← Chapters

အခန်း (၈၇)

Vol. 8 Ch. 87

အခန်း (၈၇)

Vol. 8 Ch. 87

နောက်ရက်များတွင် ကျိသော်က ဆေးရုံကို အကြိမ်များစွာ သွားရောက်ခဲ့သော်လည်း ကျောင်းတွင်နှစ်လယ်စာမေးပွဲများ စနေပြီဖြစ်သောကြောင့် လင်းချောင်ကတော့ အချိန်မရနိုင်ခဲ့ပေ။

ဘာသာရပ်ဆရာမရော အတန်းပိုင်ဆရာမပါ ဖြစ်နေသည့်အတွက် သူမက တခြားသူများထက် ပိုပြီး အလုပ်များနေခဲ့၏။ သူမ လေးရက်၊ ငါးရက်ဆက်တိုက် မနားတမ်း အလုပ်လုပ်ပြီးသည့်နောက်မှာတော့ ဒုတိယနှစ်အတန်းများ၏ ရလဒ်များ ထွက်ပေါ်လာခဲ့လေပြီ။

ချီဟွိုင်ဝမ်က သူ၏ အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး အဆင့်တစ်ဆယ်ကျော် တက်သွားကာ အတန်းတစ်ခုလုံးတွင် အဆင့်လေးဆယ့်သုံး ချိတ်ခဲ့သည်။

ဆရာများက ဒီအရာကို ကြိုတင်မှန်းဆထားမိခဲ့သော်လည်း ကျွင်းဇီ၏ အမှတ်များကပါ သိသိသာသာ တိုးတက်လာကာ အဆင့်အောက်ဆုံးမှ အလယ်နေရာအနီးသို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

လင်းချောင်ကတော့ ဒီအကြောင်းကို အနည်းငယ်သိထားသည်။ ချီဟွိုဝမ်က ပထမနှစ်၊ ပထမနှစ်ဝက်မှ ပြန်လည်လေ့လာစရာ စာရွက်စာတမ်းနှစ်ခုနှင့် မှတ်စုစာအုပ်များကို ပြန်ပေးခဲ့ပြီး ကျွင်းဇီက ချီဟွိုင်ဝမ်ထက် ပိုပြီး ထိုစာအုပ်များကို ငှားယူခဲ့သည်။ ကောင်လေးက ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ်ရှက်ရွံ့စွာ ပြောခဲ့သည်။

"စွန်းထျဲ့ကျွင်းက ထွက်သွားပြီ၊ ချီဟွိုင်ဝမ်ကလည်း စာစလုပ်နေပြီ၊ ကျွန်တော်သာ စာမဖတ်ရင် ဒီနှစ်က အလဟဿ ဖြစ်သွားမယ်ထင်တယ်။"

လင်းချောင် အာရုံစိုက်ခဲ့သောကြောင့် အတန်းလေး၏ အနေအထားက တိုးတက်လာခဲ့ပြီး အတန်းလေး၏ အခြားဘာသာရပ်ဆိုင်ရာ အမှတ်များလည်း တိုးတက်လာခဲ့သည်။

အဖွဲ့ခေါင်းဆောင်ကောကတော့ သူ၏ကြိုးစားအားထုတ်မှုများကြောင့် သူ၏အတန်းတစ်က ဒီတစ်ခါ အတန်းသုံး၏ ကျော်တက်ခြင်း မခံရတော့သောကြောင့် အနည်းငယ် စိတ်သက်သာရာရနေခဲ့သည်။

"ဒီကြိုးစားအားထုတ်မှုတွေက အချည်းနှီး မဖြစ်ခဲ့ဘူးထင်တယ်။"

သူက စားပွဲပေါ်မှသင်ကြားရေး အထောက်အကူပစ္စည်းများကို ပုတ်လိုက်ပြီး သက်ပြင်းချလိုက်၏။

"လင်းချောင် ရောက်လာပြီးကတည်းက ကျောင်းသားတွေတင်မကဘူး၊ ကျွန်တော်ပါ စာပြန်လုပ်ရတော့မလို ဖြစ်နေပြီ။"

လင်းချောင်က ရေကန်ထဲက ငါးခူတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေသည့်အတွက် သူမ အမီလိုက်သည်ကို မခံလိုသူများကလည်း တိုးတက်အောင် ကြိုးစားနေရသည်။

