← Chapters

အမှုအသစ်

Vol. 143 Ch. 2145

အမှုအသစ်

Vol. 143 Ch. 2145

လင်းရီ ကားကို အမြန်မောင်းနှင်၍ ရှင်းရှန်း ရဲစခန်းသို့ ရောက်လာသည်။

အံ့အားသင့်ဖို့ကောင်းစွာဖြင့် လီရှန်းဟွေ့ ၊ ကျူးကျွင်းချီ နှင့် ကျန်းဟွေ့တို့က စခန်းတွင် ရှိမနေပါဘဲ ကူရိရန်တစ်ဦးတည်းကသာ ဖိုင်များကို စုစည်းနေလျက်ရှိသည်။

“ ဘာလို့ မင်းတစ်ယောက်တည်းလဲ … အစ်ကိုလီနဲ့ တခြားလူတွေကရော ….”

“ ရန်ဖြစ်တဲ့ အမှု တစ်ခု ပေါ်လာလို့ … အစ်ကိုလီနဲ့ တခြားလူတွေ ကိုင်တွယ်မယ်ဆိုပြီး ထွက်သွားခဲ့တာပဲ …” ကူရိရန်က ခေါင်းလှည့်မကြည့်လာဘဲ ပြန်ဖြေလိုက်သည်။

“ အမှုက သိပ်မကြီးဘူး … အဲ့တာကြောင့်မို့ ငါ သူတို့နဲ့ လိုက်မသွားတော့တာ …”

“ ကြားကောင်းအောင် ပြောနေတာပဲ … ဒါပေမယ့် ငါကတော့ တခြား အကြောင်းပြချက်တွေ ရှိနေသေးတယ်လို့ ဘာလို့ ထင်နေပါလိမ့်နော်….” လင်းရီ ဆိုဖာပေါ်တွင် ထိုင်ပြီး ဆိုလိုက်၏။

“ ငါ ဘယ်မှာ ကြားကောင်းအောင် ပြောနေလို့လဲ … တကယ်လို့ လူအင်အား မလောက်ဘူးဆို ငါပါ လိုက်သွားပြီးပြီ …”

“ မင်း မလိုက်သွားဘူးဆိုတာက မင်း အန်တီလာနေလို့ဆိုတာ ငါလောင်းရဲတယ် …”

“ ဟင် …”

ကူရိရန် ခေတ္တမျှ ကြက်သေသွေားခဲ့ပြီး လင်းရီကို ထူးဆန်းသလို ကြည့်လာသည်။

“ နင် ဘယ်လိုလုပ် သိလဲ …”

“ မင်းက ပုံမှန်ဆို ဂျင်းတွေပဲ ဝတ်တာလေ … ဒါပေမယ့် မင်း အဲ့ဒီအချိန်ရောက်ရင်တော့ ဘောင်းဘီအပွတွေပဲ ဝတ်တယ် …”

“ ငါ ဘောင်းဘီအပွဝတ်တာနဲ့ပဲ ငါက အဲ့တာလာနေတယ်လို့ နင့်ကို ဘယ်သူပြောလဲ …” ကူရိရန် ပြန်ငြင်းလိုက်၏။

“ ငါ မှားတယ် ထင်ရင် မင်း ဘောင်းဘီချွတ်ပြီး မင်း မှန်ကန်ကြောင်း သက်သေပြလို့ ရတယ်လေ…. ရတယ်နော် ရတယ် … မင်းချွတ်ချင်တယ်ဆိုလည်း ငါ မတိုက်တွန်းဘူး … “

“ လင်းရီ … နင် အဲ့မှာ တစ်ခါတည်း လဲသေပေးစမ်း ….”

