ကယ်တင်ခြင်း
Vol. 143 Ch. 2133
“ အမယ်လေး မလုပ်နဲ့ မလုပ်နဲ့ … မစ်ရှင်က အခုပြီးသွားပြီ … ငါကလည်း အုပ်စုခေါင်းဆောင် မဟုတ်တော့ဘူး … ခေါင်းဆောင်လို့ ခေါ်တာက မသင့်တော်ပါဘူး … ပြီးတော့ အစ်ကိုလီကလည်း ဒီမှာ ရှိနေတယ်လေ …”
“ ကိုင်း … မင်းတို့နှစ်ယောက် စကားပြောကြ … ငါ ရှောင်ပေးမယ် …” လီရှန်းဟွေ့ မတ်တပ်ထလိုက်ပြီး အပြုံးလေးဖြင့် လင်းဟန်ကို ပြောလိုက်သည်။ “ ခေါင်းဆောင်လင်း … သက်တောင့်သက်သာနေနော်… အေးအေးဆေးဆေး စကားပြောကြ …”
“ရတယ် ခေါင်းဆောင်လီ … “ လင်းဟန် ပြောလိုက်ပြီး " ကျွန်မတို့ အပြင်ထွက်ပြီး စကားပြောလိုက်မယ် … ရှင်တို့ အလုပ်လုပ်တာကို မနှောင့်ယှက်တော့ပါဘူး …”
“ ဒါဆိုလည်း ကောင်းပြီလေ … အခုက နေ့လည်စာ အချိန်ဆိုတော့ ဒီကိုရောက်လက်စနဲ့ ငါတို့နဲ့ အတူ နေ့လည်စာ စားသွားပေါ့ … ရှင်းရှန်းကန်သင်းရဲ့ အစားအသောက်တွေက တကယ်မဆိုးဘူး …”
“ ဒါဆိုလည်း ကျွန်မ အားမနာတော့ဘူးနော်…”
ပြီးသည့်နောက် လူတိုင်းက ရှင်းရှန်း ရဲစခန်း၏ ကန်သင်းရှိရာဘက်သို့ ထွက်လာခဲ့ကြပြီး လင်ရီနှင့် လင်းဟန်တို့က ဟင်းတစ်ချို့ကို ကျပန်းယူကာ ထောင့်ဘက်အကျဆုံး စားပွဲတွင် အတူဝင်ထိုင်လိုက်ကြသည်။
“ မင်း အရင်တစ်ခေါက်ကလည်း ငါ့ကို လာရှာသွားသေးတယ် ကြားတယ် …”
လင်းဟန် ခေါင်းညိတ်လိုက်၏။ “ ဒါပေမယ့် နင်က ရှိမနေဘူးလေ …”
ကန်သင်း၌မှာပင် လင်းဟန်သည် သက်တောင့်သက်သာ အမူအရာကို မပြပါဘဲ သူမ၏ မူလကိုယ်ဟန်ကိုသာ ထိန်းသိမ်းထားနေလျက် ရှိ၏။
လင်းရီ၏ မထင်မှတ်လောက်စရာ အထောက်အထား ပြောင်းလဲမှုကလည်း သူမကို နေသားမကျအောင် ပြုလုပ်နေလေသည်။
“ မင်း ကြည့်ရတာ မဝင်နိုင်ခဲ့ဘူး တူပါတယ် …” လင်းရီ ဝက်နံရိုး တစ်တုံးကို ပါးစပ်ထဲထည့်ရင်း ပြောလိုက်သည်။ “ မင်းက တကယ်လည်း အရည်အချင်း ရှိပါတယ် … ဒါပေမယ့် နည်းနည်းလေး လိုအပ်နေရုံပါပဲ … နောက်တစ်ခေါက် လူရွေးပွဲကြ ထပ်ကြိုးစားကြည့်ပေါ့ကွာ …”
သူတို့နှစ်ဦးမှာ တစ်ကြိမ်တစ်ခါ လက်ရည်စမ်းခဲ့ဖူးသဖြင့် လင်းဟန်၏ အစွမ်းအစ မည်သို့မည်မျှ ရှိသည်ကို လင်းရီ သိသည်။ ထရိန်နီ အုပ်စုထဲတွင် သူမက သာမန်မျှသာ ဖြစ်၏။
သို့သော် ကျုံးဝေ့တပ်ဖွဲ့ လူရွေးချယ်ထဲသည်က အတော်ဆုံးများထဲက အတော်ဆုံးများကို ရွေးချယ်ခြင်းပင်။ သူမတို့ အုပ်စုတစ်သုတ်ထဲ လူတိုင်းလူတိုင်းက ရွက်ကြမ်းရေကျိုမျှသာ ဖြစ်ပြီး သူမတစ်ဦးတည်းကသာ ထင်ထင်ပေါ်ပေါ် ဘေးထွက်နေခြင်း မရှိသရွေ့ သူမ ရွေးချယ်ခံရနိုင်ချေ ရာခိုင်နှုန်းက အင်မတန်ကိုနည်းသည်။
