အခန်း (၉၂)
Vol. 8 Ch. 92
ကျိသော်က ဓာတ်ပုံကို စူးကျန့်၏ အံဆွဲထဲ အေးအေးဆေးဆေး ပြန်ထည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း သူ၏ အရှိန်အဝါကတော့ ကြောက်စရာကောင်းနေခဲ့သည်။ စူးကျန့်လည်း လက်နက်ချလိုက်ရတော့၏။
"မင်းရဲ့ဇနီးကို ငါ တကယ် ဘာမှ မပြောလိုက်ပါဘူး။"
ကျိသော်ကတော့ ဘာစကားမှမပြောခဲ့ဘဲ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ထိုအမျိုးသမီးကို ခေါ်လာသော ရဲအရာရှိအား စီးကရက်တစ်လိပ် ကမ်းပေးလိုက်ကာ အနောက်ဘက်အခန်း တံခါးဘေးရှိ သူ၏ နေရာသို့ ပြန်သွားခဲ့သည်။
အတွင်းဘက်တွင် လင်းချောင်က သစ်သားဘီးကို ချန်ကျောက်နန်ဘေးရှိ စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်၏။
"ခေါင်းဖြီးလိုက်ပါ၊ မှန်တစ်ချပ်ပါ ယူလာတယ်။"
ဒီတစ်ခါတော့ သူမက ပို၍နီးကပ်စွာသွား၍ ထိုင်လိုက်သည်။ ချန်ကျောက်နန်သည် စိတ်မသက်မသာ ဖြစ်နေသေးသော်လည်း အရင်ကကဲ့သို့ တင်းမာနေမှာမျိုးတော့ မရှိတော့ပေ။ လင်းချောင်က သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
"ကျွန်မနာမည်က လင်းချောင်ပါ။ ရှင် အစောပိုင်းက မြင်ခဲ့တဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ ကျိသော်ရဲ့ ဇနီးပါ။ ကျွန်မက ရှင့်ထက် ငယ်မယ်ထင်တယ်..."
သူမ တွေဝေသွားပြီး ပြန်မေးလိုက်ပြန်၏။ "ကျွန်မ ငယ်မယ်ထင်တယ်၊ ဟုတ်တယ်မလား။"
"ကျွန်မ... ကျွန်မက ၁၉၅၉ မှာ မွေးတာပါ။" ချန်ကျောက်နန်က ခေါင်းငုံ့လျက် တိုးတိုးလေး ပြောလိုက်သည်။
အနည်းဆုံးတော့ သူမ စကားပြောလာခဲ့လေပြီ။
ဒီအသက်က ကုရှောင်ကျန်း၏ အသက်နှင့် ကိုက်ညီနေ၏။ လင်းချောင် ပြုံးလိုက်၏။
"ဒါဆို ရှင်က ကျွန်မထက် အသက်ကြီးတာပေါ့။ စိတ်ပူနေစရာ မလိုပါဘူး။ လူတွေကို မမှတ်မိရင်တောင် ဝတ်စုံတွေကိုတော့ မှတ်မိတယ်မလား။"
သူမက ရေတစ်ခွက်ကို သူမဘာသာသူမ ငှဲ့သောက်လိုက်ပြီး စကားပြောဆိုရန် သက်သောင့်သက်သာရှိသော အနေအထားကို ပြုလုပ်လိုက်သည်။
"ကျွန်မတို့ ရှင့်ကို အဘိုးကုဆီ ချက်ချင်းမခေါ်သွားဘဲ ဒီကို အရင်ခေါ်လာတယ်ဆိုတာက သူက အသက်ကြီးနေပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေ သိပ်မကောင်းလို့ပါ။ ကျန်းမာရေးကို ထိခိုက်စေမဲ့ စိတ်လှုပ်ရှားမှုမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် အခြေအနေတွေကို အရင်ဆုံး အတည်ပြုဖို့ လိုအပ်တယ်။ ရှင် နားလည်ပါတယ်နော်။"
ချန်ကျောက်နန် တွေဝေသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ သူမက စကားမပြောလာသလို အဘိုးကု၏ အခြေအနေကိုလည်း ချက်ချင်းမမေးခဲ့ပေ။
သူမသာ အလွန်စိတ်အားထက်သန်နေခဲ့ပါက လင်းချောင် သံသယဝင်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့ နောက်ဆုံးတွေ့ခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်ပြီး သူမကလည်း ထိုအချိန်က ကလေးတစ်ယောက်အရွယ်သာဖြစ်သည်။ အဘိုးကုအကြောင်း သူမ ဘယ်လောက်အထိ မှတ်မိနေမည်ကိုလည်း ဘယ်သူမှ မသိနိုင်ပေ။
လင်းချောင်က သူမကိုလည်း ရေတစ်ခွက် ငှဲ့ပေးလိုက်၏။
"အရင်က အကြောင်းတွေကို ဘာများ မှတ်မိသေးလဲ။ ကျွန်မခင်ပွန်းနဲ့..."
