အခန်း (၉၁)
Vol. 8 Ch. 91
တစ်ချက်ကြည့်လိုက်သည်နှင့် စူးကျန့် ဘာကြောင့် စကားမပြောရသေးလဲဆိုသည်ကို လင်းချောင် နားလည်သွားတော့၏။
အခန်းအတွင်းမှ အမျိုးသမီးသည် ကြောက်လန့်နေသော ငှက်ကလေးတစ်ကောင်လို ဖြစ်နေခဲ့ပြီး သူမအတွက် အလွန်ကြီးလွန်းသော ကုလားထိုင်ပေါ်တွင် ကုပ်တွယ်၍ ထိုင်နေ၏။ သူမ၏ အဝတ်အစားများက စုတ်ပြဲနေပြီး၊ ဆံပင်ကလည်း ဖရိုဖရဲ ဖြစ်နေကာ၊ ပုံမှန်ထက် ပိုချွန်နေသည့် မေးစေ့ကိုသာ မြင်နေရ၏။ အသံတစ်ခုခု ကြားလိုက်ရုံနှင့် သူမက တုန်ယင်ကာ ခုံကိုကပ်တွယ်နေခဲ့သည်။
ဒါက ပုံမှန် တုံ့ပြန်မှုမျိုး မဟုတ်ပေ။ ကျိသော် သူမကို တစ်ချက်ကြည့်ပြီး တံခါးကို ပိတ်လိုက်ကာ နောက်ဆုတ်၍ အသံတိုးတိုးနှင့် မေးလိုက်၏။
"သူမက အနိုင်ကျင့်ခံထားရတာလား။"
စူးကျန့်က ခေါင်းညိတ်လိုက်သည်။"သူမရဲ့ ခင်ပွန်းက ရိုက်တယ်တဲ့။ သူ့ကို တိုင်ဖို့အတွက် ထွက်ပြေးလာတာကို သူတို့ တွေ့ခဲ့တာ။"
"ဒီလောက်တောင် ကြောက်နေတာ၊ အရင်က တစ်ခါမှ သွားမတိုင်ဖူးဘူးလား။"
ကျိသော်က ဇာတ်လမ်း၏ အားနည်းချက်ကို ချက်ချင်း ထောက်ပြလိုက်သည်။
သူမကို ခေါ်လာသည့်လူငယ်က သူ့နှာခေါင်းကို ပွတ်ရင်း ပြောလိုက်၏။
"ကျွန်တော် မသိဘူး။ သူမက ဒေသခံရဲစခန်းရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတာ။ ကျွန်တော်တို့ ပြည်သူ့လုံခြုံရေးဌာနကို ပထမဆုံးအကြိမ်အဖြစ် လာတာပဲ။"
သို့သော် ဘာမှမသိဘူးဆိုလျှင် ဘာလို့ နှာခေါင်းကို ပွတ်နေရသည်လဲ။
သူမ ဒေသခံရဲစခန်းကို အကူအညီတောင်းခံသည်က မှန်နိုင်၏။ သို့သော် တိုင်ကြားခဲ့ဖူးသည့်အတွက် ဒီလိုကိစ္စမျိုးကို ပုံမှန်အားဖြင့် သူတို့ ဘယ်လိုကိုင်တွယ်သလဲဆိုတာကို သူမ သိသွားခြင်း ဖြစ်နိုင်သည်။ ခင်ပွန်းဖြစ်သူကို ခေါ်ပြီး စကားပြောခိုင်းကာ၊ အဲ့ဒီနောက်မှာတော့ အိမ်ပြန်ပို့ပြီး အနိုင်ကျင့်မှုကို ဆက်လက်ခံစေခြင်းမျိုးဖြစ်၏။
၁၉၈၀ ပြည့်လွန်နှစ်များတွင်တောင် အိမ်တွင်းအကြမ်းဖက်မှုကို မှန်မှန်ကန်ကန် ဖြေရှင်းပေးခဲ့ခြင်း သ်ိပ်မရှ်ိဘဲ ဝေးလံခေါင်သီသော ဒေသများတွင်ဆိုလျှင် ပိုဆိုးသည်။ သူမသာ ယန်ဒူက လာသူဖြစ်ကြောင်းနှင့် သူမ၏ အဘိုးကို ပြောင်းရွှေ့ခံခဲ့ရကြောင်း ထုတ်ဖော်မပြောခဲ့လျှင်၊ သူတို့က သူမကို အဘိုးကုနှင့် ဆက်စပ်မိမည် မဟုတ်ပေ။ ထိုဆက်စပ်မှုသာ မရှိလျှင်၊ သူတို့က သူမကို အကူအညီ ပေးခဲ့ပါ့မလားဆိုသည်ကိုလည်း ဘယ်သူမှ မပြောနိုင်။
