← Chapters

ရက်စက်တဲ့ စကားများ

Vol. 143 Ch. 2140

ရက်စက်တဲ့ စကားများ

Vol. 143 Ch. 2140

ပြောဆိုပြီးနောက် လင်းရီ လက်ဝှေ့ယမ်းပြကာ ဝမ်ရင်းနှင့် ဝမ်လုကို ဦးဆောင်၍ ဟိုတယ်ထဲက ထွက်လာခဲ့ပြီး ကားထံသို့ ပြန်ရောက်လာခဲ့သည်။

“ ငါ နင့်ကို အစောတုန်းက ဘာပြောထားခဲ့လဲ … စာလေ့လာတဲ့ နေရာမှာပဲ သေချာ အာရုံစိုက်ထားပြီး ဒီလို ရှုပ်ထွေးတဲ့ ညစာဝိုင်းတွေ မတက်ပါနဲ့လို့ အတန်တန် မှာခဲ့လျက်သားနဲ့ နင်က ငါ့စကားတွေကို ဘယ်ဘက်နားက ဝင်ပြီး ညာဘက်နားကနေ ပြန်ထွက်သွားတယ်ပေါ့လေ ဟုတ်လား …”

ကားထဲသို့ ရောက်သည်နှင့် ဝမ်ရင်းမှာ မနေနိုင်ဘဲ စပြီး ဆူငေါက်တော့သည်။

“ ညီမကို လာဆူမနေနဲ့ … ညီမလည်း ပိုက်ဆံ မြန်မြန်ရှာပြီး အိမ်ကို ပြန်ထောက်ပံ့ပေးချင်တာပေါ့ .. အိမ်ရဲ့ အသုံးစရိတ်တွေကို အစ်မတစ်ယောက်တည်းအပေါ် မှီခိုနေလို့မှ မဖြစ်တာ ….”

“ ငါက မထောက်ပံ့နိုင်တဲ့အထိ ဖြစ်ပျက်နေတာလည်း မဟုတ် … ငါ နင့်ကို ဘယ်တုန်းကများ ---- “

“ ကဲပါ ကဲပါ … လုလုလည်း သူ့အမှားသူ သိပြီ … ထပ်ပြီး ချဲ့ကားစရာ မလိုတော့ပါဘူး …” လင်းရီ ဝင်ပြီး ပြောလိုက်၏။

“ ဟွန့် … ဒီကောင်မလေးကြောင့်နဲ့ ငါတော့ အနှေးနဲ့အမြန် ဒေါသထွက်လွန်းလို့ သေမှာပဲ …”

ဝမ်ရင်းမှာ ဒေါသကြီးနေခဲ့ပြီး ဝမ်လုကို ဖြောင်းဖြနှစ်သိမ့်ပေးဖို့ အာရုံမလာခဲ့ချေ။ အကယ်၍ လင်းရီသာ ဝင်ပြီး မတားခဲ့ဘူးဆိုပါက ပါးတွေနားတွေ ဖြတ်ရိုက်နေပြီး ဖြစ်၏။

“ ဒါပေမယ့် ဒီနယ်ပယ်ထဲမှာ ဒီလိုမျိုး ညစာဝိုင်းတွေ တက်တာက ပုံမှန်ပဲလေ … တကယ်လို့ ကိုယ်က သရုပ်ဆောင်ချင်တယ်ဆိုရင် ဒီလို ဝိုင်းတွေနဲ့ အဆက်အသွယ်တွေ လုပ်ဖို့ လိုတယ် … မဟုတ်ရင် နယ်ပယ်ထဲမှာ ရှင်သန်ရပ်တည်ဖို့က လွယ်မှမလွယ်တာ …” ဝမ်လု သူ့ကိုယ်သူ ပြောနေသကဲ့သို့ တီးတိုးလေး ပြောလိုက်သည်။

“ နင်က ပြောနေသေးတုန်းပဲပေါ့လေ ..” ဝမ်ရင်း စူးရဲစွာ ကြည့်လိုက်ပြီး “ ဒီနေ့လိုမျိုး ဖြစ်ပါပြီရဲ့ … တကယ်လို့ လင်းရီသာ ရောက်မလာခဲ့ဘူးဆိုရင် ငါ ဖြေရှင်းနိုင်မယ်လို့ နင် ထင်နေလား ….”

