အခန်း (၉၄)
Vol. 8 Ch. 94
အရင်ခေတ်တုန်းက အမျိုးသမီး အများစုသည် စာမဖတ်တတ်သောကြောင့် အိမ်မှ အပြင်သ်ို့ မထွက်ခဲ့ကြပေ။ သူတို့ အပြင်ထွက်သည့်အခါလည်း ဘယ်နေရာကို ရောက်နေမှန်းတောင် မသိခဲ့ကြပေ။
ချန်ကျောက်နန်သာ စာအနည်းငယ်သိထားလျှင်၊ ဒေသတွင်းရဲစခန်းတွင်သာ အကူအညီ တောင်းနေရမည် မဟုတ်။ ပိုပြီး ဝေးရာကို ထွက်ပြေးနိုင်ရန်အတွက် အဘိုးကု၏ မြေးမအဖြစ် ဟန်ဆောင်နေရမည်လည်း မဟုတ်ပေ။
အိမ်ပြန်ရောက်ပြီးနောက် လင်းချောင်က မူလတန်းကျောင်းသုံး ဖတ်စာအုပ်တစ်အုပ်ကို ရှာဖွေခဲ့ပြီး စူးကျန့်က်ို ပေးလိုက်သည်။ ချန်ကျောက်နန် အချိန်ရလျှင် အနီးနားက မူလတန်းကျောင်းမှ အတန်းများကို တက်ရောက်နိုင်သည်ဟုလည်း အကြံပြုခဲ့၏။
စူးကျန့်က အလုပ်လုပ်ရသည်မို့ အချိန်မရှိသလို အဒေါ်ကျိုးကလည်း စာမတတ်ပေ။ ချန်ကျောက်နန် အပြင်ထွက်ရန် ဆန္ဒရှိမရှိကလည်း မသေချာနေခဲ့။
ဖတ်စာအုပ်အပြင် လင်းချောင်သည် အနောက်အရပ်သို့ ခရီးထွက်ခြင်းနှင့် ရေပြင်ပိုင်နက် ဝတ္ထုတွဲများကိုလည်း ပြင်ဆင်ခဲ့ပြီး ပထမဆုံး စာဖတ်ဝိုင်းအတွက် သူမ၏ အတန်းသို့ ယူဆောင်လာခဲ့သည်။ ကျောင်းတက်ချိန် နှစ်ဝက်ခန့်သာ ကျန်ရှိတော့သော်လည်း အသိပညာစုဆောင်းခြင်းသည်တော့ ဘယ်တော့မှ နောက်မကျပေ။ လင်းချောင်သည် စာသင်ခန်းနောက်ဘက်တွင် စားပွဲခုံအလွတ်တစ်ခု ထားပေးကာ၊ ချေးငှားမှု မှတ်တမ်းတစ်ခုကို ကပ်ပြီး ၎င်းကို စီမံခန့်ခွဲရန် ကျောင်းသားတစ်ယောက်ကို တာဝန်ပေးအပ်ခဲ့သည်။
"စာအုပ်ငှားတာဖြစ်ဖြစ်၊ ပြန်အပ်တာဖြစ်ဖြစ်၊ နှစ်ဦးစလုံး လက်မှတ်ထိုးရမယ်။ စာသင်ချိန်အတွင်း ဖတ်ခွင့်မပြုဘူး။ ဖတ်နေတာကို မိရင် စာဖတ်ဝိုင်းကိုပါ ပိတ်ပစ်မယ်။ ကိုယ့်အိမ်မှာ ကောင်းတယ်လို့ထင်တဲ့ စာအုပ်တွေရှိရင် စာဖတ်ဝိုင်းမှာ ထည့်သွင်းပြီး အတန်းဖော်တွေနဲ့ မျှဝေလို့ရတယ်။"
ဒါက ကျောင်းသားများအတွက် အသစ်အဆန်းတစ်ခု ဖြစ်ခဲ့၏။ အတန်းပြီးသည်နှင့် ချက်ချင်း သူတို့ စုရုံးလာကြ၏။
"ဆရာမလင်း ထုတ်ထားတဲ့ စာအုပ်တွေကို ကြည့်ရအောင်!"