ကံမကောင်းစွာနှင့် အဖွဲ့ခေါင်းဆောင်ကော၏ စိတ်သက်သာရာရမှုက ကြာကြာမခံခဲ့ပေ။ တစ်ဖက်ကျောင်းတွင် အတန်းများသွားသင်ပြီး နှစ်ရက်အကြာတွင် သူ စိတ်ပျက်နေပုံနှင့် ပြန်ရောက်လာ၏။

ဒီတစ်ခါတွင် ဝိဇ္ဇာနှင့် သိပ္ပံနှစ်ခုလုံးအတွက် ဒုတိယနှစ် အဖွဲ့ခေါင်းဆောင်များ သွားခဲ့ကြရပြီး ဘာဖြစ်ခဲ့လဲဆိုသည်ကိုတော့ လင်းချောင် မသိပေ။ သူခေါင်းငုံ့ပြီး ရေသောက်နေသည်ကိုတွေ့တော့ သူမ မေးကြည့်လိုက်တော့၏။

"ဒီတစ်ခါတော့ အမှတ် ၂၁ အလယ်တန်းကျောင်းက လူတွေနဲ့ တိုးခဲ့တာ။ သူတို့ကျောင်းကို မင်းသိမယ်ထင်တယ်။ တွဲဖက်ကျောင်းတချို့နဲ့ အမှတ် ၁၄ အလယ်တန်းကျောင်းကလွဲရင် သူတို့ရဲ့ သိပ္ပံရမှတ်တွေက အကောင်းဆုံးပဲ၊ မြို့တော်စာမေးပွဲတွေမှာ အမြဲတမ်း ထိပ်ဆုံး ဆယ်နေရာစာရင်းထဲ ပါတယ်။ ဒါပေမဲ့ သူတို့က ဒီတစ်ကြိမ် ပထမအသုတ် စမ်းသပ်ရှေ့ပြေးကျောင်းတွေထဲတော့ မပါဝင်ခဲ့ဘူး။"

လင်းချောင် နားလည်လိုက်၏။ "သူတို့က ကျွန်မတို့ကို ဖိအားပေးနေတာလား။"

"ဖိအားပေးတာထက်ကို ပိုဆိုးတယ်။ သူတို့က ငါတို့ကို အချိတ်အဆက်တွေကို အားကိုးခဲ့တယ်ဆိုပြီး စွပ်စွဲသလိုမျိုးနီးပါးကို ပြောခဲ့ကြတာ။ ပိုဆိုးတာကတော့ နှစ်ကုန်တစ်မြို့လုံးအတူဖြေရမဲ့ စာမေးပွဲမှာ ငါတို့ အရှက်ကွဲတာကို စောင့်ကြည့်နေမယ်လို့ လူသိရှင်ကြား ပြောခဲ့တာပဲ။"

ကောလိပ်ဝင်ခွင့် စာမေးပွဲများကို ဒုတိယနှစ်ဝက်တွင် ကျင်းပသောကြောင့် မြို့လုံးကျွတ် အလယ်တန်းကျောင်း စာမေးပွဲများကို နှစ်စဉ် ပထမနှစ်ဝက်အကုန်တွင် ဖြေရသည်။ မြို့ထဲမှ အလယ်တန်းကျောင်းများအားလုံးက စာမေးပွဲအတူတူ ဖြေဆိုကြရပြီး အဆင့်များကိုအတူတွက်ချက်ကာ၊ ပျမ်းမျှအမှတ်များကို တွက်ချက်သောကြောင့် ဘယ်ကျောင်းများက စာသင်ကောင်းပြီး ဘယ်ကျောင်းများက မကောင်းဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။

သူတို့ကျောင်းက လင်းချောင်ကြောင့် ပထမဆုံးသော ဓာတုဗေဒစမ်းသပ်ရှေ့ပြေးကျောင်းများထဲက တစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရသည်မှာ ဂုဏ်ယူစရာ ဖြစ်ခဲ့သော်လည်း လူအများ၏ အာရုံစိုက်မှုကိုပါ ခံခဲ့ရသည်။

ကောင်းမွန်သည့် ရလဒ်များကို ထုတ်ပေးနိုင်မည်ဆိုလျှင်တော့ ပြေလည်သွားနိုင်သည်။ မဟုတ်လျှင် စမ်းသပ်မှုများက ကျောင်းသားများ၏ စာသင်ယူချင်စိတ်ကို ပိုမြှင့်တင်ပေးသည်ဆိုသော လင်းချောင်၏ စကားက ရယ်စရာတစ်ခု ဖြစ်သွားလိမ့်မည်။

