← Chapters

အထူးနည်းလမ်း

Vol. 143 Ch. 2144

အထူးနည်းလမ်း

Vol. 143 Ch. 2144

“ နင် ကြိုက်တဲ့ စတိုင်တွေ ငါ မကြိုက်ဘူး … နင် ဝယ်ခဲ့လည်း ငါ မဝတ်ဘူး …”

“ ဒါဆို အတူသွားပြီး မင်းကြိုက်တာတွေ ရွေးကြမယ်လေ …”

“ နင် ငါ့ကို တမင် ခက်အောင် လာလုပ်နေတာမလား …”

“ အင်း … “

“ နင် …”

ကျီချင်းရန် ဒေါသထွက်လွန်းလို့ ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့ရသည်။ ဤအကောင်က ဆိုးရွားလွန်းလှ၏။ သူမ ပြောစရာစကား ရှာမရတော့။

“ နင့်ကိုလည်း ဘယ်မှ သွားခွင့် မပြုဘူး … ဒီမှာပဲ ငြိမ်ငြိမ်နေ … ငါ အလုပ်လုပ်တာကို မနှောင့်ယှက်နဲ့ … မဟုတ်ရင် နင့်ရဲ့ စောင့်ကြည့်သက်တမ်းကို နှစ်ဝက်အထိ တိုးပစ်လိုက်မယ် ဘာမှတ်နေလဲ …”

“ အိုကေ အိုကေ … ငါ ဘယ်မှ မသွားတော့ဘူး …” လင်းရီ စကားနားထောင်သည့် ကလေးလေး ဖြစ်သွားခဲ့ပြီး ဆိုဖာပေါ်သို့ လှဲအိပ်လိုက်သည်။ “ မင်း အလုပ်လုပ်တော့ … ငါ တစ်ရေးအိပ်လိုက်ဦးမယ် …”

ဘဝင်ခိုက်သည့် အငွေ့အသက်တစ်ခုက ကျီချင်းရန်၏ မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သည်။ သူမ နောက်ဆုံးတော့ ထိုအကောင်ကို ခြိမ်းခြောက်နိုင်ခဲ့လေပြီ။

မွန်းလွဲပိုင်း တစ်ချိန်လုံး လင်းရီ တခြား ဘာမျှ မလုပ်ဘဲ ကျီချင်းရန်၏ ရုံးခန်းထဲတွင် အိပ်နေခဲ့သည်။

အလုပ်ဆင်းသည့် အချိန်၌ သူမ၏ အိမ်သို့ ပြန်ခေါ်သွားလိုက်သည်။ ထိုနေရာတွင် ညစာထမင်းစားပြီးသည့်နောက် ပြန်လည် ထွက်ခွာလာခဲ့လေသည်။

……

ကျိုးဟိုင် ၊ နိုင်ငံတကာ မြစ်ကြည့် လူနေအိမ်ယာမှာ ဗီလာတို့နှင့် မခြား၊ ထိပ်တန်းလူနေအိမ်ယာများပင်။

ထန်ချိန် ပထမတန်းစား လူနေအိမ်ယာများကဲ့သို့ နာမည်ကြီး၏။

လင်းဟန်၏ အိမ်က ထိုနေရာတွင် တည်ရှိသည်။

လင်းမိသားစုသည် တစ်ချိန်တုန်းက ကျိုးဟိုင်တွင် ပုံရိပ်ကြီးမားသည့် မိသားစုကြီး တစ်ခု ဖြစ်ခဲ့ဖူးပြီး လင်းဟန်၏ အဘိုးက ကျုံးဝေ့တပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့၏။ သို့သော် သုတေသန ပြုလုပ်သည့်အပိုင်းတွင်သာ။ သို့ပေမယ့်လည်း သူ၏ နယ်ပယ်တွင် မယ်မယ်ရရ အောင်မြင်မှုတို့ ရရှိအောင် မပြုလုပ်နိုင်ခဲ့သဖြင့် တစ်နှစ်မျှသာ အလုပ်လုပ်ပြီးနောက်တွင် ပြန်ထွက်သွားခဲ့ရသည်။