ဝမ်လု နှုတ်ခမ်းထော်သွားခဲ့ပြီး စောနတုန်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသည်၌ ကြောက်ရွံ့သွားခဲ့သည်။

“ ကဲပါ အစ်မရင်း … အခု စိတ်လျှော့လိုက်တော့ …”

လင်းရီ ဝမ်ရင်းကို ကြည့်၍ ပြောလိုက်ပြီး “ ဒါ သူ့အတွက် သင်ခန်းစာပဲလေ … ဘယ်သူကရော သူတို့ ကြီးပြင်းလာတဲ့ လမ်းခရီးမှာ အခွင့်အရေး မယူခံရတဲ့လူ ရှိဖူးလို့လဲ… ကျွန်တော်တို့ နှစ်ယောက် အတူ အလုပ်လုပ်တုန်းကလည်း လူတွေ သရော်တာ၊ အနိုင့်ကျင့်တာတွေ မခံခဲ့ရဖူးလို့လား … ကျွန်တော်ကတော့ ဒါကို အဆိုးထဲက အကောင်းလို့ပဲ မြင်တယ် … ဘ၀သင်ခန်းစာ တစ်ခုပေါ့ … မဟုတ်ရင် နောင်ကျ ဒီထက် ပြဿနာ ပိုများသွားဦးမယ် …”

“ ဟုတ်တယ် ဟုတ်တယ် … အစ်ကိုရီ ပြောတာ မှန်တယ် …” ဝမ်လု ဝင်ပြီး ထောက်ခံလိုက်သည်။

ဝမ်ရင်း လင်းရီအား ဗလာကျင်းသည့် အကြည့်တစ်ချက် ပေးလိုက်ရင်း “ နင် သူ့ကို အဲ့လို အလိုလိုက်နေ သိလား … တစ်နေ့ သူ နင့်ကြောင့် ပျက်စီးလိမ့်မယ် …”

လင်းရီ ပြုံးလိုက်ပြီး နှစ်သိမ့်သည့်အနေဖြင့် ဝမ်ရင်း၏ လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။

“ အဲ့တာ သူတို့ရဲ့ နယ်ပယ်ထဲမှာ ပေးဆပ်ရတဲ့ တန်ရာတန်ကြေးပဲလေ … စွန့်စားမှုများရင် ပြန်ရတာလည်း များမယ် … လုလု နာမည်ကြီးလာတဲ့အထိပဲ စောင့်နေလိုက် … သူ ရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ဖို့ ယူတဲ့ ကြေးက အစ်မရင်း တစ်သက်လုံး ရှာနိုင်တာထက်တောင် ပိုနေလိမ့်ဦးမယ် …”

“ ဒါပေမယ့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့တော့ အလဲအလှယ် လုပ်လို့ မရဘူးလေ …”

“ ဖျော်ဖြေရေး နယ်ပယ်က တကယ်ကို ရှုပ်ထွေးလွန်းတာ အမှန်ပဲ … ကျွန်တော် မနက်ဖြန် လုလုဖို့ အဆက်အသွယ် တစ်ချို့ လုပ်ပေးလိုက်မယ် … ပြီးရင် နယ်ပယ်ထဲမှာ ဒီလို အခက်တွေ့စရာတွေ ကြုံစရာ အကြောင်းမရှိတော့ဘူး …”

“ အစ်ကိုရီက ဖျော်ဖြေရေးနယ်ပယ်ထဲမှာလည်း မိတ်ဆွေတွေ ရှိတယ်ပေါ့ …” ဝမ်လု အံ့အားသင့်သည့် လေသံဖြင့် ပြောဆိုလာခဲ့၏။

“ တစ်ယောက်စ ၊ နှစ်ယောက်စတော့သိတယ် … ဒါပေမယ့် မများပါဘူး …” လင်းရီ အပြုံးလေးဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ မနက်ဖြန် ငါနဲ့လိုက်ခဲ့လိုက် …”

“ အွန်း …”

မကြာမီ သူတို့ သုံးဦးလုံး အိမ်ပြန်ရောက်လာခဲ့ကြသည်။ လင်းရီ၏ ဖြောင်းဖြနှစ်သိမ့်ပေးမှုကြောင့် ဝမ်ရင်းမှာ ဝမ်လုနှင့် ပတ်သက်၍ ဘာမျှ ထပ်ပြောတော့ချေ။ ရေချိုးပြီးသည့်နောက် နှစ်ဦးလုံး အိပ်ယာဝင်လိုက်ကြ၏။

