အခန်း (၉၀)
Vol. 8 Ch. 90
ထိုအပြုအမူက ကျိသော်ကို စိတ်လှုပ်ရှားသွားစေပြီး သူမကို တွန်းထုတ်ရန် စဉ်းစားနေတုန်း အေးစက်စက် လက်သေးသေးလေးတစ်စုံက သူ့ကို လာထိပြန်၏။
"ရှင်က အလုပ်မလုပ်ရသေးဘူး မဟုတ်လား။"
အမှောင်ထုထဲတွင် ကိုယ့်အသံကိုကိုယ်ပင် ပြန်ကြားနေရ၏။
"ရှင် အဆင်ပြေရင် ကျွန်မလည်း အဆင်ပြေပါတယ်လေ။"
လင်းချောင်၏ ဆော့ကစားချင်နေသည့်လက်က အောက်ကို ရွှေ့သွားပြီး သူ့မေးစေ့ကို တစ်ခါ ထပ်နမ်းလိုက်ပြန်၏။
"ကျေးဇူးတင် လက်ဆောင်ပေါ့။"
ကျိသော် ဒီလက်ဆောင်ကို ကျေနပ်လား မသိရသော်လည်း လင်းချောင်၏ လက်ကတော့ လုံးဝ မကျေနပ်ခဲ့ပေ။ နောက်တစ်နေ့ ကျောက်သင်ပုန်းပေါ် စာရေးနေရင်း ဒီအကျိုးကျေးဇူးကို စာရင်းထဲမှ ဖယ်ထုတ်ပစ်ရန် ဆုံးဖြတ်လိုက်၏။
တချို့အရာများက နှစ်ဖက်စလုံး ကျေနပ်မှသာ ပျော်စရာကောင်းခြင်းဖြစ်သည်။ သူမအပေါ် ဒီလူက အရင်တုန်းက ဘယ်လိုမျိုး ဝန်ဆောင်မှုပေးနိုင်ခဲ့လဲဆိုသည်ကို သူမပြန်တွေးရင်း အံ့သြနေမိသည်။
ပုံနှိပ်စက်ရုံက မြန်မြန်ဆန်ဆန် လုပ်ပေးခဲ့သည့်အတွက် ခေါင်းဆောင်ကော ပို့ပေးသောစာရွက်များက နှစ်ရက်အတွင်း အဆင်သင့်ဖြစ်သွားခဲ့လေပြီ။ ပြီးပြည့်စုံသော စာရွက်စာတမ်းခြောက်စုံ ပါဝင်သည့် ထူထဲသော စာရွက်အထပ်လိုက်ကြီး ဖြစ်သွားခဲ့သည်။
သူမ စာရွက်အထပ်လိုက်ကြီးကို သယ်လာသည်ကို မြင်လိုက်ရသောအခါ ကျောင်းသားများ စိတ်ရှုပ်ထွေးသွားကြ၏။
'နှစ်လယ်စာမေးပွဲက ပြီးသွားပြီ မဟုတ်ဘူးလား။'
လင်းချောင်နှင့် ခေါင်းဆောင်ကောတို့က ထိုစာရွက်များကို အတန်းထဲ ယူလာပြီး နောက်နှစ်ချိန်တွင် စာမေးပွဲမေးခွန်းကဲ့သို့ စာရွက်တစ်စုံကို လုပ်ခိုင်းမည်ဟု ကြေညာလိုက်သည့်အခါ ကျောင်းသားများ တိတ်ဆိတ်သွားခဲ့သည်။
ခေါင်းဆောင်ကောက အလေးထား ပြောကြားလိုက်၏။ "မင်းတို့ ဆရာမ လင်းက ဒီစာရွက်တွေကို အမှတ် ၂၁ အလယ်တန်းကျောင်းကနေရဖို့ အတော်လေးကို အပင်ပန်းခံထားရတာ။ တန်ဖိုးထားသင့်တယ်။"
ကျောင်းသားများကတော့ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေကြဆဲပင်။
ကျောင်းသားတစ်ယောက်က မထိန်းနိုင်ဘဲ ပြောလိုက်၏။ "ဆရာ၊ ဆရာမလင်းကို ကျေးဇူးတင်ခိုင်းနေတာလား ဒါမှမဟုတ် ဒီအတွက် သူမကို အပြစ်တင်ခိုင်းနေတာလား။"
ခေါင်းဆောင်ကောက ရယ်မောလိုက်ပြီး ထိုကျောင်းသားကို လက်ညှိုးထိုးပြလိုက်၏။ "ဒီတစ်ခါ ဘယ်လောက်အထိ အမှတ်ကောင်းမလဲ ကြည့်ရသေးတာပေါ့။"