ကျိုးဟိုင်သို့ ပြန်လာခဲ့ပြီးနောက် လင်းဟန်၏ အဘိုးက သူမ၏ အမေကို ပျိုးထောင်ပေးရာတွင် သူ၏ အရင်းအမြစ်များအားလုံးကို ပုံအော အသုံးပြုခဲ့သည်။ သို့ပေမယ့်လည်း သူ၏ မျှော်လင့်ချက်တို့အား ဆန့်ကျင်၍ သူမ အမေ၏ ပါရမီက အတော်လေးကို အကန့်အသတ်နှင့် ဖြစ်နေခဲ့သည်။

ရလဒ်အနေဖြင့် ဤနှစ်များတစ်လျှောက်တွင် လင်းမိသားစု၏ လွှမ်းမိုးမှုက တဖြည်းဖြည်းနှင့် လျော့ကျလာခဲ့ရသည်။ ဆင် ပိန်လျှင်ပင် ကျွဲလောက်တော့ ကျန်သေးသည်ဟူသည့် စကားအတိုင်း သူမတို့က ယခင်ကမျှလောက် မကြွယ်ဝတော့သော်ငြား မြစ်ကြည့်အိမ်ယာတွင် နေထိုင်နိုင်သည်ကတော့ သူတို့ စွမ်းဆောင်နိုင်သည့် အတိုင်းအတာအတွင်းတွင် ရှိနေပါသေး၏။

ယခု လင်းဟန်က လင်းမိသားစု၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လာခဲ့ပြီး မိသားစု၏ အတိတ်က ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ဆောင်လျက် ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်လာရန် အောက်မေ့နေခဲ့ကြသည်။

ထိုအကြောင်းအရင်းကြောင့်ပဲ လင်းဟန်၏ နှလုံးသားထဲတွင် ရူးသွပ်မှုတစ်ခုက အမြစ်တွယ်လာခဲ့၏။ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်ခြင်းကို သူမဘဝ၏ အန္တိမရည်မှန်းချက် ဖြစ်လာစေသည်။

အကယ်၍ သူမကသာ ကျုံးဝေ့တပ်ဖွဲ့ထဲသို့ မဝင်နိုင်ဘူးဆိုပါက သူမ၏ ဘဝသည်လည်း ဘာအဓိပ္ပာယ်မျှ ရှိတော့မှာ မဟုတ်ချေ။ မဟုတ်ဘူးဆိုပါက လင်းဟန်ကဲ့သို့ ကိုယ့်ကိုယ်ကို အင်မတန် ဂုဏ်ယူတတ်သူတစ်ယောက်သည် သူမ၏ ခေါင်းကို ငုံ့၍ လင်းရီထံသို့ အကြံဉာဏ်တောင်းလာခဲ့မှာ မဟုတ်ချေ။

လင်းဟန်၏ အိမ်က သေးသေးနှောနှောမဟုတ်။ စတုရန်းမီတာ ၁၅၀ ခန့်မျှ ကျယ်ဝန်းသည်။

အိမ်ထဲတွင် လူသုံးဦးရှိနေပြီး ဆံပင်တွေ ဖြူဖွေးနေပြီးဖြစ်သည့် လူက လင်းဟန်၏ အဘိုးဖြစ်ပြီး နာမည်ကိုတော့ လီဝန်ကျွင်းဟု ခေါ်သည်။

ကျန်နှစ်ယောက်က လင်းဟန်၏ မိဘများဖြစ်ကြသည့် လင်းကော်ချန်နှင့် လီလုရှားတို့ပင်။

လင်းဟန် အိမ်ထဲဝင်လာသည်ကိုမြင်တော့ လီလုရှားက အလျင်အမြန် ကြိုဆိုလိုက်၏။

“ သမီးလေး … နင် ဒီရက်ထဲ ဘယ်တွေ ရောက်နေတာလဲ … ဖုန်းဆက်တော့လည်း မကိုင်ပြန်ဘူး …”

“ သမီး ခေါင်းသွားရှင်းတာ အမေ …” လင်းဟန်က နုံးခွေစွာ ပြန်ဖြေလိုက်သည်။

“ နင် ကျုံးဝေ့တပ်ဖွဲ့ အသင်းခေါင်းဆောင်နဲ့ သွားတွေ့ခဲ့တာ မဟုတ်ဘူးလား … သူ ဘာပြောလဲ …”

မိသားစု မျက်လုံးများက လင်းဟန်ထံသို့ ကျရောက်သွားခဲ့သည်။ သူတို့အဖို့ … ဤသည်က ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်ကောင်းပင်။