ကျိသော်၏ မျက်နှာအမူအရာက မည်းမှောင်သွားပြီး လင်းချောင်၏ မျက်နှာက ပိုအေးစက်လာခဲ့သည်။
"သူမ ညစာ စားပြီးပြီလား။"
"ဟုတ်ကဲ့။" ထိုလူငယ်က ပြန်ဖြေလိုက်သည်။ "ကျွန်တော် အစားအသောက် ယူလာပေးခဲ့တယ်။ အစကတော့ သူမ မလှုပ်ရှားဘူး၊ ဒါပေမဲ့ ခဏနေတော့ သွားပြန်စစ်ကြည့်လိုက်တာ အကုန်ကုန်သွားပြီ။"
ယခုပုံစံက အလွန်အကျွံ စိတ်ဖိစီးမှုနှင့် အလွန်သတိထားစောင့်ကြည့်နေသော အမူအရာကို ပြသနေခဲ့သည်။ သူမ အစားစားနိုင်သည်ဆိုသည်ကတော့ ပိုကောင်းသည့်အရာဖြစ်၏။ ဒီကိစ္စကို အလျင်စလိုလုပ်လို့မရပေ။ သူတို့သုံးယောက်က ရဲအရာရှိကို စူးကျန့်အခန်းသို့ ခေါ်သွားပြီး အခြေအနေအသေးစိတ်ကို မေးမြန်းခဲ့ကြသည်။
ခေါ်လာသည့် အမျိုးသမီး၏ အမည်က ချန်ကျောက်နန် ဖြစ်၏။ သူမက ဒီဒေသခံမဟုတ်ဘဲ ဆယ်ကျော်သက်အရွယ်တွင် ဒီကိုလက်ထပ်ပြီး ရောက်လာခဲ့ခြင်းဖြစ်သည်။ ကလေးတစ်ယောက်မှ မရသည့်အတွက် သူမ၏ ခင်ပွန်းနှင့် ယောက္ခမတို့၏ ရိုက်နှက်ဆဲဆိုမှုကို မကြာခဏ ခံခဲ့ရသည်။
ဒီတစ်ခါမှာတော့ ဒဏ်ရာများနှင့် ထွက်ပြေးလာခဲ့ပြီး ပြည်သူ့လုံခြုံရေးဌာနရှိရာကို မိုင်ပေါင်းများစွာ ခရီးနှင်လာခဲ့သည်။ သူမက ရိုက်နှက်ခံရသည့်အကြောင်းကို တစ်ခွန်းမှမပြောဘဲ၊ သူမ၏ အဘိုးကို ရှာချင်သည်၊ သူမကို ကယ်တင်ပေးဖို့ တောင်းဆိုချင်သည်ဟု ချက်ချင်းပြောခဲ့သည်။
"သူမက မျိုးရိုးနာမည်က ကု၊ နာမည်က ရှောင်ကျန်း ဇာတိက ယန်ဒူကလို့ ပြောပါတယ်။ ကျွန်တော်တို့ စစ်ဆေးကြည့်တော့ အားလုံးက ကိုက်ညီနေတယ်။ ရုပ်ချင်းတောင် ဆင်နေလို့ ကျွန်တော်တို့ ခေါ်လာခဲ့တာပါ။"
"သူမနဲ့တူရဲ့လား။" ကျိသော်က အနီးနားတွင်ထိုင်နေသော စူးကျန့်ကို မေးလိုက်သည်။
စူးကျန့်၏ အခန်းငယ်လေးက လူများများ လာရောက်လေ့မရှိပုံပေါ်သည်။ ထိုင်ခုံများ မလုံလောက်၍ သူက ဂိုဒေါင်မှ ခုံပုနှစ်လုံးကို ထပ်ယူလာခဲ့ရသည်။ သူက ပြန်ဖြေလိုက်၏။
"သူမ ရောက်လာကတည်းက ငါ သူမမျက်နှာကိုတောင် သေသေချာချာ မမြင်ရသေးဘူး။ ဘယ်လိုလုပ်တူမတူ သိမှာလဲ။"
ဒီလိုဆိုလျှင် ခက်ခဲနေပြန်ပြီ။
စကားလည်း မပြော၊ မျက်နှာကိုလည်း မမြင်ရဘဲ သူမ၏ အထောက်အထားကို ဘယ်လိုအတည်ပြုနိုင်မည်လဲ။
သူတို့ အချိန်အကြာကြီး စောင့်ဆိုင်းနေလို့ မဖြစ်တော့ပေ။
သူမကို ခေါ်လာသည့် ရဲအရာရှိက ရှက်ရွံ့သောအမူအရာဖြင့် ပြောလိုက်၏။