"အစ်ကိုစူးကျန့်လား။"
သူမက တိုးတိုးလေး မေးလိုက်ပြီး ခေါင်းဖြီးပြီးသွား၍ ဘီးထဲကျန်နေခဲ့သော ခြောက်သွေ့နေသည့် ဆံပင်များကို ရှင်းနေခဲ့သည်။
နာမည်က ကိုက်ညီနေသည်။ လင်းချောင် ခေါင်းညိတ်လိုက်၏။ "တခြားလူတွေရော။ ပြီးတော့ ရှင်ရဲ့ မိသားစု။ သူတို့အကြောင်း ဘာတွေ မှတ်မိသေးလဲ။"
ချန်ကျောက်နန်သည် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ခဏတာ တိတ်ဆိတ်သွားပြီးနောက် တိုးတိုးလေး မေးလိုက်၏။
"ကျွန်မရဲ့ အစ်ကိုရော။"
လင်းချောင် ပြန်မဖြေခဲ့ပေ။
ဒီလိုမြင်ရတော့ သူမ၏ပုံစံက စိုးရိမ်တကြီး ဖြစ်လာခဲ့သည်။
"ကျွန်မ... ကျွန်မမှာ အစ်ကိုတစ်ယောက် ရှိနေသင့်တယ်မလား။ အစ်ကိုတစ်ယောက် ရှိတယ်ဆိုတာ ကျွန်မ မှတ်မိနေတယ်။"
ထိုသို့ပြောလိုက်ပြီးနောက် သူမက ခုနလေးကမှ ဖြီးထားသော ဆံပင်များကိုပါ ဆွဲဆုတ်တော့မလို လုပ်လာတော့၏။ မကြာခင်မှာပဲ သူမ၏ လောလောလတ်လတ် ဖြီးထားသော ဆံပင်များ ပြန်ရှုပ်ပွသွားတော့သည်။
သူမ စိတ်ဓာတ်ကျလာသည်ကို မြင်သောအခါ လင်းချောင်က ချက်ချင်း နှစ်သိမ့်ပေးလိုက်၏။ "စိတ်မပူပါနဲ့။ အချိန်ယူပြီး ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ရအောင်။"
တံခါးခေါက်သံတစ်ခု ထွက်လာခဲ့သည်။ အပြင်ဘက်မှ တစ်စုံတစ်ယောက်က ဆူညံသံကို ကြားသွားသောကြောင့် ဖြစ်နိုင်၏။
"အဆင်ပြေပါတယ်။"
လင်းချောင်က လှမ်းအော်ပြောလိုက်ပြီး ဆက်လက်နှစ်သိမ့်ပေးနေခဲ့သည်။
"ဖြည်းဖြည်းချင်း အချိန်ယူပြီး စဉ်းစားကြတာပေါ့။"
နောက်ထပ် နာရီဝက်ခန့်ကြာသွားပြီးနောက် လင်းချောင် အခန်းထဲမှ ထွက်ရန်လုပ်လိုက်၏။
"ခရီးပန်းလာတယ်မလား။ အခု အနားယူသင့်ပြီ။"
"ဘယ်လိုလဲ။" စူးကျန့်က တိုးတိုးလေး မေးလိုက်သည်။