ပထမအသုတ် စမ်းသပ်ရှေ့ပြေးကျောင်းအနေနှင့် သူတို့၏ ဓာတုဗေဒ ရမှတ်များက စိတ်ကျေနပ်စရာ မကောင်းနေလျှင် ဒုတိယ သို့မဟုတ် တတိယအသုတ်များ ရှိလာရန် မသေချာတော့ပေ။

ထိုသို့ဖြစ်ခဲ့ပါက ရယ်စရာဖြစ်ရုံသာမက ဓာတ်ခွဲခန်းများ ဆောက်ရန် ရန်ပုံငွေ စောင့်နေကြသည့် ကျောင်းများကပါ သူတို့ကို အပြစ်တင်ကြလိမ့်မည်။ ဒါက အဖွဲ့ခေါင်းဆောင်ကော၏ အဓိက စိုးရိမ်ပူပန်မှု ဖြစ်လာခဲ့၏။

လင်ချောင်လည်း ဒါကို နားလည်သည်။ "အရင်နှစ် မြို့လုံးကျွတ် စာမေးပွဲတုန်းက ကျွန်မတို့ကျောင်းရဲ့ ဓာတုဗေဒ အဆင့်က ဘယ်လောက်လဲ။"

"ငါတို့ အခုလက်ရှိ အတန်းက ၇၈၊ အရင် ဒုတိယနှစ်အတန်းကတော့ ၇၄ ။"

ဒါက တကယ်ပဲ အတော်လေး နိမ့်နေသည်။ ဝေးလံခေါင်သီသော ကျေးလက်ကျောင်းတချို့ထက်တောင် သိပ်မသာနေပေ။ ထိပ်ဆုံး ဆယ်နေရာတွင် အမြဲပါဝင်နေခဲ့သည့် အမှတ် ၂၁ အလယ်တန်းကျောင်းကတော့ သူတို့ကို လှောင်ပြောင်နိုင်မည်မှာ သေချာ၏။

အဖွဲ့ခေါင်းဆောင်ကောက စိတ်ပျက်အားငယ်နေသော်လည်း လင်းချောင်ကတော့ သိပ်အားမငယ်ခဲ့ပေ။

"ကျွန်မတို့ သူတို့ရဲ့ နှစ်လယ် စာမေးပွဲမေးခွန်းစာရွက်တွေကို ရနိုင်မလား။"

လင်းချောင် ဘာလို့ ဒီလိုရုတ်တရက် မေးလာလဲဆိုသည်ကို အဖွဲ့ခေါင်းဆောင်ကော သဘောမပေါက်ခဲ့ပေ။

"သူတို့ရဲ့ စာမေးပွဲ မေးခွန်းစာရွက်တွေကို ဘာလို့လိုချင်တာလဲ။"

ဒီစကားကို ကြားလိုက်ရတော့ လင်းချောင် အံ့သြသွား၏။

"ကျောင်းက ထိပ်တန်းကျောင်းတွေဆီက စာမေးပွဲ မေးခွန်းစာရွက်တွေ ရအောင် တစ်ခါမှ မကြိုးစားခဲ့ဖူးဘူးလား။"

လွန်ခဲ့သည့်နှစ်လေးဆယ်လောက်က ဆရာ၊ ဆရာမများက အလွန်ရိုးသားခဲ့ကြသည်လား။ သူမ ကျောင်းတက်တုန်းကဆိုလျှင် မြို့ထဲမှ တခြားကျောင်းများက အဓိကကျောင်းများ၏ စာရွက်များကို ယူကြ၏။ အဓိကကျောင်းများကလည်း တိုင်းဒေသကြီးအဆင့် စာရွက်များကိုရရန် ကြိုးစားကြသည်။ တခြားကျောင်းများ၏ စာရွက်များ အသုံးမပြုခဲ့ဖူးသူမရှိ။ နိုင်ငံကျော် အထက်တန်းကျောင်းတချို့ဆိုလျှင် သူတို့၏ စာမေးပွဲ မေးခွန်းစာရွက်များကို ပုံနှိပ်ပြီး လေ့ကျင့်ရေးလမ်းညွှန်စာအုပ်များအဖြစ် ရောင်းချခဲ့ကြသေးသည်။

