အခန်း (၉၆)
Vol. 8 Ch. 96
"ငါ... ငါ သူမကို တွေ့လို့ရမလား။"
သူမကို ရှာတွေ့ပြီးနောက် တွေ့ခွင့်ရမလားဟု အလွန်သတိထားကာ မေးရလောက်အောင်အထိ သူ မည်သို့သော စိတ်ခံစားမှုမျိုးကို ခံစားနေခဲ့ရသည်လဲ။
လင်းချောင်သည် အဘိုးကု၏ လက်ကို ဆုပ်ကိုင်ထားပြီး ကောယန်၏ အဒေါ် ပြောခဲ့သည့် စကားကို ပြောပြရန် တုံ့ဆိုင်းနေမိသည်။
သို့သော် ကျိသော်ကတော့ အဘိုးကုအကြောင်းကို ကောင်းစွာ သိရှိနားလည်ပြီး သူ ခံနိုင်ရည်ရှိမည်ကိုလည်း နားလည်သည်။
"အခုပဲ အသိအမှတ်ပြုချင်တာလား၊ ဒါမှမဟုတ် အဝေးကနေပဲ ကြည့်ချင်တာလား။"
"သူတို့က သူမကို သူတို့ရဲ့ သမီးအရင်းလို မွေးစားခဲ့တာ။ အခုချိန်မှာ ငါ သူမကို အသိအမှတ်ပြုဖို့ သူတို့ အဆင်သင့် မဖြစ်လောက်သေးဘူး။"
အဘိုးကုက ဓာတ်ပုံကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "ငါ အဝေးကနေ သူမကို မြင်ရရင်၊ သူမ ကောင်းကောင်းမွန်မွန် ရှိနေတယ်ဆိုတာ သိရရင်ပဲ ငြိမ်းချမ်းစွာ သေနိုင်ပါပြီ။"
"ကျွန်မ နည်းလမ်းတစ်ခု စဉ်းစားလိုက်ပါ့မယ်။" လင်းချောင် ပြောလိုက်သည်။
"ကျွန်မတို့ အခုပဲ ဇာတိရွာကနေ ပြန်ရောက်လာတာ၊ အဒေါ်က သူမအတွက် ပန်းသစ်တော်သီးတွေ ယူလာပေးဖို့ မှာလိုက်တယ်လို့ ပြောကြည့်လိုက်ပါ့မယ်။"
အစ်မကြီးတု ပြန်လာသောအခါ အဘိုးကုက သူ၏ ကုတ်အင်္ကျီနှင့် ဦးထုပ်ကို ဝတ်ဆင်ပြီးနေပြီ ဖြစ်သည်။
"ရှောင်သော်နဲ့ ရှောင်ချောင် ရောက်နေတယ်။ ငါ့ကို အောက်ထပ်ကို လမ်းလျှောက်ဖို့ ခေါ်သွားချင်တယ်လို့ ပြောတယ်။"
အဘိုးကုသည် ဤလူငယ်များကို မြင်တိုင်း စိတ်ဓာတ်ကောင်းမွန်နေတတ်သည်။ အစ်မကြီးတုက မည်သည်ကိုမှ သံသယမှမရှိဘဲ ပြောလိုက်သည်။
"နွေးနွေးထွေးထွေး ဝတ်ထားပါ။"
အောက်ထပ်ဆင်းပြီးနောက် သူတို့သည် ကျိသော်၏ ကားထဲသို့ ဝင်ကာ ယွဲ့ဟွာ၏ တက္ကသိုလ်သို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
ကားကို ကျောင်းတံခါးဝတွင် ရပ်လိုက်သည်။ ကျိသော်က အရင်ဆုံး ဆင်းလာပြီး အဘိုးကုကို ကူညီရန် ပြင်ဆင်နေစဉ် အနီးရှိ ဆိုင်တစ်ဆိုင်မှ ရင်းနှီးသောအသံ တစ်သံကို ကြားလိုက်ရ၏။
