အမျိုးမျိုး တတ်နိုင်လွန်းတဲ့ ယောက်ျားတွေ
Vol. 143 Ch. 2143
“ အမျိုးသမီး အဓိက ဇာတ်လိုက်နေရာမှာ သရုပ်ဆောင်ကြည့်ရမယ် ဟုတ်လား …”
ဝမ်လု နေရာမှာတင် ကြက်သေသေသွားခဲ့ပြီး အခြားသော ထွက်ခွာရန် ဟန်ပြင်နေကြသူများလည်း သူမနည်းတူ အေးခဲသွားခဲ့ကြသည်။
သူတို့အဖို့ အသေးအမွှား အမျိုးသမီး တတိယဇာတ်လိုက်နေရာ ရနိုင်သည်ကပင် အတော်လေး အသိအမှတ်ပြုရလောက်သည့် အောင်မြင်မှုကြီး ဖြစ်နေပြီ ဖြစ်၏။ သို့သော် ဒါရိုက်တာက ထိုမိန်းကလေးကို တကယ်ကြီး အဓိက အမျိုးသမီး ဇာတ်လိုက်နေရာတွင် သရုပ်ဆောင်ခိုင်းစေချင်နေသည်တဲ့လော။
ဘာတွေ ဖြစ်နေတာလဲ ….
“ မင်းရဲ့ သရုပ်ဆောင်ပုံက တော်တော်လေး မဆိုးဘူး … ဒါကြောင့် မင်းကို စမ်းကြည့်ခိုင်းချင်နေတာ …” စွန်းရုံရှန်းက အပြုံးလေးဖြင့်ပြောလိုက်သည်။
“ မဟုတ် မဟုတ်ဘူး … ကျွန်မ မရဘူး ….”
ဝမ်လု လျင်မြန်စွာ ငြင်းပယ်လိုက်သည်။ “ ကျွန်မက အခုမှ ကောလိပ် ဒုတိယနှစ် တက်တုန်းပဲရှိသေးတယ် .. ကျွန်မရဲ့ သရုပ်ဆောင် အရည်အချင်းတွေက တတိယ ဇာတ်လိုက်နေရာတောင် မရတာ အဓိက ဇာတ်လိုက်နေရာဆိုရင်တော့ ပြောမနေနဲ့တော့ ….”
“ မင်း တတိယဇာတ်လိုက်နေရာ မရနိုင်တာက မင်းတို့ရဲ့ ကာရိုက်တာတွေ မကိုက်ညီလို့ဘဲ … ဒါကြောင့် မင်းကို မရွေးချယ်လိုက်တာ …” စွန်းရုံရှန်း ရှင်းပြလိုက်ပြီး “ ကိုယ့်ကိုယ်ကို အရမ်းကြီး ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်ဆိုပြီး ခံစားမနေနဲ့ … မင်းက ဒုတိယနှစ် ကျောင်းသူပဲ ရှိသေးတယ်ဆိုရင်တောင် မင်းက ငါတို့ ရှာနေတဲ့ ဇာတ်ကောင်နဲ့ ကွက်တိကို ကိုက်ညီတယ် … မင်းရဲ့ အရည်အချင်းတွေ ရင့်ကျက်လာတဲ့အချိန်ကျရင် အရှိန်အဝါတွေ သန်မာလာပြီး ဒီလို ဇာတ်ကောင်မျိုးနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူး … ငါပြောချင်တာကို မင်းနားလည်တယ်မလား …”
“ နားလည်တယ် …..”
ဝမ်လုမှာ အနည်းငယ် ငေးငိုင်နေခဲ့ပြီး အိပ်မက်ဆန်ဆန် ခံစားနေခဲ့ရသည်။
“ အခု မင်းနားလည်သွားပြီဆိုတော့ ငါ ထပ်ပြီး မပြောတော့ဘူး … ပြန်ပြီးတော့ ရယ်ဒီလုပ်ထား … ရိုက်ကူးရေးက နောက်အပတ်မှာ စမယ် … ရိုက်ကူးမယ့် ကြာချိန်က သုံးလဖြစ်မယ် … မင်းရဲ့ ကျောင်းကို သေချာခွင့်တင်ဖို့လည်း မမေ့နဲ့ ….”
“ နားလည်ပါပြီ … ကျေးဇူးတင်ပါတယ် ဒါရိုက်တာစွန်း ….”
