← Chapters

အခန်း (၈၆)

Vol. 8 Ch. 86

အခန်း (၈၆)

Vol. 8 Ch. 86

အိမ်ပြန်ရောက်၍ ရေချိုးသန့်စင်ကာ အိပ်ရန် ပြင်ဆင်နေချိန် ကျိသော်က မျက်နှာကို မျက်နှာသုတ်ပုဝါဖြင့် သုတ်ကာ စကားစပြောလိုက်၏။

"သူတို့က ရုတ်တရက် ရောက်လာတာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က သူတို့ကို အဘိုးကု အပြင်းဖျားနေပြီဆိုပြီး စာတစ်စောင် ရေးပို့လိုက်တာတဲ့။"

"တစ်စုံတစ်ယောက်က သူတို့ကို စာရေးလိုက်တာ။"

လင်းချောင် သွားတိုက်နေရာမှ ခေတ္တရပ်ကာ စဉ်းစားလိုက်သည်။ အံ့ဩစရာတော့ မဟုတ်ပေ။

"နာမည်မဖော်ထားတဲ့ စာလား။"

ထိုခေတ်ကာလတွင် လိပ်စာမှန်ကန်ပြီး စာပို့ခ ပေးဆောင်ထားသရွေ့ အမည်ဖော်စရာမလိုဘဲ စာများကို ပို့ဆောင်ပေးနိုင်ခဲ့သည်။ လင်းဝေ့သည်လည်း ပြီးခဲ့သည့်လအနည်းငယ်အတွင်း ဤနည်းဖြင့် အိမ်သို့ စာများပို့နေခဲ့သည်။ သို့သော် အမည်မဖော်ထားသော စာများကို ခြေရာခံရန်က ပိုခက်ခဲပြီး စာပို့သူသည်လည်း ပုံမှန်လက်ရေးကို အသုံးပြုခဲ့မည်မဟုတ်ပေ။

ကျိသော်က ပြောလိုက်၏။ "အဘိုးကုရဲ့ မြေးပြောတာတော့ ပို့လိုက်တဲ့သူက ဒီသတင်းကို အပြင်ကိုမပေါက်ကြားစေနဲ့ဆိုပြီး သတိပေးခဲ့တယ်တဲ့။ မဟုတ်ရင် ပို့တဲ့သူက သူတို့ကို ဖြေရှင်းဖို့အတွက် နည်းလမ်းရှိတယ်တဲ့။ စာဖတ်ပြီးတော့ သူတို့က အဲ့ဒီစာကို မီးရှို့လိုက်ကြတယ်။"

စူးကျန့်နှင့် လုံခြုံရေးအဖွဲ့က လူသုံးယောက်ကို သီးခြားစီထားကာ မေးမြန်းခဲ့ကြသည်။

အဘိုးကု၏တူနှင့် သူ၏ဇနီးတ်ို့က အသက်ပိုကြီးပြီး အတွေ့အကြုံရှိသည့်အတွက် ဦးလေးဖြစ်သူ၏ အသက်အရွယ်ကို စိုးရိမ်သဖြင့် လာတွေ့ချင်ကြခြင်းဟုသာ အခိုင်အမာ ငြင်းဆိုခဲ့ကြသည်။ သို့သော် ငယ်ရွယ်ပြီး လောကအကြောင်း နားမလည်သေးသော မြေးကောင်လေးကတော့ ကြောက်ရွံ့နေသဖြင့် အားလုံးကို ဖွင့်ချလိုက်သည်။

ဒီမိသားစုက မိုက်မဲတာလား လောဘကြီးတာလား မသဲကွဲသော်လည်း ဒီလိုကိစ္စမျိုးကို ယုံကြည်ကာ ယန်ဒူအထိ ခရီးထွက်လာခဲ့ကြသည်။

လင်းချောင်က သွားတိုက်တံကို ခွက်ထဲထည့်လိုက်ပြီး တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။

"ဒီလူက သူတို့ကို ဒီကိုခေါ်လာတာ အဘိုးကုကို ဒေါသထွက်ပြီး သေအောင် လုပ်မလို့လား။"

သူမက ထိုးထွင်းဉာဏ်ကောင်းသူဖြစ်ပြီး သတင်းအချက်အလက် အနည်းငယ် ရရှိရုံနှင့် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့သည်။

ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်နေတတ်သည့် ကျိသော်၏ မျက်လုံးများက လင်းချောင်ကို ကြည့်လိုက်ချိန်တွင် တောက်ပလာခဲ့သည်။ သူက အခြားသူတစ်ဦးနှင့် ပွင့်ပွင့်လင်းလင်း စကားပြောခဲ၏။

"အဘိုးကုက မကြာသေးခင်အတောအတွင်း ရှောင်ကျန်းကို ရှာခဲ့တာက ဆယ်စုနှစ်တစ်ခုကျော်က အဖြစ်အပျက်ဟောင်းတွေကို ပြန်ပေါ်လာစေပြီး တစ်စုံတစ်ယောက်ကို စိုးရိမ်ပူပန်မိသွားစေလို့ ဖြစ်မယ်။"

လင်းချောင်က သူ၏ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်၏။ "ရှင်ပြောချင်တာက အဘိုးကုရဲ့ မြေးမပျောက်ဆုံးတဲ့အမှုမှာ သံသယဖြစ်စရာ တစ်ခုခုရှိတယ်၊ ဒါမှမဟုတ်..."

"ရှောင်ပင်းရဲ့ သေဆုံးမှုက သံသယဖြစ်စရာရှိနေတာပါ။"

ကျိသော်က သူမ၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်ပြီး လင်းချောင်၏ လက်ထဲမှ ပစ္စည်းများကိုယူပြီး သိမ်းဆည်းလိုက်ကာ သူမကို အခန်းထဲ ခေါ်သွားခဲ့သည်။

လင်းချောင် စားပွဲရှိရာ သွားရန်ပြင်နေချိန်တွင် ကျိသော်က ခုတင်ဘက်ကို မျက်နှာမူပြီး ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်ကာ ခုတင်ဘေးတွင်ထိုင်ရန် အမူအရာပြလိုက်သည်။

ဒီတစ်ခါတော့ သူတို့ နေရာပြောင်းသွားခဲ့လေပြီ။ သူမက အရင်တစ်ခါတုန်းကလို နှစ်ယောက်သား စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်ရမည်ဟု ထင်ခဲ့ခြင်းဖြစ်၏။

ကျိသော်ကလည်း အရင်တစ်ခါကိစ္စကို မှတ်မိနေသောကြောင့် စားပွဲထံ မသွားလိုခြင်းပင်။ ထိုအစား သူတို့ကြားထဲ အကွာအဝေးမရှိရအောင် ခုတင်ဘေးကိုသာ ရွေးချယ်လိုက်၏။

"ရှောင်ကျန်းက ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မှာ ပျောက်သွားတယ်။ ရှောင်ပင်း သူ့ညီမကို ရှာဖို့ ထွက်သွားခဲ့ပြီး ၁၆ ရက်နေ့ ညမှာ ပျောက်ဆုံးသွားတယ်။ သူ့ကို ၁၈ ရက်နေ့မှာ တောင်ပေါ်မှာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်။"

ဒါဆို ကုရှောင်ပင်းက သူ့ညီမကို ရှာဖွေရင်း အသက်ဆုံးခဲ့ရတာလား...

လင်းချောင် စဉ်းစားလိုက်၏။ "သူ့ကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ။ အဲ့ဒီတုန်းက သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခဲ့ဘူးလား။"

သာမန်မတော်တဆမှုသာဆိုလျှင် ကျိသော်က သံသယဖြစ်စရာတစ်ခုခု ရှိသည်ဟု ပြောမည်မဟုတ်။ သို့သော် မတော်တဆမှုမဟုတ်ဘူးဆိုလျှင်လည်း ဒီလောက်လွယ်လွယ်နှင့် ကောက်ချက်ချပြီး အမှုကို မပယ်ချခဲ့လောက်ပေ။

ခဏတာ တိတ်ဆိတ်နေပြီးနောက် ကျိသော်၏အကြည့်က တည်ငြိမ်နေရာမှ ကြောက်စရာကောင်းသည့်အသွင်သို့ ပြောင်းလဲသွားတော့သည်။

