ ခန့်ညားတည်ကြည်နေ၏။
ကျိသော် သူ့ကို ပြောပြပြီးပြီလား။
လင်းချောင် ကျိသော်ကို ကြည့်လိုက်သောအခါ သူကလည်း သူမကို ပြန်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူ့အနောက်က အလင်းရောင်ကြောင့် သူ၏ခန့်ညားသော မျက်နှာသည် အရိပ်ထဲတွင် ရှိနေပြီး မျက်လုံးများက အထူးနက်ရှိုင်းပေါ်လွင်နေ၏။ ဤသည်မှာ သူတို့နှစ်ဦး မတိုင်ပင်ဘဲ တူညီသောအရာကို တွေးမိသည့် ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်မှာ လောင်ကျိုး၏ ကုတ်ခြစ်ရာများကို ဖုံးကွယ်နိုင်ရန် ကူညီခဲ့စဉ်က ဖြစ်သည်။
ဤအရာက လင်းချောင်ကို အနည်းငယ် ထူးခြားသလို ခံစားမိစေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် လူတိုင်းက မိမိတို့၏ ထင်မြင်ယူဆချက်များကို စွဲကိုင်ထားပြီး တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်မတူညီကြပုံများကိုသာ မြင်တွေ့ရင်း ကြီးပြင်းလာခဲ့ရသောကြောင့်ပင်။ သူမတွေးသည့်အရာကို အခြားတစ်စုံတစ်ဦးက တွေးမိသည်ဆိုသည်မှာ အလွန်ရှားပါးသည်။ သို့သော် ထိုအချိန်လေးက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။ ကားတစ်စီးသည် အောက်ထပ်တွင် ရပ်ထားနှင့်ပြီဖြစ်ပြီး အဘ်ိုးကု၏ လုံခြုံရေးအဖွဲ့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
"မင်းတို့နှစ်ယောက် အပေါ်အရင်တက်နှင့်လိုက်ကြ။ အဘိုးကုအနားမှာ တစ်ယောက်ယောက်ရှိဖို့လိုတယ်။"
စူးကျန့်က သူ၏ ဦးထုပ်ကိုပြင်ဆင်ရင်း ရှေ့သို့တိုးကာ ပြောလိုက်သည်။
"ငါ ဒီနေရာမှာ အခြေအနေ စောင့်ကြည့်ပေးမယ်။"
သူ၏ဆိုလိုရင်းကို ကျိသော် သဘောပေါက်သည်။ အဘိုးကု၏ စောင့်ရှောက်သူကိုပင် အချက်အလက်များ ပိုမိုမရရှိသေးသရွေ့ မယုံကြည်နိုင်သေးသည့်အတွက် အဘိုးကုကို တစ်ယောက်တည်း မထားခဲ့ချင်ပေ။ သူက လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
"သူတို့ကို စစ်မေးတဲ့အခါ မင်းကို ကူညီဖို့ လူနည်းနည်းချန်ခဲ့မယ်။ ကျန်တဲ့သူတွေကိုတော့ ငါ အပေါ်ခေါ်သွားလိုက်မယ်။"
ကောင်းမွန်စွာ လေ့ကျင့်ထားသော လုံခြုံရေးအစောင့်များသည် အဝင်ဝတွင် ရပ်လျက်ရှိပြီး ပြဿနာမဖြစ်အောင်ကာကွယ်ထားကြသည်။ လင်းချောင်နှင့် ကျိသော်တို့ တံခါးခေါက်၍ ဝင်လိုက်ရာ ဆူဆူပူပူကိစ္စများ ဖြစ်သွားပြီးနောက် အဘိုးကု အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ၏ပုံစံမှာ မသက်မသာဖြစ်နေပြီး၊ အသက်ရှူသံမှာလည်း အားနည်းနေကာ အိပ်နေစဉ်၌ပင် မျက်မှောင်ကြုတ်ထားသည်။
အစ်မကြီးတုက သူ့ကို ဂရုတစိုက်စောင်ခြုံပေးထားကာ ကောင်းမွန်စွာ ပြုစုထားသည်။ သူတို့နှစ်ယောက် ဝင်လာသည်ကို မြင်သောအခါ သူမ သက်ပြင်းချလိုက်၏။
"အစ်မ ပင်ပန်းနေရင် ခဏနားလိုက်ပါ။ ကျွန်မတို့ စောင့်ကြည့်ထားလိုက်ပါ့မယ်။"လင်းချောင်က ပြုံးလျက် ပြောလိုက်၏။
အစ်မကြီးတူက ခေါင်းခါပြလိုက်သည်။ "ဒါက ကျွန်မ အလုပ်ပါ။ ဘာလို့ ပင်ပန်းရမှာလဲ။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ကတော့ မနက်ဖြန် အလုပ်ရှိသေးတယ်မလား။"
သူမက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်၏။ "ဒီလိုဖြစ်မယ်ဆိုတာသာသိခဲ့ရင် သူတို့ကို ဝင်ခွင့်မပြုခဲ့ပါဘူး။ သူတို့က အဘိုးကုနဲ့ အရမ်းတူနေတော့ ကျွန်မ ထင်ခဲ့တာက.... သူတို့က ဒီလိုဖြစ်နေလိမ့်မယ်လို့ လုံးဝမတွေးမိခဲ့တာပါ..."
