← Chapters

မင်းကို တစ်နေရာ ခေါ်သွားပေးမယ်

Vol. 143 Ch. 2134

မင်းကို တစ်နေရာ ခေါ်သွားပေးမယ်

Vol. 143 Ch. 2134

“ ကယ်တင်ခြင်း ဟုတ်လား …”

သူ့စိတ်ထဲ မစ်ရှင်ဖြစ်ပေါ်လာသည်ကို မြင်တော့ လင်းရီ ခေတ္တ အတွေးနက်မိသွားခဲ့၏။ တာဝန် အတိအကျက ဘာလဲဆိုတာကို သူ နားမလည်ပေ။

“ စနစ် … ‘ ကယ်တင်ခြင်း ‘ ဆိုတာက ဘာကို ပြောချင်တာ … တာဝန်အသေးစိတ်က ဘာလဲ …”

[ကျေးဇူးပြုပြီး ကိုယ့်ဘာကိုယ် ဆန်းစစ်အဖြေရှာကြည့်ပါ စနစ်ရှင် … ]

“ ငါ @#* “

လင်းရီ စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်ပြီး စနစ်က ပို၍ နက်ရှိုင်းသထက် နက်ရှိုင်းလာသည်ဟု ခံစားနေရသည်။ စနစ်က ပျိုဖော်ဝင်နေလား သူလည်း မပြောတတ်။

ဆိုဖာနောက်ကျောသို့ မှီလျက် ထိုင်နေရင်း စနစ်၏ တာဝန်ကို လင်းရီ တွေးတောနေမိသည်။

သူ့တွင် သဲလွန်စလည်း တစ်ခုမျှမရှိ။ လွန်ခဲ့သော စနစ်မစ်ရှင် တစ်ခုကလည်း မည်သည့်နေရာကမှန်း မသိ ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့ကာ သူ့အား နောက်ကွယ်ရှိ လက်သည်တရားခံကို ရှာဖွေခိုင်းခဲ့သည်။

သို့သော် နှစ်ခုကြားရှိ ကွာဟချက်က ဤတစ်ခုမှာ ပိုပြီး ခက်ခဲ၏။ အဘယ်ကြောင့်ဆိုသော် ‘ ကယ်တင်ခြင်း ‘ ဆိုသည့် စကားလုံး၏ အနက်အဓိပ္ပာယ်က အတော်လေး ကျယ်ပြောလွန်းသောကြောင့်ပင်။ လင်းရီ ခေါင်းကုတ်လျက် စိတ်အတွင်း၌ ကြိတ်ကျိန်ဆဲမိလိုက်၏။

လခွမ်းကို ငါက သွားကယ်တင်ရမှာလား …

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့သည်။ ကျန်းဇီရှင်းက ဖုန်းခေါ်လာခဲ့ခြင်းဖြစ်၏။

“ အစ်ကိုရီ … ဆောက်လုပ်ရေးဆိုက်မှာ ပြဿနာတော့ တက်နေပြီ …”

“ ဘာလဲဖြစ်တာ … ငါမင်းကို ချိပ်ပိတ်ခိုင်းထားတာ မဟုတ်ဘူးလား …”

“ မဟုတ်ဘူး … ကျွန်မတို့ ဒီကို ရောက်တော့ အလုပ်သမားတွေက သူတို့ ဒီကိစ္စကို ဆက်မလိုက်တော့ပါဘူး ပြောနေလို့ … ပြီးတော့ ယန်ချီဖုန်းကလည်း သူတို့ လုပ်အားခတွေကို ပေးပြီးပြီလို့ ပြောနေတယ် …”

“ လုပ်အားခက ပေးပြီးသွားပြီတဲ့လား … အဲ့ဒါ ကောင်းတဲ့ ကိစ္စပဲလေ …”

“ ဒါပေမယ့် သူတို့ရဲ့ ပုံစံတွေက သိပ်ပြီး မူမမှန်လို့ ... ပြီးတော့ တော်တော်များများကလည်း ထွက်သွားခဲ့ကြပြီ … ဆောက်လုပ်ရေးဆိုက်မှာ လူဘယ်နှယောက်မှလည်း မကျန်တော့ဘူး …”