“ ကိစ္စမရှိဘူး … ကြိုးစားထားကွာ …”
“ ဟုတ် … ကျွန်မ ကြိုးစားမှာပါ …”
လိုအပ်သည်များကို ဆွေးနွေးပြီးနောက် စွန်းရုံရှန် ထွက်ခွာသွားခဲ့သည်။ ဝမ်လုက နေရာတွင် အေးခဲလျက် ကျန်နေရစ်ခဲ့ပြီး စောနက ဖြစ်ပျက်ခဲ့သည်များ အားလုံးမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လက်တွေ့မဆန်လွန်းသည်ဟု ခံစားနေရလေသည်။
တတိယ ဇာတ်လိုက်နေရာကို ရယူဖို့ကပင် ခက်ခဲလှပြီဟု ထင်နေသော်လည်းပဲ ယခု အဓိက ဇာတ်လိုက်နေရာက သူမထံသို့ ဆိုက်ရောက်လာသည်။
“ ဇာတ်ကားထဲ အဓိက ဇာတ်လိုက်နေရာကို ရသွားလို့ ဂုဏ်ပြုပါတယ်နော် … ဒီဇာတ်ကားရိုက်ပြီးရင် နင်တော့ ကြယ်ပွင့်အကြီးစား ဖြစ်လာခဲ့တော့မှာပဲ … အဲ့ခါကျရင် တို့ကိုလည်း မမေ့သွားနဲ့ဦး …”
ဝမ်လုက အဓိက ဇာတ်ကောင်ကို ရရှိသွားခဲ့ပြီးသည့်နောက် ရွေးချယ်ပွဲသို့ ဝင်လာပြိုင်သည့် အခြားသရုပ်ဆောင်များကလည်း စတင်ပြီး သူမကို ပွင့်ပွင့်လင်းလင်း ချီးမွမ်းဂုဏ်ပြုကြတော့သည်။
ဤသည်က ဖျော်ဖြေရေး နယ်ပယ်ထဲ သာမန် အဖြစ်အပျက် သဘာဝမျှသာ။ ကိုယ်က လူမသိ၊ သူမသိ ဖြစ်နေစဉ်တွင် ကိုယ့်ဘေးနား ဝန်းကျင်၌ အချင်းချင်း အမဲဖြတ်လိုကြသည့် ဝံပုလွေများသဖွယ် ဖြစ်နေကြလိမ့်မည်။ သို့သော် တစ်နေ့ ကိုယ်နာမည်ကြီးသွားသည်နှင့် လူတိုင်းက ကြင်နာတတ်သည့် နတ်သမီးလေးများ ဖြစ်လာခဲ့ကြကာ ကိုယ့်အပေါ် နွေးနွေးထွေးထွေး ဆက်ဆံပေးကြလိမ့်မည်။
သုန်းယောင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေမိသော်လည်းပဲ ပင်ကိုယ်မသိစိတ်အလျောက် ဝမ်လုအနားသို့ ချဉ်းကပ်လာခဲ့ကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။
“ လုလု … ဂုဏ်ယူပါတယ် … နင်က အဓိက ဇာတ်လိုက် မင်းသမီး ဖြစ်လာပြီပဲ …”
ဝမ်လု သူမကို တစ်ချက် ကြည့်လိုက်ပြီး အမှုမထားသည့် လေသံဖြင့် “ တတိယ ဇာတ်လိုက်နေရာကို ရသွားတဲ့ နင့်ကိုပဲ ဂုဏ်ယူရမှာ … ရုပ်ရှင်ဇာတ်ကား လွှင့်လာတဲ့ အချိန်ကျရင် ဗွီအိုင်ပီ လက်မှတ်တွေဝယ်ပြီး ပံ့ပိုးပေးမယ်နော်…”
သုန်းယောင်နှင့် ချန်ယွီ့ဖေးတို့မှာ ကိုးရို့ကားယားဖြစ်သွားခဲ့ကြပြီး ကိုယ့်ကိုယ့်ကို အားတင်းပြုံးထားလိုက်ကြသည်။
“ အစ်မက စောနတုန်းက နောက်ပြီး လျှောက်ပြောနေတာပါဟယ် … အဲ့စကားတွေ ရင်ထဲထားမနေနဲ့ …”