အဖွဲ့ခေါင်းဆောင်ကော၏ တုံ့ပြန်ပုံအရ ကျောင်းက ဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသည်မှာ သိသာနေပြီး တခြားကျောင်းများကရော ဒီလိုမျိုးလုပ်ရန် တွေးခဲ့ဖူးသလားဆိုသည်မှာ မရှင်းနေတော့ပေ။

လင်းချောင် ထပ်မေးလိုက်၏။ "ကောလိပ်ဝင်ခွင့် စာမေးပွဲမေးခွန်းဟောင်းတွေရော။ ကျောင်းသားတွေအတွက် ပြင်ဆင်ပေးဖူးတာမျိုး ရှိလား။"

"အဲဒါတွေကတော့ ရှိပါတယ်။ စာမေးပွဲဟောင်းတွေ မလုပ်ဘဲနဲ့ ဘယ်သူကများ ကောလိပ်ဝင်ခွင့် စာမေးပွဲက ဘယ်လိုဖြစ်မယ်ဆိုတာ သိနိုင်မှာလဲ။"

"အခြေခံသဘောတရားချင်းက အတူတူပါပဲ။ ဒီထိပ်တန်းကျောင်းတွေက နှစ်စဉ်နှစ်တိုင်း ကောလိပ်ကျောင်းသား အများကြီး ထုတ်ပေးနိုင်တယ်ဆိုတာ သူတို့က စာကောင်းကောင်း သင်ကြားပေးနိုင်ရုံသာမက စာမေးပွဲမေးခွန်းတွေကို ခန့်မှန်းရာမှာလည်း တော်တာကြောင့်ပဲ။ သူတို့ရဲ့ စာရွက်တွေကို နည်းနည်းပါးပါးယူပြီး ကျွန်မတို့ ကျောင်းသားတွေကို လေ့ကျင့်ခိုင်းမယ်ဆိုရင် အကျိုးရှိမှာပါ။ ကျွန်မတို့ရဲ့ သင်ကြားရေးမှာ ဘယ်နေရာတွေ လိုအပ်နေလဲဆိုတာကိုလည်း သိနိုင်ပါတယ်။"

ဒီတစ်ခါတော့ အဖွဲ့ခေါင်းဆောင်ကောသာမက အနားတွင် စာရွက်စစ်နေသော အတန်းသုံး၏ အတန်းပိုင်ကပါ ခေါင်းထောင်ပြီးပြောလိုက်၏။

"ဒါက အကြံကောင်းပဲ။ ဘယ်သူမှ အရင်က မတွေးဖူးဘူး။"

ဒါက နှစ်လေးဆယ်နောက်ပိုင်းမှ အချိန်ခရီးသွားလာခဲ့သူ မရှိသောကြောင့်ပင်။ အနှစ်လေးဆယ်ကြာပြီးနောက်အချိန်မှာတော့ ဒါက ပုံမှန် လုပ်ထုံးလုပ်နည်းဖြစ်နေခဲ့၏။

ဒီစကားကိုတော့ သူမ ပြောလို့မရပေ။ လင်းချောင် ပြုံးပြီး ပြောလိုက်၏။

"ကျွန်မက အဓိကအားဖြင့် ကျောင်းနှစ်ကျောင်းရဲ့ လက်ရှိ ကွာဟချက်ကို သိရအောင် သူတို့ရဲ့ မေးခွန်းစာရွက်တစ်စုံကို လိုချင်တာပါ။ ဘာပဲဖြစ်ဖြစ်၊ အတန်းသုံးနဲ့ အတန်းလေးက တိုးတက်နေကြပြီ၊ အဖွဲ့ခေါင်းဆောင်ကော ဦးဆောင်တဲ့ အတန်းနှစ်တန်းကလည်း တိုးတက်နေတယ်။ ကျွန်မတို့က အရင်နှစ် မြို့လုံးကျွတ်စာမေးပွဲထက် ရမှတ်ပိုကောင်းနေသင့်တယ် မဟုတ်ဘူးလား။"

ဒါက မှန်သည်။ လင်းချောင် ဦးဆောင်သည့် အတန်းနှစ်တန်း၏ တိုးတက်မှုနှင့် တစ်တန်းလုံး၏ ပျမ်းမျှရမှတ်ကို ရမှတ်များစွာကွာဟသည်အထိ မြှင့်တင်ပေးနိုင်၏။