ပုံမှန်အားဖြင့် စာဖတ်ရမည်ဆိုလျှင် ခေါင်းကိုက်တတ်သူများတောင် စိတ်ဝင်စားလာကြ၏။ ခဏလေးအတွင်းမှာပဲ ဝတ္ထုတွဲနှစ်ခုလုံး၏ ပထမအတွဲများကို ငှားသွားကြပြီဖြစ်သည်။ မှတ်တမ်းတင်ပြီးသည်နှင့် လူအုပ်ကြီးက ဝိုင်းအုံလာကြတော့၏။
"အနောက်အရပ်သို့ ခရီးထွက်ခြင်း" ဝတ္ထုတွဲသည် "ရေပြင်ပိုင်နက်" ထက် ပိုမို လူကြိုက်များခဲ့သည်။ အနားယူချိန်များတွင်ဆိုလျှင် ထိုဝတ္ထုကို ငှားသွားသော ကျောင်းသားသည် အမြဲတမ်း အခြားသူများ၏ ဝိုင်းရံခြင်းကို ခံနေရသည်။ မကြာမီတွင် အတန်းသုံးနှင့် အတန်းလေးကို တရုတ်စာ သင်ကြားပေးသော ဆရာလန်က ဤအကြောင်းကို ကြားသိခဲ့ရပြီး ကျောင်းသားများ ငှားဖတ်နိုင်ရန်အတွက် သူ၏အိမ်မှ ကဗျာစုစည်းမှု စာအုပ်နှစ်အုပ်ကိုပါ ယူဆောင်လာပေးခဲ့သည်။ အခြားကျောင်းသားများကလည်း အိမ်မှ စာအုပ်များ ယူလာကြ၏။ ချီဟွိုင်ဝမ်က "ရှားလော့ဟုမ်းစ်" စာအုပ်ကို ယူလာခဲ့သည်။ ၎င်းသည် "အနောက်အရပ်သို့ ခရီးထွက်ခြင်း" ထက်ပင် ပိုမို လူကြိုက်များခဲ့သေး၏။
ဒုကျောင်းအုပ်ကြီးချီလည်း ဤအကြောင်းကို ကြားသိခဲ့ရပြီး စင်္ကြံလမ်းတွင် လင်းချောင်အား မေးခဲ့၏။
"နောက်ထပ် အသစ်အဆန်းတစ်ခုကို စမ်းသပ်နေတာလား။"
"နောက်ထပ်" ဆိုသည့် စကားလုံးကို သုံးခဲ့ခြင်းက လင်းချောင် ကျောင်းသို့ ရောက်ရှိလာသည့်အချိန်မှစ၍ မည်သူမျှ မကြိုးစားဖူးသေးသော အရာများကို မိတ်ဆက်ပေးခဲ့သည်ကို ရည်ညွှန်းနေသည်။
စမ်းသပ်မှုများ၊ မေးခွန်းစာရွက်များ၊ ယခုတွင် တရုတ်စာအတွက် စာဖတ်ဝိုင်းကိုပါ ထည့်သွင်းလာခဲ့ပြန်သည်။
"အတန်းရဲ့ တရုတ်စာအမှတ်တွေကို မြှင့်တင်ဖို့ ကြိုးစားနေတာပါ။"
လင်းချောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "ကျောင်းသားတွေက စာလုံလုံလောက်လောက် မဖတ်ကြဘူး၊ ပြီးတော့ တရုတ်စာကို သင်ယူဖို့က စာများများဖတ်ဖို့ လိုတယ်လို့ ဆရာလန်လည်း ပြောပါတယ်။"
"အဲ့ဒါက မှန်ပါတယ်။"
ဒုကျောင်းအုပ်ကြီးချီက ခေါင်းညိတ်သည်။
"ဒါပေမဲ့ သူတို့ရဲ့ ပုံမှန် စာသင်ကြားမှုကို အနှောင့်အယှက် မဖြစ်စေဖို့တော့ သတိထားပါ။ အဲ့ဒါကို ငါ သတိပေးဖို့ မလိုလောက်ပါဘူး။"
ဒါကက ကျောင်းအနေဖြင့် ကန့်ကွက်ခြင်းမရှိကြောင်း ဆိုလိုခြင်းပင်။ လင်းချောင်လည်း ပြုံးကာ ခေါင်းညိတ်လိုက်၏။
"နားလည်ပါပြီ။ ဒါနဲ့ ကျွန်မမှာ နောက်ထပ် စိတ်ကူးအသစ်တစ်ခု ရှိပါသေးတယ်။ ကြားချင်ရဲ့လား။"