လင်းချောင်က သူ့ကို အခန်းထဲ အရင်ဝင်ရန် လက်ဟန်ပြလိုက်ပြီး တံခါးပိတ်ကာ ပြောလိုက်၏။ "သိပ်မထူးခြားပါဘူး။ ခေါင်းမှာ ဒဏ်ရာရဖူးလို့ အချို့အရာတွေကို သဲသဲကွဲကွဲ မမှတ်မိဘူးလို့ ပြောတယ်။"
"သူမက ခေါင်းမှာ ဒဏ်ရာရဖူးတယ်။" ကျိသော် မျက်ခုံးပင့်လိုက်သည်။ သူ၏ အမူအရာကလည်း နားလည်ရခက်နေ၏။
"ဟုတ်တယ်။" လင်းချောင်က ခေါင်းညိတ်ပြီး သူမ၏ နဖူးပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီနေရာမှာ တစ်လက်မလောက် ရှည်တဲ့ အမာရွတ်ဟောင်းတစ်ခု ရှိနေတယ်။"
ဒါက ကိစ္စများကို ရှုပ်ထွေးသွားစေခဲ့၏။ ရှောင်ကျန်းတွင် အလွယ်တကူ မှတ်မိနိုင်သော ထူးခြားသည့် မွေးရာပါ အမှတ်အသားများ မရှိသောကြောင့် ကလေးဘဝမှ အဖြစ်အပျက်များကို မှတ်မိခြင်းအပေါ်တွင်သာ အားကိုးရတော့မည်။
ကျိသော် ခဏတာ စဉ်းစားလိုက်၏။ "သူမ အိမ်ထောင်မပြုခင်တုန်းက ဘယ်မှာ နေခဲ့ဖူးလဲ။ အဲ့ဒါကိုတော့ မှတ်မိလောက်တယ်။"
စူးကျန့်ကလည်း ဒီအချက်ကို စဉ်းစားမိပြီး လင်းချောင်ကို မေးလိုက်၏။ "သူမ လက်ထပ်ပြီး ဘယ်နေရာကို သွားခဲ့တာလဲ ဆိုတာကိုရော မေးခဲ့သေးလား။"
"မေးခဲ့ပါတယ်။" လင်းချောင်က နေရာတစ်ခုကို အမည်တပ်ကာ ပြန်ဖြေလိုက်သည်။ "သူမက အဲ့ဒီမှာ ကြီးပြင်းလာတယ်လို့ ပြောတယ်။ အစပိုင်းမှာတော့ သူမမိဘတွေက သူမကို ကောင်းကောင်းထားခဲ့ပေမဲ့ သူမရဲ့မောင်လေး မွေးလာပြီးတော့ သူမကို ရောင်းစားလိုက်တယ်လို့ ပြောတယ်။ သူမ ပြောတာတွေရဲ့ အတိအကျကိုတော့ ကျွန်မလည်း မသိဘူး။ သူမက ဒေသိယစကားနဲ့ ပြောနေပြီး စာလည်းမတတ်ဘူး။"
သူမ၏အသက်အရွယ်နှင့် စာမတတ်ခြင်းတို့ကို ကြည့်ပါက ကျေးလက် သို့မဟုတ် တောင်ပေါ်ဒေသကဲ့သို့ ဝေးလံခေါင်သီသည့်နေရာက လာခြင်းဖြစ်ပြီး သားကို ပိုမျက်နှာသာပေးသည့် ဓလေ့ရှိသည်ကို ညွှန်ပြနေ၏။