သူက ဆက်ပြီး အလေးအနက် ပြောလိုက်၏။ "အလွယ်တကူရမယ်ဆိုရင် ဒီစာရွက်တွေကို မင်းတို့ကိုပေးဖို့ ငါတို့ စိတ်မဝင်စားဘူး။ စာမေးပွဲပြီးရင် မင်းတို့ကို အမှတ်ပေးရမယ်၊ ပြီးတော့ ပြန်သုံးသပ်ရမယ်။ ဒါ့အပြင် ဆရာမလင်းက ဒီစာရွက်တွေကိုရဖို့ အဆက်အသွယ်တွေ အများကြီးသုံးခဲ့ရတာ။ အဆုံးသတ်မှာတော့ ဒါတွေအားလုံးက မင်းတို့ တိုးတက်ဖို့နဲ့ မင်းတို့ကို အမှတ်ကောင်းတွေရဖို့ ကူညီဖို့ပဲ။"
ရုံးခန်းကို ပြန်ရောက်တော့ သူက ဒီအဖြစ်အပျက်ကို လင်းချောင်ကို ပြောပြလိုက်၏။ "ဒီကလေးတွေက တကယ်ကို ပြောရဲဆိုရဲ ရှိတာပဲ။"
"သူတို့ကို အဲဒီစာရွက်တွေအကုန်လုံးသာ လုပ်ခိုင်းရင် ကျွန်မရဲ့ ဘိုးဘေးတွေကိုပါ ကျေးဇူးတင်နေလိမ့်မယ်လို့ ခင်ဗျား ထင်နေလား။"
လင်းချောင်က လုံးဝ မအံ့သြပေ။ ထိုသည်က ခေါင်းဆောင်ကောကို ရယ်မောစေ၏။
"ဟုတ်တယ်။ ဘယ်ကျောင်းသားက အမြဲတမ်း စာမေးပွဲဖြေရတာနဲ့ အိမ်စာတွေလုပ်ရတာကို ကြိုက်မှာလဲ။"
"ကလေးတွေကလည်း ကစားချင်ကြသလို လူကြီးတွေကလည်း ကစားချင်နေကြတာပဲ။"
လင်းချောင်က သူမကိုယ်တိုင်သည် ကျောင်းသားများထက် အသက်အနည်းငယ်သာ ပိုကြီးသူ မဟုတ်သည့်အတိုင်း ပြောလိုက်၏။
သူမက ထပ်ဖြည့် ပြောလိုက်သည်။ "ကျန်တဲ့ စာရွက်တွေကိုတော့ မေးခွန်းတွေ အရမ်းများတဲ့ဟာမျိုးကို မပေးတော့ဘဲ ကျွန်မတို့ဘာသာ စုစည်းပြီး မေးခွန်းအသစ်လေးတွေ ဖန်တီးကြတညပေါ့။"
ဒီစာရွက်များက ကျောင်းသားများအတွက်သာမက ဆရာများအတွက်ပါ အသုံးဝင်နိုင်၏။ မတူညီသော ကျောင်းများ၏ စာရွက်များကို နှိုင်းယှဉ်ခြင်းက မေးလေ့ရှိသော အဓိကအချက်များကို ရှာဖွေဖော်ထုတ်ရာ၌လည်း အကူညီပေးနိုင်သည်။ အထူးသဖြင့် ကျောင်းများစွာက စစ်ဆေးထားသော အချက်များသည် ပြန်လည်သင်ကြားရေးအတွက် အဓိက ဦးစားပေးများဖြစ်လာနိုင်၏။
ခေါင်းဆောင်ကောတွင်လည်း မေးခွန်းစာရွက်အားလုံးကို ဖြန့်ဝေရန်အစီအစဉ်မရှိပေ။ "အားလုံးကို စစ်ဆေးနေဖို့ အချိန်မရှိပါဘူး။ အမှတ် ၂၁ အလယ်တန်းကျောင်းကနေ စတင်ကြတာပေါ့။ သူတို့ရဲ့ ဒီတစ်ကြိမ် ပျမ်းမျှအမှတ်ကိုတောင် ကျွန်တော်သိရလာတယ်။"
ကျောင်းနှစ်ကျောင်းကြားမှ လက်ရှိကွာဟချက်ကို သိရှိနိုင်ရန်အတွက် သူတို့က စာမေးပွဲကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဓာတုဗေဒနှင့်သက်ဆိုင်သော ကျောင်းသုံးဖတ်စာအုပ်များနှင့် အိမ်စာသင်ခန်းစာများကိုပါ ကြိုတင်စုဆောင်းခဲ့သည်။