"ကျွန်တော်တို့ သူမကို ဘာမှ မလုပ်ပါဘူး။ လမ်းမှာတည်းက ဒီလိုဖြစ်နေတာ၊ သူမနားကို ကပ်တဲ့သူတိုင်းကို ကြောက်နေတယ်။"
ခဏတာ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် လင်းချောင် ထရပ်လိုက်၏။
"ကျွန်မ သွားမေးကြည့်လိုက်ပါ့မယ်။ အမျိုးသမီးချင်းဆိုတော့ သူမ စိတ်ပူနေတာ လျော့ချင်လျော့သွားမှာပါ။"
ကျိသော်လည်း ချက်ချင်းထရပ်လိုက်သည်။ လင်းချောင်က သူ လိုက်လာလိမ့်မည်ဟု ထင်သောကြောင့် ပြောလိုက်၏။
"ရှင် ဒီမှာပဲနေတာ ပိုကောင်းမယ်။ ရှင် ပါလာရင် သူမ ပိုကြောက်သွားလိမ့်မယ်။"
ဒါက မှန်ပါသည်။ သူ၏ စစ်ဝတ်စုံနှင့် တင်းမာသောမျက်နှာကိုမပြောနှင့်၊ စူးကျန့်၏ ရဲဝတ်စုံနှင့် ဖော်ရွေသော အမူအရာကပင် သူမကို လုံခြုံမှုမပေးနိုင်ခဲ့ပေ။
ကျိသော်က သူမကို စူးကျန့်၏ အခန်းအပြင်သို့ လိုက်ပို့ပေးလိုက်သည်။ "ကိုယ် တံခါးအပြင်မှာ စောင့်နေမယ်။ သတိထားနော်။"
သူက သူမကို ထိုအမျိုးသမီးက ထိခိုက်အောင်လုပ်လိုက်မည်ကို စိုးရိမ်နေသည်လား။
သူက အမြဲတမ်းလိုလို စဉ်းစားတွေးတောတတ်သူဖြစ်သော်လည်း မကြာသေးမီအချိန်အတွင်း သူ၏ဂရုစိုက်မှုများမှာ ပိုမိုနက်နဲလာခဲ့သည်။
လင်းချောင်က ခေါင်းညိတ်ပြပြီး အသုံးမပြုရသေးသည့် မျက်နှာသုတ်ပဝါတစ်ထည်ကို စူးကျန့်ထံ တောင်းလိုက်သည်။ ထို့နောက် ဇလုံတစ်လုံးထဲတွင် ရေနွေးဖြည့်ကာ ဆပ်ပြာအချို့နှင့်အတူ အခန်းထဲသို့ ယူလာခဲ့သည်။
တစ်စုံတစ်ယောက် ဝင်လာသည်ကို သိလိုက်၍ အခန်းထဲမှအမျိုးသမီးက သိသိသာသာ စိတ်လှုပ်ရှားသွား၏။ လင်းချောင်က ဂရုမစိုက်ဘဲ ရေဇလုံကို သူမဘေးရှိ စားပွဲပေါ်တင်လိုက်ပြီးနောက် တစ်ဖက်လူအတွက် လုံခြုံသည်ဟု ခံစားရစေမည့် အကွာအဝေးအထိ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
"ခရီးပန်းလာတာပဲ။ မျက်နှာသစ်လိုက်ပါလား။ မျက်နှာသုတ်ပဝါက အသစ်ပါ၊ မသုံးရသေးဘူး။"
သူမ၏ အသံမှာ နူးညံ့ချိုသာနေသော်လည်း နံရံဘေးတွင်ရပ်နေခဲ့ပြီး ထွက်သွားမည့် အပြုအမူမျိုး မပြခဲ့ပေ။
ချန်ကျောက်နန်(အတည်မပြုရသေးသောကြောင့် ဒီနာမည်ပဲ သုံးထား)သည် ခဏကြာအောင် စောင့်ကြည့်နေခဲ့သော်လည်း လင်းချောင် ထွက်မသွားသည်ကို တွေ့ရ၍ ခေါင်းကို အနည်းငယ်မော့ကာ ခိုးကြည့်လိုက်သည်။
အမှန်ပြောရလျှင် သူမသည် အလွန်ပိန်လှီနေသောကြောင့် မျက်လုံးကြီးများကသာ ထင်ရှားပေါ်လွင်နေပြီး မျက်လုံးတစ်ဖက်တွင်လည်း ထင်ရှားသော ပွန်းပဲ့ဒဏ်ရာ ရှိနေခဲ့သည်။