သူမ၏ ကျောက်နန်ဆိုသည့် နာမည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ မိသားစုက ယောက်ျားလေးကို ဦးစားပေးသည်ဆိုသည်မှာ ရှင်းနေ၏။ စူးကျန့်က ထိုနေရာနာမည်ကို နှစ်ကြိမ်တိုင်တိုင် ရွတ်ဆိုခဲ့ပြီး သူမကို ခေါ်လာသည့် ရဲအရာရှိကို မေးလိုက်သည်။
[T/N zhao nan ဆိုတာက ယောက်ျားလေးကိုခေါ်တဲ့အဓိပ္ပါယ်မျိုးပါ]
ရဲအရာရှိကလည်း မသိသည့်တိုင် ချန်ကျောက်နန်၏ လေယူလေသိမ်းကို အခြေခံပြီး ခန့်မှန်းခြေ နယ်နိမိတ်များကို ပြောပြလိုက်သည်။
"သူမရဲ့ ယောက္ခမတွေကို မေးကြည့်တာက ပိုကောင်းမယ်ထင်တယ်။ သူတို့ သိကောင်းသိနိုင်ပါတယ်။"
သူမက သူမ၏ ယောက္ခမများက်ို ရှောင်တိမ်းရန် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ အချို့ကိစ္စများက တစ်ခါပါဝင်မိလျှင် ဖယ်ထုတ်၍မရတော့ဘဲ နောက်ပိုင်းတွက် လွတ်မြောက်ရန် ခက်ခဲသွားလိမ့်မည်။
"ဆက်ပြီး စုံစမ်းစစ်ဆေးကြရအောင်။ ဒီကိစ္စက နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အခုမှလည်း အလျင်လိုနေစရာမလိုပါဘူး။"
စူးကျန့်က ထိုသို့ပြောလိုက်ပြီး သူတို့တွင် တိုးတက်မှုဆက်မရှိနေသည်ကို သဘောပေါက်လိုက်သည်။
ချန်ကျောက်နန်သည် ကုရှောင်ကျန်း ဟုတ်မဟုတ် ဆုံးဖြတ်ရန်အတွက် အမြန်ဆုံးနှင့် အတိကျဆုံးသောနည်းလမ်းမှာ အဘိုးကုနှင့် သွေးသားရင်း စစ်ဆေးခြင်းနည်းဖြစ်သည်။
သို့သော်လည်း နိုင်ငံခြားတွင် ပထမဆုံး သွေးသားရင်းစစ်ဆေးခြင်းကို ၁၉၈၅ ခုနှစ်မှသာ စတင်ခဲ့ပြီး တရုတ်နိုင်ငံတွင်ဆိုလျှင် ပို၍ နောက်ကျကာ ၁၉၉၁ ခုနှစ်မှသာ စတင်နိုင်ခဲ့သည်။ ယခုမှ ၁၉၈၀ ပြည့်နှစ်သာ ရှိသေးသဖြင့် ထိုစစ်ဆေးမှုမျိုးကို သိရှိခြင်း သို့မဟုတ် ရနိုင်ခြင်း ရှိမရှိကတော့ မသေချာနေခဲ့ပေ။
လင်းချောင် ဘာမှမပြောခဲ့ပေ။
ညဉ့်နက်လာပြီဖြစ်သောကြောင့် စူးကျန့်က သူမနှင့် ကျိသော်ကို ကြည့်ကာ မေးလိုက်၏။
"မင်းတို့နှစ်ယောက် ဒီမှာပဲ နေမလား၊ ဒါမှမဟုတ်..."