သူမက စာဖတ်ခန်းကို ရည်ညွှန်းခြင်းဖြစ်သည်။ စာကြည့်တိုက်တစ်ခု ထူထောင်ခြင်းမှာ လက်တွေ့မကျသလို နှစ်လေးဆယ်နောက်ပိုင်းတွင်တောင် စာအုပ်အနည်းငယ်သာရှိသော ကျောင်းစာကြည့်တိုက်အချို့ကို ဘယ်သူမှ အသုံးမပြုခဲ့ကြပေ။ စာဖတ်ခန်းကတော့ ထိုသို့မဟုတ်။ ၎င်းတွင် စာအုပ်များနှင့် စာနယ်ဇင်းများကိုထားရှိနိုင်ပြီး ကျောင်းသားများအား ထိုနေရာတွင် စာဖတ်ရန်နှင့် စာကျက်ရန် ခွင့်ပြုနိုင်သည်။
ဒီအကြံဉာဏ်က အတော်လေးသစ်လွင်နေ၏။ ဒုကျောင်းအုပ်ကြီးချီ ခဏကြာ စဉ်းစားနေခဲ့ပြီး ချက်ချင်း အဖြေမပေးခဲ့ပေ။
"ကျောင်းအုပ်ကြီးကျန့်နဲ့ ဆွေးနွေးလိုက်ဦးမယ်။"
ဆွေးနွေးပေးမည်ဆိုသည်ကပင် ကောင်းနေခဲ့လေပြီ။ လင်းချောင်လည်း အရာအားလုံးကို ချက်ချင်း အကောင်အထည်ဖော်ရန် မမျှော်လင့်ထားသဖြင့် ခေါင်းညိတ်ပြီး ရုံးခန်းသို့ ပြန်လာခဲ့၏။
မမျှော်လင့်ဘဲ လင်းချောင် ထိုင်လိုက်သည်နှင့် စာပို့သမားတစ်ဦး ရောက်လာပြီး သူမအတွက် ကြေးနန်းစာတစ်စောင် ပေးခဲ့သည်။
ထိုကြေးနန်းစာသည် လျိုယွိလန်ထံမှဖြစ်ပြီး စကားလုံးနှစ်လုံးသာ ပါဝင်သည်။ "ဖုန်းခေါ်ပါ" ဟူ၍ပင်။ ၎င်းက လင်းချောင်အား သူမကို ဖုန်းခေါ်ဆိုရန် ရှင်းရှင်းလင်းလင်း ဖော်ပြနေခဲ့သည်။
ကျောင်းဆင်းရန် တစ်ချိန်တည်းသာ ကျန်တော့သဖြင့် လင်းချောင်သည် လျိုယွိလန် အဘယ်ကြောင့် သူမကို ဆက်သွယ်ချင်သည်ကို တွေးမိနေခဲ့သည်။ သူမက ညနေ အိမ်ပြန်ရောက်မှ လျိုယွိလန်ကို ဖုန်းခေါ်ဆိုခဲ့၏။
"ချောင်ချောင်၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ယွဲ့ဟွာအကြောင်း ငါ့ကို မေးခဲ့တယ်မလား။"
ဖုန်းခေါ်ဆိုလာရန် စောင့်ဆိုင်းနေခဲ့သော လျိုယွိလန်က အလျင်အမြန် ပြောပြခဲ့သည်။
"ငါ ဒီရက်ပိုင်း လိုက်စုံစမ်းကြည့်ခဲ့တယ်။ ယွဲ့ဟွာက ကောယန် အဒေါ်ရဲ့ သမီးအရင်းဆိုတာ မှန်တယ်။ ရွာထဲက လူတိုင်း သူမကို မြင်ဖူးတယ်။ ဒါပေမဲ့ သူမ ငယ်ငယ်တုန်းက သူမအမေနောက်လိုက်ပြီး သူမ အမေရဲ့ဇာတိရွာကို တစ်နှစ်ကျော်ကြာ ခွဲသွားပြီး နေဖူးတယ်။"
ဒီစကားက လင်းချောင်ကို စိတ်လှုပ်ရှားသွားစေ၏။
"အဲ့ဒါက ဘယ်တုန်းကလဲ။"
"၁၉၆၆ ဒါမှမဟုတ် ၁၉၆၇ ဝန်းကျင်လောက်က လူထုလှုပ်ရှားမှုတွေ လုပ်နေတုန်းအချိန်ပေါ့။ ကောယန်ရဲ့အဒေါ်ကို သီးသန့်ထားခဲ့ရတော့ သူမရဲ့ဇာတိရွာမှာ သွားနေခဲ့တာ။ အဲ့ဒီတုန်းက ငါက နင့်ဦးလေးယန်နဲ့ လက်ထပ်ပြီး ရွာမှာ မရှိနေတော့ဘူးဆိုတော့ ဒီအကြောင်းကို မသိခဲ့ရဘူး..."