မနက်ခင်း အစောပိုင်းတွင် ဝမ်ရင်းက စောစီးစွာ ထ၍ မနက်စာပြင်နေချိန်တွင် လင်းရီက အိပ်ရာထဲတွင် ရှိနေဆဲဖြစ်ပြီး ရန်စီထံသို့ ဖုန်းခေါ်လိုက်၏။

“ မနက်အစောကြီး ဖုန်းခေါ်လာတယ်ဆိုတော့ ကိစ္စ တစ်ခုခု ရှိလို့လား …”

“ ငါ မင်းကို တစ်ခုလောက် အကူအညီ တောင်းချင်လို့ …”

“ ဒါရိုက်တာလင်းက ကျွန်မကို အကူအညီလာတောင်းနေတယ်ဆိုတော့ အသေးအမွှား ဖြစ်မယ် မထင်ဘူး …” ရန်စီ တခစ်ခစ် ရယ်ရင်း ပြောလိုက်ပြီး “ ပြောလေ … ဘာကိစ္စလဲ …”

“ ကျိုးဟိုင် ဒရာမာ အကယ်ဒမီမှာ ဒုတိယနှစ်တက်နေတဲ့ ငါ့မိတ်ဆွေရဲ့ ညီမတစ်ယောက်ရှိတယ် … ပြီးတော့ သူက မင်းတို့ နယ်ပယ်ထဲကပဲ .. တကယ်လို့ မင်းဘက်ခြမ်းမှာ အခွင့်အရေး တစ်ခုခု ရှိတယ်ဆို သူ့ဖို့ တစ်ချက်ကြည့်ပေးပါဦးလား …” လင်းရီ ပြောလိုက်သည်။ “ သူ့ကို အတွေ့အကြုံ နည်းနည်းပါးပါး ရပါစေပေါ့ … အဲ့လိုမှပဲ ဘွဲ့ယူတဲ့အချိန်ကျ တစ်ခါတည်း ပိုလွယ်သွားမှာ …”

“ သူ အဲ့လို ကြိုးစားကြည့်ချင်တယ်ဆိုရင်တော့ လောလောဆယ် သူ့ဖို့ အခွင့်အရေး တစ်ခုတော့ ရှိတယ် …” ရန်စီ ပြောလိုက်သည်။

“ အဲ့တာ သူ့အတန်းအချိန်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေဘူးမလား …”

“ ဒရာမာ ကောလိပ်တွေက တခြားကျောင်းတွေနဲ့ မတူဘူး … တကယ်လို့ သရုပ်ဆောင်ဖို့ အခွင့်အရေး ရှိတယ်ဆိုရင် ရုပ်ရှင်ရိုက်ဖို့ကိုပဲ ပိုပြီး ဦးစားပေးတယ် … ဘာပဲဆိုဆို သူတို့ သင်သမျှကလည်း သရုပ်ဆောင်ဖို့ အတွက်ပဲလေ … ရုပ်ရှင်ရိုက်ရင်း ရလာတဲ့ အတွေ့အကြုံတွေက စာသင်ခန်းထဲ သင်ရတာတွေထက်ပိုပြီး တန်ဖိုးရှိတယ် …” ရန်စီ ရှင်းပြလိုက်သည်။

“ သူ့ရဲ့ ပုံပန်း သဏ္ဌာန်ကရော ဘယ်လိုရှိလဲ … နင့်မှာ ဓာတ်ပုံရှိတယ်ဆို ငါကြည့်လို့ရအောင် တစ်ချက် ပို့ပေးလိုက်လေ..”

“ ခဏ … ငါရှာလိုက်ဦးမယ် … ငါ့အထင်တော့ တော်တော်လေး လှတယ်လို့ထင်တာပဲ … မင်းလောက် မကိတ်ပေမယ့်ပေါ့ …”

“ ဘာမှ မဖြစ်ဘူး … ဖျော်ဖြေရေး နယ်ပယ်က အဲ့ဟာတွေကို အာရုံစိုက်တာ မဟုတ်ဘူး … A cup ဆိုရင်တောင် ရတယ် …”

“ ဒါဆိုရင်တော့ ပြဿနာမရှိတော့ဘူး … သူ့ရုပ်က တော်တော်လေးတော့ လှတယ် …”

လင်းရီထံတွင် ဝမ်လု၏ ဓာတ်ပုံ ရှိမနေသဖြင့် သူ ဝမ်ရင်း၏ ဖုန်းကို ယူပြီး ဓာတ်ပုံတစ်ချို့ကို တစ်ဆင့် ပို့ပေးလိုက်သည်။