"ငါတို့ ပြန်မှာပါ။"
ကျိသော်က လင်းချောင်ကို တစ်ချက်ကြည့်လိုက်ပြီး ထွက်သွားရန် ထရပ်လိုက်သည်။
"ကိစ္စတစ်ခုခု ပေါ်လာရင် ငါ့ကို ဖုန်းဆက်လိုက်ပါ။"
စူးကျန့်၏ နေရာက ကျဉ်းမြောင်းပြီး ချန်ကျောက်နန်ကို ခေါ်လာသည့် ရဲအရာရှိပါ ရှိနေသောကြောင့် လင်းချောင်နှင့် ကျ်ိသော်တို့အတွက် မနက်ဖြန်က အားလပ်ရက်ဖြစ်နေသော်လည်း တည်းခိုရန်တော့ အဆင်မပြေပေ။
"ဒါဆို ငါ လိုက်မပို့တော့ဘူးနော်။"
"ကောင်းပြီ။"
ကျိသော်ကလည်း သူ့ကို လိုက်ပို့မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူတို့ ကားထဲဝင်လိုက်ပြီးနောက် သူက ရုတ်တရက် လင်းချောင်ကို ပြောလိုက်၏။
"အိမ်မှာ ဖုန်းတစ်လုံး တပ်ထားရအောင်"
လင်းချောင်လည်း ဒီအကြောင်းကို အရင်က စဉ်းစားခဲ့ဖူးသည်။ အထူးသဖြင့် လျိုကွေ့ရင်းက ညနှောင်းပိုင်းတွင် ဖုန်းဝင်လာသောကြောင့် သူတို့ကို မကြာခဏလာခေါ်ရသည်။ ဗိုလ်မှူးကြီးလျန်၏ မိသားစုကို အမြဲအနှောင့်အယှက်ပေးနေခြင်းသည် ကောင်းသောအရာတော့ မဟုတ်။
ကျိသော်က သူ၏ လုပ်ငန်းကို မည်မျှချဲ့ထွင်ရန် စီစဉ်ထားသည်နှင့် စစ်တပ်မှ မည်သည့်အချိန်တွင် ထွက်ခွာမည်ကို သူမ သေချာမသိသောကြောင့် ဤအကြောင်း မပြောခဲ့ခြင်းပင်။ ဖုန်းတပ်ဆင်ပြီးမှ စစ်တပ်မှ ထွက်သွားခဲ့လျှင် အလကား ဖြစ်သွားဦးမည်။
သို့သော်လည်း ကျိသော် အကြံပြုလာသောအခါတွင်တော့ လင်းချောင် မကန့်ကွက်ခဲ့ပေ။ "တပ်မယ်လေ။ ဘေးအိမ်က ဖုန်း ခဏခဏ ငှားဆက်နေစရာ မလိုတော့ဘူးပေါ့။"
သူတို့သည် ဗိုလ်မှူးကြီးလျန်မိသားစုနှင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း လူတိုင်းကတော့ သူတို့၏ အိမ်နီးနားချင်းများနှင့် အဆင်မပြေကြပေ။ အချို့ဆိုလျှင် စွင်းရှိူ့ကျစ်ကဲ့သို့ ရန်လိုတတ်ကြပြီး၊ ဘယ်သူကမှ ဒီလိုကိစ္စများကို ရင်ဆိုင်ချင်မည် မဟုတ်ပေ။
ရုတ်တရက် လင်းချောင် အတွေးတစ်ခု ဝင်လာ၏။ "အဘိုးကုက ဘာလို့ ရင်းနှီးသလိုဖြစ်နေလဲဆိုတာ ကျွန်မ သိပြီ။"
"အဘိုးကုကို ရင်းနှီးတယ်လို့ ထင်နေတာလား။"
ကျိသော် သူမထံမှ ဒီအကြောင်းကို တစ်ခါမှ မကြားဖူးပေ။
လင်းချောင်က ခေါင်းညိတ်ပြလိုက်၏။ "ဆေးရုံမှာ ပထမဆုံးအကြိမ် တွေ့တုန်းကပဲ ရင်းနှီးသလို ခံစားရတယ်၊ ဒါပေမဲ့ ဘယ်သူနဲ့လဲတူတာလဲဆိုတာ မမှတ်မိလို့ မပြောဖြစ်လိုက်ဘူး။"