"ရှောင်ပင်းကို တွေ့တဲ့အချိန်တုန်းက ခါးပတ်နဲ့ သစ်ပင်မှာတွဲလောင်းကျနေတာ။"

သူ့စကားများက တိုတောင်းသော်လည်း သူ့အသံကတော့ ဆောင်းတွင်းတွင် ဆွဲထုတ်လိုက်သော ဓားသွားကဲ့သို့ အေးစက်နေ၏။

"အဘိုးကုက ဒီသတင်းကိုကြားတော့ သတိလစ်သွားတယ်။ အဲ့ဒီအချိန်တုန်းက ကိုယ်တို့မိဘတွေက ခက်ခဲတဲ့ အခြေအနေမှာရှိနေတာဆိုတော့ စူးကျန့်နဲ့ ကိုယ်ကပဲ အကြောင်းကြားအမှူဖွင့်ခဲ့တယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေ ရောက်လာပြီး စစ်ဆေးကြည့်ခဲ့ပြီးတော့ ဒါက ကိုယ့်ကိုယ်ကို သတ်သေတာလို့ပြောခဲ့တယ်။"

"ကိုယ့်ကိုယ်ကို သတ်သေတာလား။"

လင်းချောင်က တစ်ခုခု မှားယွင်းနေပြီ ဆိုသည်ကို သိလိုက်၏။

ကျိသော် လှောင်ပြုံးပြုံးလိုက်၏။ "စူးကျန့်နဲ့ကိုယ်က မနက်ပိုင်းမှာ အကြောင်းကြားခဲ့တာ။ စုံစမ်းစစ်ဆေးရေးမှူးတွေက နေ့လယ်ပိုင်းမှာ ရောက်လာပြီး အဲ့ဒီနေ့မှာပဲ ချက်ချင်း အမှုကို ပိတ်လိုက်တယ်။ ရှောင်ပင်း ကိုယ့်ကိုယ်ကို သတ်သေရတဲ့ အကြောင်းရင်းကတော့..."

"သူ့ညီမကို မရှာနိုင်ခဲ့လို့၊ အဘိုးကုနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေကို မျက်နှာမပြရဲလို့၊ ဆက်ပြီး မခံစားနိုင်တော့လို့ဆိုပြီးလား။"

သူတို့က ကိုယ့်ကိုယ်ကို သတ်သေသည့်အမှူဟု အခိုင်အမာ ပြောနေမည်ဆိုလျှင် ခန့်မှန်းရ မခက်ပေ။ သို့သော် ဒီစကားကို အသံထွက်ပြောလိုက်ရသည့်တိုင် သူမအတွက်တော့ အဓိပ္ပါယ်မရှိသလို ခံစားရ၏။ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ၊ အပြစ်ရှိသည်ဟု ခံစားနေရပါစေ၊ ပုံမှန်လူတစ်ယောက်က သူ့ညီမ ပျောက်နေသည့်အချိန်တွင် အဘိုးကုအတွက် တစ်ဦးတည်းသောမြေးကပါ ထပ်ပြီးပျောက်ဆုံးသွားလို့ မရဘူး ဆိုသည်ကို သိနိုင်သည်။

ထို့အပြင် အသက်ရှင်နေမှသာ ဆက်ရှာဖွေနိုင်မည်ဖြစ်ပြီး သူမကို ရှာတွေ့ရန်မျှော်လင့်နိုင်မည်ဖြစ်သည်။ ခါးပတ်နှင့် ဆွဲကြိုးချပြီး သတ်သေသည်က လုံးဝကို အဓိပ္ပါယ်မရှိနေပေ။

ကျိသော်ကလည်း မယုံကြည်ခဲ့ပေ။ "ရှောင်ပင်းရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရှိနေပြီး အဝတ်အစားတွေမှာလည်း သွေးတွေ ပေနေတယ်။ စူးကျန့်နဲ့ကိုယ်က ဒါကိုထောက်ပြခဲ့ပေမဲ့ သူတို့က ရှောင်ကျန်းကို ရှာဖွေရင်း ထိခိုက်မိတဲ့ဒဏ်ရာတွေဖြစ်ပြီး ကိုယ်တို့က မလိုအပ်ဘဲ ပြဿနာလာရှာနေတယ်လို့ စွပ်စွဲပြီး မောင်းထုတ်ခဲ့တယ်။ စူးကျန့်က ထွက်မသွားဘဲ ငြင်းခုံခဲ့လို့ ရိုက်နှက်ခံခဲ့ရသေးတယ်။"

