အခန်း (၉၃)
Vol. 8 Ch. 93
"သူ ချောင်ချောင်ကို ဒီကိစ္စပြောမယ်လို့ မထင်ခဲ့ဘူး။ ကျွန်မတို့တောင် သူ့ရှေ့မှာ မပြောရဲကြဘူး။"
အဘိုးကြီးက သက်ပြင်းချလိုက်သည်။ "ရှောင်ပင်း သေဆုံးပြီးတဲ့နောက် သူ့စိတ်နေစိတ်ထားက ပိုပြီး မှိုင်းညို့လာတာ။ တစ်ခါတစ်လေကျတော့ သူ ဒီအတိုင်းပဲ နစ်မွန်းသွားမလားလို့တောင် စိုးရိမ်မိတယ်။ ကံကောင်းလို့ ဒီနှစ်တွေအားလုံးမှာ သူ လမ်းမှန်ပေါ်မှာပဲ ရှိနေခဲ့တာ။"
"အဲ့ဒါကြောင့် သူ အိမ်ထောင်ပြုတာက အဆင်ပြေသွားတာပေါ့။ အိမ်ထောင်ပြုပြီးကတည်းက သူ အရင်လို မဟုတ်တော့ဘူး"
ရွှီလီက ပြုံးလိုက်၏။
သူမတို့ကို မြေးတစ်ယောက်သာ ပေးနိုင်လျှင် ပိုကောင်းမည်ဆိုသော်လည်း ဒုတိယသားနှင့် ချောင်ချောင် ကတော့ စောင့်ဆိုင်းနေကြသောကြောင့် အချိန်ယူရဦးမည်။
ယွဲ့ဟွာကို ပယ်ချလိုက်ပြီးနောက် သူတို့ ချန်ကျောက်နန်ကို ပိုပြီး စေ့စေ့စပ်စပ် စုံစမ်းရန် လိုအပ်လာပြန်၏။ သို့သော် လင်းချောင်ကတော့ ချန်ကျောက်နန်သည် ရိုးသားမှု မရှိဟု ခံစားနေရ၏။ တကယ်တမ်း သူမသာ ရှောင်ကျန်းဖြစ်ပြီး အတိတ်မှမှတ်ဉာဏ်များ ရှိနေသည်ဆိုလျှင် အရင်ကတည်းက ပြန်ပေးဆွဲခံရသည့်အကြောင်းကို ဘာလို့ တိုင်ချက်မဖွင့်ခဲ့ရသည်လဲ။ ရဲစခန်းတစ်ခုက ဂရုမစိုက်ဘူးဆိုလျှင်တောင်၊ အကုန်လုံးကတော့ လျစ်လျူရှုမည် မဟုတ်ပေ။
ဒါ့အပြင် သူမက လူသိများသော အချက်အလက်များကို သတိရနေခဲ့ပြီး ငယ်ဘဝ အဖြစ်အပျက်များကိုတော့ ခေါင်းထိခိုက်မှုကြောင့် မေ့သွားသည်ဟု ပြောခဲ့သည်။ သို့သော် ရှောင်ကျန်းကို ရှာဖွေရမည့် ကိစ္စဖြစ်သည့်အတွက် အနည်းငယ်မျှသော ဖြစ်နိုင်ခြေကိုတောင် လွယ်လွယ် ပယ်ချပစ်လို့ မရပေ။ သူတို့ စုံစမ်းစစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းရန် လိုအပ်၏။
မကြာမီမှာပဲ ဒေသခံရဲစခန်းက ပြန်အစီရင်ခံလာသည်။ ချန်ကျောက်နန်က အရင်က တိုင်ကြားချက် တင်သွင်းခဲ့ဖူးသော်လည်း အိမ်တွင်းအကြမ်းဖက်မှုကိုသာ ဖော်ပြခဲ့ပြီး ပြန်ပေးဆွဲခံရခြင်းကိုတော့ မပြောပြခဲ့ပေ။
သို့သော်လည်း လင်းချောင် သူမကို မေးမြန်းခဲ့စဉ်က သူမက ပြောခဲ့သည့်တိုင် ဒေသခံရဲများက ဂရုမစိုက်သောကြောင့် ခရိုင်ပြည်သူ့လုံခြုံရေးဌာနအထိ သွားခဲ့ရသည်ဟု ပြောပြခဲ့သည်။