နှစ်ရက်ကြာ အမှတ်ပေးပြီးနောက်မှာတော့ အတန်းတစ်တန်းလုံး၏ပျမ်းမျှအမှတ်ကို တွက်ချက်နိုင်ခဲ့သည်။
"၆၉.၂၊ ကျွန်တော်တို့ရဲ့ နှစ်လယ်စာမေးပွဲထက် သိပ်မနိမ့်ပါဘူး။"
သူတို့အတန်း၏ ပျမ်းမျှအမှတ်က မယုံန််ိုင်စရာကောင်းလောက်အောင် တိုးတက်ခဲ့သော်လည်း တခြားကျောင်းများနှင့် နှိုင်းယှဉ်လျှင် မေးခွန်းများက လွယ်ကူလွန်းသောကြောင့် အမှတ်များ မြင့်တက်လာရသည်ဟုအဖွဲ့ခေါင်းဆောင်ကောက ထင်ခဲ့သည်။
လင်းချောင်က ဒီနှစ်လယ်စာမေးပွဲမှ အမှတ် ၂၁ အလယ်တန်းကျောင်း၏ ပျမ်းမျှအမှတ်ကို မေးလိုက်၏။
"၇၃.၆။"
ခေါင်းဆောင် ကောက ပြောလိုက်၏။
"၄.၄ မှတ် ကွာပါတယ်။ နောက်ဆုံး ပူးတွဲစာမေးပွဲတုန်းက ၈ မှတ်၊ ၉ မှတ်လောက် ကွာခဲ့တာကိုတော့ မှတ်မိတယ်။"
ကံကောင်းစွာနှင့် သူက နောက်ဆုံး ပူးတွဲစာမေးပွဲရလဒ်များကို သိမ်းထားဆဲပင်။ သူ့ရုံးခန်းထဲတွင် ရှာဖွေခဲ့ပြီးနောက် ဗီရိုအောက်ခြေတွင် တွေ့လိုက်ရ၏။
"၈.၉ မှတ် ကွာဟချက်ရှိခဲ့တာပဲ။ ဒါဆိုရင် ငါတို့က ကွာဟချက်ကို ထက်ဝက်နီးပါး လျှော့ချနိုင်ခဲ့ပြီ။"
သူက လက်ဟန်ခြေဟန်နှင့် ပြောပြလိုက်ပြီး အစီရင်ခံစာကဒ်ပေါ်မှ သက်ဆိုင်ရာနေရာကို အလျင်အမြန် ရှာတွေ့သွားခဲ့သည်။၊
"အဲ့ဒီနေရာက အဆင့် ၄၀ လောက် ဖြစ်မယ်ထင်တယ်။ အဲဒီနောက်ပိုင်းမှာတော့ အမှတ်တွေက ကပ်နေတယ်။"
ထိပ်တန်းကျောင်းများတွင် သင်ကြားရေး အရည်အသွေးက သိသိသာသာ ကျဆင်းသွားတတ်သော်လည်း အလယ်အလတ်အဆင့်တွင်တော့ ၀.၁ မှတ် ကွာဟမှုဆိုသည်က အဆင့်ပေါင်းများစွာကို ပြောင်းလဲပစ်နိုင်သည်။ ထို့နောက်မှာတော့ အမှတ်များက ရုတ်တရက် ထပ်ပြီး ပြင်းပြင်းထန်ထန် ကျဆင်းသွားပြန်၏။
ခေါင်းဆောင်ကော စိတ်သက်သာရာရသွားခဲ့သည်။ "ဒီအမှတ်ကို ဆက်ထိန်းထားပြီး ထိပ်ဆုံး ၄၀ စာရင်းထဲ ဝင်နိုင်ရင်တော့ နောက်ဆုံးနှစ်ဝက်စာမေးပွဲမှာ လူအများကြီးကို အံ့အားသင့်စေမှာပဲ။"
သူက နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်၏။ "တကယ် မမျှော်လင့်ထားဘူး။ အမှတ် ၂၁ အလယ်တန်းကျောင်းရဲ့အနောက်မှာ ၅ မှတ်တောင် မကွာတော့ဘူး။ ဒီနှစ်လယ်တန်းစာမေးပွဲမှာ သူတို့ရဲ့ စွမ်းဆောင်ရည် ကျဆင်း
သွားလို့များလား။"
ဒါက လွန်လွန်ကျူးကျူး သတိထားနေခြင်း ဖြစ်၏ နှစ်ပေါင်းများစွာ ဒုတိယနေရာတွင် နေခဲ့ရပြီး ရုတ်တရက် ဒီလိုတိုးတက်မှုမျိုး ရလာခြင်းက ဘယ်သူ့အတွက်မဆို လက်တွေ့မကျသလို ခံစားစေမိလိမ့်မည်။