ထိုအချ်ိန်က ရှုပ်ထွေးနေပြီး သူတို့ကလည်း မိဘများနှင့်အတူ အလုပ်သမားပြုပြင်ရေးကို ခံယူနေရချိန်ဖြစ်သည်။ လူတစ်ယောက် သေဆုံးသွားသည့်တိုင် တရားမျှတမှုကို မရှာဖွေနိုင်ခဲ့ပေ။ ပိုပြီး ဆိုးရွားသည်မှာ လူတစ်ယောက် အရိုက်ခံရပြီး သေဆုံးသွားလျှင်တောင် ဘယ်သူက လုပ်ခဲ့သလဲဆိုသည်နှင့် ဘယ်သူနှင့် ဆက်စပ်မှုရှိလဲဆိုသည်က ပြောရခက်၏။ ထိုအချိန်တုန်းက အချို့ကိစ္စများကို သေသေချာချာ စုံစမ်းခဲ့ခြင်းမရှိသလို၊ အချိန်ကာလကြာပြီဖြစ်သည့်အတွက် အခုချိန်တွင်မှ စုံစမ်းရန် မဖြစ်နိုင်တော့ပေ။

ကျိသော်က ဒီကိစ္စကို စိတ်ထဲ နာကျည်းနေခဲ့၏။ သူက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ နက်မှောင်နေသော အမှောင်ထုကို စိုက်ကြည့်နေခဲ့သည်။

"ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ် စဉ်းစားနေခဲ့တယ်။ အဲ့ဒီလူတွေလား၊ ဒါမှမဟုတ် ကိုယ်တို့နဲ့အတူ ပြုပြင်ပြောင်းလဲရေး ခံယူနေတဲ့ တစ်စုံတစ်ယောက်လား။ အရင်ကတော့ အဲ့ဒီလူတွေကိုပဲ ပိုသံသယရှိခဲ့တာ၊ ဒါပေမဲ့ အခုတော့..."

[T/N အဲ့ဒီလူတွေဆိုတာက စစ်ဆေးရေးမှုးတွေကို ပြောချင်တာပါ၊ သူတို့က နေ့ချင်း အမှုပိတ်လိုက်တာဆိုတော့လေ။]

ကျိသော်က အချို့ကိစ္စများ လုပ်ပြီးချိန်မှလွဲ၍ ဆေးလိပ်သိပ်မသောက်တတ်ပေ။ အိပ်ခန်းထဲ စာဖတ်နေရင်း ဒါမှမဟုတ် သတင်းကြည့်နေရင်း ဆေးလိပ်သောက်လေ့မရှိပေ။

ဒီနေ့တော့ သူ့စိတ်ခံစားမှုများကို ငြိမ်သက်အောင်လုပ်ရန် တစ်ခုခု လိုအပ်နေ၏။ လင်းချောင်က ဘာမှမပြောဘဲ သူခုနက ပြောခဲ့သည့် အချက်များအတိုင်း ဆက်စဉ်းစားနေခဲ့သည်။

ထိုစာရော အဘိုးကု၏တူ ပြဿနာလာရှာသည့်ကိစ္စပါ မရှိခဲ့ဘူးဆိုလျှင်တောင် ကျိသော်ကတော့ သံသယရှိနေဆဲပင်။ ဘယ်လိုဖြစ်ဖြစ် ထိုအမှုကိစ္စကို ဥပဒေမဲ့ လုပ်ဆောင်ခဲ့ကြပြီး၊ ပြုပြင်ပြောင်းလဲရေး ခံယူနေရသူများကလည်း အလားတူ ဆိုးရွားသည့် အခြေအနေတွင် ရုန်းကန်ရှင်သန်နေခဲ့ကြရသည်။ သို့သော် အချိန်က နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး အဘိုးကုကလည်း ယန်ဒူကို ပြန်ရောက်သည်မှာ ကြာပြီဖြစ်သည်။ ထိုလူများက အဘိုးကု၏ လက်ရှိအခြေအနေကို သိရန်ဆိုသည်မှာ သူ့တူထက်ပင် ပိုခက်ခဲလိမ့်မည်။ သို့သော် ယန်ဒူက ဒေသခံများကတော့ အဘိုးကု ဆေးရုံတက်နေရသည်ကို အလွယ်တကူ သိနိုင်၏။