လင်းဟန်၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေခဲ့ပြီး နောက်ဆုံး၌ သူမ သတ္တိမွေး၍ မေးမြန်းလိုက်၏။
“ ငါ တခြားသူတွေအောက် ဘယ်နေရာ ချို့တဲ့နေလဲ သိချင်တယ် …”
လင်းရီ နှုတ်ခမ်းလှုပ်ရှား၍ အရိုးကို ထွေးထုတ်လိုက်သည်။ “ မင်း အခု ပြောလိုက်တာနဲ့တင် မင်း ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရနိုင်ချေက အတော်ကို နည်းသွားပြီ … မင်း ဒီ-အဆင့်မှာ ရှိနေတယ်ဆိုရင်တောင် ငါတို့ အသင်းက မင်းကို လိုချင်မှာမဟုတ်ဘူး …”
လင်းဟန်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့ရ၏။ ဤသို့သော အဖြေမျိုးကို သူမ ထင်မှတ်မထားခဲ့ချေ။
ဤသည်က သူမ၏ ယုံကြည်ချက်သို့ ပြင်းထန်သည့် ထိုးနှက်ချက်ကြီး တစ်ခုဖြစ်၏။
“ ဘာလို့လဲ …”
“ ဘာလို့ဆို မင်းက အရမ်း မောက်မာလို့ပဲ …” လင်းရီ ပြောလိုက်ပြီး “ မင်းလို လူစားမျိုးတွေက အသင်း ၁ ထဲ ဝင်နိုင်ခဲ့ရင်တောင် အသက်ရှည်မှာ မဟုတ်ဘူး …”
“ ငါ သေမှာ မကြောက်ဘူး …” လင်းဟန် ပြတ်သားစွာ ဆိုလိုက်သည်။
“ အဲ့ဒီတော့ ဘာလုပ်ပေးရမှာ … သေမှာ မကြောက်တာနဲ့ပဲ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်လို့ရပြီ ထင်နေလား …” လင်းရန် ချေပပြောဆိုလိုက်ပြီး “ မင်း ဒီနေ့ တပ်ဖွဲ့ထဲဝင် နောက်နေ့ သေသွားမယ်ဆို ဘာအဓိပ္ပာယ် ရှိလဲ …”
လင်းရီ စကားကို ခေတ္တရပ်တန့်လိုက်ပြီး လင်းဟန်ကို ကြည့်လိုက်သည်။ “ အမှန်အတိုင်း ဝန်ခံရရင် ငါတို့ အသင်း ၁ ရဲ့ အသင်းဝင်တွေက လူရွေးပွဲရဲ့ တစ်ဦးချင်း ခွန်အားမှာ ထူးချွန်ပြောင်မြောက်နေကြတဲ့လူတွေ မဟုတ်ဘူး … သူတို့ အရွေးချယ်ခံလိုက်ရတဲ့ အကြောင်းပြချက်က အတွေးအခေါ် ထက်မြက်တဲ့လူတွေ ဖြစ်နေလို့ပဲ …”
“ ပြီးတော့ မင်း … မင်းရဲ့ စွဲလမ်းရူးသွပ်မှုက သိပ်ကို နက်ရှိုင်းလွန်းနေတယ် … ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်နိုင်တာက မင်းကိုယ်မင်း သက်သေပြနိုင်မယ့် အခွင့်အရေးတစ်ခုလို့ပဲ မင်းမြင်တယ် … ငါတော့ တွေးကြည့်ရုံနဲ့တင် အဓိပ္ပာယ်လည်း မရှိဘူး .. ငြီးငွေ့ဖို့လည်း ကောင်းတယ် …”
လင်းရီ၏ စကားလုံးများက အဆိပ်လူးမြားသဖွယ် လင်းဟန်၏ ရင်ဘက်သို့ ထိုးစိုက်ခံလိုက်ရပြီး သူမ၏ အာရုံခံ အကြောလေးများ လှုံ့ဆော်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ် တုန်ယင်လာသည်။
“ ငါက နင်ပြောသလိုမျိုး မဟုတ်ဘူး …” လင်းဟန် လင်းရီကို ကြည့်လိုက်ပြီး သူမ၏ အကြည့်တို့က မီးဝင်းဝင်းတောက်နေခဲ့သည်။