တစ်ဖက်ကတော့ အမှန်အတိုင်း မပြောနေသည်မှာ သေချာ၏။ လင်းချောင်က ကျိသော်ကို မေးလိုက်သည်။"စူးကျန့်ကရော အခြား ဘာမှ ထပ်မတွေ့ထားဘူးလား။"
"မတွေ့ဘူး။ သူက သူ့အမေကို ပြုစုဖူးတဲ့ အဒေါ်ကြီးတစ်ယောက်ကို သူမကို စောင့်ရှောက်ပေးဖို့ ခေါ်ထားတယ်။ သူမက အရင်ကလို မကြောက်တော့ပေမဲ့ ခုထိ စကားမပြောသေးဘူး။"
"သူမရဲ့ မိဘတွေကိုရော။ တွေ့ပြီလား။"
"မတွေ့သေးဘူး။"
ကျိသော် ပြန်ဖြေခဲ့သည်။ သူ့မျက်နှာအမူအရာက မပြောင်းလဲသော်လည်း စိတ်ပျက်နေသည်မှာတော့ ထင်ရှားနေ၏။ "သူမရဲ့ ယောက္ခမတွေရွာကို စုံစမ်းဖို့အတွက် လူတစ်ယောက် လွှတ်လိုက်ပြီ။"
ထိုအချိန်မှာပဲ ဧည့်ခန်းထဲတွင် အသစ်တပ်ဆင်ထားသော ဖုန်းမြည်လာခဲ့သည်။
ကျိသော်က ပိုနီးနေသောကြောင့် တယ်လီဖုန်းကို ကောက်ကိုင်လိုက်၏။ ခဏတာ နှုတ်ဆက်လိုက်ပြီးနောက် သူ့မျက်လုံးများက လင်းချောင်ထံ ရောက်လာခဲ့သည်။
"ချန်ကျောက်နန်က ကျွန်မကို တွေ့ချင်တယ် ဟုတ်လား။"
လင်းချောင်က စူးကျန့်အိမ်ကို ကားနှင့်ရောက်လာချိန်အထိ အံ့အားသင့်နေဆဲပင်။
စူးကျန့်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ "အဒေါ်ကျိုး ပြောတာကတော့ အဲ့ဒီလိုပဲ။ သူမမှာ ပြောစရာတစ်ခုရှိပြီး လူကိုယ်တိုင်လာမှ ပြောပြမယ်တဲ့။"
ဒါက လင်းချောင်က သူမနှင့် ပထမဆုံး စကားပြောခဲ့သူဖြစ်ပြီး သူမ စကားပြောခဲ့ဖူးသည့် တစ်ဦးတည်းသောသူဖြစ်သောကြောင့် သံယောဇဉ်ဖြစ်သွားသည်များလား။
လင်းချောင် စဉ်းစားမနေတော့ဘဲ အခြေအနေကို နားလည်ပြီးနောက် အနောက်ဘက်အခန်းသို့ သွားခဲ့သည်။ အခန်းက ရက်အနည်းငယ်အတွင်း ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။
အမျိုးသမီးသုံးပစ္စည်းများ ပိုများလာပြီး ချန်ကျောက်နန်သည်လည်း ပိုထူသော အဝတ်အစားများကို ဝတ်ဆင်ထားသည်ကို ကြည့်ခြင်းဖြင့် သူမအား စူးကျန့်က ဂရုစိုက်မှု ကောင်းကောင်းပေးထားကြောင်း သိနိုင်သည်။
လင်းချောင် သူမနှင့်မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ထိုင်ပြီး တိုက်ရိုက် မေးလိုက်သည်။ "ရှင် ကျွန်မကို ပြောစရာရှိတယ်လို့ ကြားတယ်။ ဘာများလဲ?"