“ သူတို့ မူမှန်တာ မမှန်တာ၊ ထွက်သွားတာ မသွားတာက ငါတို့ အလုပ်မဟုတ်ဘူး … သူတို့ ပိုက်ဆံရသွားပြီဆိုရင်ကို ငါတို့ တာဝန်ကျေပြီလို့ သတ်မှတ်လို့ရတယ် … ထွက်သွားတော့လည်း နောင်ကျ ပိုကောင်းတဲ့ သူဌေးကို ရှာပေါ့ …”

ထိုကဲ့သို့သော သတင်းများအား လင်းရီ အင်တာနက်တွင် မြင်တွေ့တိုင်း ဆောက်လုပ်ရေး နယ်ပယ်ထဲ၌ ကျီချင်းရန် တစ်ဦးတည်းသာလျှင် အသိစိတ်ရှိသည်ဟု လင်းရီအမြဲတမ်း မတွေးတောမိဘဲ မနေနိုင်ချေ။

ချောင်ရန် အုပ်စု၏ ပရောဂျက်တိုင်းက အကောင်းဆုံးဟု မဆိုနိုင်သော်ငြား ဆိုးရွားသည်လည်း မဟုတ်ပေ။ အနည်းဆုံးတော့ လုပ်အားခကို ကြေအောင်ရှင်းပေး၏။

“ ဟုတ်ပြီလေ … အခု သူတို့ ပြဿနာ သူတို့ဘာသူတို့ ဖြေရှင်းပြီးပြီဆိုတော့ ချိပ်ပိတ်မနေတော့ဘူး … ကျွန်မ ပြန်လာခဲ့တော့မယ် …”

“ အင်း ပြန်ခဲ့တော့ …”

လင်းရီ လိုရင်းတိုရှင်းသာ တုံ့ပြန်၍ ဆက်ပြီး စကားမဆိုတော့ချေ။

သူ့တာဝန်က အလုပ်သမားများအား သူတို့လုပ်အားခ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးဖို့ ဖြစ်၏။ သို့သော် လီချိုက်ဆိုသည့်လူကိုတော့ သူ တစ်ချက် စစ်ဆေးကြည့်ဖို့လိုသည်။ အကယ်၍ နားလည်မှုလွဲသည့် တစ်စုံတစ်ရာ မရှိပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

မဟုတ်ပါက ဒီအတိုင်း ထားလိုက်မှာ မဟုတ်ချေ။

“ လင်းကော … မင်းကို တစ်ယောက်ယောက် ရှာနေတယ် ...”

လင်းရီ လီချိုက်ကို မည်သို့မည်ပုံ ကိုင်တွယ်ရအံ့ဟု စဉ်းစားတွေးတောနေစဉ်မှာပဲ တံခါးဝ၌ တစ်စုံတစ်ယောက် စကားပြောလာသည့် အသံကို ကြားလိုက်ရပြီး မော့ကြည့်လိုက်သည်တွင် တာဝန်ကျနေသည့် ရှောင်ကျန်း ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

“ ငါ့ကို ရှာနေတယ်ဟုတ်လား … ဘယ်သူတဲ့လဲ …”

“ အမျိုးသားတစ်ဦးပဲ … နာမည်က ယန်ချီဖုန်းဆိုလား ….”

“ ယန်ချီဖုန်း …”

လင်းရီ ရေရွတ်လိုက်ပြီး မည်သူဆိုတာကို သူ ပြန်မှတ်မိသွားခဲ့သည်။ ထိုလူက ဆောက်လုပ်ရေးဆိုက်ခေါင်းဆောင် ဖြစ်၏။

“ ကောင်းပြီ … ငါ သိပြီ …”

ခွန်းတုံ့ပြန်ပြီးနောက် လင်းရီ မတ်တပ်ရပ်၍ ရုံးခန်းထဲက ထွက်လာခဲ့ရာ ရဲစခန်း တံခါးပေါက်ဝတွင် စောင့်နေသည့် ယန်ချီဖုန်းကို မြင်တွေ့လိုက်ရ၏။

“ အရာရှိလင်း … ငါတို့ တွေ့ကြပြန်ပြီ …” ယန်ချီဖုန်း အပြုံးမျက်နှာနှာဖြင့် နှုတ်ဆက်လာသည်။

လင်းရီ သူ့အား အစုံအဆန် တစ်ချက် စစ်ဆေးကြည့်၍ “ မင်းလား ငါနဲ့ တွေ့ချင်နေတာ …”