သူမသည် ကြောက်ရွံ့နေသော ပက်ကျိလေးတစ်ကောင်ကဲ့သို့ အာရုံခံအမျှင်ကို သတိထားပြီး အပြင်ထုတ်လိုက်သော်လည်း ချက်ချင်းဆိုသလို ပြန်ရုပ်သိမ်းသွားခဲ့ပြန်သည်။
လင်းချောင်ကတော့ မသိချင်ယောင်ဆောင်နေလိုက်သည်။ "ရှင်လာခဲ့တဲ့နေရာက ယန်ဒူထက် ပိုနွေးမယ်ထင်တယ်။ အခု ဝတ်ထားတဲ့အင်္ကျီက တခြားသူရဲ့ကုတ်အင်္ကျီဖြစ်နေတယ်နော်။ ကျွန်မ ပြန်ရောက်ရင် ပိုထူတဲ့အဝတ်အစားတွေ ရှာပေးပါ့မယ်။ အေးနေသေးရင် မီးဖိုတစ်ခု ဖိုပေးဖို့ လူခေါ်လိုက်မယ်။ ယန်ဒူမှာ ဆောင်းရာသီက ခြောက်သွေ့ပြီး အေးတယ်။ ရှင် အသားကျရဲ့လားတော့မသိဘူး။"
သူမက စကားအများကြီးပြောခဲ့ပြီး သူမ၏ နူးညံ့သောအသံနှင့် သာမန်စကားများက ချန်ကျောက်နန်၏ စိတ်ပူပန်ကြောက်ရွံ့မှုများကို လျော့ပါးသွားစေပုံရသည်။
ကြောက်လန့်တကြားဖြစ်နေသော ငှက်ကလေးတစ်ကောင်လို လန့်နေတတ်သူတစ်ယောက်အတွက် ရဲများ၏ ပုံမှန်စစ်ဆေးမေးမြန်းနည်းလမ်းများက မသင့်လျော်သလို၊ သူမသည် အမှန်တကယ်ကို အဘိုးကု၏ မြေးမလည်း ဖြစ်နေနိုင်၏။
သူမ၏ ခန္ဓာကိုယ်အမူအရာများကို သတိထားမိသော လင်းချောင်က မေးလိုက်ပြန်သည်။ "မျက်နှာသစ်ချင်လား။ ရေက မကြာခင် အေးသွားတော့မယ်။"
ချန်ကျောက်နန်၏ အမူအရာ ထပ်မံတင်းမာသွားပြန်သောကြောင့် လင်းချောင်က ဆက်မဖိအားပေးတော့ဘဲ သာမန်အကြောင်းအရာများကို ဆက်ပြောဆိုနေခဲ့သည်။
ခဏအကြာတွင်တော့ တစ်ချိန်က နွေးနေခဲ့သောရေသည် တကယ်ပင် အေးသွားခဲ့ပြီဖြစ်သည်။ လင်းချောင်က သူမကို အလျင်စလို မတိုက်တွန်းတော့ဘဲ ဇလုံကို ကောက်ယူရန် သွားလိုက်၏။
"ရေနွေးပြန်ထည့်ပေးဖို့ သွားယူလိုက်ဦးမယ်။"
ဒီတစ်ကြိမ်မှာတော့ ထိုအမျိုးသမီးက ခေါင်းကိုမော့ပြီး သူမကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ကာ စိတ်မသက်မသာဖြစ်သည့် အရိပ်အယောင်ဖြင့် ခေါင်းကို ပြန်ငုံ့ချသွားခဲ့သည်။
လင်းချောင်က သတိမထားမိဟန်ဆောင်ကာ ဇလုံကိုယူပြီး အခန်းထဲမှ ထွက်လာကာ ကျိသော်ထံ ချက်ချင်း လှမ်းပေးလိုက်သည်။ သူက ဘာမှမပြောဘဲ တံခါးဘေးရှိ ထိုင်ခုံကို လက်ညှိုးထိုးပြကာ သူမကို ထိုင်ရန် ညွှန်ပြလိုက်သည်။ သူက ဇလုံကိုယူ၍ ရေသွန်ပစ်ပြီး စူးကျန့်၏ ရေနွေးဗူးကို ကောက်ယူလိုက်ရာ ဗူးထဲတွင် ရေမရှိတော့သည်ကို တွေ့လိုက်ရ၏။