“ သွားခဲ့တယ် … သူ ပြောတာ တိုက်ပွဲတွေကနေ တိုးတက်မှုကို ရှာဖွေရမယ်တဲ့ … မဟုတ်ရင် သမီးရဲ့ လက်ရှိ အဆင့်နဲ့ဆို ကျုံးဝေ့တပ်ဖွဲ့က နောက်တစ်ကြိမ် လူခေါ်လာခဲ့ရင်တောင် အောင်မြင်နိုင်ဖို့ အခွင့်အရေး ခဲယဉ်းလွန်းတယ်ဆိုပဲ …”

“ တိုက်ပွဲတွေကနေ ဟုတ်လား ….”

မိသားစုထဲရှိ လူတိုင်း၏ မျက်နှာအမူအရာမှာ ထူးဆန်းလာခဲ့သည်။

“ နင် နှစ်တွေအကြာကြီး ရှေ့တန်းမှာ ရှိနေခဲ့တာ မဟုတ်ဘူးလား … ပြီးတော့ တိုက်ပွဲအတွေ့အကြုံကလည်း အတော်လေး ကြွယ်ဝနေပြီကို ….”

လင်းဟန် နုံးချိစွာဖြင့် ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။

“ သမီးလည်း အဲ့တာ စဉ်းစားနေတာ … တွေးတယ် တွေးတယ် တွေးတယ် …. ဒါပေမယ့် ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်နိုင်မယ့် နည်းလမ်း အခုထိ ရှာမရသေးဘူး …”

မည်သူကမျှ ဘာမျှ မပြောကြချေ။ သူတို့လည်း ဤကိစ္စကို မည်သို့ ကိုင်တွယ်ရမလဲ မသေချာပေ။

“ ကျုံးဝေ့တပ်ဖွဲ့ လက်ရှိ လူသစ်ခေါ်ယူနေတဲ့ နှုန်းနဲ့ဆိုရင် နောက်နှစ်ကျရင် ထပ်ပြီး ခေါ်လာလောက်တယ် … ငါတို့မှာ အဲ့လောက် အချိန်အများကြီး မကျန်တော့ဘူး …” လီဝန်ကျွင်း ပြောလိုက်သည်။

“ နောက်ပြီး … အဲ့တာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါ်တာ … သူတို့ နောက်နှစ် လူရွေးပွဲ လုပ်ခဲ့ရင်တောင် သူတို့က လစ်လပ်နေတဲ့ ဂဏန်း အရေအတွက်နေရာမှာ ဖြည့်တင်းရုံလောက်ပဲ … ဆိုလိုတာ ရွေးချယ်ခံရနိုင်မယ့် အခွင့်အရေးကလည်း နည်းပါးသထက် နည်းပါးလာတော့မှာ …” လီလုရှား ပြောဆိုလိုက်သည်။

“ တစ်နှစ်ဆိုတဲ့ အချိန်က … ငါတို့လို လူတွေအတွက်ကျတော့ တိုတောင်းလွန်းတယ် … လူတစ်ယောက်ရဲ့ အစွမ်းအစတွေကို အဲ့လောက် အချိန်တိုအတွင်း တိုးတက်အောင် လုပ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး …” လင်းဟန်၏ ဖခင် ၊ လင်းကော်ချန်ကလည်း ဝင်ပြောလိုက်သည်။

“ အဲ့တာ ပြဿနာပဲ …” လီဝန်ကျွင်း ပြောလိုက်ပြီး “ ဒီ အချိန်တိုအတွင်း တိုးတက်အောင် လုပ်နိုင်မယ့် နည်းလမ်းကို မရှာဖွေနိုင်ဘူးဆိုရင် ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်နိုင်မယ့် အခွင့်အရေးကလည်း အတော်လေး ကျဉ်းမြောင်းသွားပြီ …”

အခန်းမှာ တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားခဲ့သည်။

နောက်ဆုံး၌ လီလုရှား ဝင်ပြောလိုက်၏။ “ အဖေ … အဖေ အရင်က ကျုံးဝေ့တပ်ဖွဲ့ထဲမှာ အလုပ်လုပ်ခဲ့ဖူးတယ်ဆိုတော့ ရှောင်ဟန်ရဲ့ အစွမ်းအစတွေကို တိုးတက်အောင်လုပ်ဖို့ တစ်ခြားနည်းလမ်းတွေ မစဉ်းစားတတ်တော့ဘူးလား …”

