← Chapters

ငါ့ကို မရှိဘူးများ ထင်နေလား

Vol. 143 Ch. 2131

ငါ့ကို မရှိဘူးများ ထင်နေလား

Vol. 143 Ch. 2131

“ သွားစို့ သွားစို့ … ဆင်းပြီး တစ်ချက်ကြည့်ကြမယ် …”

ကျန်းဖန့် ကားကို ထိုးရပ်လိုက်ပြီး သုံးယောက်အတူ ထွက်လာခဲ့ကြသည်။

လင်းရီ ကားပေါ်က ဆင်းလာခဲ့ပြီး မြေပြင်ပေါ် ထိုင်နေသည့် လူကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူ၏ ဦးခေါင်းတွင် ဟက်တက်ကွဲရာ တစ်ချက် ရှိနေပြီး လေးစင်တီမီတာခန့်မျှ ရှည်လျား၏။ ဒဏ်ရာက အတော်လေး ပြင်းထန်သော်ငြား အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိပေ။

“ လူနာတင်ယာဉ် ခေါ်ထားပြီလား …”

“ ခေါ်ထားတယ် … အခု လာနေပြီ …” အသားညိုညိုနှင့် အလုပ်သမားတစ်ဦးက ဖြေလာခဲ့၏။

လင်းရီ ခေါင်းညိတ်ပြီး အကြည့်ကို အခြားနေရာသို့ အကြည့်ပို့လိုက်သည်။

အလှမ်းသိပ်မဝေးသည့် နေရာတွင် လူသုံးဦး မတ်တပ်ရပ်နေသည်။ ခေါင်းဆောင်ဖြစ်ဟန် တူသည့်လူက ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး အရပ်အမောင်းလည်း သိပ်ရှည်လျားခြင်း မရှိပါဘဲ ရှေ့ကို တစ်တောင်လောက် ထွက်နေသည့် ဗိုက်နှင့် လုံခြုံရေး ဦးထုပ် အဖြူရောင်ကို ဆောင်းထားသည်။

သက်ဆိုင်ရာ နယ်ပယ်၏ စည်းမျဉ်းစည်းကမ်းတို့အရ လုံခြုံရေး ဦးထုပ် အဖြူရောင်ကို ဝတ်ဆင်ထားသည့်လူက ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ ခေါင်းဆောင်ပင်။

ထိုအမျိုးသား၏ နာမည်က ယန်ချီဖုန်း ဖြစ်ပြီး ပရောဂျက် အတွက် တာဝန်ယူထားသည့် ကန်ထရိုက်တာတစ်ဦး ဖြစ်၏။ သူက ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အရာရာတိုင်းကို တာဝန်ယူထားသည့်လူလည်း ဖြစ်သည်။

“ လူကို ရိုက်ခဲ့တာ မင်းလား …” လင်းရီ မျက်ခုံးပင့်ပြီး မေးလိုက်၏။

“ အရာရှိကြီး … ဒါက ဒီလိုရှိပါတယ် … မနက်ခင်း အစောပိုင်းကြီး ဒီအလုပ်သမားတွေက အလုပ်ကြတော့ မလုပ်ဘဲ ဒီလာပြီး ပြဿနာ လာရှာနေကြလို့ နည်းနည်းပါးပါး စကားများမိကြရင်း မတော်တဆ ရိုက်မိသွားခဲ့တာပါ ….” ယန်ချီဖုန်း ရှင်းပြလိုက်သည်။

“ ခင်များ ပေါက်ကရတွေ ပြောနေတယ် …” အလုပ်သမား တစ်ဦးက ရှေ့သို့ တက်လာ၍ လက်ညှိုးထိုး အော်ဟစ်လိုက်သည်။

“ ခင်များ ကျုပ်တို့ကို လစာမပေးတာ နှစ်လ ရှိပြီ … အဲ့တာအပြင် ကျွေးတဲ့ အစားအသောက်ကလည်း ဝက်စာထက်တောင် ဆိုးသေးတယ် … နေ့တိုင်းနေ့ အချိန်ပိုကျ ဆင်းရပြီး အချိန်ပိုကြေးလည်း မပေးဘူး … ဒါတောင် ကျုပ်တို့ရဲ့ အပြစ်ဖြစ်ရသေးတယ် ဟုတ်လား …”