သူမ၏လေသံသည် နူးညံ့နေဆဲဖြစ်ပြီး တစ်ဖက်လူ နားမလည်မည်ကို စိုးရိမ်သဖြင့် ဖြည်းဖြည်းချင်း ပြောနေခဲ့သည်။ ချန်ကျောက်နန်က စိုးရိမ်စွာဖြင့် သူမ၏အဝတ်များကို ဆွဲချရင်း ပြောလိုက်၏။
"တောင်းပန်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်မ အမှန်အတိုင်း မပြောခဲ့မိပါဘူး။"
ဤမထင်မှတ်ထားသော ဝန်ခံချက်သည် သူမအနေဖြင့် လင်းချောင်ကို စကားပြောရန် အထူးတောင်းဆိုခဲ့ခြင်းနှင့် ဆက်စပ်ကြည့်လျှင် အဓိပ္ပာယ်ရှိနေခဲ့သည်။
လင်းချောင်က "အင်း" ဟု တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး နားထောင်နေကြောင်း ပြသလိုက်သည်။
သူမ၏ မျက်နှာထားသည် ပုံမှန်ဖြစ်နေပြီး အံ့သြခြင်း သို့မဟုတ် မကျေနပ်ခြင်းတို့ကို မပြသနေခဲ့ပေ။
ချန်ကျောက်နန်သည် သူမ၏မျက်နှာကို သတိထားပြီး ကြည့်လိုက်ကာ ဆက်ပြောခဲ့သည်။ "ကျွန်မက ကုရှောင်ကျန်း မဟုတ်ပါဘူး။"
ဒါဆို သူမကလည်း ကုရှောင်ကျန်း မဟုတ်ဘူးပေါ့။ ဒါဆို ဘာကြောင့် ဒီအချက်အလက်တွေကို ဒီလောက်အထိသိနေရသည်လဲ။ ရဲတွေတောင် ရှာဖွေနေရသည့် အချက်အလက်မျိုးကို သူမသိနေခြင်းက စိတ်ဝင်စားစရာကောင်းနေ၏။
လင်းချောင် ခဏတာ စဉ်းစားပြီးနောက် မေးလိုက်သည်။ "ကျွန်မ ကျိသော်နဲ့ စူးကျန့်တို့ကို ခေါ်လိုက်ရမလား။ သူတို့ရဲ့ ငယ်သူငယ်ချင်းရဲ့ညီမဆိုတော့ သူတို့မှာလည်း သိပိုင်ခွင့်ရှိတယ်။"
ချန်ကျောက်နန်၏ အမူအရာ တင်းမာသွားသည်ကို တွေ့ရသောအခါ သူမက နူးညံ့စွာ ထပ်ပြောလိုက်သည်။ "သူတို့ တံခါးဝကနေပဲ နားထောင်မှာပါ။ စိတ်ပူစရာ မလိုပါဘူး။ ကျွန်မတို့က လူကောင်းတွေပါ။"
အခြားသူများထက် ဤလူများက ပို၍သင့်တော်သောကြောင့်သာ ချန်ကျောက်နန်သည် အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လင်းချောင်၏ စကားကို ကြားပြီးနောက် သူမက ခေါင်းညိတ်လိုက်ရာ လင်းချောင်လည်း အပြင်သို့ထွက်ပြီး ကျိသော်နှင့် စူးကျန့်တို့ကို ခေါ်လိုက်၏။
အရပ်ရှည်သော အမျိုးသားနှစ်ဦး အခန်းထဲသို့ ဝင်လာသောအခါ ချန်ကျောက်နန် သိသိသာသာ စိုးရိမ်လာတော့သည်။ ကံကောင်းထောက်မစွာဖြင့် လင်းချောင်က ကတိအတိုင်း သူတို့အား တံခါးဝတွင် နေခိုင်းခဲ့သည်။
"ရှင် ရှောင်ကျန်းအကြောင်း ဘယ်လိုသိတာလဲ? အသေးစိတ် ပြောပြလို့ရမလား။"
လင်းချောင်သည် ချန်ကျောက်နန်နှင့် အနီးဆုံးတွင် ဆက်ထိုင်နေပြီး သူမနောက်က အမျိုးသားနှစ်ဦးကိုကွယ်ထားကာ သင့်တော်သော နေရာပုံစံယူထားခဲ့သည်။
ဒီအခြေအနေက ချန်ကျောက်နန်ကို အနည်းငယ် စိတ်သက်သာရာ ရစေခဲ့၏။ "ကျွန်မ လူတစ်ယောက်ဆီက ကြားခဲ့ရတာပါ။ ကျွန်မမှာ ကလေးမရှိဘူး၊ ပြီးတော့ ကျွန်မရဲ့ယောက်ျားကလည်း အမြဲရိုက်နှက်တယ်။ ရဲစခန်းကို အကြိမ်ကြိမ်သွားခဲ့ပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး။ ကျွန်မက စာမဖတ်တတ်ဘူး၊ ထွက်လည်း မပြေးနိုင်ဘူး။ မကြာသေးခင်ကလည်း ကျွန်မ ထပ်အရိုက်ခံခဲ့ရတယ်။ ရဲစခန်းကို မရောက်ခင်မှာပဲ ကျွန်မရဲ့ယောက်ျားကို တံခါးဝမှာ တွေ့လိုက်ရတယ်..."