လင်းချောင် ဘာမှမပြောဘဲ ပြုံးလိုက်ပြီး သကြားညိုရေတစ်ခွက် ဖျော်ရန် ပြင်နေတုန်း လီရှောင်ချို့က တံခါးခေါက်ပြီး ဝင်လာကာ ရုံးခန်းပတ်လည်ကို ကြည့်လိုက်သည်။
"ဆရာလန် ရှိရဲ့လားရှင့်။"
"သူ သန့်စင်ခန်းသွားနေတယ်ထင်တယ်။"
လင်းချောင်က သူမ၏ကျောင်းသူမှန်းသိသည်နှင့် ချက်ချင်းပြန်ဖြေလိုက်၏။
"ဆရာလန်နဲ့ တွေ့စရာကိစ္စ ရှိလို့လား။"
"ဆရာလန်က ကျွန်မကို တွေ့ချင်တယ်ဆိုလို့ပါ။"
လီရှောင်ချို့က ခေါင်းငုံ့ထားပြီး စကားသံက တိုးလွန်းသောကြောင့် မကြားရလောက်နီးပါးပင်။ "ကျွန်မရဲ့ စာစီစာကုံးမှာ အကြောင်းအရာက လမ်းကြောင်း လွဲသွားပြန်ပြီ။"
လီရှောင်ချို့၏ တရုတ်စာက အမြဲလိုလို ပြဿနာရှိနေခဲ့သည်။ ဒီနှစ်လယ်စာမေးပွဲတွင်လည်း သူမ တရုတ်စာ ကျရှုံးခဲ့သည့်အတွက် အတန်းထဲမှ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲမှ ထွက်သွားခဲ့ရသည်။ သို့ရာတွင် သူမ၏ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒ အမှတ်များကတော့ အလွန်ကောင်းမွန်၏။ သင်္ချာတွင် ၉၃ မှတ်၊ ဓာတုဗေဒတွင် ၉၆ မှတ် ရခဲ့ပြီး ရူပဗေဒတွင်တော့ အမှတ်ပြည့် ရခဲ့ကာ ချီဟွိုင်ဝမ်ထက် သုံးမှတ် ပိုများခဲ့သည်။
အတန်းနှစ်ခုလုံးကို တရုတ်စာ သင်ကြားပေးသည့် ဆရာလန်က မကြာခဏ သက်ပြင်းချပြီး ပြောလေ့ရှိ၏။
"လီရှောင်ချို့ရဲ့ တရုတ်စာကသာ သူ့ရဲ့ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေရဲ့ တစ်ဝက်လောက် ကောင်းနေမယ်ဆိုရင် သူက အတန်းရဲ့ ထိပ်ဆုံးသုံးယောက်စာရင်းထဲ ရောက်နေတာ ကြာလှပြီပေါ့။"
မမျှော်လင့်ထားဘဲ သူမက နှစ်လယ်စာမေးပွဲ၏ စာစီစာကုံးတွင် လမ်းကြောင်း လွဲသွားခဲ့ပြီး ရက်အနည်းငယ်အကြာက စစ်ခဲ့သော အမှတ် ၂၁ အလယ်တန်းကျောင်း၏ စာရွက်တွင်ပါ ထပ်ပြီး လွဲသွားပြန်သည်။ ဒါကြောင့် ဆရာလန်က သူမကို ရုံးခန်းတွင် ခေါ်တွေ့သည်မှာ အံ့သြစရာ မရှိတော့ပေ။
လင်းချောင် ဘာပြောရမှန်း မသိဘဲ ညင်သာစွာ မေးလိုက်၏။ "ဆရာလန်ကို စောင့်နေတုန်း ရေလေး ဘာလေး သောက်မလား။"
လီရှောင်ချို့က တုံ့ဆိုင်းနေသော်လည်း ခေါင်းခါလိုက်၏။ "ကျေးဇူးတင်ပါတယ် ဆရာမလင်း။ ဒီမှာပဲ စောင့်နေလိုက်ပါ့မယ်။"
သူမက တိတ်တဆိတ် ရပ်နေခဲ့ပြီး သူမ၏တရုတ်စာ စာရွက်ကို ပြန်ကြည့်နေခဲ့သည်။