အပြင်ဘက်တွင် စောင့်နေသော စူးကျန့်လည်း ရေနွေးအိုးကိုယူ၍ ရေနွေးတည်ရန် အမြန်ထွက်သွားတော့သည်။ စင်မြင့်ပေါ်တွင် မကြာခဏ ရပ်ခဲ့ဖူးသော လင်းချောင်သည် မပင်ပန်းသော်လည်း ထိုင်ချလိုက်၏။
ဆယ်မိနစ်ခန့်ကြာသော် ရေနွေးတည်၍ ပြီးသွားပြီဖြစ်သည်။ ကျိသော်က ရေအေးနှင့်ရောကာ လင်းချောင်ကို လှမ်းပေးလိုက်သည်။ သူမက ထရပ်ပြီး ယူကာ အနောက်ဘက်အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ချန်ကျောက်နန်က အရင်တစ်ခါကဲ့သို့ ပြင်းပြင်းထန်ထန် မတုံ့ပြန်တော့ပေ။
လင်းချောင် ဇလုံကို စားပွဲပေါ်တင်လိုက်သည်နှင့် ချန်ကျောက်နန်၏ ခြေချောင်းလေးများ စိုးရိမ်တကြီး လှုပ်ရွနေသည်ကို တွေ့လိုက်ရသည်။
သူမသည် တစ်ဖက်လူကိုအနှောင့်အယှက် ပေးရသည်ကို စိတ်မသက်မသာဖြစ်နေသည့်ပုံပင်။ လင်းချောင်က နူးညံ့စွာ ပြောလိုက်၏။
"မျက်နှာသစ်လိုက်ပါ။"
ချန်ကျောက်နန်၏ လက်ချောင်းများက စိုးရိမ်စိတ်ဖြင့် လိမ်ယှက်နေခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူမ တွန့်ဆုတ်စွာဖြင့် ထရပ်လိုက်တော့သည်။
အခန်းထဲတွင် ရေဇလုံထဲမှရေ၏ တိုးတိတ်သောအသံလေးများသာ ပြည့်နှက်နေပြီး အသံအနည်းငယ် ကျယ်သွားလျှင်ပင် တစ်စုံတစ်ဦးကို လန့်ဖျပ်သွားစေနိုင်သလိုပင်။
လင်းချောင်သည် သာမန်စကားများကို ဆက်ပြောနေကာ သူမအား သူမ၏ အသံနှင့် ရင်းနှီးအောင် လုပ်နေခဲ့သည်။ သူမက ဆပ်ပြာဗူးကို တွန်းပေးလိုက်ရာ ခဏတာတွန့်ဆုတ်သွားပြီးနောက် ချန်ကျောက်နန်က ထိုဆပ်ပြာကိုယူကာ အသုံးပြုခဲ့သည်။
မျက်နှာသစ်ပြီးသောအခါ သူမသည် အသားအရေ အနည်းငယ်ညိုပြီး အဝါရောင်ဘက် သမ်းနေသော်လည်း လှပသော အမျိုးသမီးငယ်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရပြီး၊ သူမ၏ မျက်နှာပေါ်တွင် ဒဏ်ရာ အများအပြား ရှိနေခဲ့သည်။
လင်းချောင် ခဏတာ အံ့အားသင့်သွားခဲ့ရသည်။ သူမ၏မျက်နှာတွင် ရင်းနှီးသော အရာတစ်ခုကို ခံစားမိနေသော်လည်း အတိအကျကိုတော့ လင်းချောင် မပြောတတ်ပေ။
ထိုအမျိုးသမီးက မျက်နှာသုတ်ပဝါဖြင့် မျက်နှာသုတ်ပြီး တိုးတိုးလေးပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်။"
သူမ ထိုသို့ပြောလိုက်သောအခါ လင်းချောင်က ဇလုံကို ကောက်ယူလိုက်သည်။ "ခေါင်းဖြီးဖို့ ဘီးတစ်ချောင်း သွားယူပေးမယ်နော်။"
ထိုအမျိုးသမီးက မလိုအပ်ကြောင်း ပြောချင်သလို နှုတ်ခမ်းကို လှုပ်လိုက်သော်လည်း လင်းချောင်ကတော့ ပြုံးလိုက်၏။