သူမ စကားပြောနေရင်း ပြောပုံ ပြောင်းလဲသွားကာ အနည်းငယ် ထစ်ငေါ့လာတော့သည်။ သို့သော်လည်း သူမ၏ ဇာတ်လမ်းကိုတော့ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ခဲ့၏။
သူမ၏ ယောက်ျားက ရဲစခန်းတွင် စောင့်နေသည်ကို တွေ့သောအခါ သူမ မဝင်ရဲတော့ပေ။ အခြားနေရာတစ်ခုသို့ သွားရန် ပြင်ဆင်နေစဉ် အမျိုးသားတစ်ဦးနှင့် တိုက်မိခဲ့သည်။
ထိုအမျိုးသားက ပထမတွင် ဒေါသထွက်ခဲ့သော်လည်း သူမ၏ မျက်နှာကို မြင်ပြီးသောအခါ စိတ်အေးသွားပြီး သူမကို မေးခွန်းအနည်းငယ် မေးခဲ့သည်။ ကံမကောင်းစွာဖြင့် သူမကတော့ တစ်ခုမှမဖြေနိုင်ခဲ့ပေ။ ထိုအမျိုးသားက သက်ပြင်းချပြီး သူမသည် တစ်စုံတစ်ယောက်နှင့် အလွန်တူသော်လည်း ထိုသူ မဟုတ်ကြောင်း ပြောပြခဲ့သည်။ မဟုတ်လျှင် ဒီလောက်အထိ ဒုက္ခရောက်နေမည် မဟုတ်။
သူမ၏ ယောက်ျားက ရဲစခန်းတံခါးဝတွင် ရှိနေသဖြင့် သူမ ကြောက်လန့်နေခဲ့ရသည်။ သူမက ထိုအမျိုးသားကို ဆွဲကိုင်ကာ သူမက သူရှာနေသောသူ ဟုတ်မဟုတ် မေးလိုက်၏။
"သူက ကျွန်မကို ကုရှောင်ကျန်းအကြောင်း၊ သူမရဲ့အသက်၊ ပျောက်ဆုံးသွားတဲ့အချိန်နဲ့ သူမရဲ့မိသားစုထဲမှာ ဘယ်သူတွေရှိတယ်ဆိုတဲ့ အချက်အလက်တွေကို ပြောပြခဲ့တယ်။ သူက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ကျွန်မသိပေမဲ့ ယန်ဒူကို ရောက်သွားရင် ကျွန်မရဲ့ယောက်ျားက နောက်ယောင်ခံလိုက်ပြီး ရိုက်နှက်နိုင်တော့မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့မိတယ်။ ဒါကြောင့် ကျွန်မ ခရိုင်ပြည်သူ့လုံခြုံရေးဌာနကို သတင်းပို့ဖို့ သွားခဲ့တာ။"
ချန်ကျောက်နန်သည် တုံးအသူမဟုတ်ပေ။ ထိုအမျိုးသားသည် ယုံကြည်စိတ်ချရမည် မဟုတ်ကြောင်း သိသော်လည်း သူမကတော့ ခရိုင်ပြည်သူ့လုံခြုံရေးဌာနသို့ သွားခဲ့သည်။ သူမသည် အချက်အလက်များကို သေသေချာချာ မှတ်မိနေခဲ့ပြီး အာဏာပိုင်များကို လှည့်ဖြားကာ ယန်ဒူသို့ အောင်မြင်စွာ ပို့ဆောင်ခြင်းခံခဲ့ရသည်။
"ကျွန်မ လုပ်ခဲ့တာက မမှန်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်မမှာလည်း တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ကျွန်မက ပြန်ပေးဆွဲခံရတာ မဟုတ်ဘူး၊ ကျွန်မရဲ့မိဘတွေက ဆယ်ယွမ်နဲ့ ကျွန်မကို ရောင်းစားခဲ့တာ။"
ချန်ကျောက်နန်သည် သူမ၏ အင်္ကျီလက်များကို ခေါက်တင်ပြလိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာ အသစ်ရော အဟောင်းပါ များစွာကို မြင်တွေ့လိုက်ရသည်။