သူမက နောက်ကနေ တွန်းအားပေးနေသည့်အတွက် အဖွဲ့ခေါင်းဆောင်ကောကလည်း မပေါ့ဆရဲတော့ပေ။ သူက အလုပ်စလုပ်တုန်းကကဲ့သို့ စိတ်အားထက်သန်စွာနှင့် စမ်းသပ်မှုများလုပ်ကာ၊ သင်ကြားရေး အထောက်အကူများကိုလည်း ဖတ်သည်။ သူက အရင်က အတွေ့အကြုံများအကြောင်းကိုသာ တွေးနေခဲ့ပြီး ဒီအရာကို မေ့နေခဲ့သည်။ သူမ စကားကို ကြားလိုက်ရတော့ သူစိတ်ငြိမ်သွားခဲ့သည်။

"ကောင်းပြီ၊ ရအောင် လုပ်ကြည့်လိုက်မယ်။"

"ကျွန်မအတွက်လည်း သင်္ချာစာရွက်တစ်စုံလောက် ရအောင်လုပ်ပေးပါဦး။"

အတန်းသုံးမှအတန်းပိုင်က ဝင်ပြောလိုက်၏။

"သူတို့က နှစ်တိုင်း ထိပ်ဆုံးဆယ်ကျောင်းစာရင်းထဲမှာ ပါနေတော့ ဘာတွေကို အများဆုံး စစ်ဆေးလေ့ရှိလဲဆိုတာ ကြည့်ချင်တယ်။"

"ပြဿနာမရှိပါဘူး။"

အဖွဲ့ခေါင်းဆောင်ကောက သူ ကိုင်ထားသော ရေခွက်ကိုချပြီး ကတိပေးလိုက်၏။ "ကျွန်တော့်မှာ သူတို့ကျောင်းက အလယ်တန်းသင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။"

သို့သော် သုံးရက်အတွင်းမှာပဲ သူ့ကတိက ပျက်သွားခဲ့၏။ သူ့သူငယ်ချင်းက မကူညီချင်သောကြောင့်တော့ မဟုတ်ပေ။ သူ့သူငယ်ချင်းက အထက်တန်းဌာနကို သွားပြီး မေးမြန်းခဲ့သည့်အခါ ဘယ်သူက လိုချင်တာလဲဆိုသည်ကို အရင် စုံစမ်းခဲ့ပြီး ဘာမှ ထပ်ပြီးတုံ့ပြန်မှု မရှိတော့ပေ။

"နားမလည်နိုင်တာက သူတို့ရဲ့ စာမေးပွဲ မေးခွန်းစာရွက်တွေက နိုင်ငံတော်လျှို့ဝှက်ချက်မလို့လား။ ငါတို့ကို ကြည့်ဖို့တောင် ခွင့်မပြုနိုင်ဘူး။" အဖွဲ့ခေါင်းဆောင်ကောက ရုံးခန်းထဲထိုင်ရင်း ဒေါသတကြီးနှင့် ပြောလိုက်၏။

အတန်းသုံး၏ အတန်းပိုင်ကလည်း စကားမပြောနိုင် ဖြစ်နေခဲ့သည်။ "သူတို့ရဲ့ ကျောင်းသားတွေကို မေးကြည့်ရင်ရော။ သူတို့က နှစ်လယ် စာမေးပွဲမေးခွန်းစာရွက်တွေ ရထားသင့်နေပြီ မဟုတ်ဘူးလား။"

"သူတို့ ရခဲ့ပါတယ်၊ ဒါပေမဲ့ သူငယ်ချင်း ပြောပြတာကတော့ သူတို့ဘက်က မေးပြီးတာနဲ့ ချက်ချင်း ပြန်သိမ်းသွားတယ်တဲ့။"

အဖွဲ့ခေါင်းဆောင်ကောက ပြန်ဖြေလိုက်၏။ သူ၏ နှစ်ပေါင်းများစွာ သင်ကြားရေး သက်တမ်းတစ်လျှောက်တွင် ဒီလို စိတ်ဓာတ်ကျဉ်းမြောင်းမှုမျိုးကို တစ်ခါမှ မကြုံဖူးပေ။