"အားနာစရာ မလိုပါဘူး။ ရှင့်လို လှတဲ့မိန်းမလှလေးက သပ်သပ်ရပ်ရပ် ရှိနေသင့်တာပေါ့။"
အကြောင်းတစ်ခုခုကြောင့် ဒီစကားက ထိုအမျိုးသမီး၏ ရင်ထဲထိသွားပုံရပြီး သူမ၏ မျက်လုံးများ နီရဲလာတော့သည်။ သူမက လင်းချောင် မမြင်စေရန် ချက်ချင်း ခေါင်းငုံ့ချလိုက်၏။
လင်းချောင် အခန်းထဲမှ ထွက်လာပြီးနောက် ဇလုံကို ကျိသော်အား လှမ်းပေးလိုက်ကာ စူးကျန့်ကို တိုးတိုးလေး မေးလိုက်၏။
"ရှောင်ကျန်းရဲ့ ဓာတ်ပုံရှိလား။"
သူမ တိုးတက်မှုအချို့ရရှိခဲ့သည်ကို သဘောပေါက်သွားသော စူးကျန့်က ခေါင်းညိတ်လိုက်သည်။
"ရှိတယ်၊ သွားယူလိုက်မယ်။"
ကျိသော် ရေသွန်ပစ်ပြီးသည်နှင့် ဒီစကားကို ကြားလိုက်ရ၏။ သူ ခေတ္တရပ်ကာ ဇလုံကို ရေဆေးစင်ပေါ်တင်လိုက်ပြီး စူးကျန့်လက်ထဲမှ ဓာတ်ပုံကိုယူ၍ တစ်ချက်ကြည့်လိုက်၏။
"ဒါက အဆင်မပြေဘူး။"
"ဘာလို့လဲ။"
စူးကျန့် ခဏတာ ဝေခွဲမရဖြစ်ပြီးနောက် သဘောပေါက်သွားခဲ့သည်။ "နည်းနည်း သေးလွန်းတယ်၊ မျက်နှာကို သေချာမမြင်ရဘူး။"
"ရှောင်ကျန်းရဲ့ တစ်ယောက်တည်း ဓာတ်ပုံ ရှာရမယ်။"
ကျိသော်က အေးဆေးတည်ငြိမ်စွာ ပြောပြီး ဓာတ်ပုံကို လှန်လိုက်ကာ လင်းချောင်ကို တစ်ချက်ကြည့်လိုက်၏။
လင်းချောင်ကတော့ သတိမထားမိခဲ့။ သူမ၏ အာရုံစိုက်မှုက ဓာတ်ပုံကို ရှာဖွေနေသည့် စူးကျန့်ထံ ရောက်နေပြီဖြစ်သည်။ ထိုအခါ ကျိသော်က ဓာတ်ပုံကို ပို၍ တင်းတင်းဆုပ်ကိုင်လိုက်သည်။ ကျိသော်က ဓာတ်ပုံသည် သေးလွန်းပြီး မရှင်းလင်းသောကြောင့် အဆင်မပြေဟု ပြောခဲ့ခြင်းမဟုတ်ပေ။ အကြောင်းအရင်းမှန်ကတော့ ထိုဓာတ်ပုံတွင် ရှောင်ကျန်းအပြင် သူနှင့်ကျိဇယ်တို့ပါ ပါနေသောကြောင့် ဖြစ်သည်။
ထိုဓာတ်ပုံကို အဘိုးကု နေရာမရွှေ့ပြောင်းရခင်က ရိုက်ခဲ့ခြင်းဖြစ်ပြီး ကုမောင်နှမများ၊ ကျိသော်၊ ကျိဇယ်တို့နှင့် စူးမိသားစု မောင်နှမအချို့တို့တန်းစီ ရပ်နေကြခြင်းဖြစ်သည်။ ကျိဇယ်သည် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ်ခန့်ရှိပြီး မိသားစုက လင်းချောင်ကို ပေးထားသော ဓာတ်ပုံနှင့် ပုံစံတူဖြစ်နေသည်။ လင်းချောင်သာ မြင်လိုက်ပါက အမှန်တရားက ချက်ချင်းပေါ်သွားတော့မည်။
"တခြားပုံ ရှာမတွေ့ရင် ခုနကဟာလည်း အဆင်ပြေပါတယ်။"
လင်းချောင်က ရုတ်တရက် သူ့ဘက်လှည့်၍ ပြောလိုက်၏။