“ လတ်တလော ငွေနည်းနည်းကြပ်နေတယ်လို့ ငါ မင်းတို့ကို ရှင်းပြပြီးသားပဲလေ … ဘဏ်က ချေးငွေ ဝင်လာမှာကို စောင့်နေလို့ … ပြီးတာနဲ့ မင်းတို့ လုပ်အားခကို တန်းရှင်းပေးမှာ မပူနဲ့ …” ယန်ချီဖုန်း ပြောလိုက်သည်။ “ ပြီးတော့ ငါ မင်းတို့ကို ပြောထားပြီးပြီ … ဒီက လုပ်ပုံလုပ်နည်းတွေကို မကြိုက်ရင် ထွက်သွား … အခုချက်ချင်း ထွက်သွားလိုက် … ဒီလာပြီး မျက်စိစပါးမွှေး စူးစရာ လာလုပ်ပြမနေနဲ့ …. စောက်ကျက်သရေကို ယုတ်တယ် ချီးလိုမှပဲ …”

လင်းရီ မျက်ခုံးပင့်၍ ယန်ချီဖုန်းကို ကြည့်လိုက်သည်။ “ သေချင်လို့ စောက်ဖက်တီး … ငါ့ကို ဒီမှာ မရှိနေဘူးများ ထင်နေလား … ငါ ကိုယ်တိုင် ဒီမှာ ရှိနေတာတောင် မင်းက မိုက်ရိုင်းနေတယ် …”

ယန်ချီဖုန်း တွန့်ခနဲ ထိတ်လန့်သွားခဲ့ပြီး ရှက်ကိုးရှက်ကန်း အပြုံးလေးဖြင့် “ ကန်တော့နော် ကန်တော့ … ငါ စောနက နည်းနည်းလေး သွေးဆူသွားလို့ပါ …”

လင်းရီ သကောင့်သားအား လျစ်လျူရှုပြီး သူ့အနား ဝန်းရံနေသည့် အလုပ်သမားများထံသို့ လှည့်ကြည့်လိုက်သည်။

“ ခင်များတို့ထဲက ကိုယ်စားပြုတစ်ယောက် လွှတ်လာခဲ့ပြီး ဘာတွေဖြစ်တာလဲ ကျုပ်ကိုပြော …”

အစောပိုင်းတုန်းက ယန်ချီဖုန်းကို လက်ညှိုးထိုးပြီး စောဒကတက်သူက ရှေ့သို့ ထွက်လာခဲ့သည်။

“ အရာရှိကြီး … ကျုပ် စောနကပြောသလိုပါပဲ .. ကျုပ် ဒီမှာ ဆက်ပြီး အလုပ်မလုပ်ချင်တော့ပါဘူး …”

“ မင်း မလုပ်ချင်ရင် လစ်လို့ … ငါတို့ မင်းကို ဆွဲမထားဘူး ..” ယန်ချီဖုန်း စိတ်လက်မရှည်စွာ ဆိုလိုက်သည်။

“ ကျုပ်တို့ ထွက်သွားမယ် … ဒါပေမယ့် ခင်များကြီး ကျုပ်တို့ လုပ်အားခတွေ ရှင်းခဲ့ပေး …”

“ မင်းတို့က အလုပ်ကြတော့ ပြီးအောင် မလုပ်ဘဲ လုပ်အားခကိုကျတော့ လိုချင်တယ်ပေါ့ ..” ယန်ချီဖုန်း စောဒကတက်လိုက်ပြီး “ ငါ ပြောမယ် … မင်းတို့ လုပ်အားခရချင်ရင် အလုပ်ကို ပြီးအောင်လုပ် … မဟုတ်ဘူးဆို အခုချက်ချင်း ထွက်သွားလိုက် …”

“ အရာရှိကြီး … ခင်များလည်း မြင်တယ်မလား … ဒီလူက လုံးဝကို အကျိုးသင့် အကြောင်းသင့် မရှိတဲ့လူ … ကျုပ်သမီးက သူ့ကျူရှင်လခပေးဖို့ စောင့်နေရတယ် … ကျုပ်တို့ရဲ့ လုပ်အားခတွေ မထုတ်နိုင်ဘူးဆိုရင် ကျောင်းတောင် ဆက်ထားနိုင်မှာ မဟုတ်တော့ဘူး …”