သူတို့ကျောင်းကို ပထမဆုံးသော နိုင်ငံတော် စမ်းသပ်ရှေ့ပြေးကျောင်းအဖြစ် ရွေးချယ်ခံရခြင်းက အမှန်တကယ်ပဲ မနာလိုမှုအချို့ကို ဖြစ်ပေါ်စေခဲ့၏။ သို့သော် အမှတ် ၂၁ အလယ်တန်းကျောင်းလို ကျောင်းမျိုးက ဒီလောက်အထိ စိတ်ဓာတ်ကျဉ်းမြောင်းနေသည်ကတော့ အံ့အားသင့်စရာပင်။ ဘယ်လိုပဲဖြစ်ဖြစ်၊ လင်းချောင်၏ အကြံပြုစာသာ မရှိခဲ့ဘူးဆိုလျှင် နိုင်ငံထဲ၌ ရှေ့ပြေးကျောင်းများဟူ၍ပင် ရှိဦးမည်မဟုတ်။

"ကျွန်မလည်း စုံစမ်းကြည့်လိုက်မယ်။ မရရင်လည်း တခြားကျောင်းတွေဆီက စာရွက်တွေ ယူလို့ရတာပဲ။"

ရွှီလီက အငြိမ်းစားယူသွားပြီဖြစ်သော်လည်း သူမက တိုင်းပြည် ပြန်လည်ထူထောင်ကာလပြီးနောက် ယန်ဒူ၏ ပထမဆုံးသော ဆရာမများထဲက တစ်ယောက်ဖြစ်ပြီး အဆက်အသွယ်များလည်း ရှိနေသေးသည်။ သူမတွင် စာရွက်များကိုရအောင် လုပ်နိုင်သည့် နည်းလမ်းရှိနိုင်၏။

လင်းချောင်က အဆက်အသွယ်များကို မေ့လျော့နေခြင်းမှာ သူမက အရာရာကို ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်ခဲ့သောကြောင့်ပင်။

"ရအောင် ယူနိုင်တယ်ဆိုရင် ယူကြည့်လိုက်ပါ။ မရရင်လည်း ကိစ္စမရှိပါဘူး။"

အဖွဲ့ခေါင်းဆောင်ကောက သူမကို ဖိအားမပေးခဲ့ပေ။ "အားလုံးက သင်ယူမှုအတွေ့အကြုံတွေပဲလေ။ ထိပ်တန်းကျောင်းတွေရဲ့ စာရွက်တွေကလည်း တန်ဖိုးရှိတဲ့အရာတွေပါပဲ။"

လင်းချောင် သူ၏နားလည်ပေးတတ်မှုကို တကယ် ချီးကျူးသည်။ "ကျွန်မ မေးမြန်းကြည့်လိုက်ပါ့မယ်။ မနက်ဖြန်က တနင်္ဂနွေနေ့ဆိုတော့ အိမ်မှာ ညစာစားဖို့လည်း စီစဉ်ထားပြီးသားဆိုတော့လေ။"

ဒီတစ်ပတ် သူမနှင့် ကျိသော်တို့က အိမ်ဟောင်းတွင် ညစာစားရန် သွားရုံသာမက၊ သူမနှင့် ရွှီလီတို့ အပ်ချုပ်ဆိုင်တွင်အပ်ထားသော အင်္ကျီများလည်း ပြီးသွားပြီဖြစ်သောကြောင့် ရွှီလီထက်အရင် သူမက သွားယူလိုခြင်းဖြစ်သည်။

သူတို့က အပ်ချုပ်ဆိုင်ကို အရင်သွားခဲ့ကြသည်။ မေးကြည့်သည့်အခါ အင်္ကျီများက တကယ်ကို အသင့်ဖြစ်နေခဲ့လေပြီ။

အပ်ချုပ်ဆရာကြီးက သူ့စာအုပ်ထဲတွင် ရေးထားသည့်အချိန်ကို မျက်လုံးမှေးပြီး ကြည့်လိုက်၏။ "စောနေသေးတာပဲ။ နောက်ဗုဒ္ဓဟူးနေ့ပြီးမှလို့ ရေးထားတာ"

"ဦးလေးရဲ့ လက်ရာကို ကျွန်မယုံကြည်ပါတယ်။ ဦးလေးက အမြဲတမ်း အချိန်မီအောင်၊ မီတာထက်ကို ပိုစောပြီးပြီးအောင် လုပ်တတ်တာကို ကျွန်မ သတိထားမိလို့ စောပြီးလာခဲ့တာပါ။"

"မင်းရဲ့ ဇနီးက စကားပြောတတ်လိုက်တာ။"

အပ်ချုပ်ဆရာကြီးက ကျိသော်ကို ပြုံးပြလိုက်ပြီး အထဲဝင်ကာ အဝတ်အစားများ သွားယူခဲ့သည်။

ကျိသော်က လင်းချောင်ကို တစ်ချက်ကြည့်လိုက်၏။ "ပိုက်ဆံ ရှင်းဖို့အတွက် စောစောလာတာလား။"