"ခင်ဗျားကို ကျွန်တော်က ဆပ်ပြာရည် ပေးထားပြီး ခင်ဗျားက အဲ့ဒါကနေ ပိုက်ဆံရှာတာပဲ။ ဘာလို့ တခြားဘူးခွံတွေနဲ့ကွယ်ပြီး ထောင့်မှာ တမင်တကာ ဖွက်ထားရတာလဲ။"
သူ ခေတ္တရပ်သွားခဲ့သည်။ 'ရှောင်ဇယ်မှာ အရောင်းသမားတွေ မရှိဘူးလား။ သူက ဘာလို့ ဆပ်ပြာရည်ကို ကိုယ်တိုင် ရောင်းနေရတာလဲ။'
လင်းချောင်ကတော့ အပြင်တွင် ဘာတွေဖြစ်နေမှန်းမသိဘဲ အဘိုးကု ယူဆောင်သွားရမည့် ဆေးဝါးများကိုစစ်နေဆဲပင်။
"ကားထဲမှာ ခေါက်ကုလားထိုင်တစ်လုံးရှိတယ်။ အဲ့ဒါကို ထိုင်ဖို့အတွက် သွားယူပေးမယ်။ စိတ်လှုပ်ရှားမနေဘဲ ခံစားချက်ကို ထိန်းနိုင်အောင် ကြိုးစားပါနော်။"
အဘိုးက ပြုံးပြုံးရွှင်ရွှင်နှင့် ခေါင်းညိတ်ပြပြီး ရင်ဘတ်ကိုပါ ပုတ်ပြလိုက်သည်။ "နောက်ဆုံးတော့ သူမကို ရှာတွေ့ပြီ။ သူမကို လန့်အောင် မလုပ်ချင်ဘူး။"
ကျိသော် ခဏလောက် စဉ်းစားပြီး အဘိုးကု၏ ကိစ္စက ပိုအရေးကြီးသောကြောင့် တခြားကိစ္စများနှင့် ရှုပ်ထွေးမနေသင့်ဟု ဆုံးဖြတ်လိုက်သည်။ သူက အိတ်ကပ်ထဲကို လက်နှိုက်ပြီး ပြောလိုက်၏။
"မင်းတို့ သွားနှင့်လိုက်။ ကိုယ် မီးခြစ်ဆံတစ်ဘူး ဝယ်လိုက်ဦးမယ်။"
'ဒီအချိန်မှာလား?'
လင်းချောင် အံ့အားသင့်စွာနှင့် ခေါင်းလှည့်ကြည့်လိုက်သော်လည်း ကျိသော်ကတော့ လမ်းဘေးဘက်ကို လျှောက်သွားပြီး တစ်စုံတစ်ယောက် ဖွင့်ထားသည့် ဆိုင်တံခါးကို ပိတ်လိုက်သည်။
"မီးခြစ်ဆံတစ်ဘူး ပေးပါ။"
ကျိဇယ်က ဆိုင်အကူနှင့် ဆက်ပြီး ငြင်းခုံနေသေးသည်။ ဆိုင်အကူကတော့ သူ့အငြင်းစကားကို လုံးဝ လက်ခံပုံမရ။
"မရောင်းချင်ရင်လည်း ရောင်းစရာမလိုဘူး။"
ဆိုင်အကူကတော့ သူ့ကို ဂရုမစိုက်ပေ။
"စကားပြောလို့ ပြီးပြီလား။ ပြီးပြီဆိုရင် ဆိုင်ပိတ်တော့မယ်။"
ကျိဇယ် ထပ်ပြောဖို့ ကြံလိုက်သော်လည်း ရင်းနှီးသည့် အသံကိုကြားတော့ လှည့်ကြည့်လိုက်သည်။
"ဦးလေးလား။"
တစ်ဝက်တောင် မလှည့်ရသေးဘဲ တစ်စုံတစ်ယောက်က သူ့လည်ပင်းနောက်ဘက်ကို ဖိလိုက်၏။
"မင်းရဲ့ အဒေါ် အပြင်မှာရှိတယ်။"
ကျိဇယ် ချက်ချင်းခေါင်းငုံ့ပြီး လျှင်မြန်စွာ နောက်လှည့်ကာ နံရံနောက်ကို ကွယ်လိုက်ပြီး အပြင်ဘက်ကို ချောင်းကြည့်လိုက်သည်။
"ဦးလေးနဲ့ အဒေါ်က ဘာလို့ ဒီကိုရောက်နေတာလဲ။"