ဒီမိန်းကလေးက ပျင်းရိသူ မဟုတ်ပေ။ မနက်စောစော စာဖတ်ရာတွင်လည်း တခြားသူများထက် ပိုကြိုးစားပြီး စာလုံးပေါင်း အလွတ်ကျက် စစ်ဆေးမှုများတွင်လည်း အမြဲ အမှတ်ပြည့်ရသည်။ သို့သော် စာပိုဒ်ကိုဖတ်၍ ဆိုလိုရင်းသဘောကို နားလည်မှုနှင့် စာစီစာကုံးရေးရခြင်းတွင်တော့ သူမ ဒုက္ခရောက်နေတတ်သည်။ သိပ္ပံဘာသာရပ်များကို မြန်မြန်ဆန်ဆန် နားလည်သလို မဟုတ်ဘဲ သူမ၏ တရုတ်စာက လုံးဝကို အခြေအနေဆိုးနေခဲ့၏။ သူမက အလွတ်ကျက်မှတ်ခြင်းအပေါ်၌သာ အားထားနေရသည်။
မကြာခင်မှာပဲ ဆရာလန် ပြန်ရောက်လာပြီး လီရှောင်ချို့ ရပ်နေသည်ကိုမြင်တော့ သက်ပြင်းချလိုက်၏။ "ဒီကိုလာခဲ့၊ ဒီစာစီစာကုံးခေါင်းစဉ်ကို မင်း ဘယ်လို နားလည်တာလဲဆိုတာ ငါ့ကို ပြောပြပါဦး။"
လီရှောင်ချို့ တွန့်ဆုတ်စွာဖြင့် လျှောက်သွားလိုက်ပြီး ထစ်ထစ်အအဖြင့် ရှင်းပြလိုက်သည်။ လင်းချောင်တောင်မှ သူမက ဆိုလိုရင်းအကြောင်းအရာ၏ လမ်းကြောင်းမှ အတော်လေး လွဲနေမှန်း ပြောနိုင်ခဲ့သည်။
ဆရာလန်လည်း သူမကို အသေးစိတ် ရှင်းပြနေရ၏။ "ဒီတစ်ခါမှာ ကျိယင်းဟုန်နဲ့ ချီပေါ်တို့က စာစီစာကုံးကောင်းတွေ ရေးထားတယ်။ မင်း သူတို့ဆီက ငှားဖတ်လို့ရတယ်။ တရုတ်စာကို သင်ယူဖို့ဆိုတာက အများကြီး ဖတ်ရှုလေ့လာပြီးမှ လေ့ကျင့်ရတာ။ တကယ်လို့ မင်း ရှက်နေတယ်ဆိုရင် ငါကိုယ်တိုင် ငှားပေးပါ့မယ်။"
သူက လီရှောင်ချို့ကို စိတ်ရင်းမှန်နှင့် ဂရုစိုက်ပြီး လီရှောင်ချို့ကလည်း မျက်နှာတစ်ခုလုံး နီရဲသွား၏။ "မလိုပါဘူး ဆရာ။ ကျွန်မ ကိုယ့်ဘာသာကိုယ် ငှားလို့ရပါတယ်။"
သူမ ထွက်သွားပြီးနောက် ဆရာလန်က လင်းချောင်ကို သက်ပြင်းချရင်း ပြောလ်ိုက်၏။ "သူမမှာ ရှင်းဟွာ ဒါမှမဟုတ် ပေကျင်းလိုမျိုး ထိပ်တန်းတက္ကသိုလ်တွေကို တက်နိုင်မဲ့ အလားအလာရှိတယ်။ ဒါပေမဲ့ သူမရဲ့ တရုတ်စာက သူမကို နောက်ပြန်ဆွဲနေတာ။ သူမကို ဘယ်လိုလုပ်ပေးရမှန်းကို မသိတော့ဘူး။"
ဆရာအများစုက သူတို့၏ ဘာသာရပ်မှလွဲပြီး ကျန်အားလုံးကို ထူးချွန်နေသော ကျောင်းသားမျိုးရှိသည့်အခါ စိတ်ပျက်အားငယ်တတ်ကြသည်။
လင်းချောင်လည်း စိတ်မကောင်းဖြစ်ရ၏။ လီရှောင်ချို့က သိပ္ပံဘာသာရပ်၊ အထူးသဖြင့် ရူပဗေဒတွင် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး ၉၆ မှတ်အောက် ရခဲသည်။ ဒီလို အလားအလာရှိသည့် ကျောင်းသူတစ်ယောက်ကို ပိုမိုမြင့်မားသော ပညာရေးအတွက် ထိပ်တန်းတက္ကသိုလ်ကို ပို့ပေးသင့်သည်။ အထူးသဖြင့် နိုင်ငံမှ သိပ္ပံပညာရှင်များကို အရေးတကြီး လိုအပ်နေချိန်တွင်ဖြစ်၏။ သို့သော် သူမ၏ တရုတ်စာက ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်နေခဲ့သည်။