........
"ပစ္စည်းအသစ်ဖြည့်ဖို့ သွားဦးမလို့လား ယန်ဇီ။"
"ဟုတ်တယ်၊ ဆိုင်မှာ ပန်းသီးနဲ့ သစ်တော်သီး ကုန်နေလို့ ထပ်သွားယူမလို့။"
"မင်းက တကယ်ဇွဲရှိတာပဲ၊ နေ့တိုင်း မနက် သုံးလေးနာရီလောက်ကပဲ ပစ္စည်းသွားဖြည့်ရတယ်။"
"နောက်ကျသွားရင် ကောင်းတာတွေ ကုန်သွားမှာစိုးလို့လေ။ ကျွန်မက ပုံမှန်ဝယ်သူတွေကိုပဲ အားကိုးနေရတာ၊ သူတို့ကို အကြွင်းအကျန်တွေ ရောင်းလို့မရဘူးလေ။"
ကောယန်က စက်ဘီးစီးရင်း အိမ်နီးချင်းများကို နှုတ်ဆက်လိုက်သည်။ ရောက်သည်နှင့်နဲ့ နောက်ခုံက ပန်းသီးနှင့် သစ်တော်သီးများကို အမြန်ချလိုက်၏။ ပစ္စည်းများကို ဝင်ပေါက်တွင်ချပြီးမှ ပြတင်းပေါက်တွင် ကပ်ထားသည့် သစ်သားပြားများကို ဖယ်၊ တံခါးကို ဖွင့်ပြီး သီးနှံများ ထပ်ထုတ်လာ၏။ မလတ်ဆတ်တော့သည့်အသီးများကို ဈေးချရောင်းရန် ခွဲထုတ်နေတုန်း အမျိုးသမီးစီး ဒေါက်မြင့်ဖိနပ်တစ်စုံက သူမရှေ့ ရပ်သွားခဲ့သည်။
ကောယန်က ပေါ့ပေါ့ပါးပါးမေးလိုက်၏။ "ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ ဒါမှမဟုတ် ပန်းသစ်တော်သီး ဝယ်မလို့လား။ ပဲငံပြာရည်၊ ရှာလကာရည်၊ ငရုတ်နှစ်တွေကတော့ အတွင်းထဲမှာရှိပါတယ်။"
"ပန်းသီးရော သစ်တော်သီးရော မဟုတ်ပါဘူး၊ ပန်းသစ်တော်သီးပဲ တစ်ပေါင်ပေးပါ။"
ထိုလူက ပြတ်ပြတ်သားသားပြောလိုက်သည်မှာ ရန်စနေသလိုလိုပင်။
အနီးနားရှိ အိမ်နီးချင်းတစ်ယောက်က မျက်မှောင်ကြုတ်ပြီး တစ်ခုခုပြောမည်အလုပ် ကောယန်က မော့ကြည့်ပြီး အံ့ဩတကြီးရေရွတ်လိုက်၏။
"ချောင်ချောင်လား။"
"ဟုတ်တယ်။"
လင်းချောင်က ပြုံးပြပြီး ခေါင်းညိတ်လိုက်၏။
"ဒီမှာ ဆိုင်ခန်းငှားပြီး ပစ္စည်းတွေရောင်းနေတယ်လို့ ကြားမိလို့။ စီးပွားရေး အဆင်ပြေနေပုံပဲ။"
"သိပ်တော့မဟုတ်ပါဘူး။ ဒီနေရာက လူသွားလူလာများလို့ တစ်ခုခုရောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။ အရင်အိမ်ငှားတွေကတော့ ဆူညံလို့ဆိုပြီး ပြောင်းသွားကြတာပဲ။"
ကောယန်က ထိုသို့ပြောရင်း ကြမ်းပြင်ပေါ်က လိမ္မော်သီးသေတ္တာထဲမှ လိမ္မော်သီးအချို့ယူပြီး လင်းချောင်ကို လှမ်းပေးလိုက်သည်။
"ပန်းသစ်တော်သီးတော့ ထားလိုက်ပါတော့၊ အခွံနွှာရဦးမယ်။ ဒီဟာတွေပဲ ယူသွားလိုက်။"
လိမ္မော်သီးပေးပြီးနောက် လင်းချောင်၏ နောက်တွင် မတ်တတ်ရပ်နေသည့် အရပ်ရှည်ရှည်၊ ရုပ်ရည်သန့်သော လူငယ်တစ်ယောက်နှင့် အနီးအနားတွင် ရပ်ထားသော ဂျစ်ကားကို သူမ သတိထားမိလိုက်၏။ သူမ မျက်ခုံးပင့်ရင်းနှင့် မေးလိုက်သည်။
"ဒါက နင့် ခင်ပွန်းလား။"