"အဲ့ဒါက မင်းကိုမေးရမယ့် မေးခွန်းပဲ။"
ကျိသော်က အေးအေးဆေးဆေးပြောပြီး သူ့ကို လွှတ်ပေးလိုက်ကာ ကောင်တာပေါ်တွင် ငွေစက္ကူတစ်ရွက် တင်လိုက်၏။
စစ်ဝတ်အင်္ကျီနှင့် အရပ်ရှည်ပြီး ခန့်ညားသည့် ထိုလူက အဲ့ဒီနေရာတွင် ရပ်နေသည်မှာ အရှိန်အဝါတစ်မျိုး ရှိနေခဲ့သည်။
ပြောင်းလဲသွားသည့် အခြေအနေကို သိလိုက်သည်နှင့် ဆိုင်အကူက အမူအရာကို ပြင်လိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောဘဲ ကောင်တာပေါ်သို့ မီးခြစ်ဆံတစ်ဘူးကို အမြန်တင်ပေးလိုက်သည်။
ကျိဇယ်က ဒါကို သတိထားမိပြီး စိတ်ထဲ မကျေမနပ်ဖြစ်ကာ တစ်ခုခု ပြောချင်သော်လည်း အပြင်ဘက်မှ လင်းချောင်၏ အသံက ထွက်ပေါ်လာ၏။
"အရင် ဝင်လိုက်ကြမလား။"
သူတို့က အလွန်နီးနေသည့်အတွက် ပြတင်းပေါက်နားကို ကိုင်းလိုက်မည်ဆိုလျှင် ဖန်သားပြင်မှတဆင့် လင်းချောင်ကို မြင်နိုင်သည်။ နှစ်မီတာတောင် မကွာပေ။ သူက ချက်ချင်းဆိုသလို ပြောချင်သည့် စကားများကို မျိုသ်ိပ်လိုက်ပြီး ဦးလေးဖြစ်သူကို အမြန်သွားရန်နှင့် သူမတို့ကို ခေါ်သွားရန် လက်နှင့် အသည်းအသန် အချက်ပြလိုက်သည်။
ကျိသော်က သူ့ကို တစ်ချက်တောင် မကြည့်ဘဲ မီးခြစ်ဆံကိုယူပြီး အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်၏။
"မင်းတို့ သွားနှင့်လိုက်။ ကိုယ့်ယူနီဖောင်းက အရမ်းထင်ပေါ်နေတယ်။"
ချောင်းကြည့်ကြမည့် ကိစ္စဖြစ်သည့်အတွက် စစ်တပ်အရာရှိတစ်ယောက် ထိုနေရာတွင် ရပ်နေလျှင် လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်မှာ အမှန်ပင်။ လင်းချောင်က အဘိုးကုကိုတွဲပြီး ကျောင်းဝင်းထဲကို လျှောက်ဝင်သွားလိုက်၏။
ထိုအရိပ်နှစ်ခု ကျောင်းဝင်းထဲရောက်ကာ ပျောက်ကွယ်သွားတော့မှ ကျိဇယ်က နံရံနောက်မှ ထွက်လာခဲ့၏။
"ကြောက်လိုက်တာ သေတော့မယ်။"
"မင်းသာ စောစောစီးစီး ရှင်းပြခဲ့ရင် ဒါမျိုးဖြစ်လာမှာ မဟုတ်ဘူး။"
ကျိသော်က သူ့ဆေးလိပ်ကို မီးညှိပြီး ဆိုင်ထဲမှ ထွက်လာရင်း ပြောလိုက်သည်။