"ကျွန်မတို့မှာ အချိန် တစ်နှစ်ခွဲကျော်ကျော် ကျန်ပါသေးတယ်။ ဖြေရှင်းနည်းတချို့ကို စဉ်းစားကြည့်ကြတာပေါ့။"
လင်းချောင်က သူမ၏ အရင်ဘဝတုန်းက တရုတ်စာကို ဘယ်လို တိုးတက်အောင် လုပ်ခဲ့သလဲဆိုသည်ကို ပြန်တွေးကြည့်နေ၏။
အမှန်ပြောရလျှင် ကိုးကားစရာ သိပ်မရှိပေ။ နောက်ပိုင်းမျိုးဆက်များသည် မူလတန်းကျောင်းကတည်းက စာစီစာကုံးနှင့် စာပိုဒ်ကို တွေးခေါ်ဖတ်ရှုခြင်းများကို သင်ကြားခဲ့ရသည်။ ယခုလိုမျိုး ကာတွန်းစာအုပ်များသာ ရနိုင်သော အချိန်မျိုးနှင့်မတူပေ။ နောက်ပိုင်းကာလတွင် သူငယ်တန်းကလေးများနှင့်တောင် ရင်းနှီးလာမည်ဖြစ်သော ဂန္ထဝင်ဝတ္ထုကြီးလေးအုပ်ကိုတောင် မကြာသေးမီနှစ်များတွင်မှ ရှင်းဟွာစာအုပ်ဆိုင်တွင် ရနိုင်ခဲ့ပြီး ဝယ်ယူနိုင်ရန်ကလည်း ခက်ခဲသည်။ ဒီအချိန်များတွင် မူလတန်းနှင့် အလယ်တန်းကျောင်းအများစု၌ စာကြည့်တိုက်တောင် မရှိကြပေ။ မဟုတ်လျှင် လက်ရေးစာအုပ်များကို ဒီလောက် လူကြိုက်များမည် မဟုတ်။
လင်းချောင်က အတန်းထဲတွင် စာဖတ်ရာနေရာလေးတစ်ခု လုပ်ရန်၊ အိမ်မှ စာအုပ်အနည်းငယ် ယူလာကာ၊ ကျောင်းသားများကိုလည်း တစ်ယောက်တစ်အုပ်စီ ယူလာခိုင်းပြီး လဲလှယ်ဖတ်ခိုင်းရန်ဖို့ စဉ်းစားခဲ့သည်။ သို့သော် ဒါက ဖြည်းဖြည်းချင်း စုဆောင်းရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး လီရှောင်ချို့ကဲ့သို့ ပညာရေးတွင် ပြင်းပြင်းထန်ထန် ဟန်ချက်မညီနေသော ကျောင်းသူတစ်ယောက်အပေါ်တွင်တော့ သက်ရောက်မှူ သိပ်မရှိလောက်ပေ။
လင်းချောင် အလုပ်ဆင်းပြီးသည့်နောက်တွင်တောင် ဒါကိုဆက်တွေးနေခဲ့ရင်း ကျောင်းဂိတ်အနီး၌ ရပ်ထားသော ရင်းနှီးသည့် ဂျစ်ကားတစ်စီးကို မြင်လိုက်ရ၏။ သူတို့က ပုံမှန်ဆိုလျှင် သွားသည့်လမ်းကြောင်းချင်း မတူသောကြောင့် ဒါက ထူးဆန်းနေ၏။ ဆပ်ပြာရည်ပို့ရန် လိုအပ်သည့်အခါမှသာ ကျိသော်က သူမကို အကြိမ်အနည်းငယ် လာကြိုဖူးခြင်းဖြစ်သည်။
လင်းချောင်၏ အနောက်နားတွင်ရှိနေသော ကျွင်းဇီက ကျိသော်၏ ကားကို မြင်လိုက်ရပြီးနောက် ချက်ချင်းဆိုသလို မျက်နှာကို မသာမယာ အမူအရာလုပ်ပြလိုက်သည်။
"ဆရာမလင်း၊ ကပ္ပတိန်ကျိက ဆရာမကို လာကြိုတာ။"