ကျိသော်၏ ရင်ထဲတင်းကျပ်သွားသော်လည်း ဘာအရိပ်အယောင်မျှမပြဘဲ ထိုအမျိုးသမီးကို ခေါ်လာသော ရဲအရာရှိအား မေးလိုက်၏။
"ဒီတစ်ခါ ဓာတ်ပုံ မယူလာဘူးလား။"
သူ၏ သတိပေးမှုကြောင့် ထိုရဲအရာရှိက တုံ့ပြန်လိုက်၏။
"ဟုတ်ကဲ့၊ ယူလာပါတယ်။ ခေါ်မလာခင်ကလည်း သေသေချာချာ တိုက်စစ်ခဲ့ပါသေးတယ်။"
သူ ယူလာသော ဓာတ်ပုံသည် ပုံနှိပ်ထားသော ပုံတူကူးထားသည့်ဓာတ်ပုံမဟုတ်ဘဲ အာဏာပိုင်များထံမှ ရရှိထားခြင်းဖြစ်သည်။ အဘိုးကုသည် သူမကို ရှာဖွေစဉ်က သူမ၏ ဓာတ်ပုံများကို ရာနှင့်ချီ၍ ထုတ်ယူထားခဲ့သည်။
လင်းချောင် ထိုဓာတ်ပုံကိုယူလိုက်ရာ ထိုရင်းနှီးသောခံစားချက်ကို တစ်ဖန်ခံစားလိုက်ရပြန်၏။ အဖြူအမည်းဓာတ်ပုံထဲမှ မိန်းကလေးသည် ဆံပင်နှစ်ဖက်ကျစ်ထားပြီး မျက်လုံးကြီးကြီးများက သူမ မြင်ဖူးသူတစ်ယောက်နှင့် ဆင်နေ၏။
"သူမနဲ့တူလား။" စူးကျန့်က တိုးတိုးလေး မေးလိုက်သည်။
"နည်းနည်းတော့ တူပါတယ်။" လင်းချောင်က ခေါင်းညိတ်လိုက်ပြီး ဓာတ်ပုံထဲက မျက်လုံးနှင့် ပါးစပ်ကို လက်ညှိုးထိုးပြခဲ့သည်။
"ဒီနှစ်ခုကတော့ ဆင်တူပါတယ်၊ ကျန်တာကတော့ ခန့်မှန်းရခက်တယ်။"
ရဲအရာရှိက ထပ်ဖြည့်ပြောလိုက်၏။ "ဓာတ်ပုံက ကလေးဘဝတုန်းက ရိုက်ထားတာပါ။ ဆယ်နှစ်ကျော်ကြာတော့ အများကြီး ပြောင်းလဲသွားပါပြီ။"
ဒါက မှန်သည်။ မိန်းကလေးများသည် ကြီးပြင်းလာသည်နှင့်အမျှ အများကြီး ပြောင်းလဲလာတတ်ကြသည်။ လင်းချောင်ကိုယ်တိုင်ပင်လျှင် သူမ၏ ငယ်ဘဝပုံစံနှင့် လွန်စွာကွာခြားနေခဲ့သည်။ သူမ၏ ဖီးနစ်ငှက်မျက်လုံးများနှင့် မျက်လုံးထောင့်ရှိ မှဲ့သေးသေးလေးမှလွဲ၍ အခြားအစိတ်အပိုင်းများက ပုံစံများစွာ ပြောင်းလဲသွားခဲ့လေပြီ။
"သူမကို ထပ်မေးသင့်ပြီလား။" စူးကျန့်က လင်းချောင်ကို ကြည့်လိုက်သည်။
စစ်တပ်အရာရှိတစ်ဦးနှင့် ရဲအရာရှိနှစ်ဦးတို့က အသုံးမဝင်ဘဲ လင်းချောင်ကသာ မေးခွန်းများမေးရန်အတွက် အသုံးဝင်နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ကျိသော်သည်လည်း လင်းချောင်ကို ကြည့်နေခဲ့ပြီး သူမ၏ သဘောထားကို သိလိုသည့်ပုံပင်။ လင်းချောင် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ၊ သူမ စကားပြောလာအောင် ကြိုးစားကြည့်လိုက်မယ်။"
ထို့နောက် သူမက ထိုအမျိုးသားနှစ်ဦးကို မေးလိုက်၏။ "ရှင်တို့အချင်းချင်းပဲသိပြီး အပြင်လူတွေ မသိတဲ့ အရာတစ်ခုခုများ ရှိလား။ အဲ့ဒါက ကျွန်မတို့ ဆုံးဖြတ်ချက်ချအတွက် အကူအညီဖြစ်လိမ့်မယ်။"