“ လာခဲ့ လာခဲ့ အရာရှိလင်း … ငါတို့ ဟိုနားလေးမှာ စကားပြောကြမယ်…”

လင်းရီ များများစားစား စဉ်းစားမနေပါဘဲ ယန်ချီဖုန်းနှင့် အရိပ်ရသည့် နေရာသို့ လိုက်သွားလိုက်သည်။

“ အရာရှိလင်း … မင်း ဒီမနက် ငါ့ဆီ စကားလာပြောပြီးတော့ ငါ့ကိုယ်ငါ ပြန်ဆင်ခြင်ကြည့်လိုက်တာ တကယ်လည်း ငါ့ဘက်က အမှားဖြစ်နေတယ် … အခု အားလုံး ဖြေရှင်းပြီးသွားပြီဆိုတော့ မင်းကို လာတောင်းပန်တာပါ …”

“ တောင်းပန်တာလား … မလိုပါဘူး … မင်းငါ့အပေါ် ဘာအမှားမှလည်း မလုပ်ထားဘူး …” လင်းရီ ပြောလိုက်ပြီး “ နောင်ကျ လုပ်အားခတွေကို အချိန်မှန်မှန် ပေးဖို့သာ မမေ့နဲ့ …”

“ ငါ ကျိန်းသေပေါက် ပေးမှာပါ … အရာရှိလင်း စိတ်ချထားလိုက် … ဒီနေ့လို ကိစ္စမျိုး နောက်ထပ် မဖြစ်စေရဘူး …”

“ မင်းစကားနဲ့တင် လုံလောက်ပြီ …” လင်းရီ ပြောလိုက်ပြီး “ တခြား မရှိတော့ဘူးဆို ငါသွားတော့မယ် …”

“ နေပါဦး နေပါဦး … ဘာလို့ အဲ့လောက်တောင် လောနေရတာလဲ အရာရှိလင်းရယ် … ငါ မင်းနဲ့ ပြောစရာရှိလို့ပါဆို ….”

“ ရှိရင်ပြောလေ …”

ယန်ချီဖုန်းက အိတ်ထောင်နှိုက်လျက်သားဖြင့် လင်းရီအနားသို့ မသိမသာ တိုးကပ်လာခဲ့ပြီး “ အရာရှိလင်း … ငါလည်း အရေးတကြီး လာလိုက်ရတော့ သိပ်အများကြီး ပါမလာဘူး … ဒါလေးကို လက်ဆောင်အသေးလေး အနေနဲ့ ယူထားလိုက် … မင်း လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ် …”

လင်းရီ ချက်ချင်း မယူဘဲ အိတ်ထောင်ထဲကို တစ်ချက် ရှိုးကြည့်လိုက်သည်။

“ တော်တော်ထူတာပဲ ... ယွမ် ငါးသောင်းလား …”

ယန်ချီဖုန်း ရယ်မောပြလိုက်ပြီး ဘာမျှ ပြန်မပြောချေ။

အားလုံးက အရွယ်ရောက်ပြီးသူများ ဖြစ်သဖြင့် ရှင်းပြဖို့ မလိုပေ။ အခြေခံလောက်ကိုတော့ လူတိုင်း နားလည်ကြ၏။

လင်းရီ ဖုန်းကို တစ်ချက် အပေါ်အောက် ဆွဲလိုက်ပြီး “ ဒါငါ့ဖို့ဆိုတာ မင်း သေချာလား …”

“ ဒါပေါ့ ဒါပေါ့ … လက်ဆောင်အသေးစားလေးလို့ပဲ သဘောထားလိုက်ပါ ….”

“ တော်တော့်ကို ရက်ရောတဲ့ လက်ဆောင်ပါပဲ … ဒါပေမယ့် ငါ လက်မခံနိုင်ဘူး …” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် ငါမင်းကို တစ်နေရာ လိုက်ပို့ပေးလို့တော့ ရတယ် …”

“ ဘယ်နေရာကိုလဲ …”

“ အချုပ်ခန်းထဲ …”

ယန်ချီဖုန်း၏ မျက်နှာအရောင်မှာ ချက်ချင်း လျော့ကျသွားခဲ့သည်။ လင်းရီ ဤစကားမျိုး ဆိုလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပါချေ။