စစ်တပ်တွင်းတွင် အဆင့်အတန်း အနေအထားတစ်ခု ရောက်မှသာ ကားပိုင်ဆိုင်ခွင့်ရှိသည်ဖြစ်၍ လူအများစုက သတိထားမိကြ၏။ ဒီစကားကို ကြားလိုက်ရသည့်အခါ အားလုံးက လင်းချောင်ကို ကြည့်လိုက်ကြသည်။
ကျိသော်က ထိုအချိန်တွင် ကားထဲမှ ထွက်လာခဲ့ပြီး လင်းချောင်ထံ လျင်မြန်စွာ လျှောက်လာခဲ့သည်။
လင်းချောင်က သိပ်မစဉ်းစားနေတော့ဘဲ သူ့ထံ အမြန်လျှောက်သွားပြီး ညင်သာစွာ မေးလိုက်၏။ "ဘာလို့ ရုတ်တရက် ရောက်လာတာလဲ။ တစ်ခုခု ပြဿနာဖြစ်လို့လား။"
ကျိသော်၏ မျက်နှာအမူအရာက ပုံမှန်အတိုင်းဖြစ်နေသော်လည်း သူ့အသံကတော့ ပုံမှန်ထက် ပိုနက်ရှိုင်းနေ၏။ "စူးကျန့် ခုနလေးတင် ဖုန်းဆက်လာတယ်။ ရှောင်ကျန်းအကြောင်း သတင်းထပ်ရပြီတဲ့။"
"အဘိုးကုရဲ့ မြေးမ သတင်းပြန်ရပြီလား။"
"ဒီအချိန်မှလေ။"
လင်းချောင်၏ ပထမဆုံး တုံ့ပြန်မှုက ဝမ်းသာခြင်းမဟုတ်ဘဲ၊ ကျိသော်၏ မျက်လုံးများကို တည့်တည့်ဆုံ၍ မော့ကြည့်လိုက်ခြင်းပင်။
အဘိုးကုကို မြေးမနှင့် ပြန်မတွေ့စေချင်သည်တော့ မဟုတ်သော်လည်း ဒီအချိန်အခါက သံသယဖြစ်စရာ ကောင်းနေ၏။ အဘိုးကု၏ တူဖြစ်သူ လာ၍ပြဿနာရှာသွားသည်မှာ ရက်သတ္တပတ်ထက်ဝက်ခန့်သာ ရှိသေးသည်။ သူ့ကို ထိန်းသိမ်းပြီး ဇာတိကို ပြန်ပို့လိုက်သည်နှင့် ရှောင်ကျန်း၏ သတင်းက ရုတ်တရက် ထွက်လာတော့၏။
လင်းချောင်ကလည်း ကျိသော် သူမကို ငုံ့ကြည့်နေသည်ကို မြင်လိုက်ရပြီး သူ့မျက်လုံးများက နက်ရှိုင်းနေကာ ဝမ်းသာနေပုံ လုံးဝမပေါ်နေခဲ့ပေ။
သူမနှင့် အကြည့်ချင်းဆုံလိုက်ပြီးနောက်၊ သူ့မျက်လုံးများက အနည်းငယ် နူးညံ့သွားပြီး၊ မြန်မြန်ဆန်ဆန် အတိုချုပ် ရှင်းပြလိုက်တော့သည်။
"လွန်ခဲ့တဲ့ သုံးရက်လောက်က ဒေသခံရဲတွေက သူမကို တွေ့ခဲ့တာ၊ အခု ဒီကိုပို့လိုက်ပြီ။ ကိုယ် အခုသွားရမယ်။ မင်းပါရင် ပိုအဆင်ပြေမယ်ထင်တယ်။ အချိန်ရလား။"
"ဒါဆို ကားပေါ်တက်လိုက်တော့မယ်။"
လင်းချောင်က စကားတစ်လုံးမှ အပိုမပြောတော့ဘဲ ပြတ်သားစွာ ပြောလိုက်သောကြောင့် ကျိသော် သူမကို အာရုံစူးစိုက်မိသွားခဲ့သည်။
သို့သော်လည်း စက္ကန့်အနည်းငယ်မျှသာ ဖြစ်သည်။ ထို့နောက် သူက ချက်ချင်း ရှေ့တိုးသွားပြီး သူမအတွက် ကားတံခါးကို ဖွင့်ပေးလိုက်၏။
သူတို့ ဘယ်လိုပဲ သံသယ ရှိနေပါစေ၊ လူကို အရင်တွေ့ဖို့ လိုသည်။ ဘယ်လိုဖြစ်ဖြစ်၊ သန်းပေါင်းများစွာထဲမှ တစ်ခုတည်းသော အခွင့်အရေးဆိုလျှင်တောင် အခွင့်အရေးပဲ ဟုတ်သည်မဟုတ်လား။