"ဒါတွေက ကျွန်မရဲ့ ယောက်ျားနဲ့ ယောက္ခမတို့လုပ်တာပါ။ ကျွန်မရဲ့ ခန္ဓာကိုယ်မှာ ဒီထက်မက ရှိပါသေးတယ်။ ကျွန်မက ထွက်ပြေးချင်ရုံ သက်သက်ပါ။ ကျွန်မကို ပြန်မပို့ဘူးဆိုရင် ဘာမဆို လုပ်ပါ့မယ်။ ဘယ်လိုအလုပ်မျိုးမဆို အကုန် လုပ်နိုင်ပါတယ်။"
သူမ၏ လက်မောင်းသွယ်သွယ်များပေါ်တွင် အသစ်နှင့် အဟောင်း ရောနှောနေသည့် ဒဏ်ရာများ ပြည့်နှက်နေသည်မှာ ကြည့်ရသူများအတွက် ထိတ်လန့်စရာပင်။ ကျိသော်နှင့် စူးကျန့်တို့က ယဉ်ကျေးစွာ မျက်နှာလွှဲလိုက်ကြပြီး လင်းချောင်က သူမ၏ အင်္ကျီလက်များကို လျင်မြန်စွာ ပြန်ဆွဲချပေးလိုက်သည်။
ခဏတာ တိတ်ဆိတ်သွားပြီး ချန်ကျောက်နန် စိတ်ငြိမ်သွားသောအခါ ကျိသော်က သူမကို ကြည့်လိုက်၏။
"မင်း ရှောင်ကျန်းအကြောင်း ပြောပြတဲ့လူရဲ့ ပုံပန်းသဏ္ဍာန်၊ ကိုယ်လုံးကိုယ်ထည်နဲ့ လေယူလေသိမ်းကို မှတ်မိသေးလား။"
သူတို့က သူမ မသေချာသော ဖော်ပြချက်တစ်ခုကိုသာ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း သူမက ခေါင်းညိတ်လိုက်သောအခါမှာတော့ အံ့အားသင့်သွားခဲ့ရသည်။
"မှတ်မိပါတယ်။ သူ့ရဲ့လေယူလေသိမ်းက ကျွန်မတို့ဇာတိဘက်ကပါ၊ မဟုတ်ရင် ကျွန်မ သူ့ကို ယုံမိမှာမဟုတ်ဘူး။ သူက ဒီလောက်အရပ်ရှိတယ်။"
သူမက လင်းချောင်ကို ကြည့်ရင်း ဆက်ပြောနေခဲ့သည်။
"အသက်ကတော့ သုံးဆယ်လောက်ရှိမယ်၊ မျက်နှာက လေးထောင့်ကျတဲ့ပုံစံ..."
"ခဏလေး။ ကျွန်တော် စာရွက်နဲ့ ခဲတံ သွားယူလိုက်ဦးမယ်။"
စူးကျန့်က အခန်းထဲမှ အမြန်ထွက်သွားပြီး မှတ်စုစာအုပ်တစ်အုပ်ကို ယူဆောင်လာခဲ့သည်။
ချန်ကျောက်နန်က ထိုလူ၏ပုံစံကို ဖော်ပြနေစဉ်တွင် စူးကျန့်က စာရွက်ပေါ်တွင် ပုံကြမ်းဆွဲနေခဲ့သည်။ မကြာမီတွင် သူသည် ပုံကြမ်းတစ်ခုကို ဆွဲ၍ပြီးသွားတော့သည်။
"ဒီလိုက တူရဲ့လား။"
"ပါးစပ်က ပိုပြီးကြီးသင့်တယ်။"
ချန်ကျောက်နန်က အံ့အားသင့်နေပုံရသော်လည်း သေချာစဉ်းစားရင်း ပြောပြလိုက်သည်။
"မျက်လုံးတွေကလည်း နည်းနည်း မညီဘူး။ ဘယ်ဘက်မျက်လုံးက ညာဘက်ထက် ပိုကြီးနေတယ်။"
စူးကျန့်သည် ပုံကြမ်းအသစ်တစ်ခုကို စတင်ဆွဲလိုက်ပြန်ပြီး မကြာမီတွင်ပဲ နောက်ထပ်ပုံတစ်ပုံ ရရှိလာပြန်၏။
"ဒီပုံကရော။"
"ဒါက သူနဲ့ ပိုတူတယ်။"
ချန်ကျောက်နန် မထိန်းနိုင်ဘဲ မေးခွန်းတစ်ခု မေးလိုက်မိသည်။