ဝမ်လု မတုံ့ပြန်ဘဲ နေရာက လှည့်ထွက်လာခဲ့ကာ သတင်းကောင်းကို ဝေမျှရန်အတွက် လင်းရီ ရှိသည့် နေရာသို့ ထွက်လာခဲ့လိုက်သည်။
“ အစ်ကိုရီ အစ်ကိုရီ …”
ကားထဲသို့ ရောက်သည်တွင် ဝမ်လုက သူမ၏ သတင်းကောင်းကို လင်းရီနှင့်အတူ ဝေမျှလိုက်၏။ သူမ၏ စိတ်လှုပ်ရှားမှုများ တည်ငြိမ်သွားစေရန် ခေတ္တမျှ အချိန်ယူလိုက်ရသည်။
“ ဒါက အစလေးပဲ ရှိသေးတယ် … တည်တည်ငြိမ်ငြိမ်လေးနေ … ဒါပေမယ့် မင်း ဖယ်ရှားမခံရအောင် ကြိုးစားဖို့ လိုသေးတယ်နော်… သူတို့က မင်းကို စမ်းကြည့်ခိုင်းဦးမယ်လို့ပဲ ပြောသေးတာမလား …”
“ ညီမသိပါတယ် … ဒါပေမယ့် မပူနဲ့ … အစ်ကိုရီ စိတ်ချ … ညီမ သေချာပေါက် လုပ်နိုင်တယ် …”
“ ငါကြားချင်တာလည်း အဲ့တာပဲ …”
ထို့နောက် လင်းရီသည် ဝမ်ရင်းကို ထမင်းတစ်နပ် လိုက်ကျွေးပြီး ကျောင်းသို့ ပြန်ပို့ပေးလိုက်သည်။
မွန်းလွဲပိုင်း၌ လင်းရီသည် စခန်းသို့ သွားမနေတော့ဘဲ ထိုအစား ချောင်ရန် အုပ်စုသို့ ဦးတည်၍ ကျီချင်းရန် နှစ်သက်သည့် ကောက်ညှင်းလုံးတစ်ချို့ကိုလည်း ဝယ်ယူခဲ့သည်။
လင်းရီက ကောက်ညှင်းလုံးများနှင့် အတူရောက်လာသည်ကို မြင်တော့ ကျီချင်းရန် ရင်ထဲ ပျော်ရွှင်ကြည်နူးမှုတို့ ပြည့်နှက်သွားခဲ့ရသည်။ သို့သော် သူမ မျက်နှာတွင် မပေါ်လွင်စေရန် ထိန်းချုပ်ထားခဲ့၏။
“ နင် ဒီကို ဘာလာလုပ်တာလဲ …”
“ ဒီသုံးလက ငါ့ရဲ့ စောင့်ကြည့်ကာလဆိုတော့ ကောင်းကောင်း လုပ်ဆောင်ပြပြီး စောင့်ကြည့်သက်တမ်းကို လျှော့ဖို့ လိုတယ်လေ ….”
ပြောဆိုပြီးနောက် လင်းရီက ဝယ်လာသည့် ကောက်ညှင်းလုံးများကို ဝါးတုတ်သေးသေးလေး တစ်ချောင်းဖြင့် စိုက်ကာ ကျီချင်းရန်အနားသို့ ကမ်းပေးလိုက်သည်။
“ မြည်းကြည့် … အခုလေးတင် လုပ်ထားတာ နွေးနေတုန်းပဲ …”
နူးညံ့ပြီး စေးကပ်နေသည့် ကောက်ညှင်းလုံးအနံ့မွှေးမွှေးကို ရတော့ ကျီချင်းရန် အမှန်ပဲ တစ်ကိုက်တည်း စားပစ်ချင်သွားခဲ့သည်။ သို့သော် သူမ ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့မိ၏။
“ ငါနေ့လည်စာ အများကြီး စားထားတာ … မစားဘူး …”
“ ဟန်ဆောင်နေလိုက် … ငါ လမ်းမှာ အတွင်းရေးမှူးကို မေးခဲ့ပြီးသား … သူပြောတာ မင်းရုံးခန်းထဲ တစ်ချိန်လုံး ရှိနေပြီး နေ့လည်စာလည်း မစားရသေးဘူးတဲ့ ….”