ဆိုင်ကလည်း တကယ်ပိတ်တော့မည်ဖြစ်ပြီး ဝန်ထမ်းများက တံခါးများကို ပိတ်နေကြပြီဖြစ်သည်။ ကျိဇယ် စိတ်အေးသွားပြီး ဆက်ပြီး ငြင်းခုံနေလည်း ဘာမှ အကျိုးထူးမည် မဟုတ်ဘူးဆိုသည်ကို သဘောပေါက်သွား၏။ သူ ကျိသော်၏ အနောက်မှနေ၍ အပြင်သို့ လိုက်လာခဲ့သည်။
"ဦးလေး၊ ဦးလေး လာတာ အချိန်ကိုက်ပဲ။ ကျွန်တော် ဦးလေးဆီကို စာရင်းတွေ တင်ပြတော့မလို့။"
သူ၏ ပုံစံမှာ ရှက်ရွံ့နေသလိုပင်။
"ဒီရက်ပိုင်း စီးပွားရေးမှာ ပြဿနာနည်းနည်းရှိတယ်။ စာရင်းဇယားတွေက သိပ်မကောင်းနိုင်ဘူး။ အဒေါ့်ကို ကျွန်တော့်အစား ရှင်းပြပေးလို့ရမလား။"
ကျိသော်က သူခုနက ကြားလိုက်သည်ကို သတိရသွား၏။
"ဆိုင်အကူတွေက ပစ္စည်းတွေကို တမင်ဖွက်ထားပြီး စနစ်တကျ မရောင်းပေးလို့လား။"
"ဟုတ်တယ်။ အစကတော့ သူတို့က နေရာကို ကျပမ်းချထားကြတာ။ တစ်ယောက်ယောက်က လာမေးရင်တော့ တစ်ပေါင်လောက် ရောင်းပေးတယ်။ ဘယ်သူမှ လာမမေးရင်တော့ ပါးစပ်ကတောင် မဟဘူး။ အစိုးရပိုင်ဆိုင်က အကူတွေက ဘယ်လိုဆိုတာ ဦးလေးသိပါတယ်။"
အစိုးရပိုင်ဆိုင်များမှ အကူများသည် စျေးရောင်းချင်စိတ်မရှိခြင်း၊ ဝယ်သူများကို ဂရုမစိုက်ခြင်း စသည့်ပြဿနာများ ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ဆိုင်က အမြတ်ရရ၊ အရှုံးပေါ်ပေါ် သူတို့ကတော့ လစာမပြောင်းလဲသောကြောင့်ပင်။ ဝယ်သူနည်းလေ သူတို့အလုပ် နည်းလေဖြစ်သည်။
ဒါကြောင့် ကျိဇယ်က ဆိုင်များနှင့် ဆပ်ပြာရည် လက်ကားရောင်းရန် ညှိနှိုင်းတုန်းက ချောချောမွေ့မွေ့ ဖြစ်ခဲ့သော်လည်း ရောင်းအားကတော့ ဆိုးရွားခဲ့၏။ အချို့နေရာများတွင်ဆိုလျှင် ဆိုင်က ဆပ်ပြာရည်ရောင်းသည်ဆိုသည်ကိုပင် လူအများမသိကြပေ။ သူ၏ အရောင်းသမားများ ပစ္စည်းသွားပို့သည့်အခါ ဝယ်သူများထံမှ ဘာလို့ ဆက်မရောင်းတော့သည်လဲဟု မေးခြင်းကိုတောင် ကြုံခဲ့ရ၏။
"ယန်ဒူက အကျယ်ကြီးဆိုတော့ ကျွန်တော့် အရောင်းသမားတွေက အကုန်လုံးကို လွှမ်းခြုံနိုင်အောင် မရောင်းနိုင်ဘူး။ ဒီလိုဆိုရင် အဆင်မပြေဘူးဆိုတာ သိလာတော့ ကျွန်တော် ဆိုင်အကူတွေကို စကားပြောပြီး တစ်ပုံးရောင်းရရင် တစ်ယွမ် ကော်မရှင်ခ ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။"
"အဲ့ဒီအခါကျတော့ ပစ္စည်းတွေကို ရောင်းနိုင်တဲ့ တခြားဆိုင်တွေကပါ အဲ့ဒီလို ကော်မရှင်ခရချင်လို့ ပစ္စည်းတွေကို ဖွက်ထားကြတယ်ပေါ့။"