လင်းချောင်က ခေါင်းညိတ်ပြီး မိတ်ဆက်ပေးလိုက်သည်။ "ဒါက ငါ့ခင်ပွန်း ကျိသော်။ ဒါကတော့ ကျွန်မရဲ့ အိမ်နီးချင်း ငယ်သူငယ်ချင်း ကောယန်ပါ။"
"မင်္ဂလာပါ။"
ကျိသော်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြီး ကောယန်ကို နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ။"
ကောယန်က သူ့ကို အပေါ်အောက်တစ်ချက်ကြည့်ပြီး စိတ်သက်သာရာရဟန်နှင့် သက်ပြင်းချပြီး လင်းချောင်ကိုပြောလိုက်၏။
"တော်သေးတာပေါ့၊ သူက အတော်လေး ငယ်ပါသေးတယ်။"
ကျိသော်၏ ရာထူးနှင့် ကားတစ်စီးပိုင်သည်ကိုကြည့်ပြီး လင်းချောင်က သူမထက်အများကြီး အသက်ကြီးသူကို လက်ထပ်မိသွားမည်ကို ကောယန် စိုးရိမ်ခဲ့ပုံရသည်။
လင်ချောင်က သူမ ခင်ပွန်းကိုကြည့်ပြီး ပြုံးလ်ိုက်ကာ ကောယန်ဘက်လှည့်ပြီး ပြောလိုက်၏။
"အလုပ်ရှုပ်နေလား။ မရှုပ်ဘူးဆိုရင် ခဏလောက် စကားပြောချင်လို့။"
အခြေအနေက ဒီလိုအလှည့်အပြောင်း ဖြစ်လာမည်ဟု ဘယ်သူမှ မထင်ထားခဲ့သော်လည်း ဖုန်းပြောပြီးနောက်မှာတော့ လင်းချောင်က ကျိသော်နှင့် ဆွေးနွေးပြီး ကိုယ်တိုင်လာရောက် မေးမြန်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
သူတို့တွင် တနင်္ဂနွေနေ့ ပိတ်ရက်ရှိသောကြောင့် စနေနေ့တစ်ဝက်ကို ခွင့်ယူခဲ့ပြီး မနေ့ညက ရောက်လာခြင်းဖြစ်ကာ ဘယ်သူ့ကိုမှ မနှောင့်ယှက်ဘဲ တည်းခိုခန်းတစ်ခုတွင်သာ တည်းနေခဲ့ကြခြင်းဖြစ်သည်။
သူတို့နှစ်ယောက်စလုံးတွင် အလုပ်ရှိကြောင်း ကောယန်သိထားသည့်အတွက် အကြောင်းတစ်ခုခုရှိလို့သာ ပြန်လာကြခြင်းဖြစ်ရမည်။
"ဝင်ခဲ့ပါ၊ စကားပြောရအောင်။"
သူမကပြောရင်း ကြမ်းပြင်ပေါ်က ပစ္စည်းများကို ရှင်းလင်းလိုက်၏။
"ဒီနေရာက နည်းနည်းတော့ရှုပ်ပွနေတယ်။"
လင်းချောင် လျိုယွိလန်ထံမှ ကြားခဲ့ရသည်မှာ အရင်တစ်ခေါက် လာလည်ပြီးနောက် ကောယန်က မြို့ထဲတွင် အသီးအနှံရောင်းချနေသည် ဟူ၍ပင်။ အစကတော့ လမ်းဘေးတွင် ချရောင်းခဲ့သော်လည်း တဖြည်းဖြည်းနှင့် ပိုက်ဆံစုမိလာပြီး ပုံမှန်ဝယ်သူများရလာသည့်အခါ ဆိုင်ခန်းငှားပြီး ပဲငံပြာရည်၊ ရှာလကာရည်၊ ဒေသထုတ်ဘီယာနှင့် အရက်များကိုပါ ရောင်းချလာခဲ့သည်။
အခြေခံအားဖြင့်တော့ သေးငယ်သည့် ဆိုင်လေးတစ်ခုဖြစ်လာပြီး စီးပွားရေးလည်း ကောင်းနေပုံရ၏။ ဆိုင်ထဲတွင် ပစ္စည်းအပြည့်အစုံရှိသော်လည်း သန့်ရှင်းသပ်ရပ်နေသေးသည်။ သူမက လင်းချောင်နှင့် ကျိသော်ကို ခုတင်ရှိရာသို့ ခေါ်သွားလိုက်သည်။
ကောယန်က ရေသွားယူရန် ပြင်လိုက်သော်လည်း လင်းချောင်က တားလိုက်၏။ "မလိုပါဘူး။ နင့် အဒေါ်က တောင်ပိုင်းဘက်ကဆိုတာ သတိရသွားလို့ တစ်ခုလောက်မေးချင်လို့ပါ။"