အဘိုးကု ဆေးရုံမတက်ခင် လုပ်ခဲ့သည့်အရာများကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင်၊ တစ်စုံတစ်ယောက်က သူ့မြေးမကို ဆက်ရှာဖွေနေသည်ကို သိသွားပြီး တခြားသော အတိတ်မှ ကိစ္စများကို ဖော်ထုတ်မည်ကို ကြောက်ရွံ့ကာ ဤသို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။

အဘိုးကုသာ ဒေါသနှင့် သေဆုံးသွားခြင်း ဒါမှမဟုတ် အိပ်ရာထဲလဲသွားခြင်းမျိုး ဖြစ်သွားလျှင် ထိုအတိတ်က ကိစ္စများကို ဘယ်သူကမှ ဆက်ပြီး စုံစမ်းတော့မည် မဟုတ်ပေ။ သို့ရာတွင် စာတစ်စောင် ရေးလိုက်ခြင်းကတော့ အခြားသူများကို သတိပေးမိနိုင်သည့် ကြီးမားသော အမှားတစ်ခုပင်။ သူတို့သာ အဘိုးကု စုံစမ်းနေသည့်ကိစ္စကို ရပ်တန့်စေချင်လျှင် အခြားနည်းလမ်းများစွာရှိသည်။ သူ့ကို ဒေါသထွက်အောင် လုပ်ခြင်းက အတုံးအဆုံးသော နည်းလမ်းပင်။ ယခင်ကိစ္စကို နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်ထားနိုင်ခဲ့သည်ဆိုလျှင်တောင် အခုအချိန်တွင် ဤသို့ အရဲမစွန့်သင့်ပေ။

သူမ စဉ်းစားနေရင်း ခေါင်းမော့ကြည့်လိုက်ရာ ကျိသော်က ပြတင်းပေါက်ကို ကြည့်နေရာမှ အကြည့်လွှဲကာ ယခု သူမကို အာရုံစိုက် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ခဏတာ တိတ်ဆိတ်နေပြီးနောက် လင်းချောင်က သူ့တွင်တစ်ခုခု ပြောစရာရှိသည်ဟု ထင်မိကာ သူမနားထောင်နေကြောင်း အမြန်အချက်ပြလိုက်၏။ သို့ရာတွင် သူကတော့ သူမကို မေးလိုက်သည်။

"မင်းရဲ့ လက်က အဆင်ပြေရဲ့လား။"

လက်?

လင်းချောင် ခဏတာ ဝေဝါးသွားပြီးမှ သူဆိုလိုသည်မှာ သူမ ပါးရိုက်ပစ်ခဲ့သော လက်ကို ပြောနေခြင်းမှန်း သတိရသွားခဲ့သည်။ သူမက ဆေးရုံစင်္ကြံမှ သူ၏အကြည့်နှင့် ဆေးရုံအခန်းအတွင်း သူမ၏လက်ကို ကြည့်နေသော သူ၏အပြုအမူကို ပြန်တွေးမိသွားသည်။ သူက ဒီအကြောင်းကို မေးချင်ခဲ့သည်သာဖြစ်သည်။ သူ့မျက်နှာတွင် များသောအားဖြင့် ဘာခံစားချက်မှ ပေါ်မနေတတ်သောကြောင့် သူမလည်း သတိမထားမိခဲ့ခြင်းဖြစ်သည်။

လင်းချောင်က သူမ၏လက်ကို ပြလိုက်သည်။ "အဲ့ဒီတုန်းကတော့ နည်းနည်းနီသွားတာပဲ၊ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ။ ကျွန်မက အရိုက်ခံရတဲ့သူမှ မဟုတ်တာ..."