ကျိသော် တည့်တိုးပြောလိုက်တော့ ကျိဇယ်က မဝံ့မရဲနှင့် ခေါင်းညိတ်ပြလိုက်သည်။ "ဒီနှစ်ရက်အတွင်း ဆိုင်တော်တော်များများကို သွားခဲ့တယ်။ ဘယ်နေရာမဆို အကုန် အတူတူပဲ။ ဘယ်သူပြောလိုက်တာလဲတော့ မသိဘူး။"
"ဘယ်သူပြောလဲ။ လေလွင့်မသွားအောင် ကာထားနိုင်တဲ့ နံရံရှိတယ်လို့ မင်းတကယ်ထင်နေတာလား။"
ကျိသော်က သူ့တူတွင် အတွေ့အကြုံ နည်းပါးနေသေးသည်ဆိုသည်ကို သိလိုက်၏။ ကော်မရှင်ခပေးသည့် အကြံက အလုပ်မဖြစ်သည်တော့ မဟုတ်။ သူက သူ၏ အကြီးတန်း ဝန်ထမ်းများကို အကျိုးအမြတ် ခွဲဝေမှုစနစ်ကို မိတ်ဆက်ပေးခဲ့သောကြောင့် သူတို့၏ စိတ်အားထက်သန်မှုကို မြှင့်တင်ပေးနိုင်ခဲ့၏။
မကြာသေးမီကဆိုလျှင် အရောင်းချန်ပီယံစနစ်ကိုပါ အကောင်အထည်ဖော်ခဲ့ပြီး ရောင်းအားအကောင်းဆုံး ထိပ်ဆုံးဝသုံးယောက်ကို လစဉ်ဆုကြေးများ ပေးခဲ့သောကြောင့် ရောင်းအားက သိသိသာသာ တိုးလာခဲ့သည်။
သို့သော် ဆုကြေးနှင့် ကော်မရှင််ခများကို အကောင်းဆုံး လုပ်ဆောင်သူများအတွက်သာ ပေးသင့်ပြီး၊ ကြိုးကြိုးစားစား မလုပ်သူများကိုတော့ မပေးသင့်ပေ။ ဤသို့သာလုပ်လျှင် အခြားသူများကိုလည်း ကောင်းကောင်းမွန်မွန် မလုပ်စေရန် သင်ပေးရာရောက်သွားလိမ့်မည်။
ကျဆုံးမှုတစ်ခါကြုံဖူးပြီးနောက် ကျိဇယ်တစ်ယောက် နားလည်သွားပုံရ၏။ သူက ခေါင်းကုတ်ပြီး ပြောလိုက်သည်။
"ကျွန်တော် ပြန်ပြီး အဖြေရှာကြည့်ပါဦးမယ်။ ဦးလေး၊ အဒေါ့်ကိုတော့ ရှင်းပြပေးပါနော်။"
သူက သူ့ဦးလေးကို ပိုကြောက်သည်လား သူ၏အဒေါ် လင်းချောင်ကို ပိုကြောက်သည်လား မရှင်းတော့ပေ။
လင်းချောင်အကြောင်းပြောတော့ ကျိသော်က သူမသူငယ်ချင်း၏ ဆိုင်လေးကို ရုတ်တရက် သတိရသွားကာ အကြံတစ်ခု ရလိုက်သည်။ သို့သော် သူ ဘာမှမပြောရသေးမီမှာပဲ ကျိဇယ်ကတော့ သူ့စက်ဘီးပေါ်သို့ ရောက်သွားခဲ့လေပြီ။
"ကျွန်တော် အခုသွားတော့မယ်။ စာရင်းတွေနဲ့ ပိုက်ဆံတွေကို မနက်ဖြန် ဦးလေးဆီ ယူလာခဲ့ပါမယ်။"
ထိုသို့ပြောပြီး လင်းချောင် ရုတ်တရက် ပြန်ရောက်လာမည်ကို ကြောက်ရွံ့နေသည့်အလား ကျောင်းဂိတ်ဝကို လှမ်းကြည့်ကာ လျှင်မြန်စွာ စက်ဘီးနင်းထွက်သွားတော့သည်။