ကျီချင်းရန် ရှက်သွေးဖြန်းခနဲ ဖြစ်သွားခဲ့၏။ သို့သော် မသိချင်ယောင်ဆောင်ရင်း “ ငါ ဘာမှ မစားရသေးဘူးလို့ ဘယ်သူပြောလဲ … ငါ ဘီစကစ်မုန့်တွေ စားထားပြီးသား …”
“ ဘီစကစ်က ကောက်ညှင်းလုံးလောက် အရသာဘယ်ကောင်းမှာ ဟုတ်တယ်မလား …”
“ လာပါ … တစ်ကိုက်မြည်းကြည့်လိုက် …” လင်းရီ ရွှင်ပြစွာ ဆိုလိုက်သည်။
သူမ နှုတ်ခမ်းနှင့် နီးကပ်နေသည့် ကောက်ညှင်းလုံးကို မြင်တော့ ကျီချင်းရန် မည်သို့ ငြင်းရမှန်း မသိတော့ဘဲ ပါးစပ်ထဲသို့ အပြည့်ထည့်လိုက်သည်။
သူမ၏ ပုံစံက ပါးဖောင်းကားနေသည့် ဟမ်းစတားလေးကဲ့သို့ ဖြစ်လို့နေသည်။
“ အဲ့လိုမှပေါ့ … ရော့ နောက်ထပ်စားဦး …”
ကျီချင်းရန် မျက်လုံးလှန်ကြည့်လိုက်မိသည်။ လင်းရီနှင့် ရင်ဆိုင်ရာတွင် သူမ တကယ်ပဲ ကူကယ်ရာမဲ့နေမိ၏။
ထိုကောင်က အပြင်တွင် ဘာနှင့်မျှ ရပ်တန့်မရနိုင်သည့် စူပါမန်းနှင့် တူသော်လည်းပဲ ယခုအချိန်တွင်တော့ သူမ မကိုင်တွယ်နိုင်သည့် ကောင်စုတ်လေး ဖြစ်လို့နေသည်။
“ အခုတလော ကုမ္ပဏီရဲ့ အခြေအနေ ဘယ်လိုလဲ … အစစ အရာရာ အဆင်ပြေနေတယ်မလား …”
“ အားလုံးကောင်းတယ် …” ကျီချင်းရန် ပြန်ဖြေလိုက်၏။ “ တကယ်လို့ နင်သာ အချိန်ရှိရင် လင်းယွင် အုပ်စုရဲ့ ပြဿနာကို ဖြေရှင်းဖို့ အာရုံဘာလေး စိုက်ဦး … semiconductor နယ်ပယ်က လက်ရှိမှာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့ တော်တော်လေး အဓိကကျတဲ့ နေရာမှာ ရှိနေတာ … နင်တို့တွေက အခု စပေါ့လိုက် မီးရောင်အောက်ကို ရောက်နေကြပြီ …”
“ ငါတို့လည်း ရှောင်လို့မှမရတာ …” လင်းရီ ဆိုဖာနောက်ကျောသို့ မှီ၍ ပြောဆိုလိုက်ပြီး “ တကယ်လို့ သူတို့သာ တစုတစည်းတည်း ပူးပေါင်းလာခဲ့မယ်ဆို လင်းယွင်အုပ်စုက လုံးဝ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး … ငါတို့ လုပ်နိုင်တာက R&D ထဲ ငွေတွေ ပုံလောင်းဖို့ပဲ … ကာဗွန်ချစ်ပ်တွေ ထုတ်နိုင်မှ အခွင့်အရေးရှိမှာ …”
(R&D – research and development )
“ ငါတော့ လင်းယွင်အုပ်စု ကာဗွန် ချစ်ပ်တွေ ထုတ်နိုင်တဲ့ အချိန်အထိ တောင့်ခံနိုင်ပါ့မလား ဆိုတာပဲ စိုးရိမ်မိတယ် …” ကျီချင်းရန် ရှင်းပြလိုက်၏။ “ ငါ အဲ့ကိစ္စ ပရော်ဖက်ဆာရှန်းနဲ့ စကားပြောကြည့်ပြီးပြီ … ၂ နှစ်အတွင်း ငါတို့ ဓာတ်ခွဲခန်းမှာ စပြီး ထုတ်လုပ်ဖို့ ဖြစ်လာနိုင်မယ် … သုံးနှစ်နေရင်တော့ အသေးစားလေး ထုတ်လုပ်နိုင်ပြီ … ကာဗွန်ချစ်ပ်တွေ ထုတ်နိုင်ဖို့ လမ်းကြောင်းက ရှည်လျားတဲ့ ခရီးကြမ်းကြီးပဲ … ငါတို့တော့ မတောင့်ခံနိုင်ရင် အဆုံးသတ်ပြီ …”