သူမ စကားမဆုံးခင်မှာပဲ ကျိသော်၏ လက်ဖဝါးက သူမ၏ လက်ကို ဆုပ်ကိုင်လာ၏။

ကျိသော်က လင်းချောင်ထက် လက်မနှစ်ဆယ်ကျော်လောက် ပိုရှည်သည်။ သူတို့နှစ်ယောက် အတူရပ်နေချိန်တွင် သူမက သူ့ကို စကားပြောရန် အမြဲတမ်း ခေါင်းမော့ကြည့်ရပြီး သူ့လက်များကလည်း သူမ၏လက်များထက် အများကြီး အရွယ်အစားပိုကြီးနေ၏။

မီးရောင်အောက်တွင် သူမ၏ သွယ်လျပြီး ဖြူဖွေးသောလက်က သူ၏ ကြံ့ခိုင်ပြီး နေလောင်ထားသော လက်ဖဝါးအောက်တွင် ဝါးမြိုခံထားရသလိုဖြစ်နေပြီး၊ အရိုးအဆစ်များက ထင်ရှားနေကာ သွေးကြောများကိုလည်း မြင်နေရ၏။

လင်းချောင် အနည်းငယ် အံ့သြသွားပြီး ကျိသော်ကလည်း မျက်နှာလွှဲလိုက်မိ၏။ ခဏကြာမှ သူ၏နက်ရှိုင်းသော အကြည့်က သူမထံ ပြန်ရောက်လာခဲ့သည်။

"ကိုယ် အဘိုးကုရဲ့ အခြေအနေကို ဆက်ပြီး စုံစမ်းချင်တယ်။ ဘာမှမတွေ့ရဘူးဆိုရင်တောင် အဘိုးကုကလည်း အဆင်ပြေနေသရွေ့ ဆက်ရှာဖွေနေမှာဖြစ်ပြီး အပြစ်လုပ်ထားတဲ့သူကလည်း အဘိုးကု ဆက်ရှာနေသရွေ့ ဒီလိုကိစ္စမျိုးကို ထပ်ပြီး လုပ်ဆောင်လာနိုင်တယ်။"

အချို့ကိစ္စများက တစ်ဖက်လူ ဘာလုပ်သည်ဆိုသည့်အပေါ် မမူတည်ဘဲ သူတို့ ဘာကိုမလုပ်ဘူးဆိုသည်နှင့် ပတ်သက်နေ၏။ လုပ်ဆောင်ချက်များကသာ သဲလွန်စများကို ချန်ထားခဲ့မည်ဖြစ်သည်။

ကုရှောင်ပင်း သေဆုံးမှုကိစ္စနှင့် ပတ်သက်နေသောကြောင့် ကျိသော် စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။ သူမက ကားထဲတွင် သူ့လက်ကို ထိပြီး နှစ်သိမ့်နိုင်ခဲ့သည် မဟုတ်လား။

လင်းချောင် ဘာကိုမှဂရုမစိုက်တော့ဘဲ သူ့လက်ကို ခိုင်မြဲစွာ ပြန်ဆုပ်ကိုင်လိုက်၏။

"သူတို့ရဲ့အကြောင်းကို သူတို့ကိုယ်တိုင် အရင်ဖော်ခဲ့ပြီဆိုတော့ သူတို့ အနိုင်မယူနိုင်တော့ပါဘူး။ ရှင် အမှန်တရားကို ရှာတွေ့နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။"

သူ့လက်ဖဝါးထဲမှ သေးငယ်သည့်လက်လေးသည် နူးညံ့နေပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည့်အခါလည်း အားအင်မရှိနေပေ။ သို့သော် ဤလက်က လွန်ခဲ့သည့် နာရီအနည်းငယ်ကမှ တစ်စုံတစ်ယောက်ကို ပြင်းပြင်းထန်ထန် ရိုက်ခဲ့သည့်လက်ဆိုသည်ကတော့ မယုံနိုင်စရာပင်။

ကျိသော်က သူ့လက်ချောင်းများကို ပိုပြီး တင်းကျပ်လိုက်သည်။ ဒီတစ်ကြိမ်တွင် ရှောင်ပင်းအကြောင်း ပြောပြခဲ့ပြီးနောက် ဒေါသနှင့် အေးစက်မှု ရှိခဲ့သော်လည်း အရင်ကထက် ပိုပြီးမြန်ဆန်စွာ စိတ်တည်ငြိမ်သွားသည်ဆိုသည်ကိုတော့ သူ့ကိုယ်သူ သဘောပေါက်သည်။

ဒီနေ့ သူသာ ပြန်လှည့်မကြည့်ခဲ့ဘူးဆိုလျှင်၊ သူမကို ကားထဲ ဆွဲမထည့်ခဲ့ဘူးဆိုလျှင်...