ဒါက သူမ၏ သဘာဝဖြစ်သည်။ ကျိသော် သူမကို နက်နဲသည့် မျက်လုံးများနှင့် ကြည့်လိုက်သော်လည်း ဆက်မမေးတော့ပေ။
သူတို့နှစ်ယောက်လုံးက အိမ်ပြန်လမ်းမှ ကားထဲတွင်သာ ရှိနေသေးသည်ဖြစ်၍ လင်းချောင်ကလည်း ချက်ချင်းရှင်းပြရန် မကြိုးစားခဲ့။ သူမ လေးလေးနက်နက် နှိုင်းယှဉ်ကြည့်လေလေ၊ ပိုပြီး တူညီမှုရှိသည်ဟု ခံစားရလေလေပင်။
နှစ်ယောက်စလုံးက စိတ်ရှည်က အိမ်ရောက်ပြီးနောက် အပေါ်ထပ်ရောက်သည့်အခါ ကျိသော်က အသံတိုးတိုးနှင့် မေးလိုက်သည်။
"သူက ဘယ်သူနဲ့ တူနေတာလဲ။"
"ကျွန်မရဲ့ အိမ်နီးချင်း ကောယန်ရဲ့ ညီမဝမ်းကွဲ။" လင်းချောင်က ချက်ချင်းပြန်ဖြေလိုက်သည်။
"မျက်ခုံးနဲ့ မျက်လုံးတွေက အရမ်းတူတယ်၊ အထူးသဖြင့် မျက်ခုံးတွေက အဘိုးကုလိုပဲ ထက်မြက်တဲ့ပုံပေါ်နေတာ။"
"မင်းရဲ့ အစ်ကိုဝမ်းကွဲရဲ့ ချစ်သူ ကောယန်လား။" ကျိသော်၏ မှတ်ဉာဏ်က ကောင်းလွန်းနေ၏။
"ဟုတ်တယ်၊ သူမပဲ။" လင်းချောင်က အတည်ပြုလိုက်သည်။
"သူမရဲ့ ဦးလေးမှာ မြို့မှာနေတဲ့ ယွဲ့ဟွာဆိုတဲ့ သမီးတစ်ယောက်တည်း ရှိတယ်။ ကလေးဘဝတုန်းကဆိုရင် ကျွန်မတို့ ရွာကို မကြာခဏ လာလည်ဖူးတယ်။ ဒါပေမဲ့ ဒီနှစ်နှစ်အတွင်းမှာတော့ မတွေ့ဖြစ်တော့ဘူး။ သူက ကျောင်းနှစ်ခါပြန်တက်ပြီး ကောလိပ်ကို ရောက်သွားပြီ။ ရွာက လူတွေက ကောယန်တို့ မိသားစုက ကောလိပ်ကျောင်းသူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်တဲ့အတွက် ကံကောင်းလိုက်တာလို့တောင် ပြောကြတယ်။"
ဒီလို ထက်မြက်သည့်မျက်ခုံးမျိုးနှင့် မိန်းကလေးများက ရှား၏။ လင်းချောင်က ယွဲ့ဟွာနဲ့ အဆက်အသွယ် သိပ်မရှိခဲ့သလို သူမ အချိန်ခရီးသွားပြီးနောက် ယန်ဒူကို ပြောင်းလာခဲ့သောကြောင့် အစောပိုင်းက မတွေးမိခဲ့ခြင်းဖြစ်သည်။
အဘ်ိုးကုနဲ့ ရှောင်ကျန်းက သိပ်မတူပေမဲ့ ယွဲ့ဟွာကတော့ အဘိုးကုထက် ရှောင်ကျန်း၏ ကလေးဘဝ ဓာတ်ပုံများနှင့် ပိုတူနေ၏။
စွင်းရှို့ကျစ်က ကောယန်ကို သိပ်အရေးမလုပ်သော်လည်း ယွဲ့ဟွာကိုတော့ အထင်ကြီးသည်။ ကံမကောင်းစွာနှင့်ပဲ အကြိမ်ကြိမ် ကြိုးစားခဲ့သည့်တိုင် ကောယန်၏ အမေနှင့် အဒေါ်တို့က အကြောင်းမပြန်ခဲ့ပေ။
"ဒါပေမဲ့ သူမမိသားစုက မြို့မှာနေတာလေ။ ကျွန်မက ကောယန်နဲ့ အတူတူ ကြီးပြင်းလာခဲ့တာ၊ သူမက မွေးစားခံရတာ ဒါမှမဟုတ် ကောက်ရထားတာလို့လည်း တစ်ခါမှ မကြားဖူးဘူး။"
"သူက မင်းတို့ မြို့မှာ အမြဲတမ်း နေခဲ့တာလား၊ ဒါမှမဟုတ်..."