ကောယန်အဒေါ်၏ မိသားစုက ဒေသခံများမဟုတ်သောကြောင့် လင်းချောင်က ကောယန်ကဲ့သို့ သူမကို အဒေါ်ဟုသာ ခေါ်သည်။ ကောယန်က ချက်ချင်းနားလည်သွား၏။
"ဟုတ်တယ်၊ သူမက တောင်ပိုင်းပြည်နယ် လင်ရှန့်ကပါ။"
လင်းချောင်က ထိုဒေသကို သိပ်မရင်းနှီးသည့်အတွက် ကျိသော်ကို လှည့်ကြည့်လိုက်၏။
"သိပ်မဝေးပါဘူး၊ မိုင် ၃၇၀ လောက်ပဲ ဝေးတယ်။"
ကျိသော်က ထိုသို့ပြောလိုက်သည်။ သူက ဒီဒေသအကြောင်းကို ရှင်းရှင်းလင်းလင်း သိထားပုံရ၏။
လင်းချောင်က ကောယန်ကို ရှင်းပြလိုက်သည်။ "ငါ့ ခင်ပွန်းရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ညီမလေးက တောင်ပိုင်းပြည်နယ်ဘက်မှာ ပျောက်သွားလို့ပါ။ အဲ့ဒီအချိန်တုန်းက နင့်အဒေါ်က အဲ့ဒီမှာရှိနေတယ်လို့ ကြားမိလို့ သူမ ဘာများသိထားမလဲလို့ မေးကြည့်ချင်လို့။"
"ဒါဆိုရင်တော့ သေချာမေးကြည့်ရမှာပေါ့။"
ကောယန်က ထိုသို့ပြောရင်း ရေသွားယူရန်ပြင်ထားသည်ကို ပြန်ချလိုက်၏။
"ငါ့အဒေါ် အလုပ်သွားတာက သိပ်မကြာသေးဘူး။ ဟင်းသီးဟင်းရွက်သိမ်းတဲ့နေရာကိုသွားပြီး သူမကို ရှာပေးမယ်။"
ကောယန်၏ အဒေါ်က ထိုဟင်းသီးဟင်းရွက် သိမ်းသည့်နေရာတွင် အချိန်ပိုင်း အလုပ်သမားအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်။ ကောယန်က အိမ်နီးချင်းတစ်ယောက်ကို သူမ၏ဆိုင်ကို ခဏကြည့်ပေးရန် အကူအညီတောင်းပြီး လင်းချောင်နှင့် ကျိသော်ကို ဟင်းသီးဟင်းရွက် သိမ်းဆည်းသည့်နေရာသို့ ခေါ်သွားလိုက်သည်။ သူမအဒေါ်က ဓားတစ်ချောင်းနှင့် အလုပ်ရှုပ်နေပြီး ဂေါ်ဖီထုပ်များကို သိုလှောင်ရန် ပြင်ဆင်နေခဲ့သည်။ လင်းချောင်ကို တွေ့တော့လည်း သူမက အလုပ်မရပ်ဘဲ မေးလိုက်၏။
"ချောင်ချောင်၊ မင်း ပြန်ရောက်လာတာလား။"
သူမက အလုပ်ပြီးသွားမှ ခဏနားပြီး သူတို့နှင့် စကားပြောရန် လုပ်လိုက်သည်။
ကောယန်က သူမတို့လာရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည့်အခါ သူမအဒေါ်၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားပြီး သတိထားနေသည့်ပုံစံ ဖြစ်သွား၏။
လင်းချောင်က ဒါကို သတိထားမိပြီး ကျိသော်နှင့် အကြည့်ချင်းဆုံကာ အချက်ပြလိုက်သည်။
သူမကို ကြည့်နေသော ကျိသော်၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပေါ်နေခဲ့ပေ။ သူက ရှောင်ကျန်း၏ ဓာတ်ပုံတစ်ပုံကို ထုတ်လိုက်သည်။
"အဒေါ်၊ ဒါက ကျွန်တော့်သူငယ်ချင်း ကုရှောင်ပင်းရဲ့ ညီမ ရှောင်ကျန်းပါ။ သူမက အသက် ရှစ်နှစ်ပြည့်ပြီးပြီးချင်း ပျောက်သွားတာပါ။ ပန်းရောင် ပန်းပွင့်အဆင်အင်္ကျီ၊ အပြာရောင် ဘောင်းဘီနဲ့ ဆံပင်နှစ်ဖက်ကို အနီရောင်ဖဲကြိုးလေးတွေနဲ့ ကျစ်ဆံမြီးကျစ်ထားတာပါ..."