"ယန်ဒူကလူတွေ အကုန်လုံးက ဒီလောက်တောင် တော်ကြတာလား။"
"ဒါက ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုလေ။ ကျွန်တော့်ပခုံးက ရာထူးတံဆိပ်တွေကို ဘယ်လိုရလာတယ် ထင်လို့လဲ။"
စူးကျန့် သူ၏ ပခုံးကို ပုတ်ပြလိုက်ကာ နောက်ထပ်ပုံကြမ်းနှစ်ခု ထပ်ဆွဲလိုက်ပြီး နောက်ဆုံးတွင် ပုံတူကို အတည်ပြုလိုက်နိုင်ခဲ့သည်။
သူတို့သုံးဦးသည် အရှေ့ဘက်အခန်းသို့ ပြန်လာခဲ့ပြီး စားပွဲပေါ်တွင် ပုံကြမ်းကို ဖြန့်ချလိုက်၏။ စူးကျန့်နှင့် ကျိသော်တို့က သေချာစွာ စစ်ဆေးခဲ့ကြပြီး ထိုလူကို မမှတ်မိကြောင်း အတည်ပြုလိုက်ကြသည်။
"ဒါဆိုရင် အဲ့ဒီတုန်းက အဖွဲ့ မဟုတ်ဘူးပေါ့၊"
စူးကျန့်က ပြောလိုက်သည်။
"အမှုလိုက်ခဲ့တဲ့သူရော၊ ငါ့အဖေကို ရိုက်ခဲ့တဲ့သူရော ဘယ်သူတွေလဲဆိုတာ ငါ ကောင်းကောင်း မှတ်မိတယ်။"
ထိုအဖွဲ့ မဟုတ်ဘူးဆိုလျှင် ယန်ဒူက လူတစ်ယောက် ဖြစ်ရမည်။ပေါ့ဆခဲ့သော နည်းလမ်းများသည်လည်း ယခင်တစ်ခါကစာနှင့် ကိုက်ညီနေပြီး၊ ထိုစာပို့သူနှင့် ယခုလူသည် တစ်ဦးတည်းဖြစ်ကြောင်း ဖော်ပြနေခဲ့၏။
မေးစရာရှိနေသည်မှာကတော့ ၎င်းတို့သည် အဘိုးကုက သူ၏မြေးမလေးကို ရှာတွေ့သွားပါက အတိတ်ကအကြောင်းအရာများကို လိုက်လံစုံစမ်းနေခြင်း ရပ်တန့်သွားလိမ့်မည်ဟု မျှော်လင့်ကာ ဤသို့အတုတစ်ခုကို ဖန်တီးခဲ့ခြင်းလား၊ သို့မဟုတ် သူတို့၏ အခြေအနေ အလွန်ဆိုးရွားနေပြီး ရှောင်ကျန်း၏ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပစ်ရန် စီစဉ်နေခြင်းလား။
ဒုတိယတစ်ခုသာဖြစ်ပါက၊ အတုတစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး အဘိုးကုသည် ဒေါသကြောင့် သေဆုံးသည်အထိ မဖြစ်လျှင်တောင် အတော်ကို ပင်ပန်းနွမ်းနယ်သွားနိုင်သည်။
"တကယ့်ကို စက်ဆုပ်စရာပဲ။"
ပုံမှန်အားဖြင့် ရွှင်လန်းတက်ကြွနေသော စူးကျန့်ပင် ကျိန်ဆဲမိသည်။
အဘိုးကုတွင် ဤဆွေမျိုးတစ်ဦးတည်းသာ ကျန်တော့သည်။ အထင်အမြင်မှားစေနိုင်သည့် သဲလွန်စဖြစ်နိုင်သည်ကို သိနေသော်လည်း မစုံစမ်းဘဲတော့ မနေနိုင်ပေ။ တကယ့်လူကို လွဲချော်သွားပါက တစ်သက်လုံး နောင်တရနေရလိမ့်မည်။
သို့သော် စုံစမ်းစစ်ဆေးခြင်းသည် လူအင်အားနှင့် အရင်းအမြစ် လိုအပ်ပြီး စိုးရိမ်ပူပန်မှုနှင့် စိတ်ပျက်အားငယ်မှုများကို ယူဆောင်လာနိုင်သည်။ သူတို့တွင် ငြိမ်းချမ်းသောနေ့ရက်များ ရရှိနိုင်တော့မည်မဟုတ်ဟုပင် ထင်မိနေခဲ့ကြ၏။