ကျိသော် စပြောလိုက်ချိန်တွင် သူတို့နှစ်ယောက်စလုံးက အတွေးတူနေကြမှန်း သဘောပေါက်သွားပြန်၏။ သူတို့က ကိုယ့်အကြောင်းကိုယ် မဟုတ်ဘဲ တခြားကိစ္စများကို ဆွေးနွေးသည့်အခါမျိုးတွင် ဒီလို နားလည်မှုမျိုးရှိနေတတ်သည်။ အရင်ကတည်းက ရှိနေခဲ့သည်လား ဒါမှမဟုတ် အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်လာသည်လားဆိုသည်က်ိုတော့ သူတို့ မသိခဲ့ကြပေ။
ပထမဆုံး စမှတ်မိတုန်းကထက် ပိုပြီး စိတ်ငြိမ်နေသည့် လင်းချောင်က အရင်စပြောလိုက်၏။ "ယွဲ့ဟွာရဲ့ အသက်က အတိအကျတော့ မဟုတ်ဘူး။ သူက ကျွန်မထက် နှစ်နှစ်ပဲ ကြီးတာ၊ ရှောင်ကျန်းက သုံးနှစ် ကြီးတယ်။ ရုပ်ချင်းပဲ တူတာလို့တော့ ကျွန်မ ထင်တယ်။ ကျွန်မ အမေကို မေးကြည့်မှပဲရမယ်။ ယွဲ့ဟွာက သူတို့ရဲ့ သမီးအရင်း ဟုတ်၊ မဟုတ်ကို သူမ သိမယ်ထင်တယ်။"
"ဒါဆိုရင် မနက်ဖြန် အိမ်ဟောင်းကို သွားပြီး မင်းအမေကို ဖုန်းခေါ်လိုက်မယ်လေ။" ကျိသော်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။
ညဥ့်နက်နေပြီဖြစ်၍ ရွာရုံးတွင် ဘယ်သူမှ ဖုန်းဖြေမည် မဟုတ်ပေ။ ဒီကိစ္စအတွက် ဗိုလ်မှူးကြီးလျန်၏ ဖုန်းကို ငှားမည်ဆိုလျှင်လည်း မသင့်လျော်နေခဲ့။
တနင်္ဂနွေနေ့မှာတော့ သူတို့က မနက်စောစော အိမ်ဟောင်းကို သွားပြီး ရှာတွေ့ထားသည့်နံပါတ်နှင့် လျိုယွ်ိလန်၏ရွာကို ဖုန်းခေါ်လိုက်ကြသည်။
ဆယ်မိနစ်အကြာမှာတော့ လျိုယွိလန်က အသက်ရှူသံ အနည်းငယ်မမှန်ဘဲ ဖုန်းကိုင်လိုက်သည်။ လင်းချောင်က ယွဲ့ဟွာအကြောင်း မေးလိုက်တော့ သူမ အံ့အားသင့်သွား၏။
"သူမက သူမ အမေရဲ့ သမီးအရင်းပေါ့။ သူမ တစ်နှစ်မပြည့်ခင်ကတည်းက ငါပွေ့ဖူးတယ်လေ။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီအကြောင်းကို မေးတာလဲ။"
သူတို့ သိပ်အများကြီး မျှော်လင့်မထားခဲ့သော်လည်း ဇနီးမောင်နှံနှစ်ယောက်က အချင်းချင်း အကြည့်ဖလှယ်ကာ တိတ်ဆိတ်သွားကြတော့သည်။
"ဒီတိုင်းပဲ စပ်စုကြည့်တာပါ။" လင်းချောင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ယွဲ့ဟွာ ကလေးဘဝတုန်းက လမ်းပျောက်တာ ဒါမှမဟုတ် အိမ်နဲ့ အကြာကြီး ဝေးကွာနေခဲ့တာမျိုးရော ရှိခဲ့ဖူးလား။ အမေ မှတ်မိလား။"