“ အရာရှိ တစ်ယောက်ကို လာဘ်ထိုးတယ်ဆိုတာ ပြစ်မှုက မသေးဘူး … တရားသူကြီး ဘယ်လို စီရင်ချက် ချမလဲဆိုတာကတော့ တရားသူကြီးရဲ့ စိတ်အခြေအနေပေါ်ပဲ မူတည်တယ် …”

“ ဟာ … မလုပ်ပါနဲ့ မလုပ်ပါနဲ့ အရာရှိလင်း … ငါက တခြား ဘာအဓိပ္ပာယ်မှ မရှိပါဘူး … မင်း ဒီလိုမျိုး လုပ်လို့ မရဘူးလေ …”

“ ငါက ဘာတွေ လုပ်နေလို့ … အခု သက်သေအထောက်အထားနဲ့ပါ လက်ဆုပ်လက်ကိုင် ရှိနေတာနော် … ငါ့လက်ထဲက ဖုန်းနဲ့တောင် မှတ်တမ်းယူထားသေးတယ် … မင်းကို ဖမ်းတယ်ဆိုတာ ပုံမှန်ပဲ …”

“ ငါ … ငါ အမှားသိပါပြီ .. ငါအခု ထွက်သွားပါ့မယ် … ကျေးဇူးပြုပြီး ငါ့ကို အညှိုးအတေး မထားလိုက်ပါနဲ့ ….”

အခြေအနေ မဟန်သည်ကို မြင်တော့ ယန်ချီဖုန်း ချက်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် လင်းရီက သူ့ကို ထိုသို့ ပြုလုပ်ခွင့် မပေးခဲ့ပေ။

သူ့ခန္ဓာကိုယ်ပေါ်သို့ တစ်ချက် ကန်လိုက်ရာ ယန်ချီဖုန်း ချက်ချင်းပဲ မြေကြီးနှင့် မျက်နှာအပ်သွားခဲ့ရ၏။

“ မင်းက မဟုတ်တာကျ လုပ်ပြီး ထွက်ပြေးချင်နေတယ်ပေါ့ …”

ယန်ချီဖုန်း မြေပြင်ပေါ်မှ ပျာပျာသလဲ ပြန်ထ၍ ဖုန်များ ခါခပ်ကာ လူကလည်း ပေတေစုတ်ပြတ်သပ်သွားခဲ့၏။ သူ၏ မျက်နှာအမူအရာမှာတော့ ယင်ကောင် အစိမ်းစားမိသည့်နှယ် အကျည်းတန်နေသည်။

စောက်မျိုးမစစ်လေးက မာနတော့ အတော်ကြီးသား ...

ငါက သူ့ကို ပိုက်ဆံလာပေးတာတောင် ထောင်ထဲထည့်ချင်နေတယ် ...

ယခုအချိန်တွင်တော့ သူ တတ်နိုင်သည့်အရာကား အခွင့်အရေးရှာ၍ သူ့အစ်ကိုကြီးထံ ဖုန်းခေါ်ဖို့ပင်။

လင်းရီ အပိုစကား ဆိုမနေဘဲ ယန်ချီဖုန်းကို ရဲစခန်းထဲသို့ ဆွဲခေါ်လာခဲ့လိုက်၏။

နောက်ဆက်တွဲ ဖြစ်ပျက်သည်များကတော့ အခြားလူ၏ ကိစ္စ ဖြစ်သွားခဲ့လေပြီ။ သို့သော် သူ ဘယ်နှရက် အချုပ်ချခြင်း ခံလိုက်ရမလဲ ဆိုတာကတော့ လင်းရီလည်း မသိပေ။

ထိုကဲ့သို့သော ကိစ္စများတွင် ရှုပ်ထွေးသည့် အဆက်အသွယ်တို့ ပါဝင်နေတတ်၏။ သို့သော် အနည်းဆုံးတော့ သကောင့်သားအတွက် သင်ခန်းစာ တစ်ခု ဖြစ်သွားနိုင်လေသည်။

ထိုအချိန်မှာပဲ လင်းရီကို စောနက လာခေါ်သည့် ရှောင်ကျန်းလေးက ရုံးခန်းထဲသို့ တစ်ဖန် ပြန်ရောက်လာခဲ့၏။

“ လင်းကော … မင်းကို တစ်ယောက်ယောက် လာရှာနေတယ် … ကြည့်ရတာ တော်တော်လေး အလျင်လိုနေတဲ့ပုံပဲ … တစ်ချက် ထွက်ခဲ့ပါဦး …”

“ ငါ့ကို ရှာနေပြန်ပြီလားဟ ….”