ကျိသော်က တည်ငြိမ်ဆဲပင်။
"ချန်ကျောက်နန် ဒီနေ့ ဘာမှမပြောခဲ့ဘူးလို့ပဲ ထားလိုက်ပါ။ သူမရဲ့အချက်အလက်တွေကို စုံစမ်းနေသလို ဟန်ဆောင်ရင်း ဒီလူကို သီးသန့်စုံစမ်းကြမယ်။"
သူက ပုံကြမ်းကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
စူးကျန့်က သဘောတူသည်။ "သူမကို အတုအနေနဲ့ထားတာဆိုတော့ တစ်ဖက်က ခဏလောက် အတုအသစ်တွေ ဖန်တီးမှာ မဟုတ်ဘူး။"
မဟုတ်လျှင် ဒုက္ခများလိမ့်မည်။ ဒီတစ်ယောက်တည်းကို ကိုင်တွယ်ရသည်ကတောင် ရက်ပေါင်းများစွာ ကြာခဲ့သည်။ ချန်ကျောက်နန်က ဝန်မခံခဲ့ဘူးဆိုလျှင် ပိုတောင်ကြာလိမ့်မည်။
ကံကောင်းစွာဖြင့်၊ စာမတတ်သော်လည်း ချန်ကျောက်နန်က မှတ်ဉာဏ်ကောင်းမွန်ပြီး ခဏလေးသာ ဆက်ဆံခဲ့ရသော လူကိုပင် ဖော်ပြနိုင်ခဲ့သည်။
ဒီအကြောင်း စဉ်းစားမိတော့ စူးကျန့် လင်းချောင်ကို ကြည့်လိုက်မိသည်။
"ငါ သူမကို ရက်ပေါင်းများစွာ ဂရုစိုက်ပေးခဲ့တာ။ ဘာလို့ သူမက ငါ့ကို မပြောဘဲ မင်းနဲ့ပဲ စကားပြောမယ်ဆိုပြီး အတင်းအကျပ် တောင်းဆိုခဲ့တာလဲ။"
"ကျွန်မက ပိုပြီး ကြည့်ကောင်းလို့ ဖြစ်မယ်။"
လင်းချောင် စနောက်လိုက်သည်။ ထို့နောက် ထပ်ဖြည့်ပြောလိုက်၏။
"သူမက ကျွန်မကို ငယ်ရွယ်တဲ့ဇနီးမယားတစ်ယောက်အနေနဲ့ သူမခံစားချက်ကို နားလည်ပေးနိုင်လိမ့်မယ်လို့ ခံစားမိလို့ဖြစ်မယ်။"
စူးကျန့် ခေါ်ထားခဲ့သော အဒေါ်ကျိုးသည် သူမကို ဂရုစိုက်ရာတွင် ကောင်းမွန်သော်လည်း သက်ကြီးမျိုးဆက်ဖြစ်သည်။ သက်ကြီးမျိုးဆက်က မကြာခဏဆိုသလို ဒုက္ခခံရခြင်းနှင့် ဘယ်လိုအခြေအနေမျိုးမှာမဆို အိမ်ထောင်ရေးကို ထိန်းသိမ်းထားခြင်းကို ယုံကြည်ကြသည်။ သူတို့က ကလေးမရခြင်းသည်ပင်လျှင် အမျိုးသမီး၏ အမှားဟု ထင်ကောင်းထင်နိုင်သည်။
နှစ်ပေါင်းများစွာအတွင်း ချန်ကျောက်နန် ဒီလို စကားများကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရပုံပေါ်၏။ ဒါကြောင့် သူမက အဒေါ်ကျိုး ဒါမှမဟုတ် အမျိုးသားတစ်ယောက်ဖြစ်သည့် စူးကျန့်ထက် လင်းချောင်ကို ပိုယုံကြည်ခဲ့ခြင်း ဖြစ်နိုင်သည်။
စူးကျန့်အိမ်မှ ထွက်လာတော့လည်း နောက်ထပ် မှောင်မိုက်သည့် ညတစ်ညပင်။ သို့သော် အနည်းဆုံးတော့ ချန်ကျောက်နန်က ကုရှောင်ကျန်း မဟုတ်ဘူးဆိုသည်ကို အတည်ပြုနိုင်ခဲ့သလို သဲလွန်စအသစ်များလည်း ရခဲ့သည်။