“ ငါက ပိုပြီး သန်မာအားကောင်းတဲ့ နေရာတစ်ခုဆီ သွားချင်ရုံတင်ပဲ … ငါ့ကျန်တဲ့ ဘဝတစ်ဝက်ကို ကျိုးဟိုင်မှာပဲ ပိတ်နေမိပြီး အချိန်မကုန်ဆုံးချင်ဘူး … အဲ့ဒီအတွက်လည်း ငါငယ်ငယ်လေးကတည်းက ကြိုးစားလာခဲ့တာ ငါပိုပြီး သန်မာလာမှပဲ ငါ့ဘဝက ပိုပြီး အဓိပ္ပာယ် ရှိမှာ …”
“ မင်းရဲ့ ရည်ရွယ်ချက်တွေကို ငါနားလည်တယ် … ဒါပေမယ့် ငါ့ဆီလာနေလို့ အသုံးမဝင်ဘူး …” လင်းရီ စားရင်းပြောဆိုလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့က ပေါ့တန်တန် လျှောက်လုပ်လို့ မရတဲ့ နေရာပဲ … မင်းအတွက် အနောက်တံခါး ဖွင့်ပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး …”
“ ငါ နင့်ကို အနောက်တံခါး ဖွင့်ခိုင်းဖို့ ရောက်လာတာ မဟုတ်ဘူး … နင့်ကို မေးခွန်းနည်းနည်း မေးချင်လို့ပဲ …”
“ ဘာလဲ … မေး … “
“ နင် ပုံမှန် ဘယ်လိုမျိုး လေ့ကျင့်လဲ သိချင်လို့ … နင်က ငါ့ထက်လည်း ငယ်တယ် .. ဒါတောင် စီ အဆင့်ကို ရောက်နေပြီဆိုတော့လေ ….” လင်းဟန် မေးမြန်းလိုက်ပြီး “ အဲ့တာက ပါရမီနဲ့လည်း ဆိုင်တယ်ဆိုတာ ငါဝန်ခံတယ် … အဲ့ဒီ အပိုင်းမှာတော့ ငါနင်နဲ့ နှိုင်းယှဉ်လို့မရဘူး … ဒါပေမယ့် လေ့ကျင့်ရေး နည်းလမ်းတွေကိုတော့ ပြောပြလို့ ရတယ်မလား … ငါက မြန်မြန်ဆန်ဆန်တိုးတက်ချင်ရုံပါပဲ …”
“ အာ …”
ဤမေးခွန်းက လင်းရီကို ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားစေခဲ့သည်။
ရုတ်တရက်ချည်း ထိုမျှ လေးနက်သည့် မေးခွန်းကို မေးမြန်းလာခဲ့သည်က သူ့ကို အငိုက်မိသွားစေခဲ့လေသည်။
“ အကောင်းဆုံး လေ့ကျင့်ရေး နည်းလမ်းက လက်တွေ့တိုက်ပွဲတွေပဲ … ဒါပေါ့ … နေ့တိုင်း စိတ်ကို ဗလာကျင်းပြီး တရားထိုင်ဖို့ကလည်း လိုအပ်တာပေါ့ ….”
“ ငါ အဲ့တာတွေ နေ့တိုင်းလုပ်တာပဲ … ဒါလည်း နောက်ကောက်ကျနေတုန်းပဲ …”
“ တိုက်ပွဲတွေဆိုတာ အမျိုးမျိုးရှိတယ် …” လင်းရီ ပြောရင်းဖြင့် အသားနောက်တစ်တုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး “ ငါပြောနေတဲ့ လက်တွေ့တိုက်ပွဲတွေဆိုတာ တကယ့် အသေအကျေတိုက်တဲ့ တိုက်ပွဲတွေကို ပြောနေတာ … ဘာလို့ဆို သေခါနီး အခိုက်အတန့်ကျမှပဲ လူတွေက သူတို့ရဲ့ အသန်မာဆုံး အလားအလာကို လှုံ့ဆော်ထုတ်လွှတ်နိုင်လို့ပဲ … အဲ့တာက သူတို့ရဲ့ အရည်အချင်းကို ကြီးကြီးမားမား တိုးတက်အောင် ကူညီပေးနိုင်တယ် … တစ်စုံတစ်ယောက်နဲ့ ဒီတိုင်း သာမန်လျှံကာ လက်ရည်ဖလှယ်တာနဲ့ မတူဘူး ….”