ကျိသော်က အမြဲတမ်းလိုလို တည်တည်ငြိမ်ငြိမ် နေတတ်ပြီး အသုံးမဝင်သော စိတ်ခံစားမှုများကြောင့်အချိန်ကုန်မခံတတ်ပေ။ ထိုအတွေးက လျှပ်တစ်ပြက် ပေါ်လာပြီး သူက ရုတ်တရက်ပြောလိုက်၏။

"အဲ့ဒီကိစ္စကို ကိုယ်လုပ်ခဲ့တာ။"

လုပ်ခဲ့တာ။ ဘာကိစ္စလဲ။

စကားခေါင်းစဉ်က ဆက်စပ်မှုမရှိဘဲ လျင်မြန်စွာ ပြောင်းသွားသောကြောင့် လင်းချောင် အနည်းငယ် လမ်းပျောက်သွား၏။

"မင်းရဲ့ကျောင်းကကိစ္စနဲ့ ပတ်သက်ပြီး သူမခင်ပွန်းကို အဲ့လိုလုပ်ခဲ့တာက ကိုယ်ပါ။"

"တကယ်ပဲ ရှင်လုပ်ခဲ့တာလား။"

လင်းချောင် တုန်လှုပ်သွား၏။ သူမက သူ့ကို ပြောပြခဲ့ရုံသာဖြစ်သည်။

ကျိသော်က စီးကရက်ပြာကို ခါချလိုက်ပြီး သူမကို ကြည့်ကာ ကုလားထိုင်တွင် မှီချလိုက်၏။

"သူ့မိန်းမကတောင် ကိုယ့်လူကို လာရှူပ်နေတာ၊ ကိုယ်က သူ့ကို ဘာလို့ ပြန်ရှုပ်လို့ မရရမှာလဲ။ ပြီးတော့ သူမှာ ဖုံးကွယ်ထားတဲ့ကိစ္စ မရှိဘူးဆိုရင် ဘာလို့ စုံစမ်းစစ်ဆေးမှာကို ကြောက်နေတာလဲ။"

သူပြောနေချိန်တွင် သူ၏ စစ်ဝတ်စုံက အမြဲတမ်းကဲ့သို့ သပ်ရပ်နေသော်လည်း သူ၏ လေသံကတော့ ယခင်က "ကိုယ့်ရဲ့ တရားဝင်ဇနီးနဲ့ ဘာလို့ အတူအိပ်လို့ မရရမှာလဲ" ဟု စားပွဲတွင်မှီရင်း ပြောခဲ့သည့် ဖရိုဖရဲ ပုံစံမျိုးဖြစ်နေ၏။

ဒါက သူ၏ ပုံမှန်တင်းမာတည်ကြည်သော အသွင်အပြင်အောက်တွင် ဖုံးကွယ်ထားခဲ့သည့် အာဏာရှင်ဆန်သောဘက်ခြမ်းဖြစ်ပြီး လင်းချောင်က သူ၏အကြည့်ကို အလိုလို ရှောင်ရှားမိခဲ့သည်။

ကျိသော် သတိထားမိသည့်တိုင် ဘာမှ မပြောခဲ့ဘဲ သူမ၏ လက်ကိုလည်း မလွှတ်ပေးခဲ့ပေ။

လင်းချောင်က သူ့ကိုပြန်ကြည့်လိုက်၏။ "ကျေးဇူးတင်ပါတယ်။"

ပြောင်းလဲမှု အနည်းငယ်ရှိနေသည်ကို သူမ သတိထားမိသော်လည်း ကျိသော်က ရှောင်ပင်းအကြောင်း ပြောပြီးကာစဖြစ်သည့်အတွက် စိတ်အခြေအနေ မငြိမ်လောက်ပေ။ ဒါက အမျိုးသားတစ်ယောက်၏ ခုတင်ပေါ်တွင် ပြောသောစကားသာဖြစ်၏။ လူတိုင်းသိကြသည့်အတိုင်း ခုတင်ပေါ်မှ စကားများက ယုံကြည်၍မရပေ။ နောက်တစ်နေ့ အိပ်ရာကထသည်နှင့် သူတို့က အရာအားလုံးကို မေ့သွားနိုင်၏။