စူးကျန့် စဉ်းစားနေဆဲအချိန်တွင် ကျိသော်က လင်းချောင်ဘက်သို့ ကိုယ်ကိုစောင်းလိုက်ပြီး သူမ၏ နားနား ကပ်ကာ တီးတိုးပြောလိုက်၏။
"စူးကျန့်က ဆယ့်နှစ်နှစ်သားအရွယ်တုန်းက အဘိုးကုအိမ်က အိပ်ရာထဲမှာ သေးပေါက်ချခဲ့တယ်။"
ဤအရာရှိအိုကြီးသည် ရှက်ဖွယ်ကောင်းသော ငယ်ဘဝ၏လျှို့ဝှက်ချက်ကို လေးလေးနက်နက် ထုတ်ဖော်ပြောပြလိုက်ခြင်း ဖြစ်သည်။
အနီးအနားတွင်ရှိနေပြီး စကားလုံးအချို့ကို ကြားလိုက်ရသော စူးကျန့်က ချက်ချင်း ရှင်းပြလိုက်၏။ "ငါ အိပ်ရာထဲ သေးမပေါက်ပါဘူး။ အိပ်ရာထဲ ရေသောက်တုန်းက ရေဖိတ်သွားတာပါ။"
ကျိသော်က သူ့ကို 'ဒီလိုသာ လုပ်နေရင် ငါဘာမှ မတတ်နိုင်တော့ဘူး' ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ဒါက စူးကျန့်ကို ဒေါသထွက်စေသော်လည်း သူနှင့် လင်းချောင်တို့မှာ စုံတွဲမဟုတ်သောကြောင့် သူမနှင့် နီးနီးကပ်ကပ် စကားသွားပြောလို့လည်းမရပေ။ ထို့ကြောင့် သူက လင်းချောင်ကို ဘေးဘက်သို့ ခေါ်သွားလိုက်၏။
"မင်းကို ငါလည်း ပြောစရာရှိတယ်။"
ပြောတော့မည်အလုပ် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး လှည့်ကြည့်လိုက်ရာ ကျိသော်က သူ့ကို ခပ်လှမ်းလှမ်းမှ တိတ်တဆိတ် စောင့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် စကားလုံးများက သူ့လည်ချောင်းထဲတွင် ပြန်နစ်ဝင်သွားတော့သည်။
လင်းချောင်က ဒါကို သတိထားမိပြီး ရယ်လိုက်၏။ "ပြောပါ၊ ကျွန်မ သူ့ကို မပြောပြပါဘူး။"
"အဲ့ဒါကလည်း အဆင်မပြေဘူး။ ဒီကောင်က နားအရမ်းကောင်းတယ်။"
စူးကျန့်က ခဏတာစဉ်းစားပြီးနောက် လင်းချောင်ကို ခြံဝင်းသို့ ခေါ်သွားလိုက်သည်။
သူတို့ပြန်လာသောအခါ လင်းချောင်၏ ကျိသော်ကို ကြည့်သောအကြည့်မှာ အဓိပ္ပာယ်ပါလာပြီး စူးကျန့်၏ အပြုံးသည်လည်း ဆိုးသွမ်းသည့် အရိပ်အယောင်အပြည့်နှင့်ပင်။
ကျိသော် ခေတ္တရပ်သွားပြီး လင်းချောင်ကို မေးလိုက်၏။ "သူ ဘာပြောလိုက်တာလဲ။"
"ဘာမှမပြောပါဘူး။" လင်းချောင်က ပြုံးပြီး တုံ့ပြန်ကာ စူးကျန့်ကို မေးလိုက်သည်။
"အိမ်မှာ ဘီးရှိလား။ ကျွန်မ ခဏငှားချင်လို့။"
"အင်း၊ ရှိတယ်။"
စူးကျန့်က သူမအတွက် ဘီးတစ်ချောင်း ရှာပေးလိုက်သည်။ သူက သူမ အနောက်ဘက်အခန်းသို့ ဝင်သွားသည်ကိုကြည့်ပြီး တစ်ဖက်ပြန်လှည့်ကြည့်လိုက်ရာ ကျိသော် သူ့ကို ထပ်ကြည့်နေသည်ကို တွေ့လိုက်ရ၏။