ကူရိရန် လက်ထဲနီးရာ တစ်အုပ်တစ်အုပ်ဖြင့် လင်းရီထံသို့ ကောက်ပေါက်လိုက်သည်။

သို့သော် လင်းရီ လျင်မြန်စွာ လှုပ်ရှားလိုက်သဖြင့် စာအုပ်က သူ့ကို မထိသွားခဲ့ချေ။

ထိုအချိန်မှာပဲ ကျန်းဖန့် ရေးကြီးသုတ်ပျာနှင့် ရုံးခန်းထဲသို့ ရောက်လို့လာသည်။

“ ညီကိုလင်း … ရိရန် … ငါတို့တော့ ရှုပ်ထွေးတဲ့ အမှုတစ်ခု ရှိပြီ … အမျိုးသမီး တစ်ယောက် စခန်းကို ဖုန်းခေါ်လာတယ် … သူ့သား ပျောက်နေတယ်တဲ့ … ပြီးတော့ သူနဲ့ ဆက်သွယ်လို့လည်း မရဘူး …”

ဤသည်ကို ကြားတော့ လင်းရီတို့နှစ်ဦးလုံး လေးနက်တည်ကြည်လာခဲ့ကြသည်။ “ ပျောက်နေတာ ဘယ်နှရက် ရှိပြီလဲ ….”

“ နှစ်ရက်လောက် …”

“ ဘာ‌တွေ ဖြစ်ခဲ့တာလဲတဲ့ … ဖုန်းခေါ်လာတဲ့လူက အသေးစိတ် ပြောပြသေးလား …”

“ သူပြောတာတော့ သူ့သားက တစ်နေရာသွားမယ်ဆိုပြီး ထွက်သွားခဲ့တာဆိုပဲ … အဲ့နောက် ပျောက်သွားတယ် … အိမ်လည်း ပြန်မလာဘူး …”

လင်းရီနှင့် ကူရိရန်တို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။

သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတို့အရ အကယ်၍ တစ်စုံတစ်ယောက်က ၂၄ နာရီထက်ပိုပြီး ပျောက်ဆုံးနေခဲ့သည်ဆိုပါက အမှုက သေးသည်ဖြစ်စေ၊ ကြီးမားသည်ဖြစ်စေ၊ လက်ခံဖို့လိုသည်။ သူတို့ သေချာဂရုတစိုက်နှင့် ကိုင်တွယ်ဖို့ လိုအပ်၏။

“ သွားစို့ … ငါ မင်းနဲ့ လိုက်ခဲ့မယ် …”

ထိုသို့ ပြောပြီးနောက် လင်းရီ ကူရိရန်ကို ကြည့်လိုက်သည်။

“ မင်းကတော့ အထူးအခြေအနေရောက်နေတာဆိုတော့ မသွားတာ ကောင်းမယ် …”

“ ငါ ဘာတွေ ထူးခြားနေလို့လဲ …” ကူရှိရန် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်းပဲ မာရည်ကြောရည် နိုင်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ “ ငါလည်း အတူသွားမယ် …”

အန်တီလာနေသည်ကိုလည်း ကူရိရန် များများစားစား ဂရုစိုက်မနေချေ။ သူမ၏ အကျင့်စရိုက်က ပြတ်သားပြီး သန်မာသည်။

မကြာမီ သူတို့သုံးဦးလုံး အတူထွက်လာခဲ့ကြပြီး တိုင်ကြားလာသူ၏ အိမ်သို့ မောင်းထွက်လာခဲ့ကြသည်။

အခင်းဖြစ်သည့် နေရာက မြို့ပြင်ဘက်ရှိ သာမန်လူနေရပ်ကွက်လေး တစ်ခုထဲတွင် ဖြစ်၏။

ရှင်းရှန်း ရဲစခန်းမှာ ကနေဦးကတည်းကပင် ဆင်ခြေဖုံးရပ်ကွက်ထဲ ရှိနေသော်ငြား တိုင်ကြားလာသူ၏ အိမ်က ဆင်ခြေဖုံးရပ်ကွက်၏ အစွန်အဖျားထက်ပင် ပို၍ ဝေးလံနေခဲ့သည်။ ယေဘုယျအားဖြင့် ကြွယ်ဝသည့် လူကုံထုံများ မဖြစ်နိုင်သည်ကိုတော့ ကောက်ချက်ချ၍ရသည်။