လင်းချောင် မငြင်းခဲ့ပေ။ "ကျွန်မတို့ လက်ထပ်တုန်းက အမေက ကျွန်မအတွက် အဝတ်အစား ချုပ်ပေးခဲ့တာ။ အခု ပိုက်ဆံရှိနေပြီဆိုတော့ အမေ့ကိုထပ်ပြီး အကုန်ကျမခံစေချင်လို့ပါ။"

သူမ စကားဆုံးသည်နှင့် အပ်ချုပ်ဆရာကြီးက အဝတ်အစားများယူကာ ထွက်လာခဲ့၏။ "ဝတ်ကြည့်ပါဦး။ ပြင်စရာများ လိုအပ်မလားလို့။"

"အိမ်ရောက်မှ ဝတ်ကြည့်လိုက်ပါ့မယ်။"

လင်းချောင် ငြင်းဆန်ရန်ပြင်လိုက်သော်လည်း ကျိသော်က သူမလက်ထဲက အိတ်ကို ယူလိုက်၏။

"ဝတ်ကြည့်လိုက်ပါ။"

အပ်ချုပ်ဆရာ ပေးသည့် အင်္ကျီများကို လင်းချောင် ဖြန့်ကြည့်လိုက်သည်။ နှစ်ထည်လုံးကို အကောင်းဆုံး သိုးမွေးထည်များနှင့် ချုပ်ထားခြင်းပင်။ တစ်ထည်က အနည်းငယ် တိုပြီး နောက်တစ်ထည်က ပိုရှည်၏။ သူမ လက်ကို ဆန့်လိုက်ရာ အတွင်းလက်စက ခေါက်သွားသည့်အတွက် ကျိသော်က လက်လှမ်းပြီး ဆန့်ပေးလိုက်၏။

ကလေးဘဝမှလွဲ၍ လင်းချောင်တွင် ဤသို့ အင်္ကျီကူပြင်ပေးဖူးသူ မရှိခဲ့ပေ။ သူမ ခေါင်းမော့ပြီး ထိုလူကို ကြည့်လိုက်၏။

အရာရှိအိုကြီး၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး ရုံးခန်းထဲ၌ စာရွက်စာတမ်းများ စီစဉ်နေသလိုပင်။ အပြီးသတ်ပြီးနောက် သူမ၏ အင်္ကျီလက်ကို လွှတ်လိုက်ပြီး သူမကို အပေါ်အောက် ကြည့်လိုက်၏။

"မဆိုးဘူး။"

ဒီ "မဆိုးဘူး" ဆိုသည့် စကားက ကြည့်ကောင်းသည် ဟု ဆိုလိုခြင်းပင်။ လင်းချောင်က ခန္ဓာကိုယ်လှပသောကြောင့် သိုးမွေးထည်အင်္ကျီအရှည်က သူမ၏ခန္ဓာကိုယ်အလှကို မလွှမ်းမိုးသွားခဲ့ပေ။ သူမ ပြန်စစ်ဆေးကြည့်ပြီး ဝတ်ရသည်မှာ ပြဿနာမရှိကြောင်း တွေ့တော့မှ အပ်ချုပ်ဆရာကို ထုပ်ပိုးခိုင်းလိုက်သည်။

"နောက်တစ်ထည်ကိုတော့ အမေ အိမ်မှာ ဝတ်ကြည့်ဖို့ ယူသွားလိုက်ပါ့မယ်။ မတော်ရင် ပြန်လာပြီးပြင်လိုက်ပါ့မယ်။"

"ဟုတ်ပါပြီ၊ မတော်ရင် ပြင်ဖို့ပြန်လာခဲ့ပါ။"

အပ်ချုပ်ဆရာက ပြုံးပြီးပြောကာ သူတို့ကိုလိုက်ပို့ပြီးမှ တခြား ဖောက်သည်များကို အာရုံစိုက်လိုက်တော့သည်။

တစ်ယောက်က မေးလိုက်၏။ " ခုနက နှစ်ယောက်က ရွှီလီရဲ့ သားနဲ့ ချွေးမ မလား။"

"ဟုတ်တယ်၊ သူတို့က စောစောလာပြီး ပိုက်ဆံကြိုရှင်းသွားတာ။"