လင်းချောင် ညကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်ရာ ဘေးနားက အမျိုးသားက ရုတ်တရက် မေးလိုက်၏။
"အခု စိတ်သက်သာရာ ရသွားပြီလား။"
သူမ အနည်းငယ် တုန်လှုပ်သွား၏။
"သူမကို ပြန်မပို့ရတော့ဘူးလေ။"
ကျိသော်က အသံတိုးတိုးနှင့် ရှင်းပြလိုက်သည်။
"သူမရဲ့ အခြေအနေကို ကြားတော့ မင်း အရမ်းဒေါသထွက်နေတာ ကိုယ်မြင်တယ်။"
လင်းချောင် တကယ် ဒေါသထွက်ခဲ့မိသည်။ အနာဂတ် အနှစ်လေးဆယ်ခန့် နောက်ပိုင်းကလာသည့် မိန်းကလေးတိုင်းလည်း ဒီလိုဖြစ်လိမ့်မည်။
"သူမ ရှောင်ကျန်းအဖြစ် ဟန်ဆောင်ခဲ့တာကို ကျွန်မ မကြိုက်ပါဘူး။ ဒါပေမဲ့ သူမ ထွက်ပြေးလာနိုင်ပြီးတဲ့နောက်မှာ အဲ့ဒီနေရာက ဒုက္ခတွင်းဆိုတာသိသိနဲ့ ကျွန်မ သူ့ကို ပြန်မပို့ရက်ဘူး။ သူမ အရိုက်ခံရတာတွေကို အိပ်မက်မက်နေရမှာ စိုးလို့။"
အိမ်တွင်းအကြမ်းဖက်မှုဆိုသည်က လူတစ်ယောက်က ထိုးနှက်ရန် ဆန္ဒရှိနေပြီး နောက်တစ်ယောက်က ခံနိုင်ရည်ရှိနေသရွေ့ ဘယ်သူမှ ဘာမှလုပ်ပေးလို့မရသည့်ကိစ္စပင်။
သို့သော် သူမက ထွက်ပြေးလွတ်မြောက်လာခဲ့ပြီဆိုတော့၊ လင်းချောင် သူမ၏ အကူအညီတောင်းခံမှုများကို လျစ်လျူရှုကာ သူမကို စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံမှုထဲ ပြန်တွန်းပို့ခဲ့သူများကဲ့သို့ မဖြစ်ချင်တော့ပေ။
သူမက ထိန်းချုပ်ထားခဲ့သည့်တိုင် ဒီအမျိုးသားက သတိထားမိခဲ့သည်။
သူမ ကျိသော်ကို ကြည့်ပြီး ပြောလ်ိုက်၏။ "အဲ့ဒါကြောင့်ပဲ သူမကို ထိန်းထားဖို့ ရှင်ပြောခဲ့တာလား။"
"လုံးဝတော့ မဟုတ်ပါဘူး။"
ရှောင်ဖန်းက ကားကို မောင်းလာခဲ့ပြီဖြစ်သည်။ ကျိသော်က တံခါးဖွင့်ပေးလိုက်ပြီး ပြောလိုက်၏။
"အရည်အချင်းမရှိတဲ့ ယောက်ျားတွေမှ မိန်းမတွေကို ရိုက်နှက်ကြတာ။"
အဲ့ဒါက မှန်၏။ ကျိမိသားစုက အမျိုးသားများတွင် ဒီလိုအကျင့်ဆိုး ရှိပုံမရ။ အဘိုးကျိက ဒေါသကြီးသော်လည်း ဘယ်သူ့ကိုမှ လက်ဖျားနှင့်တောင် မထိခဲ့သလို ကျ်ိကျွင်းကတော့ ပြောစရာတောင် မလိုပေ။
ဒါက လင်းချောင်၏ စိတ်ခံစားချက်ကို တိုးတက်စေခဲ့သည်။ ဇာတ်လိုက်အမျိုးသားက စိတ်ဓာတ်ကောင်းသူဆိုသည်ကိုသာ သူမ မသိခဲ့လျှင်၊ မင်္ဂလာဆောင်ကတိကို ဖြည့်ဆည်းရန် ယန်ဒူကို လာရဲခဲ့မည် မဟုတ်။
"သူမကို စာနည်းနည်း သင်ပေးသင့်တယ်။"
ကားနောက်ခန်းတွင် ထိုင်ရင်း သူမက ကျိသော်ကို အသာလေး ပြောလိုက်၏။
"စာနည်းနည်းလောက် သိထားတယ်ဆိုရင် လုံးဝစာမတတ်တာထက်တော့ ဘဝက ပိုလွယ်သွားတာပေါ့။"