တိုင်ကြားလာသူ အမျိုးသမီးက အသက် ငါးဆယ် အရွယ်ဖြစ်ပြီး ရိုးရိုးရှင်းရှင်း ဝတ်စားထားသည်။

အရင်အတွေ့အကြုံများပေါ် အခြေခံ၍ အကဲဖြတ်ကြည့်ရသလောက်တော့ အမျိုးသမီးက ရိုးရှင်းသူတစ်ဦးဖြစ်ဟန်ပင်။

ဤသည်က အမှုကိုင်တွယ်ရသည်ကို ပိုပြီး လွယ်ကူချောမွေ့သွားစေခဲ့၏။

“ အရာရှိကြီးတို့ရယ် … ကျေးဇူးပြုပြီး ငါ့သားလေးကို ရှာပေးကြပါ … သူ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါရင်ကျိုးရလိမ့်မယ် …” သက်လတ်ပိုင်း အမျိုးသမီးကြီးမှာ ကြေကွဲဝမ်းနည်းစွာ အော်ဟစ်ငိုကြွေးနေခဲ့သည်။

“ အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ အစ်မကြီး ..” လင်းရီ ပြောလိုက်ပြီး “ ခင်များရဲ့သားအကြောင်း ကျွန်တော်တို့ကို အရင်ပြောပြ … အသေးစိတ်ကို သေချာခွဲခြမ်းစိတ်ဖြာဖို့လိုတယ် … ဖြစ်နိုင်ရင် သဲလွန်စတွေ များများလေး ရှိရင် အကောင်းဆုံးပဲ …”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ … ငါ ပူးပေါင်းပေးပါ့မယ် …”

နောက် မိနစ် အနည်ငယ်ကြာသည်အထိ သက်လတ်ပိုင်း အမျိုးသမီးကြီးက သူမတို့ မိသားစု အခြေအနေအကြောင်းကို အကြမ်းဖျင်း ရှင်းပြနေခဲ့သည်။

သူမနာမည်က မာကွေ့လန် ဖြစ်ပြီး သူ့သား နာမည်က ကျူးရှန်းပင်း ဖြစ်သည်။

သူက လွန်ခဲ့သော လေးငါးနှစ်ခန့်က မာစတာဘွဲ့ရထားသူ တစ်ဦးဖြစ်၏။

အကြောင်းအရင်း အမျိုးမျိုးတို့ကြောင့် သင့်တော်သည့် အလုပ်တစ်ခုကို မရှာဖွေနိုင်သေးဘဲ ရှိကာ အချိန်အများစုတွင် အိမ်မှာပဲ နေသည်။

သို့သော် လွန်ခဲ့သော နှစ်ရက် မွန်းပွဲပိုင်း အချိန်ခန့်က သူ့သားပြောသွားသည်မှာ အဆင့်တန်းမြင့် လူသုံးကုန် ပစ္စည်း ပရိုမိုးရှင်းပွဲအတွက် အစည်းအဝေးတစ်ခုသို့ သွားရမည်ဟု ပြောဆိုသွားခဲ့ပြီး ထိုကတည်းက အိမ်ကို ပြန်မလာခဲ့တော့ချေ။

ထိုနေ့ညပိုင်းတွင် သူ့ဖုန်းက ဆက်သွယ်လို့ ရသေးသော်လည်းပဲ ၂၄ နာရီကြာပြီးသည့်နောက် လုံးဝ ပိတ်ထားသည်ဟု ဖြေကြားနေသည်။ သို့သော် တစ်ခါတစ်ရံ ဆက်သွယ်၍ ရနေသေး၏။

အချက်အလက်များ ရရှိပြီးနောက် သုံးယောက်မှာ ဘေးတွင် မတ်တပ်ရပ်ပြီး ဘာဖြစ်နိုင်မလဲဆိုတာကို ခွဲခြမ်း စိတ်ဖြာကြတော့၏။

“ ကြည့်ရတာ ပြန်ပေးဆွဲခံရတာနဲ့တော့ မတူဘူး … ဖုန်းက တစ်ခါတစ်လေ ဝင်တယ် ၊ တစ်ခါတစ်လေ မဝင်ဘူး ဆိုတော့ … သူ့မိသားစု အခြေအနေကို ထည့်စဉ်းစားကြည့်ရင် ပြန်ပေးဆွဲတာကိုတော့ သံသယ စာရင်းထဲက ဖယ်ထားလိုက် …”