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် လီဝန်ကျွင်း ပြောလာခဲ့၏။ “ နည်းတစ်နည်းတော့ ရှိတယ် … ဒါပေမယ့် မသေချာဘူး …”

မိသားစု၏ အကြည့်က လီဝန်ကျွင်းထံသို့ စုပြုံသွားခဲ့ကြသည်။ သူက ကျုံးဝေ့တပ်ဖွဲ့ထဲ အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်သဖြင့် သူ၏ အကြံပြုချက်က တော်တော်လေးကို အရာရောက်၏။

“ အရင် အတိတ်နေ့တွေတုန်းက နိုင်ငံခြား အဖွဲ့အစည်းတွေ တော်တော်များများ နည်းပညာကို သုံးပြီး လူတစ်ယောက်ရဲ့ အစွမ်းအစကို တိုးမြင့်နိုင်ဖို့ လုပ်ခဲ့ကြတယ် … ငါကြားမိတာတော့ နိုင်ငံတော်တော်များများနဲ့ အဖွဲ့အစည်း တော်တော်များများလည်း အဲ့တာနဲ့ ဆက်စပ်တဲ့ လက်တွေ့ စမ်းသပ်မှုတွေ လုပ်ဆောင်နေကြပြီဆိုပဲ … ဒါပေမယ့် နှစ်တွေ ဒီလောက်ကြာသွားပြီ အဲ့ဒီ စမ်းသပ်မှုတွေ အောင်မြင်သွားခဲ့လားဆိုတာ ဘယ်သူမှ မသိကြဘူး …” လီဝန်ကျွင်း လေးနက်စွာ ပြောလိုက်ပြီး “ တကယ်လို့ အဲ့လို ဆေးဝါးမျိုးသာ တကယ်ကြီး တီထွင်နိုင်ခဲ့တယ်ဆိုရင် ရှောင်ဟန်ရဲ့ သူ့ကိုယ်ပိုင် အုတ်မြစ်နဲ့ ပေါင်းစပ်လိုက်လို့ကတော့ အချိန်တိုအတွင်း သိသိသာသာ တိုးတက်လာနိုင်မှာ သေချာတယ် … ပြီးတော့ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်နိုင်ဖို့ကလည်း ပြဿနာ မဟုတ်တော့ဘူး…”

ထိုစကားလုံးများကို ကြားတော့ လင်းမိသားစု၏ မျက်နှာများမှာ တောက်ပဝင်းလက်လာခဲ့ကြသည်။ သူတို့မှာ ထိုသို့သော နည်းလမ်းကို အားကိုးအားထား မပြုချင်သော်လည်း ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်နိုင်မည်ဆိုပါက …. တန်သည်။

“ အဖေ့မှာ အဲ့ဒီအတွက် အဆက်အသွယ်တွေရော ရှိလား …” လီလုရှား မေးမြန်းလိုက်သည်။

“ ငါ ကြိုးစားကြည့်မယ် … တကယ်လို့ အဲ့လိုဆေးဝါးတွေက အခုထိ မထုတ်လုပ်နိုင်သေးဘူးဆိုရင်တော့ …. ငါတို့ ကိုယ့်ကြမ္မာကိုယ် လက်ခံလိုက်ရုံပဲ ကျန်တယ် …”

……

နောက်တစ်နေ့နံနက်ခင်းတွင် လင်းရီ ကားမောင်း၍ ကျီချင်းရန်ကို သွားကြိုလိုက်ပြီး ကုမ္ပဏီအရှေ့တွင် သူမကို ချပေးလိုက်သည်။

“ နင် ဒါပြီးရင် ဘာသွားလုပ်မှာလဲ ..”

ကားထဲတွင် ကျီချင်းရန်က လင်းရီကို ကြည့်ပြီး မေးလိုက်၏။

“ ရှင်းရှန်း ရဲစခန်းကို သွားမှာလေ …” လင်းရီ အလိုအလျောက် ပြန်ဖြေလိုက်သည်။

“ နင်က အခု စည်ပင်ရဲလား … ဒါမှမဟုတ် လူဆိုးတွေ ဖမ်းတဲ့ ရဲလား ….”