ဤအသေးစိတ် အချက်အလက်များသည် သူ၏စိတ်ထဲတွင် စွဲထင်နေပုံရပြီး နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် တိကျစွာ မှတ်မိနေသေးသည်။
ကောယန်၏ အဒေါ်သည် နားထောင်လေလေ၊ သူမ၏ မျက်နှာအမူအရာသည် ပိုရှုပ်ထွေးလာလေလေ ဖြစ်သော်လည်း တိတ်ဆိတ်စွာသာ နေခဲ့သည်။
ကျိသော်က ဆက်ပြောလိုက်သည်။ "အဒေါ် အဲ့ဒီတုန်းက အဒေါ့် ဇာတိရွာမှာ ရှိနေတယ်လို့ ကျွန်တော်တို့ ကြားထားပါတယ်။ အဒေါ် တစ်ခုခု မြင်မိတာ ဒါမှမဟုတ် ကြားမိတာ ရှိမရှိ သိချင်လို့ မေးကြည့်တာပါ။ ကျွန်တော့်သူငယ်ချင်း..."
သူ၏ အသံက တိုးသွားသည်။ "သူက ညီမဖြစ်သူကို လိုက်ရှာရင်း မတော်တဆမှု ဖြစ်ခဲ့တယ်။ သူ့မိဘတွေက အရင်တည်းက ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး အခု အသက်ခုနစ်ဆယ်ကျော် အဘိုးတစ်ယောက်တည်းပဲ ကျန်ပါတော့တယ်။ သူကလည်း ဒီနှစ်တွေတစ်လျှောက်လုံး သူမကို လိုက်ရှာနေခဲ့တာပါ။ အဒေါ် တစ်ခုခု သိထားရင် ကျွန်တော်တို့ကို ပြောပြပေးပါ။ ကျွန်တော်တို့ တကယ်ကျေးဇူးတင်မိမှာပါ။"
သူသည် ယွဲ့ဟွာအကြောင်းကို ထည့်မပြောဘဲ၊ ကုရှောင်ပင်းနှင့် အဘိုးကုတို့အပေါ်သာ အာရုံစိုက်ကာ သူမကို စိတ်ခံစားမှုဖြင့် ချဉ်းကပ်ရန် ကြိုးစားခဲ့သည်။ သူမကို စိတ်ဆိုးသွားစေနိုင်မည့် အချက်များကို မပြောခဲ့ပေ။
ဤနည်းလမ်းက အောင်မြင်ခဲ့သည်။ ကောယန်၏ အဒေါ်သည် ရင်ထဲတွင် ပဋိပက္ခဖြစ်နေပုံရပြီး ကောယန်ပင်လျှင် စိတ်ထဲ ထိမိသွား၏။
"ဒီနှစ်တွေတစ်လျှောက်လုံး ဘာသဲလွန်စမှ မရခဲ့ဘူးလား။"
"ရခဲ့ပါတယ်။"
ကျိသော်က လေးနက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ အားလုံးက အတုတွေချည်းပါပဲ။ လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော် အဘိုးကြီးကို နယ်စပ်အထိ လိုက်ပို့ခဲ့ရတယ်။ အဲ့ဒီနောက်မှာ သူ့ကျန်းမာရေးအခြေအနေ ဆိုးရွားသွားပြီး အခုထိ ဆေးရုံပေါ်မှာ ရှိနေတုန်းပါပဲ။"
ဤစကားများကို ကျွမ်းကျင်စွာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ အဘိုးကု ဆေးရုံတက်ရခြင်းမှာ တကယ်တမ်းတွင်တော့ သူ၏ တူနှင့် ချွေးမတို့၏ လုပ်ရပ်များကြောင့်သာ ဖြစ်သည်။