သူ၏တုံ့ပြန်မှုကြောင့် ကျိသော် မျက်မှောင်ကြုတ်မိသော်လည်း ကျိဇယ် မနက်ဖြန် သူ့ဆီလာမည်ကို သိထားသဖြင့် ဘာမှမပြောတော့ဘဲ ကျောင်းဝင်းထဲသို့ လှည့်ဝင်သွားလိုက်သည်။
အဆောင်အောက်တွင်တော့ လင်းချောင်က ယွဲ့ဟွာကို ခေါ်ရန် လူတစ်ယောက်ကို လွှတ်ထားပြီးဖြစ်သည်။ အဘိုးကုက လင်းချောင် ယူလာခဲ့သော ခေါက်ကုလားထိုင်လေးဖြင့် သစ်ပင်တစ်ပင်အောက်၌ ထိုင်နေပြီး သူ့မျက်နှာကို မှောင်ရိပ်ထဲတွင် ဖုံးကွယ်ထားသည်။
အပေါ်ထပ်သို့ တက်သွားစဉ်အတွင်း လင်းချောင်က အဘိုးကု အဆင်ပြေမပြေ သေချာစေရန် နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သေးသည်။
မကြာမီမှာပဲ ယွဲ့ဟွာ ဆင်းလာသည်။ အသက်နှစ်ဆယ်ကျော်အရွယ် ထိုအမျိုးသမီးငယ်သည် အရပ်သိပ်မမြင့်သော်လည်း သွက်လက်ပုံပေါ်သည်။ သူမ၏ ပြေလျော့နေသော မျက်ခုံးများနှင့် အပြုံးသည် သူမ အဆင်ပြေနေကြောင်းကို ဖော်ပြနေခဲ့သည်။ သူမက လင်းချောင်ကို တွေ့တော့ အနည်းငယ် အံ့အားသင့်သွား၏။
"ဘာကိစ္စနဲ့ ရောက်လာတာလဲ။ နွေရာသီ ပိတ်ရက်အိမ်ပြန်တုန်းက နင် လက်ထပ်သွားပြီလို့ ကြားလိုက်တယ်။"
"ဟုတ်တယ်။ ကျွန်မ လက်ထပ်ပြီး ယန်ဒူကို ပြောင်းသွားတာ။"
လင်းချောင်က ထိုသို့ပြောပြီး အဘိုးကု ရှိရာသို့ ခြေလှမ်းအနည်းငယ် ဦးဆောင်ခေါ်သွားကာ လမ်းဘေးတွင် ချထားသော ပစ္စည်းများကို ကောက်ယူလိုက်သည်။
"ကျွန်မ အိမ်ပြန်တုန်းက အဒေါ်နဲ့ တွေ့တယ်။ အစ်မအတွက် ပန်းသစ်တော်သီးတွေ ယူသွားပေးဖို့ သူမ မှာလိုက်တာ။"
ယွဲ့ဟွာသည် သူမ၏ဇာတိမြို့မှ ပစ္စည်းများကို မြင်လိုက်ရသောအခါ ပြုံးလိုက်မိသည်။
"အမေကတော့ လုပ်ပြီ၊ ဒီလောက်ဝေးတဲ့နေရာကနေ ဒါတွေကို ယူလာခိုင်းရတယ်လို့။"
ထိုအပြုံးတွင် ကလေးဘဝ၏ အရိပ်များ ပါဝင်နေသည့်အတွက် တိတ်ဆိတ်စွာ ကြည့်နေသည့် အဘိုးကုက သူ့ကို "အဘိုး" ဟု ချစ်စဖွယ် ခေါ်လေ့ရှိသည့် ကလေးမလေးကို မြင်နေရသလို ခံစားမိလိုက်သည်။ ထို့နောက် သူ့ညီမ ရှောင်ကျန်း၏ စိတ်မကြည်မသာနေပြီး မတတ်သာသည့် အမူအရာကြားထဲက ဆံပင်ကျစ်ပေးရန် အတင်းအကျပ် လုပ်နေသည့် ရှောင်ပင်း၏ပုံရိပ်...