“ ငါတို့ တွေးပြီး ကြောက်နေဖို့ မလိုပါဘူး … “ လင်းရီ မှတ်ချက် ပေးလိုက်သည်။ “ အနည်းဆုံးတော့ နိုင်ငံတွင်းနဲ့ အရှေ့တောင်အာရှဘက်က ငါတို့ရဲ့ လက်ထဲမှာပဲ ရှိတယ်… အဲ့ဒီကနေ ရလာတဲ့ ဝင်ငွေတွေက R&D ကုန်ကျစရိတ်အတွက် ကာမိဖို့ လုံလောက်တယ် … ပြီးတော့ ငါ့မှာ အဆက်အသွယ်နည်းနည်းလည်း ရှိတယ် … နိုင်ငံရဲ့ ထောက်ပံ့ပေးမှုနဲ့ဆိုရင် အချိန်တိုအတွင်း တစ်ထရီလီယမ်လောက်ထုတ်ပြီး R&D နဲ့ ထုတ်လုပ်ရေးလိုင်းတွေကို ချဲ့ထွင်လို့ရတယ် … သူတို့က တိုက်ပွဲလိုချင်တယ်ဆိုလည်း ငါတို့က တိုက်ပွဲပေးလိုက်လို့ရတယ် …”
“ ပြီးတော့ … Intel, Samsung နဲ့ မစ်ဆူအုပ်စုလို အဓိက ကုမ္ပဏီကြီးတွေမှာလည်း ငါ့အဆက်အသွယ်တွေ ရှိတယ် … အဲ့တာက ငါတို့အပေါ် ကန့်သတ်ပိတ်ပင်မှုတွေကို တစ်နည်းနည်းနဲ့ လျှော့ချပေးနိုင်တယ် … အခွင့်အရေးတွေက ရှိပါတယ် … ဘယ်သူက ခက်ကြမ်းကြမ်း ကစားချင်လဲဆိုတဲ့အပေါ်ပဲ မူတည်တယ် …”
လင်းရီထံမှ ကြမ်းကြုတ်သည့် အရှိန်အဝါတို့ ထုတ်လွှတ်နေသည်ကို ခံစားမိတော့ ကျီချင်းရန်မှာ မပြောင်းလဲသည့် လင်းရီသာလျှင် ဖြစ်သည်ဟု တွေးတောမိသွဦးခဲ့သည်။
“ နင် အဲ့လို တွေးပြလိုက်တော့ ငါ မကြောက်တော့ဘူး …”
ကျီချင်းရန်က သူမ၏ စာဖိုင်များကို ဆက်လက် ဖတ်ရှုနေခဲ့ပြီး “ ငါ အလုပ်လုပ်ရဦးမယ် … မနှောင့်ယှက်နဲ့ …”
“ အလုပ်က ဘယ်အချိန် လုပ်လုပ်ရတယ် … ဒီနေ့ ရာသီဥတု ဒီလောက်ကောင်းတာ ရုံးခန်းထဲမှာ ထိုင်နေရင် အလဟဿ ဖြစ်တာပေါ့ … ဥတုအပြောင်းအလဲလည်း ရောက်ပြီဆိုတော့ ဈေးဝယ်ထွက်ရင်း အဝတ်စားတစ်ချို့ ဝယ်ကြရင် မကောင်းဘူးလား …”
ကျီချင်းရန် လင်းရီကို မော့ကြည့်လာခဲ့သည်။
“ ဈေးဝယ်ထွက်တာကို နင် သိပ်မုန်းတာမဟုတ်ဘူးလား …”
“ ငါ အရင်က သိပ်မကြိုက်ဘူးလေ … အခု ကြိုက်သွားပြီ …” လင်းရီ ပြောင်ချော်ချော်မျက်နှာဖြင့် ကျီချင်းရန်ကို စနောက်လိုက်ပြီး “ သွားစို့ …”
“ နင်တို့ ယောက်ျားတွေ တတ်လည်းတတ်နိုင်လွန်းတယ် .. အမျိုးမျိုးပဲ … အဲ့ဒီလှည့်ကွက်တွေ ငါ့ကို လာသုံးမနေနဲ့ … ငါမသွားဘူး …”
“ မင်းမသွားဘူးဆိုလည်း ငါတစ်ယောက်တည်းသွားပြီး မင်းဖို့ ဝယ်လာခဲ့ပေးမယ်လေ …”