“ မပူနဲ့ …. ကျုပ်တို့ အခု အဲ့ဒီ အတွက် ဒီရောက်လာခဲ့တာပဲ … ဒီကိစ္စကို အဆင်ပြေအောင် သေချာဖြေရှင်းပေးမယ် …”

ထိုသို့ ပြောပြီးနောက် လင်းရီသည် ယန်ချီဖုန်းဘက်သို့ လှည့်ပြီး မေးမြန်းလိုက်သည်။

“ ဆောက်လုပ်ရေး ပရောဂျက်ပြီးမှ လုပ်အားခ ရှင်းရမယ်ဆိုတဲ့ စည်းမျဉ်းကို ဘယ်သူက သတ်မှတ်လိုက်တာ …”

“ အဲ့တာ ကျုပ်တို့ရဲ့ စည်းမျဉ်းပဲ … ဒါကိုလည်း ကျုပ်တို့ စကတည်းက သဘောတူထားပြီးသား …” ယန်ချီဖုန်း ပြောလိုက်သည်။

“ မင်းမှာ အလုပ်သမားစာချုပ်ရှိလား … ငါ့ကို ပြစမ်းပါ …”

“ အဲ့ဒါက …”

ယန်ချီဖုန်း ကိုးရို့ကာယား ရယ်မောလျက် “ ခေါင်းဆောင်ကလည်း … မင်းလည်း သိပါတယ်… ဒါက ဆောက်လုပ်ရေးဆိုက်လေ … ဘယ်နားက အလုပ်သမားစာချုပ် ရှိမှာမို့လို့ …”

“ ဒါဆို မင်းစောနက ပြောသွားတာတွေကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ အလုပ်လုပ်ခိုင်းတာလို့ ယူဆလို့ရတယ် … ဒါ ပြစ်မှုမြောက်တယ် …” လင်းရီ ပြောဆိုလိုက်ပြီး “ မင်း အခု သူတို့ကို လုပ်အားခ မရှင်းပေးရသေးဘူးဆိုတာ မှန်တယ်မလား …”

ယန်ချီဖုန်း၏ မျက်နှာအမူအရာ မကောင်းတော့ချေ။ သို့သော် ရွေးချယ်စရာ မရှိပါဘဲ ဝန်ခံရုံသာ တတ်နိုင်တော့၏။

“ ဟုတ်ကဲ့ … အမှန်ပါပဲ …”

“ ဒါဆိုရင် ဆက်ပြီး ပြောစရာ အကြောင်းမရှိတော့ဘူး … သူတို့ လုပ်အားခတွေ အပြည့်ရှင်းပေးဖို့ မင်းကို အချိန်သုံးရက်ပေးမယ် … မဟုတ်ရင် တရားရုံးက ဆင့်ခေါ်တာကို စောင့်နေလိုက်တော့ …”

လင်းရီသည် ကျန်းဇီရှင်းထံသို့ အကြည့်ပို့၍ “ သူတို့ရဲ့ ဆောက်လုပ်ရေးဆိုက်ကို ချိပ်ပိတ်ဖို့ ပစ္စည်းတွေ ပြင်ထားလိုက် … ဒီကိစ္စ မဖြေရှင်းပြီး မချင်း ဘာအလုပ်မှ ဆက်လုပ်တာ မမြင်ချင်ဘူး …”

“ နားလည်ပါပြီ …”

လင်းရီက ဆောက်လုပ်ရေးဆိုက်အား ချိပ်ပိတ်တော့မည်ကို သိတော့ ယန်ချီဖုန်း ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။ အကယ်၍ ဆိုက်သာ ချိပ်ပိတ်ခံလိုက်ရမည်ဆိုပါက သူ့ အထက်ခေါင်းဆောင်များက သူ့ကို ငရဲပို့လိမ့်မည်။

“ အရာရှိကြီးရယ် … ချိပ်ပိတ်တာကတော့ လွန်ပါတယ် … ဒီလောက်အထိ လုပ်ဖို့ လိုလို့လား … အချင်းချင်း မျက်နှာသာနည်းနည်းလောက် ပေးလိုက်လို့ မထိခိုက်သွားပါဘူး .. ဟုတ်တယ်မလား ….”