လင်းချောင်၏ သဘောထားနှင့်ပုံစံကို ကြည့်လိုက်ရာ အရင်ကအတိုင်းပဲ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သို့သော် ကျိသော်၏ စိတ်ခံစားချက်များကတော့ ဒီတစ်ခါ ဆေးရုံသွားပြီးသည့်နောက် အပြည့်အဝ ငြိမ်သက်သွားခဲ့လေပြီ။

အထက်အရာရှိနဲ့ လက်အောက်ငယ်သား ပုံစံမျိုးကို ပြန်သွားမလို့လား။

လုံးဝ မဖြစ်နိုင်ဘူး။

လိုအပ်လာလျှင် သူ ဖြည်းဖြည်းချင်းလည်း သွားသင့်ပါက သွားရလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လက်ထပ်ထားပြီးပြီဖြစ်ပြီး အတူတူလည်း အိပ်ခဲ့ကြပြီးပြီဖြစ်သောကြောင့် သူမက သူ့ကို ပြန်စွန့်ခွာ၍မရနိုင်ပေ။ သို့သော် အချိန်က နောက်ကျနေပြီဖြစ်ပြီး နောက်တစ်နေ့တွင်လည်း အလုပ်သွားရဦးမည်။ ဒီကိစ္စများကို အာရုံစိုက်နေရမည့် အချိန်မဟုတ်နေပေ။ ကျိသော် သူမ၏လက်ကို လွှတ်ပေးလိုက်၏။

"အိပ်ရအောင်။"

သူသာ စကားမပြောနေခဲ့လျှင် လင်းချောင် အိပ်ရန်အဆင်သင့် ဖြစ်နေလောက်ပြီဖြစ်သည်။ ဒီစကားကို ကြားတော့ သူမက မီးပိတ်ရန် တန်းသွားလိုက်၏။ သို့သော် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက များလွန်းသောကြောင့် သူမ အမြန်မအိပ်ပျော်နိုင်ခဲ့ပေ။ ခုတင်ပေါ်တွင် လှည့်လိုက်သည့်အခါ အဘိုးကု၏ မျက်နှာက သူမစိတ်ထဲ ပြန်ပေါ်လာ၏။

"အိပ်မပျော်ဘူးလား။"

ဘေးတွင်ရှိနေသော အမျိုးသားက မေးလိုက်၏။ သူ့အသံအရ သူလည်း အိပ်ချင်စိတ်မရှိနေသလိုပင်။

လင်းချောင် ပြန်ဖြေလိုက်၏။ "နည်းနည်း အိပ်မရဖြစ်နေတာ။"

ထိုအမျိုးသားက နောက်ဘာမှထပ်မပြောတော့ဘဲ လှည့်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ ပုံမှန်လုပ်နေကျအတိုင်း သူမ၏ခေါင်းကို ပုတ်ပေးလိုက်သည်။

ထိုအမူအရာက ကလေးတစ်ယောက်ကို နှစ်သိမ့်ပေးသလို ဖြစ်နေသော်လည်း ဆောင်းညများက ပိုအေးလာပြီဖြစ်သောကြောင့် တစ်ယောက်တည်း အိပ်ရသည်ထက် သူ့ရင်ခွင်ထဲ ပူးကပ်ပြီးအိပ်ရသည်က ပိုသက်သောင့်သက်သာရှိသည်။ လင်းချောင် သူ့ကို မှီထားရင်း တဖြည်းဖြည်း အိပ်ချင်စိတ် ဝင်လာခဲ့သည်။ သူမ မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အခါ ပြတင်းပေါက်မှ နေရောင်ခြည်များ ဝင်လာနေပြီဖြစ်ပြီး ထိုအမျိုးသားကတော့ စစ်အင်္ကျီကို ဝတ်ဆင်ထားပြီဖြစ်ကာ ခုတင်ဘေးတွင် ရပ်နေခဲ့သည်။

"ထဖို့ အချိန်ရောက်ပြီ။"

All Chapters