အပ်ချုပ်ဆရာက လင်းချောင် စောလာရသည့် အကြောင်းအရင်းကို သိနေ၏။

"သူတို့ အဆင်ပြေနေပုံရတယ်။ သူ့သားက သဘောမကျဘူးထင်ထားတာ။"

ထိုမေးခွန်းမေးသူက သူ့အဖော်ကို တီးတိုးပြောလိုက်၏။ "ဒီလိုအသက်ငယ်တဲ့ ဇနီးကို လက်ထပ်ရတာ ဘာများသဘောမကျစရာရှိလို့လဲ။ ဒါ့အပြင် သူမက တော်လည်းတော်တယ်။ မကြာသေးခင်က ဟောပြောပွဲကိစ္စနဲ့ နာမည်ကြီးခဲ့တယ်လေ။"

"သူတို့ရဲ့ ချွေးမအကြီးက မနာလိုဖြစ်နေမလား။ သူမက အရင်တုန်းက အနုပညာအဖွဲ့ရဲ့ ကြယ်ပွင့်ဖြစ်ခဲ့ပြီး ကောင်းကောင်းကနိုင်တယ်လေ။ အိမ်ထောင်ပြုပြီး စီမံခန့်ခွဲရေးရာထူးကို ပြောင်းသွားပြီးနောက်ပိုင်းမှာမှ ငြိမ်သက်သွားတာ..."

လင်းချောင် ပစ္စည်းများကို စောစောသွားယူလာသည်ကိုမြင်တော့ ရွှီလီက သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွား၏။

"ဒီကလေးမ၊ ပိုက်ဆံကို အလျင်စလိုပေးချင်ရတယ်လို့။"

"လမ်းကြုံလို့ ဝင်ယူလာခဲ့တာပါ၊ ပစ္စည်းတွေသယ်ဖို့အတွက် ကျိသော်ကို အကူအညီတောင်းလိုက်တာ။"

လင်းချောင်က ပိုက်ဆံအကြောင်း မပြောဘဲ ကုတ်အင်္ကျီကို ဖြန့်လိုက်၏။

"အမေ၊ ဝတ်ကြည့်ပါဦး၊ တော်ရဲ့လား။"

ဂရုစိုက်မှုကို ပွင့်ပွင့်လင်းလင်း ပြသတတ်သော ယဲ့မင်ရှုးနှင့်မတူဘဲ လင်းချောင်က သိမ်သိမ်မွေ့မွေ့ဖြင့် တစ်ဖက်လူကို သက်တောင့်သက်သာ ခံစားရအောင် လုပ်တတ်သည်။

ရွီီလီ ပြုံးလိုက်ပြီး လင်းချောင်၏ အကူအညီနှင့် ကုတ်အင်္ကျီကို ဝတ်လိုက်၏။ လင်းချောင်၏ မျက်လုံးများက အရောင်တောက်သွားတော့သည်။

"အမေ၊ ဒါနဲ့ အရမ်းကြည့်ကောင်းတာပဲ။ တကယ်ကို လိုက်ဖက်တယ်။"

"မင်းကတော့ ငါဘာဝတ်ဝတ် ကြည့်ကောင်းတယ်ပဲ ပြောမှာပေါ့။"

ထိုသို့ပြောလိုက်သော်လည်း သူမက စိတ်ကျေနပ်နေကာ အဘိုးကြီးကိုပါ ပြလိုက်၏။

"မဆိုးပါဘူး။"

အဘိုးကြီးက ကျိသော်ကဲ့သို့ တည်ငြိမ်စွာဖြင့် မှတ်ချက်ပေးလိုက်၏။ သူတို့သားအဖက စကားပြောပုံတူသည်။

ရွှီလီလည်း သူနှင့် ပြောမနေတော့ဘဲ ကုတ်အင်္ကျီကို ချွတ်ပြီး လင်းချောင်ကို ပြောလိုက်၏။

"မင်းရဲ့ကုတ်အင်္ကျီကိုရော ဝတ်ကြည့်ပြီးပြီလား။"

"ဝတ်ကြည့်ပြီးပါပြီ။ အတော်ပဲ။"

လင်းချောင်က ရွှီလီရှေ့တွင် ပြန်ဝတ်ပြလိုက်၏။ ရွှီလီက ကျေနပ်စွာ ပြုံးလိုက်ပြီးမှ အင်္ကျီများကို သိမ်းလိုက်သည်။

All Chapters