“ ငါ အခု မျက်နှာသာမပေးနေလို့လား…” လင်းရီ ပြောလိုက်ပြီး “ ငါ့ အရင်စိတ်နဲ့သာဆိုရင် မင်းအခုချိန် မြေပေါ်မှောက်နေလောက်ပြီ အဲ့တာသိလား …”

“ ဒီတော့ ထပ်ပြီး ဆွေးနွေးညှိနှိုင်းဖို့နေရာ မရှိတော့ဘူးပေါ့ …”

“ နေရာက မင်းကို ပေးထားပြီးသား … မင်းဘက်က လုပ်အားခတွေ ရှင်းပေးလိုက်တာနဲ့ အလုပ်ဆက်လုပ်လို့ရပြီ ... ဒီလောက် ရှင်းရှင်းလေးကို ဘာတွေ လာရှုပ်နေတာ …” လင်းရီ ပြောဆိုလိုက်သည်။

ယန်ချီဖုန်း မျက်မှောင်ကြုတ်သွားခဲ့၏။ “ ငါထင်တာ မမှားဘူးဆိုရင် မင်းတို့က နုန်အန်း ရဲစခန်းက လူတွေ မဟုတ်ဘူးမလား …”

“ ဒါ ရှင်းရှန်း ရဲစခန်းရဲ့ စီရင်ပိုင်ခွင့် နယ်နိမိတ်ထဲက … နုန်အန်း ရဲစခန်းနဲ့ ဘာဆိုင်လို့ ….”

“ အဲ့တာဆိုရင်တော့ စိတ်မရှိပါနဲ့ အရာရှိကြီး … ငါတို့ ကုမ္ပဏီက နုန်အန်းရဲ့ စီရင်ပိုင်ခွင့် နယ်နိမိတ်ထဲ ရှိနေတာပါ … ဒီတော့ မင်းတို့တွေနဲ့ ဘာမှမဆိုင်ဘူး …”

“ ဟက် … စောက်ရေးမပါတာတွေ …” လင်းရီ ပြုံးလိုက်ပြီး “ ငါနဲ့ စကားလုံးဂိမ်း လာကစားချင်နေတယ်ပေါ့ …”

“ ငါလည်း ဒီလို မလုပ်ချင်ပါဘူး … ဒါပေမယ့် မင်းဘက်က ဆက်ပြီး ကျိုးကြောင်းမဆီလျော်နေမှတော့ ငါလည်း ဘယ်တတ်နိုင်တော့မှာ …”

ယန်ချီဖုန်း ကန်ထရိုက်တာ လုပ်လာသည်မှာ အံတိုနေပြီ ဖြစ်သည်။ သာမန်လူများ အစိုးရအရာရှိနှင့် စကားငြင်းခုန်မည်ဆိုပါက အဆုံးသတ်မကောင်းနိုင်သည်ကို သူ ကောင်းကောင်းကြီးသိသည်။

သို့သော် သူက လင်းရီနှင့် မငြင်းခုန်ချင်ဘူးဆိုတိုင်း သူ့ဘက်က ကြောက်ရွံ့နေသည်ဟု မဆိုလိုပေ။

မည်သို့ပင်ဆိုစေ သူ၏ ဝင်ငွေနဲ့ အဆက်အသွယ်တို့က လင်းရီထက် အဆပေါင်းများစွာ မြင့်မားပြီး သာမန်လူများကဲ့သို့ ရဲယူနီဖောင်းကို မြင်သည်နှင့် အသားတဆတ်ဆတ်တုန်ယင်နေအောင် ကြောက်ရွံ့နေမည့်လူ မဟုတ်ပေ။

သူ့ဘက်က ဒီကိစ္စကို မှိန်ပစ်ပြီး ဖြေရှင်းရန် ကြိုးပမ်းလိုခဲ့၏။ သို့သော် လင်းရီက သူ့ကို အခွင့်အရေး မပေးခဲ့ပေ။ သူသည်လည်း တတ်သည့်ပညာ မနေသာဆိုသလို သူ့ရှိသည့် အစွမ်းအစများအား ထုတ်သုံးရန် ဖြစ်လာလေသည်။

“ ဆိုတော့ … မင်းပြောချင်တာ ဒီကိစ္စကို နုန်အန်းကပဲ ကိုင်တွယ်မယ်ပေါ့ …”