လင်းရီ ရေရွတ်လျက် သူနှင့် တွေ့ချင်သူများက ဘယ်အချိန်တုန်းကစပြီး ဤမျှ များပြားသွားလဲဟု အတွေးနက်နေမိသည်။

ရုံးခန်း အပြင်ဘက်သို့ ထွက်လာခဲ့လိုက်ရာ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက အပြင်တွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

သူမ၏ အသက်အရွယ်က လေးဆယ်ဝန်းကျင်ခန့် ရှိပြီး အသားအရေကတော့ ညိုသည်။ အဝတ်အစားကလည်း ရိုးရိုးအအကြီး ဖြစ်ပြီး သူမ၏ ရှိရင်းစွဲ သွင်ပြင်ထက် ပိုပြီး အသက်ကြီးသွားစေပုံ ပေါက်နေခဲ့၏။

လင်းရီ ခေတ္တ စဉ်းစားကြည့်လိုက်သည်။ သူ ဤအမျိုးသမီးကို မမြင်တွေ့ဖူးသည်မှာ သေချာသည်။

“ တစ်ခုခု လိုအပ်တာရှိလို့လား အစ်မကြီး …”

“ ဟယ်လို ရဲအရာရှိကြီးရှင့် … ကျွန်မ တစ်ခုလောက် မေးချင်လို့ပါ … ရှင်က ဒီနေ့ မနက်တုန်းက ကျွန်မယောက်ျားအတွက် ပိုက်ဆံလာတောင်းပေးတဲ့လူလား မသိဘူး …”

လင်းရီကို မြင်တော့ သက်လတ်ပိုင်း အမျိုးသမီးကြီးမှာ စိတ်လှုပ်ရှားလာခဲ့သည်။

“ အစ်မကြီး ယောက်ျားအတွက် ပိုက်ဆံတောင်းပေးတယ် …” လင်းရီ စကားကို ခေတ္တ ရပ်တန့်၍ “ ဪ … သိပြီ .. အလုပ်သမားတွေကို လုပ်အားခ ဆိုင်းငံ့ထားတဲ့ ကိစ္စနဲ့လား …”

“ ဟုတ်တယ် ဟုတ်တယ် … ကျွန်မ ယောက်ျားက ဆောက်လုပ်ရေး ဆိုက်တစ်ခုမှာ အလုပ်လုပ်နေတာ … သူတို့ အလုပ်ရှင်က လုပ်အားခ မပေးတာ နှစ်လရှိပြီ …”

“ အဲ့ကိစ္စက ဖြေရှင်းပြီးသွားခဲ့ပြီ မဟုတ်ဘူးလား… အစ်မကြီး မရှင်းသာ ရှိရင် တခြား အလုပ်သမားတွေကို သွားမေးကြည့်လေ … သူတို့အကုန်လုံးလည်း လုပ်အားခ ပြန်ရနေပြီကိုပဲ …”

သက်လတ်ပိုင်း အမျိုးသမီးကြီးက မျက်ရည်များအား ဖယ်သပ်လိုက်၏။

“ ကျွန်မတို့ ဘာပိုက်ဆံ တစ်ပြားမှ မရပါဘူးရှင် … အဲ့သူဌေး ယန်ချီဖုန်းက ကျွန်မ ယောက်ျားနဲ့ အလုပ်သမား တစ်ချို့ကို လူငှားနဲ့ ရိုက်နှက်ပြီး ဒီကိစ္စကို ထပ်မပြောဖို့ ခြိမ်းခြောက်တယ် … အခု လူဆယ်ယောက်ကျော် ဆေးရုံတင်ထားရတယ် … ကျွန်မ ယောက်ျားရဲ့ ဒဏ်ရာက အပြင်းထန်ဆုံးပဲ .. ကျွန်မတို့မှာ သူ့ကို ဆေးကုပေးဖို့ ပိုက်ဆံလည်း မရှိဘူး … ပြီးတော့ မကျေနပ်တာကိုလည်း မြိုသိပ်ပြီး မနေနိုင်လို့ … ဒါကြောင့်မို့ လာတိုင်တာပါ …”

All Chapters