“ ငါက အကုန်လုပ်တယ် … တစ်ခါတစ်လေဆို သန့်ရှင်းရေး အန်တီကြီးတွေကိုတောင် ကြမ်းကူတိုက်ပေးသေးတယ် …”

“ သေချာဖြေစမ်း အကောင် … ငါနင့်ကို အကောင်းမေးနေတာ …”

“ ငါ တကယ်ကြီး ဘာလုပ်စရာမှ မရှိတာ … လုပ်စရာကို ငါကပဲ လိုက်ရှာနေရတာ …”

“ အမှုတွေ လိုက်တဲ့အချိန် ဂရုစိုက်ဦး … နင်က တိုက်ခိုက်နိုင်တယ်ဆိုတိုင်းနဲ့ အရူးထပြီး ရှေ့ကို ဇွတ်တက်မနေနဲ့ ….”

“ အင်းပါ …” လင်းရီ အပြုံးလေးဖြင့် နာခံလိုက်သည်။ ကျီချင်းရန် မျက်ဝန်းထဲရှိ ညင်သာသိမ်မွေ့မှုတို့အား သူ သတိပြုမိလိုက်လေသည်။

“ ပြီးတော့ ငါ အရင် ပြောခဲ့တဲ့အတိုင်းပဲ …. နင် အဲ့အဖွဲ့အစည်းထဲသွားပြီး နင့်အသက်ကို ဖက်နဲ့ထုပ်ထားချင်သေးတယ်ဆို ငါတို့နှစ်ယောက် ဘာပတ်သက်စရာအကြောင်းမှ မရှိတော့ဘူး …”

“ မင်းကို ကတိပေးပြီးသားလေ … စိတ်ချထားစမ်းပါ …”

ကျီချင်းရန် သက်ပြင်းချလိုက်သည်။ ယောက်ျားများ၏ ကတိက မယုံရပေ။ လင်းရီကိုလည်း သာမန် ဦးနှောက်လေးဖြင့် နားလည်ဖို့က မလွယ်ချေ။

သူ ပိုပြီး မြန်မြန် သဘောတူလေလေ ၊ ပိုပြီးတော့မှ ပြဿနာ ရှိလေလေပင်။

သို့သော် သူ့ဘက်က ပြောလာခဲ့ပြီ ဖြစ်သဖြင့် သူမလည်း စကားအများကြီး ပြောလို့မရတော့ပေ။

“ ငါသွားတော့မယ် …” ကျီချင်းရန် ထိုင်ခုံခါးပတ် ဖြုတ်လိုက်ပြီး “ နင့် လုပ်စရာရှိတာလုပ် …. ငါ့ဘာငါ အိမ်ပြန်လို့ရတယ် .. ငါ့ကို လာကြိုပေးပြီး အချိန်ဖြုန်းနေစရာ မလိုဘူး …”

“ အဲ့လိုတော့ ဘယ်ဖြစ်မှာ … မင်းက ကိုယ့်ဦးစားပေးပဲလေ …”

“ ငါ့ကို လာချော့မနေနဲ့ …” ကျီချင်းရန် ကားတံခါးဖွင့်၍ ထွက်သွားခဲ့ပြီး “ သွားပြီ … သေချာလည်း မောင်းသွားဦး …”

“ အိုကေ …”

ကျီချင်းရန် ဓာတ်လှေကားထဲ ဝင်သွားသည်အထိ လင်းရီ စောင့်ကြည့်နေခဲ့ပြီး … ထို့နောက် ရှင်းရှန်း ရဲစခန်းသို့ မောင်းထွက်လာခဲ့လိုက်သည်။

သို့သော် သူ့ခေါင်းထဲတွင်တော့ စနစ်၏ မစ်ရှင်တာဝန်အကြောင်းကို ဆက်တိုက် စဉ်းစားလို့နေသည်။

‘ ကယ်တင်ခြင်း ‘ ဟူသည့် စကားနှစ်လုံးက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေလျက် ရှိ၏။ သို့သော် အဖြေရှာမတတ်၍ ရူးချင်သလို ဖြစ်လာလာသည်။

ဟင်း …

စနစ်ကတော့ ငါ့ကို ခေါင်းမွှေးဖြူအောင် လုပ်နေတာပဲ …

All Chapters