“ ငါတို့ ကုမ္ပဏီက နုန်အန်းရဲ့ ပိုင်နက်ထဲမှာ … စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ဒီကိစ္စက သူတို့နဲ့ပဲ ဆိုင်တယ် …” ယန်ချီဖုန်း ပြောလိုက်သည်။ “ ငါ အခုလေးတင် ရဲခေါ်ထားပြီပြီ .. သူတို့ ခဏနေ ရောက်လာတော့မှာ … ငါ ဒီကိစ္စကို သူတို့ ရောက်လာတာနဲ့ နုန်အန်း ရဲစခန်းကို တင်ပြလိုက်မယ် …”

ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။

ဆောက်လုပ်ရေးဆိုက်ဘက်က မှားသည့်လူဆိုသည်မှာ သိသာနေသော်လည်းပဲ ၎င်းတို့က ရဲခေါ်ဝံ့သည့် သတ္တိတို့ ရှိနေသည်။ ဆိုလိုသည်မှာ သူတို့တွင် ထိုသို့ လုပ်ဝံ့သည့် အကြောင်းပြချက်တို့ ရှိနေသည်ဟု သက်သေပြနေခြင်း ဖြစ်၏။ တစ်ခုခုတော့ တစ်ခုခုပင်။

“ အရာရှိကြီး … ကျေးဇူးပြုပြီး ဒီကိစ္စကို ကိုင်တွယ်ပေးပါဦးဗျာ …” အစောပိုင်းက ရှေ့သို့ တက်ပြီး အမှန်တရားကို ထုတ်ဖော်ပြောလာသည့် လူကြီးက ပူဆွေးမှုတို့ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် ပြောလာခဲ့သည်။

“ ကျုပ်တို့ အရင်ကလည်း ဒါမျိုး ခံခဲ့ရပြီးပြီ … အဲ့တုန်းကလည်း နုန်အန်း ရဲစခန်းကလူတွေ ရောက်လာခဲ့တာပဲ .. ဒါပေမယ့် သူတို့က ရောက်လာပြီးတာနဲ့ သီးသန့် ဖြေရှင်းကြဖို့ပဲ ပြောပြီး ကျုပ်တို့ပြောတာတွေလည်း နားမထောင်ပေးဘူး … သူတို့သာ ရောက်လာခဲ့ရင် ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေတော့မှာ …”

“ ခင်များ ဒီကိစ္စ မပူနဲ့ .. လူနာတင်ကားက ရောက်လာလောက်ပြီ … ကိုယ့်ဒဏ်ရာကိုယ်သာ ဂရုစိုက်နေလိုက် …”

“ ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ ….”

မကြာမီ လူနာတင်ကား ရောက်လာခဲ့ပြီး ထိခိုက်ထားသည့် လူနာကို အကြမ်းဖျင်း တစ်ချက် ကုသပြီးနောက် သူ့ကို ကားပေါ်သို့ တင်ဆောင်သွားခဲ့သည်။

များမကြာမီ နောက်ထပ် ရဲကား တစ်စင်း ရောက်လာခဲ့ပြီး လင်းရီတို့ ရှေ့မှောက်၌ ကားရပ်တန့်လာသည်။

ရဲအရာရှိနှစ်ဦး ဆင်းလာခဲ့၏။

လင်းရီနှင့် တခြားနှစ်ယောက်ကို မြင်တော့ သူတို့၏ မျက်နှာထက်တွင် နားလည်မှု အရိပ်အမြွက်တို့ ထွက်ပေါ်လာခဲ့ကာ “ မင်းတို့က ရှင်းရှန်း ရဲစခန်းက ဖြစ်မယ် ဟုတ်တယ်ဟုတ် …” အနည်းငယ် ဝိတ်လွန်နေသည့် ဦးဆောင် ရဲအရာရှိ တစ်ဦးက သူတို့ကို အစုံအဆန်ကြည့်ရင်း မေးလာခဲ့သည်။

သူ့နာမည်က လီချိုက် ဖြစ်ပြီး ယခင်တစ်ခေါက် အထိကရုဏ်းပြဿနာကို ကိုင်တွယ်ခဲ့သည့် လူပင်။

လင်းရီ ခေါင်းညိတ်ပြ၍ အဓိက အချက်သို့ တန်းသွားလိုက်သည်။

“ ငါတို့ ဇာတ်လမ်းအပြည့်အစုံကို နားထောင်ပြီးပြီ … ဒီလူတွေက လုပ်အားခတွေကို မပေးဘဲ ဆိုင်းငံ့ထားနေတယ် … မင်း ဒီကိစ္စ ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ ….”

All Chapters