အချို့သော အမှတ်တရများသည် မနေ့တစ်နေ့ကကဲ့သို့ပင် ထင်ထင်ရှားရှား ရှိနေခဲ့သည်။ အဘိုးကုသည် ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် သူ့ဦးထုပ်ကို ပြင်ဆင်လိုက်သော်လည်း လေပြင်းတစ်ချက် တိုက်ခတ်လိုက်ရာ သူ့ဦးထုပ်က လွင့်ကျသွားတော့သည်။သူက ဖမ်းမိရန် လက်လှမ်းလိုက်သော်လည်း လွဲချော်သွား၏။ လင်းချောင်လည်း ၎င်းကို ကောက်ယူရန် အလျင်အမြန် ရှေ့သို့ တိုးလာသည်။
မထင်မှတ်ဘဲ အနီးဆုံးတွင်ရှိနေသော ယွဲ့ဟွာက ၎င်းကို လျင်မြန်စွာ ဆွဲယူလိုက်သည်။ သူမက ပတ်ပတ်လည်ဝေ့ကြည့်လိုက်ရာ အနီးအနားရှိ အဘိုးကုကို မြင်သွား၏။ သူမက ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်သည်။
"အဘိုး၊ ဒါက အဘိုးရဲ့ ဦးထုပ်..."
သူမ စကားရပ်သွားပြီး အံ့အားသင့်သွား၏။
"ဘာဖြစ်လို့လဲ။"
သူမရှေ့မှ အသက်ကြီးသူ၏ ဆံပင်များသည် လုံးဝနီးပါး ဖြူနေပြီဖြစ်ပြီး မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ပြည့်နှက်နေကာ သူမကို ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နေခဲ့သည်။
အဘိုးကုသည် ဆယ့်သုံးနှစ်ကြာ မတွေ့ခဲ့ရသည့် သူ့မြေးမကို လောဘတကြီး စိုက်ကြည့်နေခဲ့သည်။ သူမက ပိုမိုအရပ်ရှည်လာပြီး ပြည့်ပြည့်၀၀ရှိလာကာ ငယ်စဉ်က မိဘမဲ့ဖြစ်သွားသည့်အတွက် ရှိနေခဲ့သော ကြောက်ရွံ့ခြင်းမျိုးလည်း လုံးဝမရှိတော့ပေ။ သူမ၏ မျက်လုံးများက နူးညံ့ပြီး ဂရုစိုက်တတ်နေဆဲဖြစ်ရာ သူ့တွင် ပြောချင်သည့်စကားများစွာ ရှိနေသော်လည်း အိတ်ကပ်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကိုသာ ထုတ်လိုက်သည်။
"ဒီနေ့ လေက နည်းနည်းပြင်းလို့ပါ။"
"အဘိုး မျက်လုံးထဲ တစ်ခုခု ဝင်သွားတာလား။"
ယွဲ့ဟွာက သူ မျက်နှာကို သုတ်ပြီးသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းပြီးမှ ဦးထုပ်ကို ပြန်ပေးလိုက်သည်။
"ကျေးဇူးပါ၊ မြေးမလေး။"
အဘိုးကု ထိုသို့ပြောပြီး ဦးထုပ်ကို ပြန်ဆောင်းလိုက်စဉ် သူ၏လက်များက တုန်ရီနေခဲ့သည်။ သူ့အကြည့်က အလိုအလျောက်ပင် ယွဲ့ဟွာ၏ မျက်နှာဆီ ပြန်ရောက်သွား၏။
ယွဲ့ဟွာက ထိုအဘိုးကြီး၏ မျက်လုံးများသည် သူမကို ကြည့်နေသလိုလို တခြားတစ်ယောက်ကိုပဲ ကြည့်နေသလိုလို ခံစားမိလိုက်သည်။ ပြောစရာစကား ထောင်ချီရှိသော်လည်း တိတ်ဆိတ်နေပုံရ၏။ သူမ မနေနိုင်ဘဲ မေးလိုက်သည်။