မိနစ်ဝက်မျှ စဉ်းစားပြီးနောက် လင်းရီ သူ စဉ်းစားမိသည်အား ထုတ်ပြောလိုက်သည်။

“ ပုံစံကြည့်ရတာတော့ ပိရမစ်ပုံစံ ငွေလိမ်တာနဲ့တူတယ် … မင်းတို့ရော ဘယ်လိုထင်လဲ …”

“ ငါလည်း အဲ့လိုထင်တာပဲ …” ကျန်းဖန့် ပြောလိုက်ပြီး “ ငါ ဒီလိုမျိုး ပုံစံတူ အမှုတွေ သုံးလေးခုလောက် ကိုင်ဖူးတယ် … အကုန် အတူတူ နီးပါးပဲ … ပြီးရင် မကြာဘူး သူ့ဆွေမျိုးတွေဆီ ဖုန်းလိုက်ခေါ်တော့မှာ …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါ့အထင် သူ ဦးနှောက်ဆေးတဲ့ အဖွဲ့အစည်း တစ်ခုခုထဲ ဝင်မိသွားပြီး ပြီးမှ သူ့မိသားစုဆီ ဆက်သွယ်လာမယ်နဲ့ တူတယ် …”

“ အဲ့လိုသာဆိုရင်တော့ များများစားစား စိတ်ပူစရာတော့ မရှိဘူး .. အနည်းဆုံးတော့ သူ လျှောက်မလုပ်သရွေ့ အသက်အန္တရာယ် ကင်းတယ်လေ …” ကူရိရန် ပြောလိုက်သည်။

“ ဒါပေမယ့် ဘယ်လို အဖွဲ့အစည်းမျိုးလဲဆိုတာ ငါတို့ ကြည့်ဖို့ လိုသေးတယ် … အမြန်ဆုံး ကိုင်တွယ်နိုင်ရင် အကောင်းဆုံးပဲ …” လင်းရီ ပြောလိုက်ပြီး “ သွားပြီး ထပ်စုံစမ်းကြည့်ကြစို့ … ငါတို့ နွယ်ပင်တွေ အတိုင်းလိုက်သွားရင် ဖရဲသီးကို တွေ့မှာပဲ …”

ထို့နောက် သူတို့ မာကွေ့လျန်ထံ ပြန်ရောက်လာပြီး မေးလိုက်သည်။ “ အစ်မကြီးရဲ့သား အစည်းအဝေး သွားတက်တယ်ဆိုတဲ့ အေဂျင်စီရဲ့နေရာက ဘယ်နေရာမှာလဲ …”

“ ငါလည်း အဲ့တာတော့ မသိဘူး … ဒါပေမယ့် လွန်ခဲ့တဲ့ ရက်နည်းနည်းတုန်းကတော့ သူ ကြီးပွားမယ့် အခွင့်အလမ်းကြီး တစ်ခု ရှာတွေ့ထားတယ်လို့တော့ ပြောတာပဲ … ဒါပေမယ့် အရင်းအနှီးက ယွမ် ငါးသောင်းလိုတယ် … သူကလည်း ငွေရှာနိုင်မယ် သေချာနေတယ် … ငါလည်း များများ စဉ်းစားမနေဘဲ စုထားတဲ့ ငွေတွေ အကုန်လုံး သူ့ဆီ ထုတ်ပေးလိုက်တာပဲ … တစ်ဖက်က ပိုက်ဆံယူပြီး သူ့ကို ပြန်ပေးဆွဲသွားတာများလား မသိပါဘူးအေ …”