မေးနေပြီဆိုတော့ ဖြစ်နိုင်ခြေရှိသည့် အရာအားလုံးကို တစ်ခါတည်း မေးပစ်သည်က ပိုကောင်း၏။
"အဲ့ဒါမျိုးတော့ တစ်ခါမှ မကြားဖူးဘူး။"။လျိုယွိလန်က လုံးဝမသိကြောင်း ပြောလိုက်သည်။
"သူသာ လမ်းပျောက်ခဲ့တာမျိုး အကြာကြီးဝေးကွာသွားတာမျိုး ရှိခဲ့မယ်ဆိုရင် မင်းနဲ့ ကောယန်က အရမ်းရင်းနှီးတော့ မင်း သိမှာပေါ့။"
သို့သော်လည်း လျိုယွိလန်၏ အဖြေက စိတ်ရှင်းလင်းသွားစေ၏။ လင်းချောင်က ဖုန်းချလိုက်ပြီး ကျိသော်ကို ခေါင်းယမ်းပြလိုက်သည်။
ကျိသော်ကတော့ စိတ်ပျက်သွားပုံ မရပေ။။"သူမ မဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူးပေါ့။ အနည်းဆုံးတော့ အဖြေမှားတစ်ခုကို ဖျက်ပစ်နိုင်ခဲ့ပြီလေ။"
သူက အဘိုးကုကို နှစ်ပေါင်းများစွာတိုင်အောင် ဤရှာဖွေရေးတွင် ကူညီပေးခဲ့ဖူးသည့်အတွက် ဒီလို အခြေအနေမျိုးကို ကြုံဖူးပြီးသားဖြစ်သည်။ အရင်က မျှော်လင့်ချက်ထားခဲ့ပြီး စိတ်ပျက်ခဲ့ရသည်များနှင့် နှိုင်းယှဉ်လျှင် ဒါက ဘာမှ မဟုတ်ပေ။
ဘေးဘက်မှ နားစွန်နားဖျား ကြားလိုက်ရသည့် ရွှီလီက သူတို့၏ စိတ်မသက်မသာဖြစ်မှုကို သက်သာစေရန် စကားလမ်းကြောင်းပြောင်းဖို့ ကြိုးစားလိုက်သည်။
"ချောင်ချောင်၊ သမီး အမေနဲ့ဖုန်းပြောနေတာဆိုတော့ စကားလေး နည်းနည်းပါးပါး ဆက်ပြောလိုက်ပါဦး။"
"ကျွန်မအမေက ရွာဖုန်းကို သုံးနေရတာ၊ ဖုန်းကို ကြာကြာကြာကြာ ကိုင်ထားရင် မကောင်းပါဘူး။" လင်းချောင်က ပြုံးပြီး ငြင်းလိုက်၏။
သူမတွင် လျိုယွိလန်ကို ပြောစရာ သိပ်မရှိပေ။ ရံဖန်ရံခါ စာရေးသည်ကတော့ အဆင်ပြေ၏။ သိပ်ဝေးကွာသလို မခံစားရဘဲ အဆင်မပြေသည့် စကားများကိုလည်း အတင်းအကြပ် ပြောစရာ မလိုပေ။
ရွှီလီလည်း ဘာမှ ထပ်မပြောတော့ဘဲ အဘိုးကြီးကို သီးသန့် အနီးကပ်ပြောလိုက်၏။ "ရှောင်ကျန်းနဲ့ ရှောင်ပင်းတို့ကိစ္စက ဒုတိယသားအတွက် ရင်နာစရာလို ဖြစ်နေခဲ့တာ။ တစ်ယောက်ယောက်က ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သူ့ကို စကားပြောပေးနိုင်တယ်ဆိုရင် ကောင်းတာပေါ့။"