"ဒီလောက် လေပြင်းတိုက်နေတာ ဘယ်သူ့ကို စောင့်နေတာလဲ။ ကျွန်မ ခေါ်ပေးရမလား။"
"မလိုပါဘူး။"
အဘိုးကုက သူမကို ပြုံးပြလိုက်သည်။
"စောင့်နေတဲ့သူနဲ့ တွေ့ပြီးပါပြီ။ ခဏလောက် ထိုင်ပြီးရင် ပြန်တော့မှာပါ။"
ဒီစကားကို ကြားတော့ ယွဲ့ဟွာ စိတ်သက်သာရာရသွားသည်။ သူမက လင်းချောင်ကို ကျေးဇူးတင်စကား ထပ်ပြောပြီး လင်းချောင် ယူလာသော ပန်းသစ်တော်သီးများနှင့်အတူ အပေါ်ထပ်သို့ တက်သွားလိုက်သည်။
အဘိုးကုသည် သူမ၏ကျောပြင် တံခါးမှ ပျောက်ကွယ်သွားသည်အထိ အချိန်အတော်ကြာ လှုပ်ရှားခြင်းမရှိဘဲ ငေးကြည့်နေခဲ့သည်။
လင်းချောင်က သူ့ကို မနှောင့်ယှက်ဘဲ သူ ဖြည်းညှင်းစွာ ထရပ်ပြီး ခေါက်ကုလားထိုင်ကို သိမ်းဆည်းလိုက်သည်အထိ စောင့်နေပြီးမှ နောက်က လိုက်သွားခဲ့သည်။ သူမ မော့ကြည့်လိုက်သောအခါ ကျိသော်က မလှမ်းမကမ်းရှိ အရိပ်ထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူ ထိုနေရာတွင် ရောက်နေသည်မှာ အနည်းငယ်ကြာလောက်ပြီ။ သူ တစ်စုံတစ်ယောက်ကို မြင်ခဲ့လား ဆိုသည်ကိုတော့ သူမ မမေးတော့ဘဲ အဘိုးကုလက်ထဲမှ ခုံကိုသာ ယူလိုက်၏။
သူတို့သုံးယောက်လုံး ကျောင်းဂိတ်ဝနား ရောက်သည်အထိ တိတ်ဆိတ်စွာ လျှောက်လာကြသည်။ နောက်ဆုံးတွင် အဘိုးကုက တိုးတိတ်စွာ ပြောလိုက်၏။
"သူမကို မွေးစားမိဘတွေက ကောင်းကောင်းမွေးထားတာပဲ။"
ကျိသော်က ရိုးရှင်းစွာဖြင့် "အင်း" ဟု ပြန်ဖြေလိုက်သည်။ အဘိုးကု၏ အကြည့်သည် သူ့ကို တွဲကူပေးနေသော လင်းချောင်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"အခြား အတုအယောင် တစ်ယောက် ထပ်ပေါ်လာလို့ မင်းတို့ မှတ်မိသွားတာလို့ ပြောခဲ့တယ်မလား။"
"ဟုတ်ပါတယ်။ အဘိုးက ဆေးရုံမှာ ရှိနေတာရယ်၊ စိတ်မဆိုးစေချင်တာရယ်ကြောင့် ကျွန်မတို့ မပြောပြခဲ့တာပါ။" လင်းချောင်က ဝန်ခံလိုက်သည်။
အဘိုးကုက ခြေလှမ်းကို နှေးလိုက်၏။ "အခု ပြောပြပါဦး။ ဒီထက် ပိုတဲ့ကိစ္စတွေ ရှိသေးလား။"
သူ၏လေသံသည် လွန်ခဲ့သည့် မိနစ်ပိုင်းက စိတ်ခံစားမှုပြင်းထန်ပြီး မျက်ရည်ကျနေသည့် အဘိုးအိုနှင့်မတူတော့ဘဲ တည်ငြိမ်ပြီး ခိုင်မာနေခဲ့သည်။ သို့သော် သူသာ စိတ်ခံစားမှု အားနည်းသူဆိုလျှင် လက်ရှိရာထူးကို ရောက်ရှိရန် တိုက်ပွဲပေါင်းများစွာကိုပင် တိုက်ခိုက်ဖြတ်သန်းလာနိုင်မည် မဟုတ်ပေ။