“ အသေအကျေ တိုက်ပွဲတွေ ….” လင်းရီ သူမကိုယ်သူမ ရေရွတ်ရင်း လင်းရီ ဆိုလိုချင်သည့် အချက်ကို နားလည်သွားခဲ့ဟန်ရသည်။
“ အဲ့ဘက်အပိုင်းမှာ ငါလိုအပ်နေတာတော့ အမှန်ပဲ ….”
“ အဲ့တာကလည်း အရေးကြီးဆုံး မဟုတ်သေးဘူး … မင်းရဲ့ အဓိက ပြဿနာက မင်းရဲ့ သဘောထားပဲ … မင်းက မင်းကိုယ်မင်း ယုံကြည်မှု လွန်ကဲလွန်းတယ် … အဲ့တာလေး ပြင်လိုက်နိုင်ရင်ကို နောက်တစ်ခါ လူရွေးပွဲကျရင် မင်း ရွေးချယ်ခံရလောက်တယ် …”
လင်းဟန်ခေါင်းညိတ်လိုက်သည်။ ထို့နောက် လင်းရီကို တည်ကြည်စွာ ကြည့်လိုက်၏။ “ ကသိကအောက် နိုင်တယ်ဆိုပေမယ့် ငါနင့်ကို တစ်ခုလောက်တောင်းဆိုချင်သေးတယ် … နင် သဘောတူမယ်လို့ ငါမျှော်လင့်တယ် …”
“ ဘာကိုလဲ …”
“ အသင်း ၁ မစ်ရှင်လုပ်တဲ့ အချိန်ကျရင် ငါ့ကိုရော အတူခေါ်သွားပေးပါလား … ငါ ဒီတိုင်းလေးပဲ လိုက်ခဲ့မယ် .. နင့်အတွက် ဘယ်လိုအလုပ်မျိုးမဆို ငါလုပ်ပေးနိုင်တယ် … နင် ဘာပဲ တောင်းဆိုလာ တောင်းဆိုလာဟာ … ငါ့ကို ခေါ်သွားပေးသရွေ့ ငါအကုန် သဘောတူတယ် …”
ဤတောင်းဆိုမှုက လင်းရီကို အံ့အားသင့်သွားစေခဲ့သည်မှာ အမှန်ပင်။
မာနကြီးသည့် လင်းဟန်လို မိန်းကလေးမျိုးက ဤသို့သော အရာမျိုးကို ပြောဆိုလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ သူမအတွက် ခက်ခဲခဲ့မည်မှာ အမှန်ပင်။
ထို့ပြင် ဤသည်က လင်းဟန်၏ ကျုံးဝေ့တပ်ဖွဲ့အပေါ် စွဲလမ်းရူးသွပ်မှုကိုလည်း တစ်ဖက်လှည့်နည်းဖြင့် ဖော်ပြနေရာလည်းရောက်သည်။ မဟုတ်ပါက သူမ ယခုလို ပြုမူလာမှာ မဟုတ်ချေ။
“ အဲ့တာလည်း မဖြစ်နိုင်ဘူး … မင်းအဲ့အတွေးကို ခေါင်းထဲ ထုတ်ထားလိုက် … “ လင်းရီ ခေါင်းခါလိုက်သည်။ “ ကျုံးဝေ့တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေက အင်မတန် တင်းကြပ်တယ် … မင်းလိုက်လို့ မသင့်တော်သလို မင်းလိုက်ဖို့လည်း မလိုဘူး … ဒီတိုင်း မင်းရဲ့ စိတ်ထားလေးကို နည်းနည်းပါးပါး ပြုပြင်လိုက်တာနဲ့ အချိန်ကျလာရင် အဆင်ပြေသွားလိမ့်မယ် …”
“ ဒါပေမယ့် ငါပြန်လာခဲ့တုန်းက နောက်တစ်နှစ် နှစ်နှစ်လောက်နေရင် နောက်တစ်ကြိမ် လူရွေးပွဲ ထပ်ရှိသေးတယ်လို့ ကြားခဲ့တယ် … နောက်လာမယ့် အခွင့်အရေးကို ငါ အမိအရ ဆုပ်ကိုင်ချင်တယ် ..” လင်းဟန် ပြောလိုက်ပြီး “ ငါ ထပ်ပြီး ကျရှုံးဦးမယ်ဆိုရင် ငါ့အသက်ကလည်း ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ဖို့ သင့်တော်တော့မှာ မဟုတ်ဘူး …”