လင်းချောင် ဘာစကားမှမပြောဘဲ ကျိသော်ကို တစ်ချက်ကြည့်လိုက်သည်။ ကောယန်ကတော့ သူမ၏ အဒေါ်ကို အလျင်စလို တိုက်တွန်းနေပြီဖြစ်သည်။
"အဒေါ်၊ တစ်ခုခု ကြားဖူးတာ ရှိမရှိ စဉ်းစားကြည့်ပါဦး။ ဒါက တကယ်ကို ဝမ်းနည်းစရာ ကောင်းလွန်းတယ်။"
မျက်လုံးသုံးစုံ၏ အကြည့်အောက်တွင် ကောယန်၏ အဒေါ်သည် နောက်ဆုံးတွင်တော့ သူမ၏ နှုတ်ခမ်းကို ကိုက်ကာ တစ်ရက်ခွဲခွင့်ရက်ယူလိုက်သည်။
ထို့နောက် သူမသည် သူမ၏ အလုပ်တွင်ဝတ်သော လက်ရှည်များကို ချွတ်လိုက်ပြီး ကောယန်ကို ပြောလိုက်၏။
"နင် ဆိုင်ကို ပြန်သွားလိုက်ပါ။ ငါ ချောင်ချောင်နဲ့ သူ့ယောက်ျားကို ခေါ်ပြီး အပြင်ထွက် စကားပြောလိုက်မယ်။"
သူမ တစ်ခုခု သိနေသည်မှာ ထင်ရှား၏။ ကောယန်သည် သိချင်စိတ်ပြင်းပြသော်လည်း ထိုနှစ်က ဖြစ်ရပ်များကို မမှတ်မိတော့သည့်အတွက် အကြောင်းအရာများကို ချိတ်ဆက်ကြည့်၍ မရခဲ့ပေ။ သူမသည် စကားနားထောင်စွာဖြင့် ဆိုင်သို့သာ ပြန်သွားခဲ့သည်။
ကောယန်၏ အဒေါ်က သူတို့ကို အိမ်သို့ ခေါ်သွားခဲ့သည်။
အိမ်က သေးငယ်ပြီး အခြားသူများနှင့် မျှဝေနေရကာ အရှေ့ဘက်ခြမ်းတွင် အခန်းတစ်ခန်းခွဲသာ ရှိသော်လည်း ရိုးရှင်းသော အိမ်ထောင်စုတစ်ခုအတွက်တော့ လုံလောက်ပါသည်။ ခဏတာ တိတ်ဆိတ်နေခဲ့ပြီးနောက် ကောယန်၏ အဒေါ်သည် ခုတင်ဘေးရှိ စာရေးစားပွဲပေါ်မှ သော့ခတ်ထားသော သေတ္တာတစ်လုံးကို ထုတ်ကာ မက်မွန်စေ့ပုံစံ ထွင်းထုထားသော ပန်းခြင်းတောင်းလေး တစ်ခုကို ထုတ်ယူခဲ့၏။
"ကြည့်လိုက်ပါဦး။"
သူမက မချင့်မရဲဖြင့် ကျိသော်လက်ထဲသို့ ပေးလိုက်သည်။
ကျိသော်ကတော့ ချက်ချင်း မှတ်မိလိုက်၏။
"ဒါက ရှောင်ကျန်းရဲ့ ညာဘက်လက်ကောက်ဝတ်မှာ ဝတ်ထားခဲ့တာပါ။"
၎င်းကို အနီရောင်ကြိုး ဖြင့် ချည်နှောင်ထားပြီး သေးငယ်ကာ အလွယ်တကူ ပျောက်ဆုံးနိုင်သောပစ္စည်းဖြစ်သောကြောင့် ရှာဖွေစဉ်ကလည်း သက်သေအဖြစ် အသုံးမပြုခဲ့ကြပေ။
လင်းချောင် စိတ်ဝင်စားနေသည်ကို မြင်သောအခါ သူက ၎င်းအပေါ်ရှိ မညီညာသော ထွင်းထုထားသည့် အရာနှစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါတွေကို ရှောင်ပင်း ငယ်ငယ်တုန်းက ထွင်းထားတာပါ။ ဒီတစ်ခုကို မလုပ်နိုင်ခင် ဆယ်ခုကျော်လောက် ပျက်စီးခဲ့ဖူးတယ်။"