“ ရုပ်ရည်က တော်တော်လေးတော့ မဆိုးဘူးပဲ … အရပ်ကလည်း အနည်းဆုံး 170 cm လောက်တော့ ရှိလိမ့်မယ် ဟုတ်တယ်ဟုတ် …. “

“ နည်းနည်းလျော့တယ် … 169 cm … “

“ အဲ့တာဆို လုံလောက်ပြီ …” ရန်စီ ပြောလိုက်ပြီး “ ဒါပေမယ့် သူ့ကိုယ်လုံးကိုယ်ပေါက် ဘယ်လိုရှိလဲတော့ ငါ ပြောလို့ မရသေးဘူး … နင့်မှာ အဝတ်မပါတဲ့ ဓာတ်ပုံမရှိဘူးလား …”

“ ဟင် … အဲ့တာ ဘာစကားတုန်းဟ … သူက ငါ့မိတ်ဆွေရဲ့ ညီမနော်…”

“ ခစ်ခစ် … “

ရန်စီ အားပါးတရ ရယ်မောမိသွားခဲ့ပြီး “ ငါပြောချင်တာ … နင့်မှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံလိုဟာမျိုး ရှိလားလို့ မေးတာ …”

“ အဲ့လောက်ထိ စစ်ဆေး‌ဖို့ လိုလို့လား …”

“ လိုတာပေါ့ … သရုပ်ဆောင်တစ်ယောက်ရဲ့ သွင်ပန်းသဏ္ဌာန်က ပေါင်မုန့်နဲ့ ထောပတ်ပဲလေ … အသေးစိတ်တွေ အကုန်လုံးက အရေးပါတယ် …” ရန်စီ ပြောဆိုလိုက်ပြီး “ ငါတို့ အခု နောက်ရုပ်ရှင် ဇာတ်ကားအတွက် သရုပ်ဆောင် ရွေးနေတာ … နင်သူ့ကို ခေါ်လာခဲ့လိုက် ... သူ့ကို ဂရုစိုက်ထားပေးဖို့ အကြောင်းကြားထားလိုက်မယ် …”

“ အင်း ………..” လင်းရီ ခေတ္တ တွေးတောလိုက်ပြီး ထို့နောက် ပြောလိုက်သည်။ “ လောလောဆယ်တော့ အကြောင်းမကြားသေးနဲ့ … ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ထားတာ အကောင်းဆုံးပဲ … သူ့ကို ပုံမှန် လူရွေးပွဲ လမ်းကြောင်းကနေပြီးပဲ ဝင်ခိုင်းလိုက် … သူ့ အဆင့်ဘယ်နေရာမှာ ရှိလဲ တစ်ချက် အရင် ကြည့်ကြတာပေါ့ …”

“ ဘာတွေ စိတ်ပူနေတာ … သူ မလုပ်နိုင်လို့ ဇာတ်ကား အရှုံးပေါ်သွားလည်း ကုန်ကျစရိတ်တွေ ပြန်လျော်ပေးဖို့ နင်တစ်ယောက်လုံး ရှိနေတာပဲ မဟုတ်ဘူးလား …” ရန်စီ အပြုံးလေးဖြင့် ပြောဆိုလိုက်၏။

“ အခု မင်းက ပိုပိုပြီး လောဘကြီးနေပြီပေါ့ ဟမ်… ငါမင်းကို ဘီလီယမ်နဲ့ချီပြီး မလျော်ပေးခဲ့ဖူးတာ ရှိလား …”

“ အာ … မနက်ခင်း ဒီလောက် အစောကြီး အဲ့အကြောင်းပြောတာက ငါ့ကို တစ်နေ့ခင်းလုံး သက်တောင့်သက်သာ မဖြစ်အောင် လုပ်နေတာပဲ … “ ရန်စီ စိတ်အနှောင့်ဖြစ်ဟန် ဆောင်လိုက်လိုက်သည်။ “ ငါ တခြား လုပ်စရာတွေ ရှိသေးလို့ ဖုန်းချလိုက်တော့မယ်နော်… ခဏကျရင်သာ ကုမ္ပဏီကို လာခဲ့လိုက် …”

“ အိုကေ …”

ခေတ္တ စကားပြောပြီးသည့်နောက် လင်းရီ ဖုန်းချလိုက်သည်။ ထို့နောက် မျက်နှာသစ်ပြီး မနက်စာ စားဖို့ ထွက်လာခဲ့၏။

“ လုလု … ရယ်ဒီ လုပ်ထား … ခဏနေကျရင် လူရွေးပွဲရှိတယ်… အချိန်ကျလာရင် အကောင်းဆုံး တင်ဆက်ပြလိုက် …”

“ ဟင် … လူရွေးပွဲ ဟုတ်လား ….”