“ အဲ့တာ ကံကြမ္မာပဲ … မင်း လက်ခံနိုင်အောင် ကြိုးစားဖို့လိုတယ် …”လင်းရီ သူ၏ ထမင်းစားသည့် ပုံစံခွက်ကို ကိုင်လိုက်ရင်း လင်းဟန်၏ ပခုံးသို့ အဓိပ္ပာယ်ပါပါ ပုတ်လိုက်သည်။
“ အလွန်အကျွံကြီး စွဲလမ်းရူးသွပ်တာကလည်း ကောင်းတဲ့ အရာ မဟုတ်ဘူး … လူဆိုတာ တစ်ခါတစ်လေကျတော့လည်း အရှုံးပေးတတ်ရသေးတယ် … “
“ ဒါပေမယ့် ငါမှ အရှုံးမပေးချင်တာ …” လင်းဟန် သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး “ ဒါ ငါ ငယ်ငယ်တုန်းကတည်းက မက်ခဲ့ရတဲ့ အိပ်မက်ပဲ …”
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းမိလိုက်သည်။ လင်းဟန်၏ စွဲလမ်းရူးသိပ်မှုက စိတ်ဝိဉာဏ်ထဲထိတိုင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီး ဖြစ်သည်။
အကယ်၍ သူမဘက်ကသာ ဤချို့ယွင်းချက်ကို မပြုပြင်နိုင်ခဲ့ဘူးဆိုပါက ဤနယ်ပယ်ထဲတွင် အောင်မြင်မှု တစ်စုံတစ်ရာ ရယူနိုင်ဖို့ မဖြစ်နိုင်ချေ။
“ မင်းပြောချင်သလိုသာ ပြောတော့ … ငါ့ဘက်က လိုအပ်တာတွေ အကုန်ပြောခဲ့ပြီးပြီ … နောင်ကျ ဘာလုပ်မလဲက မင်းနဲ့ပဲ သက်ဆိုင်တယ် …”
ပြောပြီးသည်နှင့် လင်းရီ နောက်ပြန်လှည့်မကြည့်ဘဲ စားပွဲမှ ထွက်ခွာသွားခဲ့သည်။
စားပွဲနေရာတွင် လင်းဟန် တစ်ယောက်တည်းသာ ကျန်နေရစ်ခဲ့ပြီး အချိန်အတော်ကြာသည်ထိတိုင်အောင် အသိစိတ် မဝင်လာခဲ့သေးချေ။
ကန်သင်း တစ်ခုလုံး လူမရှိတော့သည့် အခါမှသာ သူမတစ်ဦးတည်း တိတ်ဆိတ်စွာဖြင့်ထွက်ခွာသွားခဲ့၏။ သို့တိုင် ဆုံးဖြတ်ချက် ပြတ်သားသည့် သူမ၏ မျက်ဝန်းတို့ကတော့ မငြိမ်းသတ်နိုင်သည့် မီးတောက်များကဲ့သို့ပင်။
လီရှန်းဟွေ့၏ ရုံးခန်းထဲ၌ လင်းရီသည် ထွက်ခွာသွားသည့် လင်းဟန်၏ နောက်ကျောပုံရိပ်ကို ငေးမောရင်း ရင်ဘက်ထဲ ရုတ်ချည်း စူးအောင့်လာခဲ့ကာ ကရုဏာ သက်လာမိခဲ့သည်။
သို့သော် လောကကြီးထဲ၌ သနားဖို့ကောင်းတိုင်းလည် ကရုဏာတရားကို မရရှိနိုင်ချေ။
ထိုအချိန်မှာ စနစ်၏ အသိပေးသံက သူ့စိတ်ထဲ အသံမြည်လာခဲ့၏။
[ စနစ်တာဝန် : ကယ်တင်ခြင်း ]
[ ဆုလဒ် : အတွေ့အကြုံမှတ် ၁၅၀,၀၀၀ ]