သူမ ထိုသို့ပြောနေရင်း ဆက်မပြောနိုင်တော့ဘဲ နောက်ဆုံးတွင်တော့ ကုတင်ပေါ်ရှိ အဘိုးကုကိုသာ ငုံ့ကြည့်ကာ ဘာမှထပ်မပြောခဲ့တော့ပေ။
လင်းချောင် သူမနှင့် ခဏတာစကားပြောခဲ့ပြီးနောက် သူမက အဒေါ်ကျန်းထက်ပင် စကားနည်းပြီး အနည်းငယ် နှေးကွေးနေသည်ကို သိလိုက်ရသည်။ သူမသည် ပညာတတ်မဟုတ်ဘဲ လူအများနှင့်လည်း ပြောဆိုဆက်ဆံဖူးခြင်းမျိုး သိပ်မရှိလောက်ပေ။
လင်းချောင်က ကျိသော်နှင့် အကြည့်ချင်းဖလှယ်ကာ ခေါင်းကို အသာအယာခါပြပြီး ကိစ္စက အစ်မကြီးတုနှင့် မဆိုင်ဟုထင်ကြောင်း ပြသလိုက်သည်။
ကျိသော်ကတော့ တုံ့ပြန်မှုမရှိခဲ့။ ထိုအစား မျက်မှောင်ကြုတ်ကာ လင်းချောင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လက်ဖဝါးကို လှန်ကြည့်လိုက်သည်။ ထို့နောက်မှ ပုံမှန်အတိုင်း ပြန်လွှတ်ပေးလိုက်၏။
"ကျွန်မလက်က ဘာဖြစ်လို့လဲ?"
လင်းချောင် သူမ၏ လက်ကို ကြည့်လိုက်သော်လည်း ထူးခြားမှုမတွေ့ရပေ။ ထိုအချိန်တွင် တစ်စုံတစ်ဦးက တံခါးခေါက်လိုက်သဖြင့် ကျိသော်၏ စကားစပြတ်သွား၏။ သူ လမ်းလျှောက်သွား၍ တံခါးဖွင့်လိုက်သောအခါ စူးကျန့် ရောက်လာခြင်းပင်။
စူးကျန့်သည် တံခါးဝတွင် ရပ်လျက် အဘိုးကု အိပ်ပျော်နေသည်ကို မြင်သောအခါ အသံကို လျှော့၍ပြောလိုက်၏။
"သိခဲ့ရပြီ။"
သူက အခန်းထဲရှိ လင်းချောင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
ဤအကြည့်သည် လင်းချောင်ကိုပါ အသိပေးရန် ရည်ရွယ်ကြောင်း ဖော်ပြနေသည်။ ကျိသော် သတိပြုမိသွားပြီး လင်းချောင်ကို ပြန်ကြည့်လိုက်ကာ တံခါးပိတ်၍ စူးကျန့်နှင့်အတူ အပြင်သို့ ထွက်သွားခဲ့သည်။
သူတို့က တစ်နေရာတွင် ခဏကြာ စကားပြောခဲ့ပြီးနောက် အတူပြန်လာခဲ့ကြသည်။ စူးကျန့်က ကျိသော်နှင့် လင်းချောင်တို့ကို ပြောလိုက်၏။
"ဒီကိစ္စကို ငါပဲ ကိုင်တွယ်ထားလိုက်မယ်။ မင်းတို့ နှစ်ယောက် ပြန်သင့်ပြီ။ လူနာဆောင်က ကျဉ်းတယ်၊ ဒီလောက်လူအများကြီး ရှိနေစရာ မလိုဘူး။"
သူတို့အတွက် အဝေးတွင်နေရသည်မှာ အဆင်မပြေလောက်ဟု သူထင်ခဲ့သည်။
ကျိသော်လည်း မငြင်းဆိုခဲ့ချေ။
"ကောင်းပြီ၊ သွားတော့မယ်။ ကိစ္စတစ်ခုခုရှိရင်တော့ ဖုန်းဆက်လိုက်။"
ဆေးရုံအဆောက်အအုံမှ ထွက်ခွာလာသောအခါ ညဉ့်နက်နေပြီဖြစ်ပြီး ဆောင်းဦးလေကလည်း ချမ်းအေးနေသဖြင့် လင်းချောင် တုန်ယင်သွားသည်။ သူမ ဂျစ်ကားကို လိုက်ရှာမိလိုက်သော်လည်း ကျိသော်က သူ၏ စစ်ဝတ်စုံကိုချွတ်ကာ သူမ၏ ပခုံးပေါ်တင်ပေးလိုက်သည်။ သူ့တွင် ပါးလွှာသော ရှပ်အင်္ကျီသာ ကျန်ခဲ့ပြီး ဂျစ်ကားတံခါးကို ခေါက်ရန် လျှောက်သွားခဲ့သည်။
ညအချိန်တွင် သူ၏ ကျယ်ပြန့်သော ပခုံးများနှင့် မတ်မတ်ရပ်နေသော ကိုယ်နေဟန်ထားပုံစံမှာ အအေးဒဏ်ကို လုံးဝမခံစားရသည့်ပုံစံ ဖြစ်နေပြီး မိုးရေထဲတွင် တစ်စုံတစ်ဦးကို ကယ်ဆယ်ခဲ့စဉ်က အတိုင်းပင်။
လင်းချောင်လည်း စစ်ဝတ်စုံကို ပိုတင်းကျပ်နေအောင် ဆွဲယူလိုက်၏။ ကားက လျင်မြန်စွာ ရောက်လာပြီး သူတို့က နောက်ခန်းတွင် ဝင်ထိုင်လိုက်ကြ၏။ ကျိသော်ကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။