ဝမ်လု အံ့အားသင့်သွားခဲ့ပြီး “ တိုက်ရိုက် လူရွေးပွဲလား …”

“ နောက်ဇာတ်ကား ရိုက်ဖို့ ပြင်ဆင်နေတဲ့ ငါ့ မိတ်ဆွေ တစ်ယောက် ရှိတယ်လေ … အဲ့တာ ဒီနေ့ လူရွေးပွဲ ရှိတဲ့ အသံကြားတော့ မင်းကို ခေါ်သွားပြီး စစ်ဆေးခိုင်းမလို့ …” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် ရှင်းအောင် တစ်ခါတည်း ပြောထားမယ် … ဇာတ်ကားထဲမှာ နေရာရချင်ရင် မင်း ကိုယ့်အရည်အချင်းပေါ်ပဲ မှီခိုရမယ် … အခွင့်အရေးက မင်းရှေ့မှာပဲ … အမိအရ ဖမ်းဆုပ်နိုင်မလားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ် …”

“ အွန်း အွန်း …”

ဝမ်လု အားတက်သရော ခေါင်းညိတ်လိုက်သည်။ “ စိတ်ချထားလိုက် အစ်ကိုရီ … ညီမ ဒီအခွင့်အရေးကို တန်ဖိုးထားမှာပါ ….”

“ အဲ့လိုစိတ်ဓာတ်မျိုး ဖြစ်နေရမှာ …”

စားသောက်ပြီးနောက် သုံးယောက်သား အတူထွက်လာခဲ့ကြသည်။ ဝမ်ရင်းက သူမ၏ ကုမ္ပဏီသို့ ရုံးတက်ရန် ထွက်ခွာသွားခဲ့ပြီး လင်းရီကတော့ ဝမ်လုကို ရန်စီ၏ ကုမ္ပဏီသို့ ခေါ်ဆောင်လာသည်။

သူတို့ ကုမ္ပဏီ တံခါးပေါက်ဝသို့ ရောက်သည့် အချိန်၌ အပြင်ဘက်တွင် တန်းစီနေသည့် လူတန်း အရှည်ကြီးကို မြင်တွေ့လိုက်ရသည်။ အမျိုးသား ၊ အမျိုးသမီးများ အားလုံးက ခြွင်းချက်မဲ့ ရုပ်ရည်ခန့်ညား ချောမောသူများ ဖြစ်နေခဲ့ကြ၏။

ဝမ်လုက လှပသည်။ သို့သော် ဤလူအုပ်ကြားထဲတွင်တော့ သာမန်လူများနည်းတူ ထူးမခြားနား ဖြစ်သွားခဲ့ရလေသည်။

“ ဘုရားရေ … ဒါ ဝေ့လန် ယဉ်ကျေးမှု ကုမ္ပဏီပဲ …”

“ သူက ဘာဖြစ်လို့ …”

“ ဒါ အရမ်း နာမည်ကြီးတဲ့ ကုမ္ပဏီလေ .. သူတို့က တည်ထောင်တာ မကြာသေးဘူးဆိုပေမယ့် သူတို့ ထုတ်လုပ်ရိုက်ကူးထားတဲ့ ဒရာမာတွေက ရီဗျူးကောင်းတွေ အများကြီး ရထားတယ် … ပြီးတော့ လူတွေ အများကြီးကြားထဲမှာလည်း နာမည်ကြီးပဲ …”

ဝမ်လု၏ အကဲဖြတ်မှုကို ကြားတော့ လင်းရီသည် နယ်ပယ်ထဲ အောင်မြင်နေမှုကို ခံစားလိုက်ရသည်။

“ အဲ့တာကောင်းတာပေါ့ … စမှတ်ကောင်း ရှိဖို့ကလည်း အရေးကြီးတယ်လေ …”

“ ဒါပေမယ့် ညီမကိုယ်ညီမ … ဒီလူအုပ်ကြီး ရှေ့မှာ ဘာအားသာချက်မှ မရှိသလိုပဲ …”

All Chapters