ကားက အဘိုးကုရှိသည့် ဆေးရုံကို ဦးတည်မသွားဘဲ၊ သူတို့ အရင်က စူးကျန့်နှင့်အတူ ညစာစားခဲ့ဖူးသော နေရာအနီးက ရှေးကျသည့် အိမ်ခြံဝင်းတစ်ခုရှေ့ ရပ်သွားခဲ့၏။
"ဒါက စူးကျန့်ရဲ့ နေရာပဲ။ သူ့မိသားစုက လက်ထပ်ဖို့ အတင်းတိုက်တွန်းနေလို့ အဲ့ဒါကို ရှောင်ဖို့အတွက် သူ ဒီမှာ နှစ်နှစ်လောက် လာနေနေတာ။"
ကျိသော်က တံခါးခေါက်နေရင်း လင်းချောင်ကို အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
မကြာခင်မှာပဲ စူးကျန့်က တံခါးလာဖွင့်ပေးခဲ့သည်။ လင်းချောင်ကို မြင်တော့ သူလည်း အံ့သြမသွားခဲ့ပေ။ သူတို့ လမ်းလျှောက်ဝင်လာစဉ်မှာပဲ သူက အသံတိုးတိုးနှင့် ရှင်းပြလိုက်၏။
"သူမသာ တကယ်မဟုတ်ဘူးဆိုရင် အဘိုးကု စိတ်မကောင်းဖြစ်မှာစိုးလို့ လမ်းကနေ ကြားဖြတ်ပြီး ဒီကို အရင်ခေါ်လာခဲ့တာ။" သူ့တွင်လည်း သူတို့လို စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။
"ဘာတွေ သိရသေးလဲ။"ကျိသော်က ခပ်တိုးတိုး မေးလိုက်၏။
"ဘာမှ မသိရသေးဘူး။"စူးကျန့်က ပြန်ဖြေလိုက်သည်။
"ငါ သူမနဲ့ စကားတစ်ခွန်းမှ မပြောရသေးဘူး။"
ဒီစကားကြောင့် ကျိသော် အံ့အားသင့်သွားပြီး ခေတ္တရပ်ကာ သူ့ကို ကြည့်လိုက်၏။
"ငါ့ကို အဲဒီလို လာမကြည့်နဲ့။ မင်းလည်း သူမဆီက ဘာမှရမှာ မဟုတ်ဘူး။ သူမရဲ့ အခြေအနေက... ဟို... မင်း ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လိုက်ပါတော့။"
စူးကျန့်၏ ခြံဝင်းက သိပ်မကြီးပေ။ ပင်မအခန်း သုံးခန်းရှိပြီး ဧည့်သည်ကို အနောက်ဘက်မှ အခန်းလွတ်တွင် ထားထားသည်။ တံခါးအပြင်ဘက်တွင် အသားညိုညို၊ အရပ်ပုပု ယူနီဖောင်းဝတ်ထားသော လူငယ်တစ်ယောက် ထိုင်နေပြီး စိစစ်မေးမြန်းရန်အတွက် သူမကို ခေါ်လာသူ ဖြစ်နိုင်သည်။
သူတို့ ချဉ်းကပ်လာသည်ကို မြင်ရတော့ သူက မတ်တပ်ရပ်ပြီး မန်ဒရင်း စကားသံမာမာဖြင့် နှုတ်ဆက်လိုက်သည်။ သူတို့ နားလည်အောင် ကြိုးစားခဲ့သော်လည်း နားမလည်ခဲ့ပေ။ ခဏတာ စကားပြောလိုက်ပြီးနောက် သူက တံခါးခေါက်ကာ ဒေသခံစကားနှင့် တစ်ခုခု ပြောလိုက်၏။ သူဘာပြောသလဲဆိုသည်မှာ မရှင်းသော်လည်း ခဏစောင့်ပြီးနောက် သူက တံခါးဖွင့်လိုက်သည်။ ကြိုတင် အကြောင်းကြားထားပြီး ပြင်ဆင်ချိန်ပေးထားသည့်တိုင် အတွင်းက အမျိုးသမီးက တံခါးဖွင့်လိုက်သည့်အခါ ထိတ်လန့်တုန်လှုပ်သွားဆဲပင်။