“ စိတ်ကို ငြိမ်ငြိမ်ထားပါ အစ်မကြီး …” လင်းရီ နှစ်သိမ့်ပေးလိုက်ပြီး “ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရဆိုရင် ယွမ်ငါးသောင်းလောက်နဲ့ လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့က မတန်ဘူး … အခုက ပိရမစ် ပုံစံ ငွေလိမ်တာမျိုး ဖြစ်နိုင်တယ် … သူ့ ဆွေမျိုးတွေဆီ ဆက်သွယ်လာဖို့ မကြာလောက်တော့ဘူး … အစ်မကြီးကိုရောပေါ့ … ပြီးရင် ရင်းနှီးဖို့ဆိုပြီး ငွေတွေ စလိမ်မယ် … ဒီကိစ္စကို သေချာ စောင့်ကြည့်ထားလိုက် … တကယ်လို့ သတင်းထူး တစ်စုံတစ်ရာ ရှိတယ်ဆို ကျွန်တော်တို့ဆီ ချက်ချင်း ဖုန်းဆက် …”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ … “

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ မာကွေ့လျန်၏ ဖုန်းက အသံမြည်လာခဲ့သည်။

“ ဟယ်လို မရီး … “

( မရီး - အစ်ကိုကြီးရဲ့ မိန်းမ )

“ ငါ့သားက နင့်ကို ဖုန်းဆက်လာတယ်ဟုတ်လား …”

“ သူ့ကို ဘာပိုက်ဆံ တစ်ပြားမှ မပေးနဲ့နော်… ငါ အခု ရဲကို ဖုန်းခေါ်ထားပြီးပြီ … သူ့ကြည့်ရတာ ပိရမစ်ပုံ ငွေလိမ်တဲ့ အဖွဲ့အစည်းထဲ ရောက်သွားတဲ့ပုံပဲ … ရဲတွေ အခု ငါ့နားမှာ …”

လင်းရီနှင့် ကျန်သူများမှာ အချင်းချင်း ကြည့်မိလိုက်ကြသည်။ သူတို့ သဲလွန်စများ ရှာဖွေရန် ထွက်သွားတော့မည့် အချိန်မှာပဲ တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် တစ်ဖက်လူက ဖုန်းခေါ်လာသည်။

“ တစ်ချက် … ကျွန်တော် ဖုန်းပြောဦးမယ် …”

မာကွေ့လျန် ဖုန်းကမ်းပေးလိုက်ပြီး လင်းရီ စပီကာကို ဖွင့်ထားလိုက်သည်။

“ ဟယ်လို … အခု ပြောနေတာ ကျူးရှန်းပင်းရဲ့ အမှုကို ကိုင်တွယ်နေတဲ့ ရှင်းရှန်း ရဲစခန်းက ရဲအရာရှိပါ … တစ်ဖက်က ဘာဖြစ်နေလဲ သေချာပြောပြပေးလို့ ရမလား …”

“ ဟုတ် ဟုတ် … ကျွန်မက ကျူးရှန်းပင်းရဲ့ အန်တီပါ .. သူ အခုလေးတင် ကျွန်မဆီ ဖုန်းဆက်လာပြီး သူ့မှာ နိုင်ငံတကာ ဘရန်း တစ်ခုကို ကိုယ်စားလှယ်ရထားတယ် … ကျွန်မကိုလည်း သူနဲ့အတူ ပူးပေါင်းချင်တယ်ဆို ယွမ်ငါးသောင်းပဲလိုမယ်တဲ့ … ကျွန်မ တစ်ခုခု မူမမှန်ဘူးထင်လို့ သူ့အမေဆီ ဖုန်းဆက်မေးကြည့်လိုက်တာ .. ကြည့်ရတာတော့ ဟိုလို ငွေလိမ်တာမျိုး ဖြစ်လောက်တယ် ….”

“ ခင်များမှန်တယ် …” လင်းရီ ပြောလိုက်ပြီး “ အခု ကျွန်တော်တို့ နေရာကို တစ်ချက်လောက် လာခဲ့ပေး … ခင်များကို ဘာဆက်လုပ်ရမလဲ သင်ပေးမယ် … သူ့ကို တစ်ခုခု သတိထားမိသွားအောင် မလုပ်မိစေနဲ့ …”

စာစဉ် (၁၄၃) ပြီး၏။

All Chapters